အခန်း (၅၈၂)
Vol. 42 Ch. 582
နျိုပါ့ထျန်းသည် သူ၏ မသေမျိုးဧကရာဇ် အရှိန်အဝါကို မဆင်မခြင် ထုတ်လွှတ်လိုက်သောကြောင့် ရှေးဟောင်းစွမ်းအားရှင်များစွာ တစ်ပြိုင်နက်တည်း ခံစားမိလိုက်ကြသည်။
သူတို့အားလုံး ထိုတည်ရှိမှုအား လေးစားရိုသေပြရမည်ကို တစ်ညီတစ်ညွှတ်တည်း သဘောပေါက်လိုက်ကြ၏။
မသေမျိုးဧကရာဇ်နှင့် မသေမျိုးဘုရင်ကြားတွင် ကွာခြားမှုက အလွန်ကြီးမားသည်။
ယခုအခါ ထိုပြန်လည်ရှင်သန်လာသူ မဆင်မခြင် ရမ်းကားဖျက်ဆီးခြင်း မပြုရန်သာ မျှော်လင့်နိုင်ပေမည်။ သို့မဟုတ်ပါက ခွင်းလွင်ကျင့်ကြံရေးလောက၏ လည်ပတ်ပုံအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်စေလိမ့်မည်။
“ဟားဟားဟား၊ စိတ်လှုပ်ရှားစရာ ကောင်းလိုက်လေ!”
ခန်းမအတွင်းရှိ နျိုပါ့ထျန်းသည် သူ့လက်ထဲမှ အနှစ်သာရ ကုန်ခမ်းသွားသော ဆိတ်ချိုနှစ်ချောင်းကို ပစ်ချလိုက်သည်။ ထိုချိုများသည် အရောင်အဝါ လုံးဝပျောက်ဆုံးသွားပြီး အက်ကွဲကြောင်းများပင် ဖုံးလွှမ်းနေလျက်။
ရုတ်ရုတ်သဲသဲအသံကြောင့် ပြန်လည်သတိရလာသော ချင်းယန် မသေမျိုးအကြီးအကဲသည် ပျက်စီးနေသော ဆိတ်ချိုနှစ်ချောင်းကို ကြည့်လိုက်ပြီး ချက်ချင်းပင် မျက်ရည်များဝဲလာကာ မျက်ရည်နှစ်တန်း စီးကျလာသည်။
“မဖြစ်ဘူး…”
ထိုဆိတ်ချိုများသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အကြီးမားဆုံး အားကိုးရာ ဖြစ်ခဲ့သည်။ ဆိတ်ချိုများ၏ အထောက်အပံ့မရှိသော သူသည် အစွယ်ကျိုးသွားသော ကျားတစ်ကောင်ကဲ့သို့ သုံးစားမရလောက်သည်အထိ အဆင့်ကျသွားပေတော့မည်။
သူ့ချိုများအတွင်း ပိုင်ဆိုင်ထားသော ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို သူကိုယ်တိုင် အသုံးမပြုရသည့် အကြောင်းရင်းမှာ ဆိတ်ချိုများသည် သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့်ပင်။ အကယ်၍ သူသာ ထိုအနှစ်သာရများကို အသုံးပြုခဲ့ပါက မျိုးနွယ်သွေးထံမှ ဒဏ်ခတ်ခံရမည်ဖြစ်ပြီး မသေမျိုးဧကရာဇ်အဆင့်သို့ တက်လှမ်းဖို့ ဝေးစွ၊ သူ၏ လက်ရှိကျင့်ကြံဆင့်ပင် ကျဆင်းသွားနိုင်ဖွယ် ရှိသည်။
ထိုမျှ အမြတ်တနိုး တန်ဖိုးထားလာရသော ရတနာများမှာ နောက်ဆုံးတွင် ကောက်ကျစ်သောဆိတ်မတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
နောင်တရဖို့ နောက်ကျသွားလေပြီ!
