← Chapters

လင်းဟန် ရောက်လာခဲ့ခြင်း

Vol. 143 Ch. 2132

လင်းဟန် ရောက်လာခဲ့ခြင်း

Vol. 143 Ch. 2132

ရောက်လျှင်ရောက်ချင်း လင်းရီဘက်က ပြဿနာကိစ္စ ပြောဆိုလာလိမ့်မည်ဟု လီချိုက် မျှော်လင့်မထားခဲ့ချေ။ သူ မူလက ပြောလိုသည့် စကားလုံးများအားလုံး လည်ချောင်းထဲ၌ တစ်စို့သွားခဲ့ကာ ဆက်ထွက်မလာခဲ့တော့ချေ။ လုပ်အားခ မပေးဘဲ ဆိုင်းငံ့ထားသည်က အမှန်တကယ်လည်း တရားမဝင်ပေ။

“ ညီကို .. ဒီလို ကိစ္စမျိုး ဖြစ်ပေါ်လာပြီဆိုရင် ပြင်းပြင်းထန်ထန် ကိုင်တွယ်သင့်တာက သဘာဝပဲ … ဒါပေမယ့် ငါတို့အားလုံးက ရဲအရာရှိတွေလေ … ပြီးတော့ ဒီလို ကိစ္စမျိုး ဖြစ်လာပြီဆိုရင် ကြားဝင် ညှိနှိုင်းပေးဖို့ လုပ်ရတယ် … ဒီကိစ္စကို ဆက်ပြီး ချဲ့ကားသွားအောင် မလုပ်ရဘူး ….”

လင်းရီ မျက်ခုံးပင့်၍ လီချိုက်အား ကြည့်လိုက်သည်။

“ အရင် တစ်ခေါက် ကိစ္စကို ကိုင်တွယ်ခဲ့တာ မင်းမလား … အခုလည်း အရင်အတိုင်း ထပ်ဖြစ်ပြန်ပြီ … ဒီကိစ္စကိုရော ဘယ်လို ကြားဝင်စေ့စပ်ပေးဖို့ ရည်ရွယ်ထားလဲ …”

နုန်အန်း ရဲစခန်းကရောက်လာသည့် ရဲအရာရှိ နှစ်ဦး၏ မျက်နှာအမူအရာမှာ အကျည်းတန်သွားခဲ့ကြသည်။

လီချိုက် လင်းရီအား မနှစ်မြို့သည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။

“ ဒါ ငါတို့ နုန်အန်းရဲ့ ကိစ္စပဲ … ငါတို့နည်း ငါတို့ဟန်နဲ့ ကိုင်တွယ်လိုက်မယ် … မင်းတို့ရဲ့ အရင်းအမြစ်တွေ ဖြုန်းတီးဖို့ မလိုပါဘူး ….”

“ ဒီတော့ မင်းလည်း ငါနဲ့ စကားလုံးဂိမ်း ကစားချင်နေတယ်ပေါ့ …” လင်းရီ ပြောဆိုလိုက်ပြီး “ သူတို့ ကုမ္ပဏီက မင်းတို့ရဲ့ စီရင်ခွင့် နယ်နိမိတ်ထဲမှာ … ငါတို့ရဲ့ စီရင်ခွင့် နယ်နိမိတ်က ဆောက်လုပ်ရေး ဆိုက်အထိရှိတယ် .. ဒီတော့ ငါတို့ ဒီကိစ္စကို ကိုင်တွယ်မယ် … ထွက်သွားရခြင်းဆို မင်းတို့ပဲ ထွက်သွားရမှာ …”

လီချိုက်နှင့် ယန်ချီဖုန်းတို့ နှစ်ဦး လင်းရီကို စူးရဲစွာကြည့်လိုက်ကြသည်။ ဤကောင်က ဤမျှ ခေါင်းမာနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ ဆောက်လုပ်ရေးဆိုက်က သူတို့ ကုမ္ပဏီအပိုင်ပဲ … ဒီတော့ သူတို့ကိစ္စကို ငါတို့ပဲ ဆုံးဖြတ်ရမှာ … ငါတို့ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းတာက မမှားဘူး …”

