ရူးသွပ်သော နတ်ဆိုးသွေးဆက်
Vol. 42 Ch. 575
ရွှစ်
လီဝူကျယ်၏ဓားချက်သည် သူ့ခေါင်းပေါ်မှ ကပ်ဖြတ်၍ ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲနိုင်လောက်သည့် အားကောင်းသော ဓားစိတ်ဆန္ဒအား ထုတ်လွှတ်လိုက်သည်။
ဓားတစ္ဆေ၏ ဦးရေပြားလည်း ကျဥ်တက်သွားရသည်။ သို့သော် သူအံတင်းတင်းကြိတ်ကာ လက်ထဲရှိ တစ္ဆေဓားခြောက်ချောင်းဖြင့် တစ်ပြိုင်နက်တည်း တန်ပြန် တိုက်ခိုက်သည်။ မှင်ရောင် ဓားသွားများက မှင်အိုး မှောက်လျှံကျသကဲ့သို့ နက်စွေးနေကာ ထူးဆန်းပြီး ယုတ်မာသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ချွမ်!!!
ဓားသွားချင်း တိုက်ခတ်သံတစ်ချက် ပွင့်ထွက်လာသည်။
စွမ်းအင်လှိုင်းတွန့်များက အပြင်ထိ ပျံ့နှံ့သက်ရောက်သွားခဲ့၏။
သူတို့ ကောင်းကင်ထက်တွင် ပေပေါင်းများစွာ ပျံသန်းနေ၍သာ တော်တော့သည်။ အကယ်၍ တိုက်ပွဲက ယင်းယန်သူတော်စင်နယ်မြေအတွင်းတွင်သာ ဖြစ်ပွားခဲ့လျှင် ထိုသက်ရောက်မှုအားကပင် တပည့်အားလုံးနှင့် အကြီးအကဲများကို လုံးဝချေမှုန်းပစ်ဖို့ လုံလောက်ပေမည်။
လီဝူကျယ်၏ မျက်လုံးများက သွေးရောင်လုံးလုံး ပြောင်းလဲနေပြီး သူ၏ မျက်နှာက စိတ်လွတ်ရူးသွပ်နေဟန်ရှိသည်။ ဓားကိုစိတ်ကြိုက်ဝှေ့ယမ်းကာ ခုတ်ပိုင်းဖျက်ဆီးနေပုံမှာ တားဆီးလို့မရနိုင်တော့သကဲ့သို့။
ဓားချက်တိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားပမာဏတစ်ခု ပါဝင်နေသည်။
ဓားတစ္ဆေမှာ အသက်ရှူပေါက်ပင်မရှိတော့။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးစီးကြောင်းများမှာ ရိုင်းစိုင်းစွာ လှုပ်ရှားရိုက်ခတ်နေကာ ကိုယ်တွင်းအင်္ဂါများ ပူလောင်နာကျင်လာသလို ခံစားရသည်။
“အား…”
အမွှေးတိုင်တစ်ဝက်မျှ အချိန်ပင် မကြာသေးမီ ဓားတစ္ဆေ၏ ပါးစပ်က သွေးတစ်ပွက်အန်လာပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်းကုန်သည်။
သူအကြောက်ဆုံးအချက်မှာ သူ၏ မသေမျိုးဘုရင်အဆင့် ကိုယ်ခန္ဓာ၏ မိမိကိုယ်ကို ပြန်လည်ကုသနိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း လက်ရှိဒဏ်ရာများက ပြန်လည်ကောင်းမွန်ဖို့ ခက်ခဲ နေခြင်းပင်။ အကြောင်းရင်းမှာ ထိုဓားချက်များတွင် စွဲကျန်ရစ်သော ဓားစိတ်ဆန္ဒ၏ ပြင်းအားကြောင့်ဖြစ်၏။
