မိုင်နိုတော
Vol. 42 Ch. 580
(မိုင်နိုတော-Minotaur ဆိုတာ ဂရိဒဏ္ဍာရီထဲက အထင်ကရ သတ္တဝါကြီးတစ်ကောင် ဖြစ်ပါတယ်။ လူခန္ဓာကိုယ်နဲ့ နွားသိုးရဲ့ ဦးခေါင်း တွဲလျက်ပါရှိပါတယ်။)
“ပြောစမ်းပါဦး၊ ဒီပုရွက်ဆိတ်တွေ ပြောနေကြတဲ့ အကြီးအကဲယဲ့ဆိုတာ ဘယ်သူလဲ?”
“မေးစရာတောင် မလိုပါဘူး။ ဒီလို ပါရမီရှင်တပည့်မျိုးကို သင်ကြားပေးနိုင်တာ ရှေးခေတ်က ထိပ်တန်းအဆင့်စွမ်းအားရှင်ကြီးတစ်ပါ ဖြစ်ရမှာပေါ့!”
“အဲ့ဒီလိုပဲဖြစ်ရမယ်!”
“ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ဒီအကြီးအကဲဟာ ခေတ်ကောင်းမရောက်ခင် အရမ်းစောစောစီးစီး နိုးထလာပြီး ကြိုတင်စီစဉ်မှုတွေ လုပ်ထားတာလည်း ဖြစ်နိုင်တယ်!”
“အင်း၊ မြင့်ရာမှာ ရပ်တည်လေလေ ပိုဝေးရာကို မြင်နိုင်လေလေပဲ။ ဒီခေတ်ရဲ့ အလားအလာရှိတဲ့ ပါရမီရှင်တွေ အကုန်လုံးကို သူတစ်ယောက်တည်း သိမ်းပိုက်သွားတာပေပဲ!”
“အံ့မခန်းပဲ၊ လေးစားမဆုံး ဖြစ်ရပါတယ်!”
ကောင်းကင်၏သတ်မှတ်ချက်ကို ဖီလာဆန့်ကျင်နေသော တိုက်ပွဲရလဒ်များနှင့် ထိုတိုက်ပွဲတိုင်း၏ အောင်နိုင်သူများမှာလည်း အကြီးအကဲယဲ့နှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေသည်မဖြစ်ရာ အလယ်ပိုင်းဒေသရှိ ရှေးဟောင်း ကျင့်ကြံသူများစွာက ထိုသူသည်လည်း ပြန်လည်နိုးထလာသူ တစ်ဦးဖြစ်ပြီး အတိတ်နောက်ခံက သေချာပေါက် သာလွန်ထူးခြားရမည်။ မသေမျိုးဘုရင်အဆင့်ကို သေချာပေါက် ကျော်လွန်ထားပြီးသာ ဖြစ်ရမည်ဟု ထင်မြင်ယူဆခဲ့ကြသည်။
ဟွမ်ကျင်းကျိုးပြည်နယ်
ဟွမ်ကျင်းကျိုးပြည်နယ်သည် ယာအိုမျိုးနွယ်စုများ အများဆုံးနေထိုင်သော တာအိုပြည်နယ်ဖြစ်သည်။ ဤဒေသသည် အလယ်ပိုင်းဒေသရှိ ယာအိုမျိုးနွယ်စုများ စုဝေးရာနေရာ ဖြစ်သည်။
(အရှေ့ပိုင်းမှာ နတ်ဆိုးမျိုးနွယ်စုလို့ သုံးခဲ့ပေမဲ့ ဟုန်ချန်ယဲ့တို့ နတ်ဆိုးလမ်းစဥ်နဲ့ နာမည်ရောမှာစိုးလို့ တရုတ်အသံထွက်အတိုင်း ယာအိုမျိုးနွယ်စုလို့ သုံးလိုက်ပါတယ်)
လူသားမျိုးနွယ် ကျင့်ကြံသူများသည် ယာအိုမျိုးနွယ်စု စွမ်းအားရှင်များ၏ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းအကြောင်းကို နောကျေနေပြီးသားဖြစ်သဖြင့် ယေဘုယျအားဖြင့် ဤနေရာကို ခြေချရန် မဝံ့ရဲကြပေ။ ခြေချသောသူသည် သေလမ်းရှာနေသူသာဖြစ်မည်။
ပြန့်ပြူးသော မြစ်ဝှမ်းပြင်ပေါ်တွင် ခမ်းနားထည်ဝါသော မိုးပြာရောင်နန်းတော်ကြီးသည် မြင့်မားစွာ တည်ရှိနေပြီး ၎င်း၏ အရှိန်အဝါကား အကန့်အသတ်မဲ့ ကျယ်ပြန့်လှ၏။
၎င်းသည် ဟွမ်ကျင်းကျိုးပြည်နယ်၏ ယာအိုမျိုးနွယ်စုများ ကိုးကွယ်ရာ သူတော်စင်နယ်မြေဖြစ်သည့် ချင်းယန်နန်းတော်ပင် ဖြစ်သည်။
