အတွေးပုံရိပ်တွေ ညစ်ညမ်းကုန်ပြီ
Vol. 42 Ch. 577
“မင်းကလား?”
လူတိုင်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့ရဲ့ မျက်နှာထားများက မယုံသင်္ကာ။
“အစ်ကိုကျိ၊ ဒီလိုအချိန်မှာ၊ ပြဿနာမရှာချင်စမ်းပါနဲ့!” လင်တုရှိုက စိတ်ပျက်စွာ ပြောသည်။
ကျိပါရှောင်သည် ပုံမှန်အားဖြင့် အလေးအနက်မရှိတတ်သောသူပင်။ လူတွေကို စိတ်ဆိုးဒေါသထွက်စေသော ရန်စကားများ ပြောသည်မှအပ မည်သည့် အထင်ကြီးစရာစွမ်းရည်ကိုမှ မပြသဖူးသောသူသာဖြစ်၏။
ထို့ကြောင့် ကျိပါရှောင်တွင် ဖြေရှင်းနည်းတစ်ခု ရှိသည်ဟု ပြောသောအခါ လူတိုင်း တိုင်ပင်ထားသကဲ့သို့ အလိုအလျောက် စိတ်ချရမည် မဟုတ်ဟူ၍သာ ကြိုတွက်မိကြသည်။
ကျိပါရှောင် ရယ်မောလိုက်သည်။ “မင်းတို့အားလုံး သေချာကြည့်ထား။ ငါ ဒီအကျပ်အတည်းကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ သင်ပြပေးမယ်!”
သူ၏ လေသံသည် ယုံကြည်မှုနှင့် အာမခံမှုဖြင့် ခိုင်မာနေသည်။
ထို့နောက်။
လူတိုင်း၏ စိတ်မချတချ အကြည့်များအောက်တွင်။
ကျိပါရှောင်သည် အသက်ရှူနှုန်းကိုထိန်းပြီး အာရုံစိုက်သည်။ လက်သင်္ကေတများကို လျင်မြန်စွာ ဖွဲ့စည်းလိုက်သော် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မဟာတာအို၏ ယင်နှင့်ယန် ချီစွမ်းအင်များ ဝဲလည်လှည့်လာသည်။ တစ်ခုကအဖြူရောင်၊ တစ်ခုကအနက်ရောင်၊ တန်ခိုးအရှိန်အဝါဖြင့် ပြည့်စုံသည်။
“ဒါက ငါတို့ရဲ့ သူတော်စင်နယ်မြေရဲ့ အဆုံးစွန်ကျင့်စဥ်ပညာ၊ ယင်းယန်နတ်ဘုရားပညာ မဟုတ်ဘူးလား?” ယင်းယန်သူတော်စင်သခင်သည် ထိုစွမ်းအား၏ မူလရင်းမြစ်ကို အာရုံခံလိုက်မိပြီး တအံ့တသြရေရွတ်သည်။
ယင်းယန်နတ်ဘုရားပညာသည် တိုက်ခိုက်မှုနှင့် ကာကွယ်မှုကို ပေါင်းစပ်ထားသော တာအိုနည်းလမ်းတစ်ခု ဖြစ်သည်။ ရန်သူ၏ ရွေ့လျားမှု စွမ်းအားကို အားနည်းစေနိုင်ပြီး အလစ်အငိုက်ဖမ်း သတ်ဖြတ်ရန်အတွက် ထိရောက်သော လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
သို့သော် လီဝူကျယ်ကို ဤမျှရူးသွပ်သောင်းကျန်းနေသော အခြေအနေတွင် ငြိမ်သက်စေဖို့ရာ ဤလှုပ်ရှားမှုသက်သက်ကို အားကိုး၍မရနိုင်။
“မတူဘူးလေ၊ မတူဘူး။”
ကျိပါရှောင်က ခပ်မြူးမြူးပြုံးလျက် ရှင်းပြသည်။ “သူတော်စင်သခင်၊ ဒီတစ်ခုက ကျွန်တော်အဆင့်တိုးထားတဲ့ ယင်းယန်နတ်ဘုရားပညာပဲ။ ခင်ဗျား မျှော်လင့်ထားတဲ့ပုံစံ မဟုတ်လောက်ဘူး။ သူ့ရဲ့ အကြီးမားဆုံး စွမ်းဆောင်ချက်က ပြိုင်ဘက်ရဲ့စိတ်ကို အဝေးကနေ နှောင့်ယှက်ဖို့ပါပဲ!”