ထိုပြင်းအားမှာ အရိုးထဲထိ လှိုက်စားနေသော ပိုးကောင်ကဲ့သို့ အသစ်ပြန်ဖြစ်ထွန်းမည့် အသားများကိုပါ အဆက်မပြတ်ကိုက်ဖြတ်စားသုံးနေသဖြင့် စဉ်ဆက်မပြတ် မခံမရပ်နိုင်သော နာကျင်မှုကိုသာ ခံစားရစေလေသည်။
သူ၏ လက်ရှိအန္တရာယ်များသော အခြေအနေကို ခံစားမိလိုက်သောအခါ ဓားတစ္ဆေမှာ ထိတ်လန့်မှုနှင့်အတူ ရယ်ချလိုက်ချင်စိတ်ပါ ဖြစ်မိသည်။
သူကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော ရှေးဟောင်း မသေမျိုးဘုရင်၊ တစ်ချိန်က တစ်လောကလုံး ကြောက်ရွံ့ရိုသေရသော ဓားတစ္ဆေသည် ခေတ်သစ်လူငယ်လေးတစ်ဦးထံမှ ဖိနှိပ်ခံနေရလေပြီ။
အဆိုးဆုံးအပိုင်းက ပြိုင်ဘက်မှာ ဉာဏ်အလင်းမသေမျိုး ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ခြင်းပင်။
“တာအိုရောင်းရင်းလီက တကယ် အံ့သြစရာကောင်းလိုက်တာ" လင်တုရှို အံ့အားသင့်သွားသည်။
ကျိပါရှောင်လည်း အခုမှစိတ်လက်ပေါ့ပါးသွားပြီး မာနကြီးစွာ ပြောသည်။ “မြင်လား? ငါ့အစ်ကိုကြီး ရူးသွပ်နေပြီ။ အဲ့ဒီ ခွေးလိုကောင်တော့ မကြာခင် အခုတ်ခံရတော့မှာ!”
“ဓားနတ်ဆိုးဆိုတဲ့ နာမည်အတိုင်းပါပဲ၊ လိုက်ဖက်ပါပေတယ်။” ယင်းယန်သူတော်စင်သခင်က တွေဝေစွာ စိုက်ကြည့်ပြီး ရေရွတ်သည်
နတ်ဆိုးတစ်ယောက်လို ရူးသွပ်သောင်းကျန်းနေသော ဓားသမားတစ်ယောက်အတွက် ဓားနတ်ဆိုးဟူသောနာမည်ထက် သင့်တော်တာမရှိတော့။
စိတ်လှုပ်ရှားနေသောလူများကြား မှိုဘုရင်မှာတော့ စိုးရိမ်နေမိသည်။
အဘယ့်ကြောင့်ဆိုသော် လီဝူကျယ်၏ အကြီးမားဆုံးစွမ်းအားကို အသက်သွင်းခြင်းကား အင်အားအဆမတန်ကြီးလာစေနိုင်သလို အသိစိတ်ကိုလည်း လွတ်ထွက်သွားစေနိုင်၏။ အန္တရာယ်အများဆုံး ဖြစ်နိုင်ချေမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မမှတ်မိနိုင်တော့ခြင်းပင်။
သူ ရူးသွပ်သွားသောအခါ ကိုယ့်ဘက်ကလူများကိုပါ လိုက်လံခုတ်ပိုင်းသတ်ဖြတ်နိုင်သည်။
ကောင်းကင်တွင်၊
မတူညီသော ဓားစိတ်ဆန္ဒများနှစ်ခု၏ ဦးတည်ချက်များ တိုက်ခတ်မိရာမှ အနီရင့်ရင့် လျှပ်စီးကြောင်းများ ယှက်နွယ်ထွက်ပေါ်လာသည်။
“တော်လောက်ပြီ၊ မင်း အားကောင်းတာသိပြီ!”