(ချင်းယန်ဆိုတာ အစိမ်းရောင်ဆိတ်လို့ အဓိပ္ပာယ်ရပါတယ်)
နန်းတော်ကို တည်ထောင်သူမှာ ရှေးခေတ်က ပြန်လည်နိုးထလာသူတစ်ဦးဖြစ်သည့် ချင်းယန် မသေမျိုးအကြီးအကဲ ဖြစ်သည်။
နန်းတော်ဝင်ပေါက်၏ နှစ်ဖက်စလုံး၌ ထားရှိသော ရွှေချထားသည့် ကြေးနီမီးခွက်များမှ မွှေးရနံ့သင်းပျံ့သော အငွေ့များ တလူလူထွက်နေသည်။
နန်းတော်ပရဝုဏ် အပြင်ဘက်တွင် ယာအိုမျိုးနွယ်စု သတ္တဝါများသည် မျက်စိတစ်ဆုံး ပြည့်ကျပ်စွာ မြေပြင်ပေါ်၌ ဒူးထောက်လျက်ရှိကြ၏။
သူတို့၏ မျက်နှာများမှာ လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေပြီး နက်နဲသော တာအိုတရားသံများကို ဂရုတစိုက် နားထောင်နေကြသည်။ တစ်ခါတစ်ရံ ယာအိုမျိုးနွယ်စုဝင်တစ်ချို့သည် ထိုအသံကို နားဆင်ရုံမျှဖြင့် ထိုးထွင်းဉာဏ်ပွင့်လန်းပြီး နယ်ပယ်အဆင့်တက်မှုများ ဖြစ်ပေါ်လာချိန်တွင် အခြားယာအိုမျိုးနွယ်စုဝင်များက မနာလိုအားကျစွာ လှမ်းကြည့်တတ်ကြသည်။
အဓိက ခန်းမဆောင်ကြီးအတွင်း၌ သက်ကြီးရွယ်အိုတစ်ဦးသည် ကောင်းကင်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းပေါ်တွင် ကွေးကောက်နေသော အညိုရောင်ဆိတ်ချို နှစ်ချောင်းရှိသည်။ ကြင်နာတတ်ပုံရသော်လည်း တည်ကြည်လေးနက်သော မျက်နှာဖြင့် ဖျာပေါ်တွင် စိမ်းလန်းဝေဖြာသော ထင်းရှူးပင်တစ်ပင်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေကာ မျက်လုံးများကိုမှိတ်၍ တရားစာများအား တစ်ကိုယ်တည်း ရေရွတ်နေသည်။
ပုံမှန်အားဖြင့် ချင်းယန် မသေမျိုးအကြီးအကဲသည် သူ၏ မူလရင်းမြစ် လက္ခဏာအဖြစ် ဆိတ်ချိုနှစ်ချောင်းကိုသာ ထိန်းသိမ်းထားပြီး လူသားပုံစံကိုသာ အမြဲတမ်းနီးပါး ပြသထားလေ့ရှိသည်။
ဟွမ်ကျင်းကျိုးပြည်နယ်ရှိ ယာအိုမျိုးနွယ်စုများ၏ နှလုံးသားထဲတွင် ချင်းယန် မသေမျိုးအကြီးအကဲသည် တပည့်များကို အကန့်အသတ်မရှိ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပေးသည်၊ တာအိုနည်းလမ်းများကို သင်ကြားပေးသည်၊ သူတို့ကို ဉာဏ်အလင်းပေးသည်။ ဤရက်ရောကြင်နာမှုများကြောင့် သူသည် ယာအိုမျိုးနွယ်စု၏ အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ဖြစ်လာသည်။
ဤအချိန်၌ ချင်းယန် မသေမျိုးအကြီးအကဲသည် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးများက ကြယ်တာရာများကဲ့သို့ နက်ရှိုင်းသော်လည်း လက်ရှိတွင်မူ အံ့သြမှုနှင့် မသက်မသာဖြစ်မှုများ ပြည့်နှက်နေ၏။
တရားစာရွတ်ဆိုခြင်း ရုတ်တရက် ရပ်တန့်သွားရာ အပြင်ဘက်ရှိ ယာအိုမျိုးနွယ်စုဝင်များလည်း အံ့အားသင့်ကာ တွေဝေသွားကြသည်။
ဒုန်း! ~!
