အလယ်ပိုင်းဒေသတစ်ခုလုံး ထိတ်လန့်ရလေပြီ
Vol. 42 Ch. 579
ကျိပါရှောင်၏ မျက်နှာက မထီမဲ့မြင်ဟန်ဖြင့်။
“ဪ၊ ဪ၊ အရင်က ခင်ဗျားပြောတဲ့ ဘိုးဘွားအမွေအနှစ်တွေ အရှက်မရှိတာတွေရော ဘယ်ရောက်သွားပြီလဲ?"
လူငယ်၏ ထေ့ငေါ့သောအကြည့်အောက်တွင် စကတည်းက မလုံမလဲ ခံစားနေရသော ယင်းယန်သူတော်စင်သခင်မှာ သည်းမခံနိုင်စွာဖြင့် ဝတ်ရုံလက်စကို ဖျတ်ခနဲပုတ်ခါလိုက်သည်။
“ဟမ့် မင်းမသင်ပေးချင်လည်း နေပေါ့။ တကယ်တော့ ငါလည်း သိပ်သင်ချင်တာမဟုတ်ပါဘူး။ ငါ့ကို အဲဒီလိုပုံနဲ့ မကြည့်စမ်းနဲ့။ မင်း တကယ် သင်ပေးချင်ရင်တောင်၊ ငါက သင်ချင်မှသင်မှာကွ၊ ဒီတိုင်း ဝတ်ကျေတန်းကျေလာမေးကြည့်ရုံသက်သက်ပဲ။ ငါ့ကို မင်းလိုအရိုင်းအစိုင်းလို့ ထင်နေတာတော့ မဟုတ်ဘူးမလား? ငါ့မှာ စည်းမျဉ်းတွေ ဂုဏ်သိက္ခာတွေ ရှိတယ်ကွ!”
ယင်းယန်သူတော်စင်သခင် တစ်ယောက်တည်း စကားပြောနေသည်ကို မြင်သောအခါ ကျိပါရှောင် ချက်ချင်း ပြန်ချေပခြင်း မပြုပေ။ ထိုအစား လက်ပိုက်လျက်သာ ဆက်ရပ်နေကာ နှုတ်ခမ်းထက် ကလိမ်ကကျစ် အပြုံးတစ်ခုလည်း တပ်ဆင်ထားသည်။
မင်းပြဇာတ်ကို အရင်ဆုံး စောင့်ကြည့်ပေးရတာပေါ့။
ယင်းယန်သူတော်စင်သခင်သည် တစ်ဖက်မှ အချိန်အကြာကြီး တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ အနည်းငယ် ရှက်ရွံ့သွားသည်။ သူ့အပြောနှင့် အလိုက်သင့်မပါလာသော ကျိပါရှောင်ကို မကျေမနပ် ပြန်ကြည့်လိုက်မိ၏။
ငါ လက်လျှော့လိုက်ပြီ။ ဒီကောင်လေးက တကယ်ကို တစ်ခုခုပဲ။ သူ့ဂိုဏ်းချုပ်သူ နည်းနည်းတောင် မျက်နှာသာပေးလို့ မရဘူးလား။
“အဟမ်း အဟမ်း!”