“ယင်နဲ့ယန် ဆိုတာ ဘာလဲ? ယင်ဆိုတာ မ၊ ယန်ဆိုတာာ ဖို။ ယင်နဲ့ယန် ပေါင်းစပ်ခြင်းဆိုတာ ယောက်ျားနဲ့ မိန်းမ ပေါင်းစပ်ခြင်းပဲ!”
“ရိုးရိုးလေးပြောရရင်၊ ဒီကျင့်စဥ်က ယောကျာ်းနဲ့ မိန်းမအကြား ပေါင်းစည်းတဲ့မြင်ကွင်းတွေကို တခြားလူတွေရဲ့ စိတ်ထဲရောက်အောင် အတင်းအဓမ္ဓ ထည့်သွင်းနိုင်တယ်။ နှိုးဆွပေးတဲ့နည်းလမ်းကလည်း အလွန်ရိုးရှင်းပါတယ်။ သူတို့အနေနဲ့ ကျွန်တော်ဖန်တီးလိုက်တဲ့ ပုံရိပ်တွေကို ကြည့်လိုက်ဖို့ပဲလိုတယ်။”
“ခင်ဗျားတို့ မယုံရင် တစ်ချက်စမ်းပြမယ်!”
ထိုသို့ပြောပြီး ကျိပါရှောင် လက်ကို မြှောက်လိုက်သည်။ သူ၏ရှေ့တွင် ယင်နှင့်ယန် သင်္ကေပုံကို ပေါ်လွင်စေပြီး ယင်းယန်သူတော်စင်သခင်အား ချိန်ရွယ်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ၊ သူတော်စင်နယ်မြေရဲ့ ယင်းယန်နတ်ဘုရားပညာက ဘယ်လိုလုပ် ဒီလိုပြောင်းလဲသွားနိုင်မှာလဲ…”
ယင်းယန်သူတော်စင်သခင် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ဝဲလည်နေသော အနက်ရောင်နှင့် အဖြူရောင်စပ် ယင်နှင့်ယန်သင်္ကေတကို တစ်ချက်ကြည့်လိုက်သည်။
အုံး!
သူ့ဦးနှောက်ကြီး ပေါက်ကွဲသွားမလားဟုပင် ထင်မိရသည်။ ရေတွက်လို့မရနိုင်သော ကာမရာဂ ပုံရိပ်များ ချက်ချင်း သူ၏စိတ်ထဲကို ချင်းနင်းဝင်ရောက်လာသည်ပင်။
ထို စိတ်ကူးပုံရိပ်များထဲရှိ အမျိုးသမီးဇာတ်ကောင်များမှာ အေးစက်စက်နှင့် အလွန်ဆွဲဆောင်မှုရှိသည်၊ ချစ်စရာကောင်းသည်၊ ဖြူစင်သိမ်မွေ့သည်။ ကိုယ်ခန္ဓာပုံသဏ္ဍာန်များသည် ပြည့်ဖြိုးမို့မောက်ခြင်းမှ ပိန်ပါးသွယ်လျခြင်းအထိ သူစိတ်ကူးနိုင်သမျှ အလုံးစုံပေါ်လွင်လာသည်။ သူတို့သည် အမျိုးမျိုးသော ဝတ်ရုံအသစ်အဆန်းများကို ဝတ်ဆင်ထားကာ ထိုအပြင်အဆင်တို့မှာ သူလိုချင်သော အရသာနှင့် ကွက်တိကျအောင် ကျေနပ်အားရစေ၏။
အရေးကြီးဆုံးအရာမှာ ထိုအမျိုးသမီးတို့ကြားထဲမှ အဓိကကျသော အမျိုးသားဇာတ်ကောင်သည် သူကိုယ်တိုင် ဖြစ်နေခြင်းပင်။
စိတ်လှုပ်ရှားဖွယ်၊ အံ့သြဖွယ်၊ အာခေါင်ခြောက်သွေ့ဖွယ် ဖျော်ဖြေမှုတစ်ခုပြီးတစ်ခုကို ကိုယ်တိုင် ကြုံတွေ့နေရသည်ကား ကိုယ်တိုင်ထိုင်ကြည့်နေရသကဲ့သို့။
“ဟား~!”
ယင်းယန်သူတော်စင်သခင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏ တစ်ကိုယ်လုံး မထိန်းချုပ်နိုင်စွာ တုန်ယင်လာသည်။
“သူတော်စင်သခင်၊ အခု ကျွန်တော့်ကို ယုံပြီလား?”