နျိုပါ့ထျန်းသည် တောင်တစ်လုံးကဲ့သို့ ခန့်ညားထည်ဝါစွာ မတ်မတ်ရပ်နေပြီး သူ၏ ဦးခေါင်းနောက်ဘက်တွင် တောက်ပထူးခြားသော အလင်းစက်ဝန်းတစ်ခု ပေါ်လာကာ ထိုအရာမှ တည်မြဲခိုင်ခံ့သော တာအိုစွမ်းအင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
၎င်းသည် မသေမျိုးဧကရာဇ်တစ်ပါး၏ ထူးခြားသော လက္ခဏာတစ်ခုဖြစ်ပြီး မသေမျိုးစက်ဝန်းဟု လူသိများသည်။
ထို မသေမျိုးစက်ဝန်းအတွင်း၌ ပါဝင်သော အကျိုးသက်ရောက်မှုသည် မသေမျိုးဧကရာဇ်တစ်ပါး အဆင့်အတန်း အလွန်မြင့်မားရခြင်း၏ အကြီးမားဆုံး အကြောင်းရင်းလည်း ဖြစ်၏။
မသေမျိုးစက်ဝန်းကို အလှည့်အရေအတွက် တစ်မှ ကိုးအထိ ပိုင်းခြားထားသည်။
အလှည့်တစ်ပတ်တက်လျှင် သာမန်မသေမျိုးဧကရာဇ်တစ်ဦး၏ စွမ်းအားထက် အဆတစ်ရာ ပိုမိုသော စွမ်းအားကို ရရှိပိုင်ဆိုင်ပေမည်။
၎င်းသည် သဲများကို စုပေါင်း၍ ကန္တာရတစ်ခု ဖွဲ့စည်းခြင်းနှင့် တူညီသည်။ မသေမျိုးဧကရာဇ်ဆိုသည်မှာ ကြီးမားသော စွမ်းအားအမျိုးမျိုးကို တစ်စုတစ်စည်းထပ် ပေါင်းစပ်ဖွဲ့စည်းပေးထားခြင်းပင်။
ဥပမာအားဖြင့် မသေမျိုးစက်ဝန်းသာ ကိုးပတ်အထိ လှည့်နိုင်ပါက သာမန်မသေမျိုးဧကရာဇ်တစ်ဦး၏ စွမ်းအားထက် အဆကိုးရာ ပိုမိုသော စွမ်းအားကို ရရှိနိုင်သည်။
မသေမျိုးစက်ဝန်း၏ အလှည့်အရေအတွက်ကို တိုးမြှင့်ရန်အတွက် သူတို့၏ ကျင့်ကြံမှုကို ခိုင်ခံ့သန်မာစေရမည်ဖြစ်သည်။ မသေမျိုးဧကရာဇ်အများစုသည် အောက်ဆုံး သုံးလှည့်တွင်သာ ရှိတတ်ကြပြီး အနည်းစုသောသူများသာ လေးမှခြောက်အထိ ရောက်ရှိနိုင်သည်။
အပေါ်ဆုံး သုံးလှည့်ဖြစ်သော ခုနှစ် ရှစ် ကိုး အတွက်မူ ထူးချွန်သော ပါရမီရှင်များမှလွဲ၍ အခြားသူများ ရောက်ရှိရန် မဖြစ်နိုင်ပေ။
၎င်းသည် ကျင့်ကြံရေးအရင်းအမြစ်များနှင့် မသက်ဆိုင်ပေ။ စင်စစ်အားဖြင့် ပါရမီနှင့် အရည်အချင်းအပေါ်တွင်သာ မူတည်သည်။
နျိုပါ့ထျန်းသည် တစ်ချိန်က မသေမျိုးဧကရာဇ် တတိယကောင်းကင်တွင်ရှိသော စွမ်းအားရှင်တစ်ဦးဖြစ်သောကြောင့် ယခု ကျင့်ကြံဆင့် ပြန်လည်မြင့်တက်လာချိန်တွင် သူ၏ မသေမျိုးစက်ဝန်းအလှည့်များသည်လည်း ယခင်အဆင့်ကို ထိန်းသိမ်းထားနိုင်သည်။
ပထမ အလှည့်!
ဒုတိယ အလှည့်!
တတိယ အလှည့်!
စတုတ္ထ အလှည့်!