ကျိပါရှောင် အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူ၏လေသံမှာ ကိုယ့်ကိုယ်ကိုယ် အတော်လေးကျေနပ်အားရနေဟန်ပင်။ “ခင်ဗျား အဲ့လောက်သင်ချင်နေရင် ကျွန်တော် သင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက် သင်ယူနိုင်မလဲဆိုတာက ခင်ဗျားရဲ့ နားလည်နိုင်စွမ်းပေါ်မှာ မူတည်တယ်။ အားလုံးက ကျွန်တော့်လို ယင်နှင့်ယန်တာအိုကို ပေါက်ပေါက်မြောက်မြောက် ထိုးထွင်းသိမြင်နိုင်မလား ကျွန်တော်လည်းမသေချာဘူးလေ။"
အမှန်ပြောရလျှင် သူ ငါးနှစ်သားအရွယ်ကတည်းက 'လိင်ရုပ်ပြစာအုပ်များ' ကို စဖတ်ခဲ့သည်မှာ လက်ရှိအသက်အရွယ်အထိ။ ထို့ကြောင့် တစ်ခါတစ်ရံ စိတ်ကူးစိတ်သန်း အသစ်အဆန်း ပေါ်လာသောအခါ ထိုပုံရိပ်များထဲတွင် သူ နေ့ရောညပါ နှစ်မြှုပ်နေနိုင်သည်အထိ စိက်ကူးနိုင်စွမ်းကောင်းသည်။
(ခေတ်စကားနဲ့ဆိုရင် Gooning ပေါ့ XD )
အချိန်ကြာလာသည်နှင့်အမျှ ကျိပါရှောင်သည် လိင်ရုပ်ပြစာအုပ်များကို သူ့ဘဝတွင် အရေးကြီးဆုံး စာပေအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူလာမိသည်။ ၎င်းတို့ကို သူ၏ လမ်းပြအလင်းရောင်တစ်ခုနှယ် သဘောထားကာ ထိုစာအုပ်များထဲမှ အမျိုးသား-အမျိုးသမီး နှီးနှောဆက်ဆံရေး၏ နက်နဲသော အမှန်တရားနှင့် မျိုးပွားခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိရန် စိတ်ရောကိုယ်ပါ မြှုပ်နှံကြိုးစားခဲ့သည်။
လောကီရေးရာများမှ အာရုံလွှဲဖယ်ကာ ပညာလေ့လာစူးစမ်းရာတွင်သာ စူးစိုက်နှစ်မြှုပ်ထားသည့် ယင်းယန်သူတော်စင်နယ်မြေ၏ အဖိုးတန်သားကောင်း။
လက်ရှိအချိန်ထိ ကျိပါရှောင်ဖတ်ဖူးသော လိင်ရုပ်ပြစာအုပ်တွဲ ရာထောင်ချီရှိလောက်လေပြီ။ မကြာခဏဆိုသလို ဖျတ်ခနဲဝင်လာသော အတွေးတစ်ပိုင်းတစ်စက စာအုပ်တစ်အုပ်စာလောက် ကျယ်ပြန့်သွားနိုင်သည်အထိ အတွေ့အကြုံရင့်သန်နေပြီဖြစ်၏။
လိင်ရုပ်ပြစာအုပ်ကိုမြင်လျှင် အခြားသူများက တပ်မက်မှုကို မြင်နိုင်သော်လည်း သူက ယင်နှင့်ယန်၏ မဟာတာအိုလမ်းစဥ်ကို မြင်သည်။
ယင်နှင့်ယန် ပေါင်းစပ်ခြင်း၊ အဆုံးမဲ့သော မျိုးပွားခြင်းလမ်းစဥ်။
ကျိပါရှောင် တကယ်ပင် ထူးခြားသော လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ချီးကျူးဖွဲ့ဆိုမည်ဖြစ်သည်။ ယင်းယန်သူတော်စင်နယ်မြေ၏ ယခင်ဘိုးဘေးအကြီးအကဲများ တစ်ကြိမ်တစ်ခါမှ ဖောက်ထွင်းလျှောက်လှမ်းဖူးခြင်း မရှိပါသော တာအိုလမ်းစဥ်သစ်ပင်။
တစ်နည်းအားဖြင့် သူသည် ယင်းယန်သူတော်စင်နယ်မြေ၏ ရှာမှရှား ပါရမီရှင်သူတော်စင်သာ ဖြစ်၏။
သင်ပြပေးမည်ဟူသော စကားကို ကြားသောအခါ။
ယင်းယန်သူတော်စင်သခင်၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးညွှတ်တက်သွားသည်ကို မထိန်းလိုက်နိုင်ပေ။ ထို့နောက် အရှက်ပြေ နှာခေါင်းကိုပွတ်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်လျက် တုံ့ပြန်သည်။ “မင်း ပြောတာနော်၊ ငါမင်းကို အတင်းမသင်ခိုင်းပါဘူး…”
လူတိုင်း ဆွံ့အစွာ ရပ်ကြည့်နေမိကြသည်။
သူတို့သည် ထို အသစ်မြှင့်တင်ပြောင်းလဲထားသော ယင်းယန်နတ်ဘုရားပညာနှင့် ယင်းယန်သူတော်စင်နယ်မြေ၏ အနာဂတ်ပုံရိပ်ကို တွဲမြင်မိဖို့ ကြိုးစားနေပါသော်ငြား မည်သို့မှ ဆက်စပ်တွေးတောလို့မရနိုင်ခဲ့။
“ညီလေး၊ ပြဿနာ ဖြေရှင်းပြီးပြီဆိုတော့ ငါ ပြန်တော့မယ်။ တစ်ချိန်ချိန် ပြန်ဆုံကြတာပေါ့!” လီဝူကျယ် နှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီး၊ ဘေးကင်းကင်းပြန်ပါတော့!”