“ငါ့ကို မျက်နှာသာပေးပါဦး။ ဒီတိုက်ပွဲကို ဆက်တိုက်နေလည်း ဘယ်သူ့မှ အကျိုးရှိမှာမဟုတ်ဘူး။ အခု မင်း ရပ်ပေးလိုက်ရင်၊ ငါ ချက်ချင်းလှည့်ပြီး ထွက်သွားမယ်။ ဘာမှ မဖြစ်ခဲ့ဖူးသလို နောက်ဆုတ်ပြီး ဒီနေရာကို ဘယ်တော့မှ ခြေထပ်မချတော့ဘူး!”
ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်တော့သော ဓားတစ္ဆေသည် အားကုန်တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေရင်းပင် စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်မိသည်။
သူ၏ ခန္ဓာကိုယ်အခြေအနေက ပို၍ ဆိုးရွားလာသည်။ သူ တကယ် မတိုက်ခိုက်ချင်တော့ပါ။
“အား~!”
လီဝူကျယ်ကမူ သူ့စကားများကို မကြားသည့်အလား ဆက်တိုက်ဟိန်းဟောက်ကြွေးကြော်လျက် တိုး၍သာတိုက်ခိုက်နေသည်။
သူ၏ အသိစိတ်ထဲတွင် သတ်ဖို့ဖြတ်ဖို့ အတွေးများဖြင့်သာ ပြည့်နှက်နေသည်။ သူ၏ မျက်လုံးများက တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ ကဲ့သို့ သွေးရောင်လွှမ်း၍ အရိုင်းစိတ်ဝင်ကာ ဓားတစ္ဆေကို စူးစိုက်ကြည့်နေသည်။ ဓားကိုင်ထားသောလက်က သေစေနိုင်သော တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ဖန်တီးနေခဲ့၏။
“ငါ့ကို အရမ်း ဖိအားမပေးနဲ့! ငါ လွတ်လမ်းပိတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပစ်လိုက်ရင် မင်းနဲ့ မင်းသူငယ်ချင်းတွေအားလုံး သေကုန်မှာနော်!!!”
ဓားတစ္ဆေ၏ နှလုံးသားမှာ ပူလောင်နေပြီး ဒေါသနှင့်ထိတ်လန့်မှုတို့ ရောယှက်လျက် အော်ပြောလိုက်သည်။
မသေမျိုးဘုရင်များအချင်းချင်း တိုက်ခိုက်သောအခါ အားလုံးသိထားရမည့် အချက်တစ်ချက်ရှိသည်။ တစ်ဦးက တစ်ဖက်လူကို တစ်ချက်တည်းနှင့် မသတ်နိုင်ပါက ထိုတစ်ဖက်လူက လွတ်လမ်းမရှိသည့်အဆုံး မိမိကိုယ်ကိုဖျက်ဆီးကာ ရန်သူကိုပါ သေလမ်းဆီ အပါခေါ်လိမ့်မည်ဟု။
ထို့ကြောင့် လက်ရည်မညီကြောင်း သိရသည့်အချိန်တွင် တိုက်ပွဲကိုရပ်လိုက်ခြင်းကား အကောင်းဆုံးသာဖြစ်၏။
ထို့ကြောင့် ဓားတစ္ဆေသည်လည်း ထိုအချက်ကိုကိုင်လှုပ်ကာ တစ်ဖက်လူနှင့်ဆွေးနွေးလို့ ရနိုင်လောက်မည်ဟု ထင်ခဲ့ခြင်းပင်။
ကံမကောင်းစွာဖြင့်၊
သူ ရင်ဆိုင်နေရသော ပုဂ္ဂိုလ်မှာ အသိစိတ်လွတ်သွားသော အရူးတစ်ယောက်သာဖြစ်သည်။
“သေ! သေ! သေ!” လီဝူကျယ်က သူ့ကို လုံးဝ လျစ်လျူရှုထားပြီး သေသည်အထိခုတ်ထစ်ဖို့သာ အာရုံရှိနေခဲ့သည်။
သေခြင်းတရားက နီးကပ်လာသည်ကို ခံစားမိသောအခါ ဓားတစ္ဆေသည် လုံးဝ လက်လျှော့လိုက်ဟန်ဖြင့် ဒေါသတကြီး ရယ်မောလိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ မင်းငါ့ကို အဆုံးစွန်ထိ ဖိအားပေးလိုက်ပြီပဲ!”