မသေမျိုးစက်ဝန်းသည် အလွန်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ချက်ချင်းပင် နျိုပါ့ထျန်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါက်ကွဲထွက်လာမတတ် စွမ်းအားများဖြင့် ပြည့်လျှံနေသည်ကို ခံစားနေရသည်။ သူ၏ ကြီးမားသော နွားသိုးမျက်လုံးများမှ ပူပြင်းစူးရှသည့် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကာ နှာခေါင်းပေါက်များမှ အဖြူရောင်လှိုင်းလုံးကဲ့သို့ အငွေ့တန်းများ ပန်းထွက်လာသည်။
ဤရေမြေကောင်းကင်ရှိ ကျင့်ကြံသူများအားလုံးသည် သူ၏ ခြေဖဝါးအောက်တွင် နင်းချေခံရသင့်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်သည့် ထိုစွမ်းအားပမာဏ။
“ငါဟာ ယှဥ်သူမရှိ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲ!”
နျိုပါ့ထျန်းသည် စိတ်လှုပ်ရှားစွာ ရေရွတ်မိပြီး သူ၏ ရည်မှန်းချက်ပန်းတိုင်သည်လည်း ယခင်ကထက် ပိုမို ကျယ်ပြန့်လာသည်။
မာန်မာနက အဆုံးစွန်ထိ တက်ရောက်သွားခဲ့လေပြီ!
ယခု အလယ်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်သောအခါ သူသည်သာ အစောဆုံး မသေမျိုးဧကရာဇ် ဖြစ်သည်။ သူ့ကိုယှဥ်ပြိုင်နိုင်သူ ရှိနိုင်ဦးမည်မဟုတ်။
ချင်းယန် မသေမျိုးအကြီးအကဲသည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်ရည်ကျလုနီးနီး ဖြစ်နေပြီး ဆိတ်ချိုများကို စိတ်ပျက်အားငယ်စွာ ကောက်ယူကာ ပြန်တပ်ဆင်လိုက်သည်။ သူ၏ နဖူးပေါ်ရှိ ဆိတ်ချိုများသည် ယခင်က အရောင်အဝါမျိုး မရှိတော့ဘဲ ချို့ယွင်းနေသော စွန့်ပစ်ထုတ်ကုန်တစ်ခုကဲ့သို့ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေရှာ၏။
သူပြုခဲ့သောအပြစ်၏ အကျိုးဆက်ဖြစ်လေရာ အံတင်းတင်းကြိတ် သည်းခံရုံမှလွဲ အခြားမရှိ။
သို့သော်လည်း အနည်းဆုံးတော့ အသက်လေးတစ်ချောင်းက အကောင်းပကတိ ကျန်ရှိနေသေးပြီး နှစ်ပေါင်းများစွာကြာမြင့်စွာ ဆက်လက်ဖြတ်သန်းနိုင်ပါက မိမိ၏ဆိတ်ချိုများသည်လည်း ယခင်ကအတိုင်း ပြန်လည်ကောင်းမွန်လာရန် အခွင့်အရေး ရှိနေသေးသည်။
နျိုပါ့ထျန်းက သူ့ကိုစောင်းကြည့်ရင်း ဆိုသည်။ “အဘိုးကြီး၊ ငါ စိတ်ကောင်းဝင်နေတယ်၊ ဒီတစ်ခါ မင်းကို လွှတ်ပေးလိုက်မယ်!”
တကယ်တော့ သူ့စိတ်ထဲတွင် ထိုဆိတ်ကို သေချာစောင့်ကြည့်ထားပြီး နောက်တစ်ကြိမ် လာရောက်ကာ အကျိုးအမြတ်များ ထပ်မံရိတ်သိမ်းဖို့ ကြံစည်နေခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ထိုသတ္တဝါများမှာ ဆက်လက်ရှင်သန်နေသရွေ့ အားအင်ဆက်ဖြည့်နိုင်သော အရည်အသွေးရှိ၏။
ချင်းယန် မသေမျိုးအကြီးအကဲသည် ဤ နွားသိုး ယာအိုမျိုးနွယ်ဝင်၏ အတွေးများကို ကောင်းစွာ ခန့်မှန်းမိပါသော်ငြား ရင်ထဲခါးသက်သက်နှင့် လက်ခံရုံမှအပ အခြားမတတ်နိုင်ပေ။
“အင်း၊ မင်းလည်း လိုချင်တာ ရသွားပြီဆိုတော့ နောက်ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ?”