ကျိပါရှောင်၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေပြီး လက်သီးများကို လေးလေးနက်နက် ဆုပ်လျက် အရိုအသေပေးသည်။
လီဝူကျယ် ခဏတာမျှ ကြောင်အသွားပြီး မျက်နှာညို့မှိုင်းသွားသည်။ သူ့နှုတ်ဆက်စကားကြီးကလည်း နိမိတ်မကောင်းလိုက်တာနော်။
ထားလိုက်ပါ၊ အိမ်ပြန်ဖို့ အချိန်တန်ပြီ!
“အားလုံးပဲ၊ ပြန်ဆုံကြတာပေါ့” လင်တုရှိုက လက်များကိုတင်းတင်းဆုပ်ကာ ဦးညွှတ်လိုက်ပြီး တည်ငြိမ်စွာနှုတ်ဆက်သည်။
“ပြန်… ပြန်ဆုံကြတာပေါ့" ဘေးရှိ မှိုဘုရင်ကလည်း ဆရာတူအစ်ကိုကြီးအတိုင်း လိုက်ပြောသည်။ မျက်နှာအမူအရာမှာတော့ သိပ်မဟန်လှသေး။
ထို့နောက်၊
ကျင့်ကြံသူများ၏ နှုတ်ဆက်စကားများ ကြားတွင် သူတို့ လာရာလမ်းသို့ ပြန်လှည့်ကြ၏။
ထွက်ခွာသွားသော လမ်းကြောင်းကို မျှော်ကြည့်ရင်း ယင်းယန်သူတော်စင်သခင်၏ မျက်နှာက တည်ကြည်လာသည်။
“ဒီအဖြစ်အပျက်ကနေတစ်ဆင့် အဲဒီ ရှေးဟောင်းစွမ်းအားရှင်တွေ ငါတို့ရဲ့ ယင်းယန်သူတော်စင်နယ်မြေကို အလွယ်တကူ မစော်ကားနိုင်ဘူးဆိုတာ သိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“မှန်တယ်။ ဘယ်သူမဆို နောက်တစ်ခါ ပြဿနာလာရှာရဲရင်၊ ကျွန်တော့်အစ်ကိုကြီးက သူတို့အားလုံးကို ခုတ်ထစ်ပစ်လိမ့်မယ်!” ကျိပါရှောင်ကလည်း ဒေါသတကြီး ထောက်ခံသည်။
ယင်းယန်သူတော်စင်နယ်မြေ ပျက်စီးလုနီးပါး ဖြစ်ခဲ့တာကို တွေးပြီး သူတုန်လှုပ်နေဆဲဖြစ်သည်။
…
သူတို့ဆိုခဲ့သည့်အတိုင်းပင် ယင်းယန်သူတော်စင်နယ်မြေ ကြုံတွေ့ခဲ့သော အပြောင်းအလဲများက အပြင်လောကတွင် အတားအဆီးမရှိ ချက်ချင်းပျံ့နှံ့သွားတော့၏။
ယခင်က ယောင်ကွမ်းသူတော်စင်နယ်မြေကဲ့သို့ပင် ယင်းယန်သူတော်စင်နယ်မြေသည်လည်း မည်သူတစ်ဦးတလေမှ အတင့်ရဲလို့ လာမနှောင့်ယှက်သင့်ကြောင်း အချက်ပြရန် ရည်ရွယ်ပြီး ဤဖြစ်ရပ်ကို အပြင်လောကထံ တမင်တကာ ချဲ့ကားဖြန့်ကျက်လိုက်ခြင်း ဖြစ်သည်။
“ဘာ? ရှေးဟောင်း မသေမျိုးဘုရင်တစ်ပါး ယင်းယန်သူတော်စင်နယ်မြေမှာ ကျဆုံးသွားတယ်? ဒီသတင်းကတော့ ကောင်းကင်တလွှား ပေါက်ကွဲကုန်တော့မှာပဲ!”