“ ငါ ဒီကိစ္စ မင်းနဲ့ ဆက်မငြင်းချင်တော့ဘူး .. ပြီးတော့ မင်းတို့က ဘာကြောင့် ဒီကိစ္စကို မဖြေရှင်းဘဲ ကြားဝင်ညှိနှိုင်း စေ့စပ်ပေးချင်နေတယ်ဆိုတာကိုလည်း ငါ နားမလည်ဘူး … ငါ ရှင်းအောင် တစ်ခါတည်းပြောလိုက်မယ် … ဒီကိစ္စကို သုံးရက်အတွင်း ဖြေရှင်းလို့ မပြီးရင် ဒီကိစ္စရဲ့ အကျိုးဆက်ကို မင်းတို့ ကိုင်တွယ်နိုင်မလား မှန်းကြည့်ကြည့် … ငါ ဒီထက်ပိုပြီး ပြောစရာ လိုမယ်လို့ မထင်ဘူး …”

ပြောပြီးသည်နှင့် လင်းရီသည် သူနှင့်ပါလာသည့် လူနှစ်ယောက်ထံသို့ လက်ဟန်ပြလိုက်၏။

“ အခု ပြန်ကြစို့ … ဒီညနေ ဆောက်လုပ်ရေးဆိုက်ကို ပြန်လာပြီး ချိပ်ပိတ်မယ် … သုံးရက်အတွင်း ဖြေရှင်းလို့ မပြီးရင် ဒီကိစ္စကို ဒီထက်ပိုဆိုးအောင် လုပ်မယ် … ငါတို့ ဒီလိုကောင်တွေကို မကိုင်တွယ်နိုင်ဘူးဆိုတာ မယုံဘူး …”

“ ဟုတ် အစ်ကိုရီ …”

လင်းရီတို့ သုံးဦးမှာ ဆက်လက် ဆွေးနွေးတိုင်ပင်ခြင်း မရှိပါဘဲ ရှင်းရှန်းရဲစခန်းသို့ ပြန်သွားခဲ့ကြသည်။

ထိုအချိန်တွင် လီချိုက်နှင့် ယန်ချီဖုန်းတို့၏ မျက်နှာအမူအရာများမှာ ဆက်တိုက် ပြောင်းလဲနေပြီး သူတို့ ဘာတွေ စဉ်းစားနေလဲဆိုတာ မသေချာပေ။

ယန်ချီဖုန်း၏ မျက်လုံးတို့ တစ်ချက် ရွေ့လျားသွားခဲ့ပြီး လီချိုက်ကို အချင်းချင်းသာလျှင် နားလည်နိုင်မည့် အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်မှာ ဘေးသို့ ရွေ့သွားခဲ့ကြ၏။

“ ညီကိုလီ … ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်ကြမလဲ… အဲ့စောက်မျိုးမစစ်လေး ခေါင်းမာချက်က သံလိုပဲ .. သူတို့သာ တကယ်ကြီး ဆောက်လုပ်ရေး ဆိုက်ကို ချိပ်ပိတ်ဖို့ လူတွေ လွှတ်လာခဲ့ရင် တကယ့်စောက်ပြဿနာပဲနော် …”

“ ဒါ ပုံမှန်ပဲ … ဒီလိုဖြစ်မယ်လို့ ငါ မှန်းထားပြီးသား …” လီချိုက် တည်ငြိမ်စွာ ဆိုလိုက်သည်။

“ ဒီလောက်ကြီးတဲ့ ပရောဂျက်ကြီးက သူတို့ရဲ့ စီရင်ခွင့် နယ်နိမိတ်ထဲ ရှိနေတာကို မင်းဘက်က ဘာအလိုက်သိတာမှ မရှိဘူးလေ … သူတို့မင်းကို ပြဿနာရှာချင်နေတာ သာမန်ပါပဲ … ငါ့အထင် သူတို့ ဒီလို အခွင့်အရေးမျိုး စောင့်နေတာ တော်တော်ကြာပြီလို့ ထင်တယ် .. အခု အခွင့်အရေးက သူတို့ လက်ထဲ ရောက်လာပြီ … လွယ်လွယ်နဲ့ ဘယ်လွှတ်ပေးမှာ … ငါ ဘာကို ပြောချင်နေလဲ မင်း ပေါက်တယ်မလား …”

ဤသည်ကို ကြားတော့ ယန်ချီဖုန်း မျက်လုံးလက်ခနဲ ဖြစ်သွားခဲ့ပြီး သူ့နဖူးသူ ပြန်ရိုက်လိုက်သည်။

“ အိုက်ယား ကြည့်စမ်း ငါ့နှယ်လေ … ဒီလိုကိစ္စမျိုးကို ဘယ်လိုတောင် မေ့နေခဲ့တာပါလိမ့် ….”

