အခန်း (၅၇၈)
Vol. 42 Ch. 578
လင်တုရှိုက အလွန်အမင်း အရှက်သည်းနေလျက် ပြန်ဖြေသည်။ “မင်းရဲ့ ဒီကျင့်စဥ်ပညာက အရမ်းရှက်စရာကောင်းတယ်! တော်တော်လေး ယုတ်မာတယ်! ပိုးစိုးပက်စက် ညစ်ညမ်းတယ်!”
“ဟေး၊ ဟေး၊ ကျေးဇူးရှင်ကို ဒီလိုပဲမေ့ပစ်လိုက်တာလား? ငါ မင်းကို ဒီလောက် ခံစားလို့ကောင်းအောင် လုပ်ပေးခဲ့တာကို၊ မင်းက ငါ့ကို ဒီလို ပြန်ဆက်ဆံတယ်လား? ဒါက ဘယ်လို သဘောထားမျိုးလဲ!”
ကျိပါရှောင် မကျေမနပ်ဖြင့် တတွတ်တွတ်ပြောသည်။
ပြောပြီးမှ စကားတစ်ခုခုမှားသွားသလို ခံစားလိုက်ရ၏။
မှိုဘုရင်က ကျလုဆဲဆဲမျက်ရည်ကိုထိန်းထားလျက် ဝင်ပြောလာသည်။ “ကျေးဇူးပြုပြီး၊ မင်းမှာ နည်းလမ်းရှိရင် မြန်မြန် သုံးပါ။ ငါ တကယ် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး…”
ထိုစကားဆုံးသည်နှင့် တစ်ပြိုင်နက်၊
ပျက်စီးခါနီး ကာကွယ်ရေးဒိုင်းမှာ တစ်ချက်တည်းဖြင့် ခွဲချေခံလိုက်ရတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ပျက်ပြားသွားသော စွမ်းအင်စီးကြောင်းများက ဆူပွက်နေသည်။ ယင်းယန်သူတော်စင်နယ်မြေ တစ်လျှောက်လုံး ဖုန်မှုန့်များနှင့် သဲများမှာ မွှေနှောက်ခံလိုက်ရကာ အုန်းအုန်းခတ်ရှုပ်ထွေးလျက်။
“သေစမ်း!”
လီဝူကျယ်၏ ဆံပင်နက်များ ရိုင်းစိုင်းစွာ လွင့်ခါနေကာ သူ၏ မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် နီရဲနေသည်။ မျက်နှာသွင်ပြင်က ပုံပျက်ပန်းပျက်ဖြင့် ထိတ်လန့်စရာကောင်းလှပြီး ပါးစပ်ထဲမှ အစွယ်များပင် ပြူးထွက်နေသည်။ ထိုနတ်ဆိုး လီဝူကျယ်က နတ်ဆိုးချီစွမ်းအင်ဖြင့် ရစ်ပတ်ထားသော မှင်ရောင်ဓားကိုဝင့်ကိုင်ကာ သူတို့ဆီ အလျင်အမြန် ပြေးဝင်လာတော့၏။
ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်က နေရာတိုင်းတွင် ပြည့်နှက်နေသည်။ နေရာတွင်ရှိသော ကျင့်ကြံသူများ အားလုံး မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် အသည်းအူများပြုတ်ထွက်မတတ် လန့်ဖျပ်ကြောက်ရွံ့သွားမိကြသည်။
“အခုပဲ!”
ကျိပါရှောင် လေထဲသို့ခုန်တက်လိုက်ကာ သူ၏ လက်နှစ်ဖက်ဖြင့် ယင်နှင့်ယန်သင်္ကေကို သရုပ်ဖော်ပြီး လီဝူကျယ်ဆီချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။
“အစ်ကိုကြီး၊ မင်းအတွက် ပြဇာတ်ကောင်းကောင်းလေးတစ်ခု ပြပေးမယ်!”
လီဝူကျယ် အသံလာရာကိုလှမ်းကြည့်ရာ ကျိပါရှောင်ကို မြင်လိုက်ရသည်။ ထို့နောက် တစ်ဖက်လူ အားအင်အပြည့်သွင်းကာ ပြသနေသော ယင်းယန်ပုံရိပ်များအား တစ်ပါတည်းမြင်လိုက်ရ၏။
အုံး!