ကောင်းကင်ယံမှ မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော ဟိန်းသံတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာပြီး ကြားရသူအပေါင်းကို စိတ်ကျဥ်းကျပ်စေသော နွားသိုး အော်ဟစ်သံတစ်ခု သဲ့သဲ့ မြည်ဟည်းလာသည်။
လေပြင်းများ တိုက်ခတ်ခြင်း၊ လျှပ်စီးများ လင်းလက်ခြင်း၊ မိုးခြိမ်းသံများ မြည်ဟည်းခြင်း စသည်ဖြင့် သဘာဝကပ်ဘေးများစွာ အလိုအလျောက် ဖြစ်ပေါ်လာကြသည်။ ယာအိုမျိုးနွယ်စုများ အားလုံး ဖိနှိပ်မှုတစ်ခု ချဉ်းကပ်လာနေသည်ကို အလိုအလျောက် ခံစားမိနေကြကာ စိုးရိမ်တကြီး ပျာယာခတ်လာကြ၏။
ရွှစ်!
အဓိက ခန်းမအပြင်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရပ်ရှည်လျားသော ပုံပန်းသဏ္ဌာန်တစ်ခု ဆင်းသက်လာသည်။
ဤသတ္တဝါသည် နွားသိုးခေါင်းနှင့် လူသားကိုယ် တစ်ပိုင်းစီပါရှိပြီး အရပ်အရှည်ကား အပြည့်အဝတိုင်းတာရလျှင် ဆယ်မီတာခန့်မြင့်သည်။ သူ၏ လက်မောင်းများကို အေးစက်ပြီး တောက်ပသော သံကြိုးများဖြင့် ရစ်ပတ်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှေးဟောင်း အနက်ရောင် သံချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ထို သံချပ်ဝတ်တန်ဆာတွင် ထိတ်လန့်စရာ ခြစ်ရာအမျိုးမျိုးကို မြင်တွေ့နိုင်၏။
အင်အားအပြည့်အဝဖြင့် ချဥ်းကပ်လာသော သူစိမ်းကြောင့် ချင်းယန် မသေမျိုးအကြီးအကဲသည် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ထရပ်သည်။ သူ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး တစ်ဖက်လူကို အလေးအနက်စကားဆို၏။
“နျိုပါ့ထျန်း၊ ကျုပ်ရဲ့တာအိုနယ်ပယ်ကို ဘာကိစ္စနဲ့ ရောက်လာတာပါလဲ"
ချင်းယန် မသေမျိုးအကြီးအကဲသည် ဤ ယာအိုမျိုးနွယ်စုကို ထင်ထင်ရှားရှား မှတ်မိသည်။ တစ်ဖက်လူတွင် ခိုင်မာသော နောက်ခံရှိပြီး ရှေးခေတ်က ကောင်းကင်နွားသိုး မျိုးနွယ်စု၏ နာမည်ကြီး စွမ်းအားရှင်တစ်ဦးဖြစ်သည်။
ကောင်းကင်နွားသိုး မျိုးနွယ်စုသည် ယာအိုမျိုးနွယ်စုများအနက် ထိပ်တန်းအဆင့် ဧကရာဇ်မျိုးနွယ်စု တစ်ခုဖြစ်သည်။ ဤမျိုးနွယ်စု၏ အရည်အချင်းနှင့် ခွန်အားသည် ထိတ်လန့်စရာ ကောင်းလောက်အောင် ထင်ရှားကျော်ဇောခဲ့သည်ပင်။
နျိုပါ့ထျန်းသည် ဝင့်ကြွားစွာ ရပ်နေပြီး နန်းတော်ထက်မှ ချင်းယန် မသေမျိုးအကြီးအကဲကို မော့ကြည့်သည်။ သူ၏ လေသံတွင်တော့ ဖိနှိပ်မှုစွမ်းအားများဖြင့် ပြည့်နှက်လျက်။ “အဘိုးကြီး၊ ခင်ဗျားကြည့်ရတာ သိပ်ကြိုဆိုချင်ပုံမရပါလား"
ချင်းယန် မသေမျိုးအကြီးအကဲသည် စိတ်ကိုတင်းထားရင်း စကားဆက်ရ၏။ “ပြောပါ၊ မင်းဒီကိုလာတာ ဘာလိုချင်လို့လဲ?!”