“ ဘာတွေဖြစ်နေလဲ မင်းနားလည်တယ်ဆို ပြီးတာပဲ … မြန်မြန်လေး .. ညနေမရောက်ခင် ဒီကိစ္စကို အဆင်ပြေအောင် လုပ်လိုက် … အဲ့ဒါမှ ဆောက်လုပ်ရေး ဆိုက်လည်း ပုံမှန်အတိုင်း အလုပ်ဆက်လုပ်လို့ရမှာ … ကိစ္စတွေအားလုံး တစ်ခါတည်း ဖြေရှင်းတယ် သဘောထားလိုက် …”

“ ညွှန်ပြပေးလို့ ကျေးဇူးပါပဲ ညီကိုလီ … ငါ မင်းကို ထမင်းတစ်နပ် အကြွေးတင်သွားပြီ …”

“ ကိုယ့်လူအချင်းချင်း ဒါတွေ မလိုပါဘူးကွာ .. ပြီးတော့ အောင်ပွဲခံတာ မစောနဲ့ဦး … ဒီကိစ္စက တော်တော်လေး ဂယက်ထသွားတယ် … တစ်ယောက်ဆိုလည်း ဆေးရုံတင်လိုက်ရတယ်မလား … အဲ့ရဲသုံးယောက်ကို ဖြေရှင်းပြီးရုံနဲ့တော့ အဆင်မပြေဘူး …”

ယန်ချီဖုန်း၏ အပြုံးက တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။

“ ညီကိုလီ .. မင်းဆိုလိုချင်တာက ….”

“ အလုပ်သမားတွေလည်း ကျန်သေးတယ် … သူတို့ ဒီကိစ္စ ဆက်ပြီး ပြဿနာရှာနေတာကို ရပ်တန့်အောင် လုပ်ဖို့ မင်းဘက်က နည်းလမ်းရှာဖို့လိုတယ် … မဟုတ်ဘဲ ဒီကိစ္စက ချဲ့ကားသွားရင် မင်းတို့ ဆောက်လုပ်ရေးဆိုက်လည်း ဆက်ပြီး အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး ….”

“ မင်းပြောတာ မှန်တယ် …” ယန်ချီဖုန်း အတွေးထဲ နစ်မြောသွားခဲ့သည်။

“ မင်း ကန်ထရိုက်တာ လုပ်လာတာလည်း ဆယ်စုနှစ် တစ်ခုတောင် ကျော်နေပြီပဲဟာ ဘယ်ဟာတွေ ဘယ်လိုလုပ်သင့်တယ် မင်းနားလည်ပါတယ် … ငါ စကားလုပ်ပြီး ပြောဖို့ မလိုပါဘူး …” လီချိုက် ပြောလိုက်ပြီး “ လမ်းကိုတော့ မင်းအတွက် ပြင်ဆင်ပေးပြီးပြီ … ဘယ်လိုလျှောက်မလဲက မင်းနဲ့ပဲ ဆိုင်တယ် ….”

“ ငါနားလည်တယ် … ငါ ဒီကိစ္စကို သေချာလေး ရှင်းအောင် လုပ်လိုက်မယ် …”

ယန်ချီဖုန်းက ဖြေရှင်းနည်းလမ်းကို စဉ်းစားမိသွားခဲ့ဟန်တူပြီး သူ၏ မျက်နှာအမူအရာသည်လည်း သိသိသာသာ ကောင်းမွန်လာသည်။

သူ့အတွက် ဤသည်က ခက်ခဲသည့် ပြဿနာဟုပင် မသတ်မှတ်နိုင်ပေ။ လှည့်ကွက်လေး တစ်ချို့ ထုတ်သုံးရန်သာ လိုအပ်သည့် ကိစ္စလေးတစ်ခုဖြစ်၏။

ဆွေးနွေးပြီးနောက် လီချိုက် လူအုပ်ကြီးထံ ပြန်ရောက်လာခဲ့ပြီး အလုပ်သမားများထံသို့ ပြောဆိုလိုက်၏။

“ လူတိုင်းပဲ … စိတ်ချလက်ချနေကြပါ … ဒီလိုမျိုး ဖြစ်လာပြီးမှတော့ ငါတို့ဘက်က မင်းတို့အားလုံးအတွက် မျှတတဲ့ ဖြေရှင်းချက် တစ်ခု ရှာပေးပြီး အားလုံးရဲ့ ကြိုးပမ်းမှုတွေကို အချည်းနှီး မဖြစ်ရအောင် ကြိုးစားပေးမှာပါ ….”