ချက်ချင်းဆိုသလိုပင်၊
အမျိုးစုံလင်လှသော သွေးပူသွေးဆူစေသည့် ပုံရိပ်များက သူ့အသိစိတ်ကို လွှမ်းမိုးသွားခဲ့သည်။ မြင်ကွင်းများသည် ရိုးရှင်းစွာပင် သူစိတ်ကူးသည့်အတိုင်း အကန့်အသတ်မရှိ တစ်ခုပြီးတစ်ခု ဖြစ်တည်လာလေသည်။
မူလက လီဝူကျယ်၏ စိတ်ထဲတွင် သတ်ဖို့ဖြတ်ဖို့ အတွေးများသာ ပြည့်နှက်နေသော်လည်း ယခု ထိုအတွေးများမှာ နေရာမလောက်သကဲ့သို့ ဇွတ်အတင်း ဖယ်ထုတ်ခံလိုက်ရတော့၏။
သူ ဓားကို တင်းတင်းဆုပ်ကိုင်ပြီး သစ်သားတုံးတစ်တုံးကဲ့သို့ အငြိမ်သားရပ်နေသည်။ သူ၏ မျက်လုံးများထဲရှိ အနီရောင်အလင်းတန်းသည်လည်း တဖြည်းဖြည်း မှေးမှိန်ဖျော့ကျသွားခဲ့၏။
ရူးသွပ်ဆိုးသွမ်းနေသော စိတ်အခြေအနေဖြင့် လီဝူကျယ်ကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသော မီးခွက်တစ်ခုနှင့် နှိုင်းယှဉ်ပါက ကျိပါရှောင် ပြသလိုက်သော ထိုပြကွက်က မီးခွက်ထဲသို့ ရေခဲတုံးအမြောက်အများ လောင်းထည့်လိုက်ခြင်းနှင့် တူသည်။ မီးကငြိမ်းရုံပင်မက အငွေ့သမ်းဖို့ပင် အခွင့်အရေးမကျန်ရှာတော့။
ထိုစွမ်းအားဖြင့် ထိမှန်တိုက်ခိုက်ခံလိုက်ရပြီးနောက် ရူးသွပ်သောနတ်ဆိုးသွေးဆက် ဆက်လက်အသက်ဝင်သေးလျှင်တောင် လီဝူကျယ်၏အသိစိတ်ကို လွှမ်းမိုးနိုင်တော့မည်မဟုတ်။
ရူးသွပ်သော နတ်ဆိုးသွေးဆက်၏ အဓိကအကျိုးသက်ရောက်မှုမှာ ရူးသွပ်စိတ်လွတ်စေခြင်းမဟုတ်ဘဲ ကျင့်ကြံသူ၏ အားသာချက်ကို ကဏ္ဍပေါင်းစုံတွင် မြှင့်တင်ပေးခြင်းဖြစ်သည်။
ကျင့်ကြံသူ၏ စိတ်ဝိညာဥ်မှာ ထိုပြင်းအားကို လက်ခံနိုင်လောက်အောင် မရင့်သန်သေးသည့်အတွက် ဘေးထွက်ဆိုးကျိုးအနေဖြင့် ရူးသွပ်သွားရသည်သာ ဖြစ်၏။
ကျိပါရှောင်၏ ပါးနပ်သော လှုပ်ရှားမှုအောက်တွင် လီဝူကျယ်၏ စိတ်ထဲတွင် သတ်ဖြတ်ခြင်း အတွေးများ ပြည့်နှက်မနေတော့ဘဲ အစားထိုးအားဖြင့် ကာမရာဂ ပုံရိပ်များအမြောက်အများဖြင့် ပြည့်လွှမ်းသွားရလေပြီ။
အပိုဆောင်းအားဖြင့် ဆန္ဒများပင် ထကြွလာတော့၏။
လီဝူကျယ် အံတင်းတင်းကြိတ်ကာ သည်းခံရင်း တအံ့တသြမေးလာသည်။ “ညီလေး၊ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ?!”
“ဘာလို့ ငါ့စိတ်ထဲမှာ ထူးဆန်းတဲ့အရာတွေ ပြည့်နေရတာလဲ?”