တစ်ဖက်လူထံမှ ထွက်ပေါ်လာသော အရှိန်အဝါငွေ့ငွေ့က သူ့ကို သေစေနိုင်သည့် အန္တရာယ် အရိပ်အမြွက်အား ခံစားမိစေသည်။
နျိုပါ့ထျန်းက အဓိပ္ပာယ်ပါပါဖြင့် ပြောသည်။ “ခင်ဗျားခေါင်းပေါ်က ဆိတ်ချိုတွေမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ အမြောက်အမြား ပါဝင်နေတယ်လို့ ပြောကြတယ်။ ကျုပ်တို့ ယာအိုမျိုးနွယ်စုအတွက်တော့ အားဆေးကောင်းတစ်ခွက်ဆိုလည်း မမှားဘူးပေါ့။ အတိတ်က ရင်းနှီးခဲ့တဲ့မိတ်ဆွေတွေပဲကို၊ အဲ့လောက်တော့ အကူအညီပေးသင့်တယ်မဟုတ်လား? နောက်ပိုင်း ကျုပ် အမြင့်ဆုံး ရာဇပလ္လင်ကို ရရှိတာနဲ့ ခင်ဗျားက ကျုပ်ရဲ့နံပါတ်တစ် ဂုဏ်ပြုထိုက်သူအရာရှိ ဖြစ်လာစေရမယ်!”
“ဘာ… …”
ချင်းယန် မသေမျိုးအကြီးအကဲ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်စွာ ပျက်ယွင်းသွားခဲ့၏။ ထိုဆိတ်ချိုများ၏ အသုံးဝင်ပုံမှာ သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ ဒီလူက ဒါကို ဘယ်လိုလုပ် သိတာလဲ?
ရှေးခေတ်ကာလတွင် ချင်းယန် မသေမျိုးအကြီးအကဲ၏ ခေါင်းပေါ်ရှိ ဆိတ်ချိုများသည် သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးလက်နက်များ ဖြစ်ခဲ့သည်ပင်။
သို့သော် အပြင်လောကမှာ ထိုစွမ်းအားကြီးသော တစ်ဖက်ကိုသာ သိခဲ့ကြပြီး ဆေးဖက်ဝင်သော နောက်တစ်ဖက်ကို မသိခဲ့ကြပေ။ သူ၏ ဆိတ်ချိုများသည် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို စုပ်ယူနိုင်ပြီး အလိုအလျောက် သိုလှောင်ထားနိုင်သည်။ ထိုစွမ်းအင်အနှစ်သာရများက သူ၏ နတ်ဘုရားဝိညာဉ်ကို အာဟာရဖြည့်ပေးပြီး ခန္ဓာကိုယ်ကိုပါ အားကောင်းစေသည်။
ချင်းယန် မသေမျိုးအကြီးအကဲသည် အခြား ယာအိုမျိုးနွယ်စု စွမ်းအားရှင်များ၏ လောဘနှင့် တပ်မက်မှုကို ဆွဲဆောင်မိမည်အား ကြောက်ရွံ့လှသဖြင့် ဤလျှို့ဝှက်ချက်ကို အပြင်လောကသို့ တစ်ခါမှ ထုတ်ဖော်ခဲ့ဖူးခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ရှေးခေတ်ကာလတွင် သူ့ထက် သန်မာသော ယာအိုမျိုးနွယ်စုဝင်များ အများအပြား