ကျိပါရှောင်၏ လေသံမှာ မာန်မာနဖြင့် ပြည့်နှက်လျက်။ “ဒါက ကျွန်တော်ကိုယ်တိုင် ယင်နဲ့ယန် တာအိုကို နေ့ရောညပါ ကြိုးစားလေ့လာပြီး ခက်ခက်ခဲခဲ အဆင့်မြှင့်ပြောင်းလဲထားတဲ့ ယင်းယန်နတ်ဘုရားပညာပါ!”
ထို့နောက် ဖန်တီးထားသော ယင်နှင့်ယန်သင်္ကေတပုံကို ပြန်လည်ဖယ်ရှားလိုက်သည်။ ထိုအခါမှသာ ယင်းယန်သူတော်စင်သခင်သည် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူ၏ မျက်လုံးများမှာ နက်ရှိုင်းသော ထိတ်လန့်မှုဖြင့် ပြူးကျယ်နေပြီး အသိစိတ်ထဲ အချက်ပေးသံများဖြင့် ဆူညံနေဆဲဖြစ်၏။
ဒါကဘာလဲ?
ဒီလို နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ယင်နဲ့ယန် တာအိုကို မင်းက ယောက်ျားနဲ့မိန်းမ လူးလှိမ့်ပေါင်းစပ်တဲ့ ညစ်ညမ်းပညာအဖြစ် ပြောင်းလဲပစ်လိုက်တယ်ပေါ့။ မင်းဦးနှောက်ထဲ ဒီလိုအရိုင်းအစိုင်း အမှိုက်သရိုက်တွေနဲ့ပဲ ပြည့်နေတာလား?!
ငါမင်းကို ကျိန်စာတိုက်ပစ်မယ်…
“ကျိပါရှောင်၊ မင်း လူယုတ်မာ!”
ယင်းယန်သူတော်စင်သခင်သည် နီရဲနေသောမျက်နှာကြီးဖြင့် ဒေါသတကြီး ဆူပူဆုံးမလာသည်။ “ငါတို့ရဲ့ ယင်းယန်သူတော်စင်နယ်မြေရဲ့ တန်ဖိုးအထားရဆုံး ကျင့်စဥ်ပညာကို မင်းက ဘယ်လိုလုပ် ဒီလို ယုတ်မာတဲ့ နည်းလမ်းအဖြစ် ပြောင်းလဲပစ်လိုက်ရတာလဲ? မင်းလိုကောင်က ယင်းယန်သူတော်စင်နယ်မြေရဲ့ ဘိုးဘေးအမွေအနှစ်တွေနဲ့ ထိုက်တန်သေးရဲ့လား?”
ကျိပါရှောင် ရိုးသားဖြောင့်မှန်စွာပင် ပြန်ပြောသည်။ “သူတော်စင်သခင်၊ ကျွန်တော်က ဂိုဏ်းကို ခေ တ်နဲ့အညီတိုးတက်အောင် လုပ်ပေးနေတာ။ ဒီလိုအဆင့်မြှင့်ထားတဲ့ ယင်းယန်နတ်ဘုရားပညာနဲ့ ဆိုရင် တိုက်ခိုက်မှုနဲ့ ကာကွယ်မှုကို ပေါင်းစပ်နိုင်ရုံသာမက ပြိုင်ဘက်ရဲ့ စိတ်ကိုပါ နှောင့်နှေးဝေဝါးစေနိုင်တယ်! ဒါက ဘယ်လောက် ဆန်းသစ်တဲ့ အောင်မြင်မှုလဲ!”
“ဒါပေမယ့် မေးစရာရှိတာက စိတ်ကိုနှောက်ယှက်ဖို့ဆိုရင်လည်း ဘာလို့ အဲဒီ ရှက်စရာပုံရိပ်တွေ ဖြစ်နေရတာလဲ? မင်း တခြားတစ်ခုခုကို စဉ်းစားလို့မရဘူးလား? ဒီသတင်းသာ အပြင်ကိုပျံ့နှံ့သွားရင် ငါတို့ရဲ့ သူတော်စင်နယ်မြေရဲ့ ဂုဏ်သတင်းက တကယ်ကို ပျက်စီးသွားလိမ့်မယ်!”
ယင်းယန်သူတော်စင်သခင်က စိတ်ခံစားချက်အပြည့်ဖြင့် ဆိုသည်။
“ခင်ဗျား နားမလည်ဘူးလား။ ကာမရာဂဆိုတာ စွမ်းအားရှင်တွေရဲ့ ခေါင်းပေါ်ကဓားပဲလေ။ ဒါက ရန်သူရဲ့ စိတ်ကို ရှုပ်ထွေးစေဖို့ အထိရောက်ဆုံး နည်းလမ်းပဲ၊ ခင်ဗျားရော ခုနက ပျော်မွေ့မနေခဲ့ဘူးလား?” ကျိပါရှောင် ပွစိပွစိ ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ! ငါ ဘယ်လိုလုပ် ပျော်မွေ့နိုင်မှာလဲ?”