“ဟားဟား အလုပ်ဖြစ်သွားပြီ!” ကျိပါရှောင် ကျင့်စဥ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းလျက် အော်သည်။ “အစ်ကိုကြီး၊ အမြန်ဆင်းလာ။ ငါ မင်းကို သေချာရှင်းပြပေးမယ်။”
“ကောင်းပြီ"
လီဝူကျယ်သည် ဓားကို ဓားအိမ်ထဲသို့ သပ်သပ်ရပ်ရပ် ထည့်လိုက်ပြီး သူ၏ ရူးသွပ်သော နတ်ဆိုးသွေးဆက်ကို ပိတ်ပစ်လိုက်သည်။ ဦးထုပ်ကလည်း ဘယ်လွင့်လို့လွင့်သွားမှန်း မသိရလေရာ သူ့လက်ထဲတွင် ဝါးဦးထုပ်အသစ်တစ်ခု ထပ်ပေါ်လာပြီး ခေါင်းပေါ်ဆောင်းကာ ပြန်ဆင်းလာမည်ပြုသည်။
“ဪ၊ စကားမစပ်၊ ဟိုခွေးကောင် ဘယ်ရောက်သွားလဲ?” သူ ရုတ်တရတ် တစ်ခုခုကို သတိရပြီး ပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်သည်။
“ကြည့်မနေနဲ့တော့၊ အဲ့ဒီအရူးကောင်ကို အစ်ကိုကြီး ခုလေးတင် ခုတ်သတ်လိုက်တာ!” ကျိပါရှောင်က အားတက်သရော ပြောသည်။
“တကယ်လား?” လီဝူကျယ် မျက်မှောင်ကြုတ်သည်။ မှတ်ဉာဏ်များပြန်ဖော်ဖို့ အတင်းအကျပ်ကြိုးစားပါသော်လည်း ကံမကောင်းစွာဖြင့် သူ၏ စိတ်ထဲတွင် ယခု ညစ်ညမ်းသော အမှိုက်သရိုက်များဖြင့်သာ ပြည့်နေသည်။ ဦးနှောက်က ခေတ္တအလုပ်မလုပ်နိုင်သေး။
“အစ်ကိုကြီးလီ၊ ခင်ဗျား ပုံမှန်ပြန်ဖြစ်သွားလို့ပဲ တော်သေးတယ်” မှိုဘုရင်က ဖြူဖပ်ဖြူရော်မျက်နှာလေးဖြင့် ကြောက်စိတ်မကုန်သေးဟန် တုန်တုန်ရီရီပြောသည်။
“ဒါပေမဲ့ အစ်ကိုကြီးအပြစ်လည်း မဟုတ်ပါဘူးလေ” မှိုဘုရင်က နှစ်သိမ့်သည်။
“တာအိုရောင်းရင်းလီ၊ ခင်ဗျား ပုံမှန်ပြန်ဖြစ်သွားတာက ညီလေးကျိရဲ့ ကျင့်စဥ်ကြောင့်လား” လင်တုရှိုက ထူးဆန်းစွာ ရေရွတ်လာသည်။
“အဲ့လောက်ကတော့ ဘာမလို့လဲ? အစ်ကိုကြီးက ငါ့ကို ကူညီဖို့အတွက် အဲဒီလို ဖြစ်သွားရတာဆိုတော့ သေချာပေါက် ငါကပြန်ကူညီရမှာပေါ့။ ကံကောင်းလို့ ဘယ်သူမှ အန္တရာယ်မရှိခဲ့ဘူး။ အားလုံးပျော်လို့ရပြီ!” ကျိပါရှောင်က အပြုံးဖြင့် ပြောသည်။
“မြန်မြန်၊ ငါ့ကို ပြောပြစမ်းပါ။ မင်း ဘယ်လိုလုပ်ခဲ့တာလဲ?”
လီဝူကျယ်၏ မျက်လုံးများ လင်းလက်လာကာ စိတ်ဝင်တစားမေးသည်။
သူ၏ အသုံးမကျသောညီလေးတွင် ထိုသို့ ရှားပါးစွမ်းရည်များ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတကယ်ကို မမျှော်လင့်မိခဲ့။
ကျိပါရှောင်က အဖြစ်အပျက်များကို ရိုးရှင်းစွာ ပြန်လည်ရှင်းပြသည်။
လီဝူကျယ်သည် နားစိုက်ထောင်နေရင်း သူ၏ မျက်လုံးများက မျက်စိရှေ့မှလူငယ်ကို ပထမဆုံးမြင်ဖူးသည့်အလား အပေါ်အောက် စေ့စေ့စပ်စပ် ကြည့်ရှုအကဲခတ်နေသည်။
ဒါဆို ငါ့ရဲ့ ခေါင်းထဲက ထူးဆန်းတဲ့ ပုံရိပ်တွေအားလုံးကို မင်းက အတင်းအဓမ္မ ထည့်သွင်းလိုက်တာလား?