ရှိခဲ့သောကြောင့်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ချင်းယန် မသေမျိုးအကြီးအကဲသည် ပဋိပက္ခဖြစ်ပွားရသည်ကို မကြိုက်တတ်ခြင်းပင်ဖြစ်၏။ ခွင်းလွင်ကမ္ဘာတွင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း အကြောင်းရင်းမှာလည်း မသေမျိုးဘုံ၏ အတွင်းရေးပဋိပက္ခတွင် ပါဝင်ရန် မလိုလားသောကြောင့်ဖြစ်သည်။ ပြဿနာဖိအားကို လျှော့ချရန် ဤနေရာတွင်သာ အေးအေးချမ်းချမ်းနေလိုသည်။ ထို့နောက် ခိုကိုးရာမဲ့ အားနည်းရှာသော ယာအိုမျိုးနွယ်စုဝင်များကို ဉာဏ်အလင်းပေးမည်၊ တာအိုနည်းလမ်းများကို သင်ကြားပေးမည်၊ ထိုမျှ ရိုးရှင်းသောဘဝလေးကိုသာ သူအလိုရှိသည်ပင်။
မမျှော်လင့်စွာဖြင့် တစ်ချိန်က ဟုန်းဟုန်းတောက်နာမည်ကြီးခဲ့သည့် ကောင်းကင်နွားသိုး မျိုးနွယ်စု၏ စွမ်းအားရှင်သည် ဤကဲ့သို့သော အရေးကြီးသောအချိန်၌ ရောက်ရှိလာပြီး သူ့ဆိတ်ချိုများ၏ လျှို့ဝှက်ချက်ကို စကားတစ်ခွန်းတည်းဖြင့် ထုတ်ဖော်လိုက်လေသည်။ ဤအချက်က သူ့ကို အကြီးအကျယ် ထိတ်လန့်စေပြီး စိတ်ရှုပ်ထွေးစေခဲ့သည်။ မည်သို့တုံ့ပြန်ရမည်မှန်း စဥ်းစားမရတော့။
နျိုပါ့ထျန်းက လှောင်ပြုံးပြုံးသည်။ “ဟဲဟဲ ခင်ဗျားဘာတွေ စဉ်းစားနေလဲဆိုတာ ကျုပ်သိတယ်။ ရိုးရိုးသားသား ပြောရရင် ခင်ဗျားဆိတ်ချိုတွေရဲ့ လျှို့ဝှက်ချက်ကို သိရတဲ့ အကြောင်းရင်းက ကျုပ်ရည်းစားဟောင်းကြောင့်လေ!”
ချင်းယန် မသေမျိုးအကြီးအကဲသည် မရေမရာပြန်မေးမိသည်။ "မင်း မင်းရဲ့ရည်းစားဟောင်းက… …”
“ရှောင်မေကို ခင်ဗျားမှတ်မိသေးလား? ဖင်ကြီးကြီးနဲ့ ကောက်ကျစ်တဲ့ ဆိတ်မလေးလေ! ခင်ဗျားနဲ့ အတူအိပ်ခဲ့ဖူးတယ်ဟုတ်? ဒါပေမယ့် အဲဒီမတိုင်ခင်က သူမလေးက ကျုပ်ရဲ့ နှစ်ကိုယ်တူတာအိုကျင့်ကြံဖော် ဖြစ်ခဲ့ဖူးတယ်ဆိုတာ ခင်ဗျားသိလား? !!” ပြောရင်းဆိုရင်း နျိုပါ့ထျန်းသည် စိတ်ခံစားချက်များ ပြင်းထန်လာဟန်ရှိ၏။
“ဟိုက်~”
ချင်းယန် မသေမျိုးအကြီးအကဲ သက်ပြင်းရှိုက်လိုက်မိသည်။ “ရှောင်မေက မင်းရဲ့တာအိုကျင့်ကြံဖော် ဖြစ်ခဲ့ဖူးတာလား? သူက ငါ့ကို ဘာကြောင့် တစ်ခါမှ မပြောပြခဲ့တာလဲ?”