လူအုပ်ကြီးမှာတော့ ကြက်သွေးထိုးခံရသကဲ့သို့ အားတက်သရော ဖြစ်မလာကြချေ။ ယခင်တစ်ခေါက်ကလည်း ဒီလိုစကားမျိုးကို သူတို့ ကြားထားခဲ့ရပြီးပြီ ဖြစ်၏။

သို့သော် လဝက်ခန့် ကြာသည်ထိတိုင်အောင် အခြေအနေက ကောင်းမွန်မလာဘဲ ပိုပို၍သာ ဆိုးရွားလာခဲ့သည်။

အပေါ်ယံ အချိုသပ် စကားလုံးများ ပြောဆိုပြီးနောက် လီချိုက်သည် ယန်ချီဖုန်းကို ရဲကားထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ရှိုးပြရန် သပ်သပ်သာဖြစ်ပြီး အမှန်တကယ် ဖြေရှင်းဖို့ မရည်ရွယ်ထားပေ။

တစ်ချိန်တည်းတွင် လင်းရီနှင့် သူ့အပေါင်းအပါ နှစ်ဦးက ရဲစခန်းသို့ ပြန်သည့် လမ်းမကြီးထက် ရောက်ရှိနေခဲ့ကြပြီဖြစ်၏။

“ အစ်ကိုရီ … အဲ့ဒီ လီချိုက်ဆိုတဲ့လူက နည်းနည်းလေး မူမမှန်ဘူးနော် …” ကျန်းဇီရှင်း ပြောလာခဲ့သည်။

“ သေချာပေါက်ပဲလေ …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ အဲ့ဒီ ဆောက်လုပ်ရေးသမားတွေ အကုန်လုံး ဘယ်သူကမှ သန့်ရှင်းကြတယ်ရယ် မရှိဘူး … သူတို့မှာသာ ဘာပြဿနာမှ မရှိဘူးလို့ ပြောရင် တစ္ဆေတောင် ယုံမှာ မဟုတ်ဘူး …”

“ အဲ့ဒါဆို ကျွန်မတို့ ဒီအမှုကို ဖြေရှင်းနိုင်မှာလားဟင် …”

“ ကျိန်းသေပေါက် ဖြေရှင်းနိုင်တာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လီချိုက်ကိစ္စကို မင်း ပူမနေနဲ့ … တခြား ကိစ္စကိုသာ အာရုံစိုက်ထားလှည့် …”

ကျန်းဖန့် တစ်ချက် ရယ်မောရင်း “ ညီကိုရီ … မင်း အဲ့ကောင်ကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖို့ စီစဉ်နေတာမလား …”

“ သူ့လို လူစားမျိုးတွေက အဲ့လိုလုပ်ခံရဖို့ တန်တယ်လေ …”

“ သူ့ရဲ့ နေ့ရက်ကောင်းလေးတွေကတော့ အဆုံးသတ်တော့မယ်နဲ့တူတယ် …” ကျန်းဖန့်က သူများ ဒုက္ခရောက်မှာကို ဝမ်းသာအားရဖြစ်နေသည့် လေသံကြီးဖြင့်‌ ပြောဆိုလာခဲ့သည်။

ကလင် ကလင် ကလင် ..

ကျန်းဖန့် စကားဆုံးသည့် အချိန်မှာပဲ လင်းရီ အိတ်ထောင်ထဲရှိ ဖုန်းက မြည်ဟည်းလာခဲ့သည်။ လီရှန်းဟွေ့က ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ ဟယ်လို အစ်ကိုလီ …”

“ မင်းအခုရော ဘယ်တွေသွားပြီး အချောင်ခိုနေတာလဲကွ ဟမ် …” လီရှန်းဟွေ့က ရယ်မောရင်း မေးလာခဲ့သည်ကို ကြည့်ရသလောက်ကတော့ အလျင်လိုသည့် မည်သည့် ကိစ္စရပ်တို့မျှ မရှိသည့်ဟန်ပင်။

“ ဘယ်နားကသာ ရေသာခိုရမှာလဲဗျာ …” လင်းရီ ပြန်လည် ရယ်မောလိုက်ပြီး “ ဆောက်လုပ်ရေး သမားတွေရဲ့ လုပ်အားခကို ဆိုင်းငံ့ထားတဲ့ အမှုတစ်ခု ပေါ်လာလို့ … ကျုပ်လည်း အားနေတာနဲ့ ကျန်းဖန့်တို့နဲ့အတူ လိုက်သွားလိုက်တာ ….”