“ယင်ယန်သူတော်စင်၊ ကျိပါရှောင်က ဓားနတ်ဆိုး လီဝူကျယ်ကို သူ့ရဲ့ အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ပြောတယ်။ သူတို့အသတ်ခံရခါနီး နောက်ဆုံးအချိန်မှာ သူ့ရဲ့ အစ်ကိုကြီးက ကယ်ဆယ်ဖို့ အလျင်အမြန်ရောက်လာပြီး တမင်တကာ ပြဿနာရှာနေတဲ့ အဲဒီ ရှေးဟောင်း မသေမျိုးဘုရင်ကို သတ်ပစ်လိုက်တာတဲ့!”
“ခဏလေး၊ ဓားနတ်ဆိုး လီဝူကျယ်က ဘယ်သူလဲ? ငါ အရင်က ဘာလို့ မကြားဖူးတာလဲ?”
“နောက်ဆုံးထွက်သတင်းအရ သူက အကြီးအကဲယဲ့ရဲ့ တပည့်တစ်ယောက်တဲ့! သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ရဲ့ ဆရာတူညီလေးဆိုလည်း ဟုတ်တာပေါ့!”
“ဟား၊ သူ့မှာ ဒီလို ကြောက်မက်ဖွယ် ခွန်အားမျိုးရှိနေတာ အံ့သြစရာမရှိတော့ပါဘူး၊ ရှေးဟောင်းမသေမျိုးဘုရင်ကိုတောင် သတ်လိုက်နိုင်တာတဲ့လား! အံ့မခန်းပဲ!”
“အဲ့ဒီ ဆိုးသွမ်းရမ်းကားနေတဲ့ အဘိုးအိုကြီးတွေကို အရင်ကတည်းက မကြိုက်ခဲ့တာ။ သူတို့က အလယ်ပိုင်းဒေသကို သူတို့ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရမယ်လို့ တကယ်ထင်နေကြတာလား? ပြဿနာ ရှာချင်တိုင်း ရှာလို့ရမယ်ထင်တယ်ပေါ့? သေလိုက်ကြလေ၊ သူတို့နဲ့ ထိုက်တန်တယ်! ကောင်းတယ်!”
ထိုသတင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်နှင့်အမျှ အလယ်ပိုင်းဒေသ တစ်ခုလုံးလည်း ပွက်ပွက်ဆူလာသည်။
ဆွေးနွေးမှုများ နေရာတိုင်းတွင် ဖြစ်ပွားနေကာ ရေတွက်မရနိုင်သော ကျင့်ကြံသူများက ထောက်ခံအားပေးကြသည်။ လေကျယ်နေသော ရှေးဟောင်း မသေမျိုးဘုရင်အုပ်စုကို ကောင်းကောင်းပညာပေးခဲ့သော လီဝူကျယ်ကို လက်ခုပ်တီးချီးကျူးကုန်ကြသည်။
တစ်ချိန်တည်းမှာပင် သတင်းကို ရရှိခဲ့သော ရှေးဟောင်းစွမ်းအားရှင်များ အားလုံး ထိတ်လန့်သွားကြသည်။ သူတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လျက်။
ဘာတွေ ဖြစ်ကုန်ကြတာလဲ?
ဒီခေတ်ရဲ့ ပါရမီရှင်တွေအကုန်လုံး ဒီလောက် စွမ်းနေကြတာလား?
မသေမျိုးဘုရင်ကို ဒီလိုပဲ လွယ်လွယ်လေး သတ်ပစ်လိုက်တာ?!
“ယောင်ကွမ်းသူတော်စင်နယ်မြေမှာလည်း အရင်က အလားတူ အဖြစ်အပျက်မျိုး ရှိခဲ့ပြီးပြီပဲ၊ အစကတော့ ငါ အဲ့တစ်ယောက်ပဲ ခြွင်းချက်လို့သတ်မှတ်ခဲ့တာ။ ဒါပေမယ့် ဘယ်လောက်မှမကြာသေးဘူး၊ ရှေးခေတ်က တခြား တာအိုရောင်းရင်း တစ်ယောက် ကျဆုံးသွားပြန်ပြီလား? ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ!”