"ဟမ့် အဲ့ဒီတုန်းက ကျုပ်နဲ့သူ နည်းနည်း အဆင်မပြေဖြစ်ပြီး သူက ဒေါသအလျောက် ထွက်သွားခဲ့တာပေါ့။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူပြန်လာပါတယ်။ ကျင့်ကြံဆင့်လည်း အရမ်းနိမ့်နေပြီး သက်တမ်းလည်း ကုန်ခါနီးပြီဆိုတော့ သူသေခါနီးမှာ ကျုပ်ကို ဖြစ်ပျက်ခဲ့သမျှ အစအဆုံးဝန်ခံခဲ့တယ်၊ ခင်ဗျား မရည်ရွယ်ဘဲ သူ့ကိုထုတ်ပြောမိခဲ့တဲ့ လျှို့ဝှက်ချက်ကိုပါ ကျုပ်ကိုပြောပြခဲ့တယ်လေ!” နျိုပါ့ထျန်း ဒေါသတကြီးဖြင့် လက်သီးကို ဆုပ်လိုက်သည်။
ချင်းယန် မသေမျိုးအကြီးအကဲသည် ကောင်းကင်မှ ပစ်ချလိုက်သော မိုးကြိုးမှာ ငယ်ထိပ်တည့်တည့် ထိမှန်သွားသလို ခံစားနေရသည်။
ဝေဝါးမှုန်ရီနေသော မှတ်ဉာဏ်များက တဖြည်းဖြည်း ရှင်းလင်းလာသည်။ သူ အဲဒီညကို မှတ်မိနေသေး၏။ ထိုဆိတ်မနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သောည။ ပြင်းပြသော အချစ်တိုက်ပွဲအပြီးတွင် သူ၏ အသက်အရွယ်နှင့်မလိုက်အောင် အားကောင်းနေဆဲခန္ဓာကို ကျေနပ်အားရမိစွာဖြင့် စကားအချို့ကို မတော်တဆ ထုတ်ပြောမိခဲ့သလိုလို… …
ထိုဆိတ်မသည် နောက်ပိုင်းတွင် နှုတ်ဆက်စကားပင် မဆိုဘဲ ထွက်ခွာသွားခဲ့ပြီး နျို့ပါထျန်းဆီ နောင်တအပြည့်ဖြင့် ပြန်သွားခဲ့သည်ပင်။ ထို့ပြင် သူ၏ လျှို့ဝှက်ချက်ကို တစ်ဖက်လူထံ ပြောပြခဲ့သည်။
ငါဘာများ အပြစ်ပြုခဲ့လို့လဲ?
ချင်းယန် မသေမျိုးအကြီးအကဲက စိတ်ပျက်လက်ပျက် ပြန်ပြောသည်။ “ဒါပေမယ့်၊ ရှောင်မေက ဆိတ်မလေး တစ်ကောင်ဖြစ်ပြီး မင်းက နွားသိုးတစ်ကောင်လေ! မင်းတို့နှစ်ယောက်က ဘယ်လိုလုပ် အတူတူ နေနိုင်မှာလဲ?”
နျိုပါ့ထျန်းသည် ဝိုင်းစက်သော မျက်လုံးများဖြင့် ပြန်စိုက်ကြည့်ပြီး မေးခွန်းထုတ်သည်။ “အဘိုးကြီး၊ ခင်ဗျား ဘာကို ဆိုလိုတာလဲ? ဆိတ်နဲ့ နွားသိုးဆိုတာ မျိုးစိတ်ခြားနေတာနဲ့တင် ချစ်ခြင်းမေတ္တာ မရှိနိုင်ဘူးလား?”
“ဒီ… …”
ချင်းယန် မသေမျိုးအကြီးအကဲမှာ စိတ်ရှုပ်ထွေးနေပုံရသည်။ “ပြဿနာက သူကအရင် မင်းကို သစ္စာဖောက်ခဲ့တာလေ။ ဒါက ချစ်ခြင်းမေတ္တာလို့ ခေါ်လို့ရသေးလား?”
နျိုပါ့ထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ “ဒီ အသေးစိတ်အချက်အလက်တွေကို ဂရုမစိုက်ပါနဲ့! အတိုချုပ်ပြောရရင်၊ သူလည်းနောင်တရပြီး ပြန်တောင်းပန်ပြီးပြီ။ ယာအိုမျိုးနွယ်စုတွေက သေဆုံးပြီးရင် ပြန်လည်ရှင်သန်လို့မရတော့ဘူးလေ၊ ဒါကြောင့် ကျုပ်လည်း သူ့ကို ခွင့်လွှတ်လိုက်ဖို့ပဲ ရွေးချယ်ခဲ့တာပေါ့!”
ချင်းယန် မသေမျိုးအကြီးအကဲ၏ မျက်ခွံများသည် လှုပ်ခတ်သွားပြီး အားရပါးရ လှောင်ပြောင်ရယ်မောလိုက်သည်။ “စိတ်ထားသဘောထားကတော့ တကယ်ကိုကြီးမြတ်ပါပေတယ်၊ လေးစားမိတယ်"
“ကြီးမြတ်ရမှာပေါ့… …”
နျိုပါ့ထျန်း၏ လေသံတွင် မာနအရိပ်အယောင်များဖြင့် မော်ကြွားနေပြီး အင်အားအပြည့် ဆိုသည်။
“သိတဲ့အတိုင်း၊ ကျုပ်ကနွားလေ!”