ယင်းယန်သူတော်စင်သခင်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ့အတွင်းစိတ်ထဲမှ အပြစ်ရှိစိတ်ကို ဖုံးကွယ်ဖြေဖျောက်ဖို့ ကြိုးစားလိုက်သည်။
“သူတော်စင်သခင်၊ ခင်ဗျား နှာခေါင်းက ဘာလို့ သွေးထွက်နေတာလဲ?”
ကျိပါရှောင် တအံ့တသြမေးသည်။
ယင်းယန်သူတော်စင်သခင် တောင့်တင်းသွားသည်။ သူ နှာခေါင်းကို ထိလိုက်သော် တကယ်ပင် နှာခေါင်းသွေး အနည်းငယ် စီးကျနေသည်ပင်။ သူ ခုနက မြင်ခဲ့ရသော အမျိုးစုံလင်လှသည့် ကာမရာဂ ပုံရိပ်များကို ပြန်တွေးလိုက်မိချိန်တွင် နှလုံးသားထဲတွင် ထူးဆန်းသော စိတ်လှုပ်ရှားမှုကို ခံစားရသည်အား ထိတ်လန့်ဖွယ် သိရှိလိုက်ရ၏။
အဟွတ် အဟွတ်!
“နှာခေါင်းသွေးတောင် ထွက်ရလောက်တဲ့အထိလား?” လင်တုရှိုက မယုံတယုံ မေးသည်။
“တစ်ချက်ကြည့်လိုက်!”
ကျိပါရှောင်က လက်ဟန်ပြန်ထုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ယင်နှင့်ယန်သင်္ကေတနှင့် လင်တုရှို၏မျက်လုံးတို့ တွေ့ဆုံသွားရတော့၏။
လင်တုရှို ပထမဆုံး တောင့်တင်းသွားသည်။ ထို့နောက် သူ၏ မျက်နှာမှာ ပန်းသီးတစ်လုံးကဲ့သို့ ချက်ချင်း နီရဲတွတ်သွားတော့၏။ တစ်ကိုယ်လုံး မီးနှင့်အမြှိုက်ခံရသလို ပူလောင်လာကာ ခေါင်းထိပ်မှ မီးခိုးငွေ့များပင် ထွက်လာတော့သည်။
သူ တံတွေးတစ်ချက်မျိုချကာ စွဲလမ်းမက်မောသော မျက်လုံးများဖြင့် တိုးတိုးလေး ရေရွတ်သည်၊ “နတ်သမီးချင်၊ ဒီလိုလုပ်တာ မသင့်တော်ပါဘူး…”
ကျိပါရှောင်- “???”
ဒီကောင်လူယုတ်မာ၊ ရုပ်လေးနဲ့မှမလိုက်!
သူ၏ ယင်းယန်နတ်ဘုရားပညာ အသစ်သည် တိုက်ခိုက်ခံရသူကို သူတို့ အလိုချင်ဆုံး မိတ်ဖက်အကြောင်း အလိုအလျောက် စိတ်ကူးယဉ်စေနိုင်သည်။
ဤသို့ဖြင့် လင်တုရှို၏စိတ်ကူးပုံရိပ်အား သူနားလည်သွားမိခြင်းပင်။
ရွှစ်!
ကျိပါရှောင် စွမ်းအားကို ချက်ချင်းဖယ်ရှားလိုက်သည်။
လင်တုရှိုမှာ နေရာတွင် ကြောင်တောင်တောင်ရပ်နေဆဲပင်။ အိပ်မက်မှ လှုပ်နှိုးခံလိုက်ရသကဲ့သို့ သူ၏ အမူအရာမှာ ရှုပ်ထွေးနေသည်။ ထို့အပြင် ထိုအိပ်မက်အား လွှတ်ချလို့မရနိုင်သေးသကဲ့သို့ သူ၏ မျက်လုံးများ ရမ္မက်အရသာများ စွန်းထင်ကျန်ရစ်ဆဲပင်။
“ဟဲဟဲ၊ ဘယ်လို ခံစားရလဲ?” ကျိပါရှောင်က ကလိမ်ကကျစ်အပြုံးဖြင့် မေးသည်။