“ဟမ့်၊ ပန်းခြွေမသေမျိုးလောက်တောင် အသုံးမကျတဲ့ကောင်ဖြစ်မှာပေါ့! မဟုတ်ရင်၊ သူ့ကို ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ သတ်နိုင်မှာလဲ?”
“မှန်တယ်! ဒင်းတို့က ငါတို့ရှေးဟောင်း ကျင့်ကြံသူတွေကို တကယ် အရှက်ခွဲနေတာပဲ!”
ပြန်လည်ရှင်သန်နိုးထလာသူ အများစုက ယင်းယန်သူတော်စင်နယ်မြေ၌ ကျဆုံးခဲ့သော မသေမျိုးဘုရင်မှာ အတုအယောင် မထင်မရှားထဲမှဖြစ်ရမည်ဟု ထင်မြင်နေချိန်တွင်၊
ရုတ်တရတ် သတင်းစုံကြားခဲ့ရသော စွမ်းအားရှင်တစ်ယောက်က အလန့်တကြားထအော်သည်။
“သောက်ကျိုးနည်း၊ ဒီတစ်ခါ ကျဆုံးသွားတဲ့ မသေမျိုးဘုရင်က နာမည်ကြီးတဲ့ ဓားတစ္ဆေပဲ!!!”
ချက်ချင်းဆိုသလိုပင်၊
ထိုသတင်းက အလယ်ပိုင်းဒေသ၏ ပြန်လည်ရှင်သန်နိုးထလာသူများ အသိုင်းအဝိုင်းဝယ် ဗုံးတစ်လုံးလို ပေါက်ကွဲသွားခဲ့သည်။
“မင်း ပြောနေတာက အဲဒီ တစ္တေဓားခုနှစ်ချောင်းကို နောက်ကျောမှာ အမြဲတမ်း သယ်ဆောင်ထားတဲ့ ဓားတစ္ဆေလို့ လူသိများတဲ့တစ်ယောက်လား?! သူ့ဓားကျင့်စဥ်တွေက ခန့်မှန်းရခက်တယ်လို့ နာမည်ကြီးတယ်လေ”
တစ်စုံတစ်ဦးက မေးရိုးပြုတ်ကျလုနီးပါး အမူအရာဖြင့် သေချာထပ်မေးလာသည်။
“ဟုတ်တယ်၊ သူပဲ! သူ မကြာသေးခင်ကပဲ ယင်းယန်သူတော်စင်နယ်မြေကို ပြဿနာရှာဖို့ သွားခဲ့တာ။ နောက်ဆုံးမှာတော့ အဲ့ဒီလီဝူကျယ်ဆိုတဲ့ ဓားသမားပေါက်စဆီက အသတ်ခံလိုက်ရတာပဲ!”