ရိုးရိုးသားသား ပြောရရင် ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်!
“ဒီကိစ္စကို ဘယ်လိုထင်ကြလဲ? နောက်ဆုံးမှာတော့ ငါအခြေအနေကို ပြောင်းလဲလိုက်နိုင်တယ်လေ” ကျိပါရှောင်က လက်ကိုဟန်ပါပါပိုက်ကာ ဘဝင်မြင့်စွာ မေးကိုပင့်မြှောက်ထားသည်။ ‘ငါ့ကိုလာချီးမွမ်းကြ' ဟု အော်ဟစ်မနေရုံတမယ် ကိုယ်ဟန်အနေအထား။
“ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်ကိုကျိက ကျွန်တော်တို့ကိုအမြင်သစ်ဖွင့်ပေးလိုက်တာပါပဲ!” လင်တုရှိုက ဇွတ်အတင်းညှစ်ပြုံးရင်း ပြောသည်။
ယင်းယန်သူတော်စင်သခင်မှာတော့ စကားမပြောနိုင်သေး။
သူသည် ကျိပါရှောင်၏ လုပ်ရပ်များကို ဘယ်လို အကဲဖြတ်ရမှန်း တကယ်မသိတော့ပေ။
အမှန်တော့ ထိုပါးနပ်သောအကြံဉာဏ်ကို သူတကယ် လေးစားသဘောကျပါ၏။ သို့ပေသည့် သူတော်စင်နယ်မြေ၏ ရှေးရိုးစဥ်ဆက် အမွေဆက်ခံလာကြသော ယင်းယန်နတ်ဘုရားပညာကို ဤသို့ပြောင်းလဲလိုက်ခြင်းအား သူလက်ခံရ ခက်ခဲဆဲပါပေ။
ဒါကြီးက အရမ်းညစ်ညမ်းတယ်လေ!!
ဒါပေမယ့်…
အံ့သြစရာကောင်းလောက်အောင် ထိရောက်မှုရှိတယ်!
ယင်းယန်သူတော်စင်သခင်မှာ သူ ကြိုးစားလေ့လာခဲ့သော ယင်နဲ့ယန် တာအိုလမ်းစဥ်ကိုပင် လမ်းကြောင်းမှန်မှဟုတ်ပါရဲ့လားဟု အနည်းငယ် သံသယဝင်မိရသည်။
ကျိပါရှောင်၏ ပုံမှန်မဟုတ်သော ချဉ်းကပ်မှုက ယင်ယန်တာအိုလမ်းစဥ်၏ အဆုံးစွန်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုများ ဖြစ်နေလေမလား?
သူ မြင်ခဲ့ရသော ကာမရာဂ ပုံရိပ်များကို ပြန်တွေးမိလိုက်စဥ် ယင်းယန်သူတော်စင်သခင် နှာခေါင်းသွေးထပ်ယိုမိတော့မလို ခံစားလိုက်ရသည်။
ကမ္ဘာပေါ်ရှိ လူဘယ်လောက်များများက ထိုသို့သော သွေးဆောင်မှုကို တွန်းလှန်နိုင်မည်နည်း?
ကျိပါရှောင် မာန်တက်နေစဥ် ကြီးမားသော လက်တစ်ဖက်က သူ၏ ပခုံးကို လာရောက်ဆုပ်ကိုင်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ယင်းယန်သူတော်စင်သခင်ကို တွေ့လိုက်ရ၏။ တစ်ဖက်လူ၏မျက်နှာမှာ အတည်ပေါက်ကြီး။
“သူတော်စင်သခင်၊ ဘာလို့…”
“အိမ်း၊ ကောင်းပြီ”
ယင်းယန်သူတော်စင်သခင်၏ အမူအရာမှာ အနည်းငယ် မသက်မသာဖြစ်နေသလို။ သူကပြောလာသည်။
“မင်းရဲ့ အဆင့်မြှင့်ထားတဲ့ အဲ့ဒီယင်းယန်နတ်ဘုရားပညာကို၊ အချိန်ရရင် ငါ့ကို သင်ပေးနိုင်မလား?”
“ငါ တကယ် သင်ယူချင်မိတယ်…”