“ အခု ဘယ်လိုဖြစ်သွားပြီလဲ …”

“ ပြီးခါနီးပါပြီ ... ကျုပ်တို့ အခု ပြန်လာတဲ့လမ်းမှာ ….” လင်းရီ ပြန်ဖြေလိုက်ပြီး “ ဘာလို့လဲ … ကိစ္စရှိလို့လား …”

“ လင်းဟန် ဒီရောက်လာပြီး မင်းကို ရှာနေလို့ …”

“ ဟင် .. ကျုပ် ဒီရောက်နေမှန်း သူဘယ်လိုလုပ်ပြီး သိတာ …”

“ အဲ့တာတော့ ငါလည်း ဘယ်သိမှာ … ကောလဟာလ သတင်းတစ်ချို့ ကြားမိလို့ နေမှာပေါ့ … “

လင်းရီ ပြုံးလိုက်မိသည်။ ယခင် တွေ့ဆုံမှု အနည်းငယ်မှတစ်ဆင့် လင်းဟန် အကြောင်း အနည်းငယ်သိထားပြီး သူမ၏ ဆုံးဖြတ်ချက်ခိုင်မာသည့် အကျင့်စရိုက်အရ အကယ်၍ သူနှင့် တစ်ခေါက် မတွေ့ရလျှင် နောက်တစ်ခေါက် လာတွေ့မည်က ကျိန်းသေပေါက်ပင်။

ထို့ပြင် သူ့ဘက်ကလည်း သူမကို ရှောင်ပုန်းနေစရာ အကြောင်းလည်း ရှိမနေချေ။

“ ကျုပ် ခဏဆို ပြန်လာခဲ့တော့မှာ … သူ့ကို ခဏစောင့်ခိုင်းထားလိုက် …”

“ မြန်မြန်ပြန်လာ … အလှလေးကို အကြာကြီး စောင့်ခိုင်းတယ်ဆိုတာ လူကြီးလူကောင်း မဆန်ရာ ရောက်တယ် ….”

“ အင်း … သူလည်း အဲ့လောက် အသက်မကြီးသေးဘူးပဲ ထားပါတော့ ….”

“ ကောင်းပြီ … ပြောနေတာတွေ တော်ပြီး မြန်မြန်ပြန်ခဲ့တော့ …” လီရှန်းဟွေ့ ရယ်မောရင်း ပြောဆိုလိုက်သည်။

“ အိုကေ …”

ဖုန်းချပြီးနောက် လင်းရီသည် ကားမောင်းနေသည့် ကျန်းဖန့်ကို အလျင်မလိုချေ။ အေးအေးဆေးဆေး သက်တောင့်သက်သာဖြင့် ရှင်းရှန်း ရဲစခန်းသို့ ပြန်လာခဲ့ကြသည်။

ထို့နောက် သူ လီရှန်းဟွေ့၏ ရုံးခန်းထဲတွင် လင်းဟန်နှင့် တွေ့ဆုံသည်။

လင်းဟန် ဝတ်စားထားသည်က အနည်းငယ် ယောက်ျားဆန်သော်လည်းပဲ တွန်ဘွိုင်းဖြစ်သည်ထိတော့ မဟုတ်သေးပေ။

ဂျင်း၊ စနိကာနှင့် ဘေ့ဘော့စ်ဦးထုပ်က သူမကို ငယ်ရွယ်တက်ကြွစေပုံပေါ်ပြီး နှစ်ဆယ်ကျော်အရွယ် မိန်းမငယ်လေး တစ်ယောက်အသွင် ဖြစ်ပေါ်စေသည်။

ထိုကဲ့သို့သော ဝတ်စားဆင်ယင်မှုမျိုးကို လင်းရီ တကယ်ပဲ မကိုင်တွယ်နိုင်ချေ။

ဒါ ဘယ်လိုကစားနည်းမျိုးလဲ …

လင်းရီနှင့် တစ်ဖန်ပြန်တွေ့သည်တွင် လင်းဟန်မှာ အတော်လေး ပျူငှာယဉ်ကျေးနေခဲ့၏။

“ ခေါင်းဆောင်လင်း …”

All Chapters