“မင်းမေ! ဒီ…”
သေဆုံးသွားသူ၏ နောက်ကြောင်းဇာစ်မြစ်ကို သိလိုက်ရသောအခါ ရှေးဟောင်း စွမ်းအားရှင်များစွာ ထိတ်လန့်သွားကြရသည်။ ထို ကြောက်မက်ဖွယ်အချက်ကို သူတို့လက်မခံနိုင်ကြသေး။
ဓားတစ္ဆေသည် မသေမျိုးဘုရင်နယ်ပယ်တွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။ တစ်ခေတ်တစ်ခါက သူ၏ ခုနစ်ချောင်းသော တစ္ဆေဓားများဖြင့် ခွင်းလွင်ကမ္ဘာကိုလှည့်လည်ကာ စွမ်းအားရှင်များစွာအား ယှဥ်ပြိုင်ရှင်းလင်းခဲ့သည့် နာမည်ကျော်ဓားသမားပေ။
ဓားသွားက လျှပ်စီးတမျှလျင်မြန်ကာ ကျင့်စဥ်နည်းလမ်းများကိုလည်း ခန့်မှန်းလို့မရနိုင်ပေ။ အထူးသဖြင့် သူ၏ စွမ်းအားအကြီးဆုံး ဓားခုနှစ်ချောင်း တစ်ပြိုင်တည်းသုံးသည့် ကျင့်စဥ်သည်ကား ရေတွက်မရနိုင်သော ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးတစ်ခုသာပင်။
သူ၏ ကျော်ကြားမှု အထွတ်အထိပ်ရောက်ချိန်တွင် မသေမျိုးဘုရင်အဆင့် စွမ်းအားရှင် အများစုပင် သူနှင့်ပက်သက်ဖို့ မဝံ့ရဲစွာ ဂရုတစိုက် ရှောင်ကျဥ်ကြရ၏။
ခွန်အားအနေဖြင့် ပန်းခြွေမသေမျိုးသည် ယှဥ်လို့ရသောအနေအထားတွင်ပင် ရှိမနေခဲ့ပါချေ။
သတ်ဖြတ်ခြင်းနတ်ဆိုး ဓားသမားအစစ်အမှန်တစ်ဦးသာ ဖြစ်၏။
မည်သူမှ မထင်မှတ်ထားခဲ့ပါချေ။
အရင်နှစ်များက ဖိန့်ဖိန့်တုန် နာမည်ကျော်ကြားခဲ့သော ဓားတစ္ဆေသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ခွင်းလွင်ကမ္ဘာမှ ခေတ်သစ်လူငယ်တစ်ဦး၏ ဓားချက်အောက်တွင် သေဆုံးသွားရလိမ့်မည်ဟု။
မထီမဲ့မြင် မော်ကြွားနေခဲ့သော ရှေးဟောင်း စွမ်းအားရှင်များ အားလုံးကို ရှက်ရွံ့ထိတ်လန့်စွာ ငြိမ်ကျသွားစေသော သတင်းတစ်ခုဖြစ်သည်။ သူတို့မျက်နှာကို မမြင်နိုင်သောလက်ဝါးတစ်ချက်ဖြင့် ရိုက်ချခံလိုက်ရသည့်နှယ်။
ဓားတစ္ဆေပင်လျှင် ထိုမျှလွယ်လွယ် အရှင်းခံနေရလျှင် သူတို့လိုအမှိုက်သရိုက်များအတွက် နေရာမကျန်တော့ပေါလေ။
တစ်ချိန်တည်းမှာပင် သူတို့သည် ဓားတစ္ဆေကို သတ်ဖြတ်ခဲ့သော တက်သစ်စဓားသမား လီဝူကျယ်အပေါ်တွင် မကြုံစဖူး ကြောက်ရွံ့မှုကို ခံစားမိရသည်။
ကျင့်ကြံခြင်းလောကသည် အင်အားကြီးသူကိုသာ အမြင့်တင်ကာ လေးစားတတ်ကြသော ကမ္ဘာတစ်ခုဖြစ်၏။ လီဝူကျယ်သည် သူတို့၏ မျက်လုံးထဲတွင် နောက်ပိုင်းမျိုးဆက်မှ လူငယ်တစ်ဦးဖြစ်သော်လည်း ထိုသို့သော ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားခြင်းက ထိုသူကို လူငယ်တစ်ဦးဟု ဆက်မမြင်သင့်တော့ကြောင့် သတ်မှတ်ချက်တစ်ခုချပေးလိုက်ခြင်း ဖြစ်၏။
“ဓားနတ်ဆိုး၊ လီဝူကျယ်…” ရှေးဟောင်းစွမ်းအားရှင်များစွာမှာ ထိုနာမည်ကို တိတ်တဆိတ် ရေရွတ်မိသည့် တစ်ခဏတွင်ပင် ကြက်သီးဖြန်းဖြန်းထလောက်အောင် ကြောက်ရွံ့မိကြရ၏။
ကြောက်စရာအကောင်းဆုံးမှာတော့ ထိုသို့သော ပါရမီရှင်သည် တစ်ခြားတစ်ယောက်၏ တတိယတပည့်မျှသာ ဖြစ်နေခြင်းပင်။
ကမ္ဘာကြီးက ရူးသွပ်သွားပြီး ပုံမှန်စံနှုန်းတွေကိုတောင် မမှတ်မိနိုင်တော့တာလား?