နောက်တစ်စက္ကန့်တွင်၊
ရှုံးနိမ့်ခြင်း၏ ဒေါသဖြင့် ဓားတစ္ဆေသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုး စွမ်းအင်ရင်းမြစ်ကို ပေါက်ကွဲစေဖို့ စတင်လောင်ကျွမ်းစေလိုက်သည်။
ချွင်ခနဲအသံတစ်ချက် ထွက်လာကာ သူ၏ခန္ဓာကိုယ်မှာ ကွဲကြေသွားသော ကြွေထည်ကဲ့သို့ အက်ကြောင်းများထင်ပေါ်လာကာ မသေမျိုး အလင်းတန်းများက အက်ကြောင်းများကြားထဲမှ ပွင့်ထွက်လာသည်။ မသေမျိုးဘုရင်တစ်ပါး၏ အသက်ဓာတ်မှ ဖျက်ဆီးနိုင်သော စွမ်းအင်က ကောင်းကင်နှင့်မြေကြီးကို ဖြိုချတော့မလား အဟုန်ပြင်း၏။
“မဖြစ်ဘူး၊ အဲ့ဒီလူ ကိုယ့်ကိုယ်ကို ဖျက်ဆီးတော့မယ်!” လူတိုင်း အထိတ်တလန့် အော်ဟစ်လိုက်မိကြသည်။
ထိုအချိန်တွင်၊
အန္တရာယ်၏ ရင်းမြစ်ကို ခံစားရသကဲ့သို့ လီဝူကျယ်သည် ပွဲချင်းပြီး တိုက်ကွက်တစ်ခုကို ထုတ်သုံးလိုက်တော့၏။
ဓားရောင်ခြည်က လျှပ်စီးကဲ့သို့ လျင်မြန်သည်။ အကောင်အထည်မရှိသော လေဟာနယ်ကိုပင် မွမွကြေအောင် ချေမှုန်းပစ်နိုင်သည်။
ထိုဓားချက်က အလွန် လျင်မြန်လွန်းလှ၍ ဓားတစ္ဆေတောင်မှ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုး စွမ်းအင်ရင်းမြစ် ပျက်ဆီးပွင့်ထွက်သွားသည်နှင့် သူ၏ ခွန်းအား,အားလုံး ဆုံးရှုံးသွားရသည်။ သာမန်လူသားတစ်ဦးထက်ပင် ပို၍ အားနည်းသွားရသော အခြေအနေပင်။
“မင်း…”
အကြံမအောင်တော့မှန်း သိလိုက်ရသည့်အဆုံးတွင် ဓားတစ္ဆေ၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာသည်။
လီဝူကျယ်၏ မျက်နှာထားက ကြမ်းတမ်းရင့်ရောက်ကာ သူ၏ မျက်လုံးများက သွေးဆာနေသော အနီရောင်အလင်းဖြင့် တောက်ပနေသည်။
သွေးစွန်းနေသော မှင်ရောင်ဓားက ပြိုင်ဘက်၏ ဝမ်းဗိုက်တွင် နစ်မြုပ်နေလျက် အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားရင်း ပြိုင်ဘက်၏ခန္ဓာကိုယ်အား တရစပ်ဆုတ်ဖြဲလိုက်သည်။
ဗြိ~
ဓားတစ္ဆေသည် ဆယ်ပိုင်းကျော်မျှ ဖြဲဆုတ်ခုတ်ထစ်ခံလိုက်ရပြီး သွေးစက်များက လေထဲသို့ ဖြန်းခနဲပန်းထွက်လာသည်။
ကိုယ်ခန္ဓာအပြည့်အစုံပင် မကျန်ရှိရဘဲ သေဆုံးသွားရလေပြီ။