“ဟမ့်!”
နျိုပါ့ထျန်းသည် ခေါင်းနောက်ဘက်ရှိ မသေမျိုးစက်ဝန်းကို ရုပ်သိမ်းလိုက်ပြီး လက်များကို နောက်ပစ်ကာ ခန်းမအပြင်ဘက် ကောင်းကင်ကို လှည့်ကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။
“ဟုတ်တာပေါ့၊ ငါ့ရဲ့ စွမ်းအားကို ပြသပြီး အလယ်ပိုင်းဒေသတစ်ခုလုံးကို ငါ နျိုပါ့ထျန်းရဲ့ လက်အောက်နယ်မြေအဖြစ် သိမ်းယူရမယ်!”
“အလယ်ပိုင်းဒေသကို ငြိမ်ဝပ်ပိပြားစေပြီးတာနဲ့ ကျန်နယ်မြေကြီး လေးခုကို သိမ်းပိုက်မယ်။ အနာဂတ်မှာ ခွင်းလွင်ကမ္ဘာရှိ မသေမျိုးကံကြမ္မာ အားလုံးကို ငါ့လက်အောက်မှာပဲ ထိန်းချုပ်ပြီး ထာဝရကြီးစိုးသွားချင်တယ်!”
သူ၏ လေသံမှာ တိပပြတ်သားပြီး အာဏာရှင်ဆန်သော စိတ်ဓာတ်ကို အတိုင်းသားဖော်ပြနေသည်။
“မင်း…”
ချင်းယန် မသေမျိုးအကြီးအကဲမှာ ထိတ်လန့်တကြား နားထောင်နေရ၏။
နျိုပါ့ထျန်းလိုလူ၏ ရည်မှန်းချက်ကို ပေါ့သေးသေးမထင်မှတ်ထားသော်ငြား ထိုမျှကြီးကျယ်နေလိမ့်မည်ဟု မထင်ခဲ့တာတော့ အမှန်ပင်။
ခွင်းလွင်ကမ္ဘာရှိ မသေမျိုးကံကြမ္မာများ အားလုံးကို တစ်ဦးတည်းပိုင်ဆိုင်မည်။
လူထုဒေါသကိုလှုံ့ဆော်ပြီး သေကြေပျက်စီးမှုများကို ဆောင်ယူလာမည့် လုပ်ရပ်တစ်ခုသာ ဖြစ်ချေ၏။
ကျင့်ကြံရေးလောကအတွက် မသေမျိုးကံကြမ္မာသည် အရေးအကြီးဆုံးအရာဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မသေမျိုးကံကြမ္မာကို ရယူရန်နှင့် မိမိ၏အင်အားကို ခိုင်ခံ့တိုးမြင့်စေရန်အတွက် မဆုံးနိုင်အောင် အသည်းအသန် တိုက်ပွဲဝင်နေကြသည်သာ။
ယခု ဤနွားသိုးက အရာအားလုံးကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေလေပြီ။
တော်ပါပေတယ်၊ နျိုပါ့ထျန်း၊ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းလှပြီလို့ တကယ်ပဲ ထင်နေသလား?
ချင်းယန် မသေမျိုးအကြီးအကဲသည် နျိုပါ့ထျန်းတစ်ယောက် မာနကြီးတတ်သည်ကို သိထားသော်ငြား ဤမျှ မိုးမမြင်လေမမြင်ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့။
“ဒါပေမယ့် အလယ်ပိုင်းဒေသက တိမ်သယောင်ဆောင်ထားတဲ့ ရေအိုင်နက်နက်ပဲ။ မသေမျိုးဧကရာဇ်တစ်ပါး ပေါ်ပေါက်လာထားပြီးသား ဖြစ်နိုင်တယ်၊ လူအာရုံစိုက်မှာစိုးလို့ ပေါ်ပေါ်ထင်ထင် လှုပ်ရှားမနေသေးတာလည်း ဖြစ်နိုင်တာပဲ။"
“မင်း အရင်ဆုံး စိတ်အေးအေးထားဖို့ ငါ အကြံပေးချင်တယ်"
ချင်းယန် မသေမျိုးအကြီးအကဲသည် နျိုပါ့ထျန်း၏ မာန်မာနကြီးမြင့်မှုအတွက် ပြန်လည်ရိုက်ခတ်မှုဒဏ် ခံစားစေချင်သော်လည်း မြို့ရိုးမီးလောင်ရာမှ ရေထဲကငါးပါထိခိုက်မည်ကို စိုးကြောက်လှ၏။
အပြင်လောတစ်ခုလုံး ပွက်လောရိုက်ပါမှ ကျန်ကောင်းကျန်ရာ သူ့နန်းတော်ပါ ပြိုပျက်ပြာကျလိမ့်မည်။
နျိုပါ့ထျန်းသည် အင်မတန်ခေါင်းမာသူဖြစ်ပြီး စိတ်လည်းအလွန်ပြတ်သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်ဆုတ်ရိုးထုံးစံ မရှိသူပင်။
ထို့အပြင် သူသည် မသေမျိုးဧကရာဇ်အဆင့်သို့ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် တက်လှမ်းခဲ့ပြီး သူ၏ လွန်ကြူးသောရည်မှန်းချက်ကြီးကိုလည်း ယုံကြည်မှုအပြည့် ရှိနေသည်။ ချင်းယန် မသေမျိုးအကြီးအကဲ၏ ခပ်ပျော့ပျော့စကားမျှဖြင့် သူ့ကိုဖျောင်းဖျဖို့က မဖြစ်နိုင်။
နျိုပါ့ထျန်းက မလျော့သောမာနဖြင့် ပြန်ပြောသည်။ “အဘိုးကြီး၊ ခင်ဗျား ဘာသိလို့လဲ? ကျုပ်တို့ ကောင်းကင်နွားသိုး မျိုးနွယ်စုဆိုတာ တိုက်ပွဲအတွက်ပဲ မွေးဖွားလာတာ၊ ကျုပ်ရဲ့ ကျင့်ကြံမှုပါရမီနဲ့ စတုတ္ထဆင့် မသေမျိုးစက်ဝန်းနဲ့သာဆိုရင် ကျုပ်ကိုယှဥ်ဖို့ အရည်အချင်းပြည့်မီတဲ့ဧကရာဇ် ဘယ်လောက်များရှိမှာမလို့လဲ!”
“ဒီဘက်ခေတ်ဆို သာဆိုးသေးတယ်။ ငါ့ကို ဆန့်ကျင်ရဲတဲ့သူ ဘယ်သူမဆို…”
“သေလမ်းကိုပဲ သွားရလိမ့်မယ်!”
သတ်ဖြတ်လိုစိတ်များ လျှံကျလာသည်။
ထို ကြိမ်းဝါးစကားကို ကြားလိုက်သောအခါ ချင်းယန် မသေမျိုးအကြီးအကဲမှာ အလန့်တကြား ထခုန်လုနီးနီးပင် ဖြစ်သွားရသည်။
မုန်ယိုနေသော နွားသိုးတစ်ကောင်ကို မည်သည့်စကားဖြင့် ဖျောင်းဖျနိုင်မည်နည်း?
သူ ဆက်လက် စည်းရုံးနေပါက သူ့အသက်လေးပင် အန္တရာယ်မကင်းတော့မည်ကို စိုးရိမ်ရသည်။
“ငါ စဉ်းစားဦးမယ်၊ နောက်ထပ်ဘယ်သူ့ကိုဦးတည်ပြီး ပညာပြရမလဲ…” နျိုပါ့ထျန်း၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏ တိုက်ရည်ခိုက်ရည်ကို အပြင်လောကသို့ ကြေညာမောင်းခတ်ရန် စိတ်အားထက်သန်နေသည်။
ခဏကြာပြီးနောက် နျိုပါ့ထျန်း စကားပြန်စလာသည်။
“အဘိုးကြီး၊ ခင်ဗျား အကြီးအကဲယဲ့ဆိုတဲ့လူအကြောင်း ကြားဖူးလား?”