← Chapters

မှတ်ပုံတင်ခုံ လူမရှိ

Vol. 42 Ch. 583

မှတ်ပုံတင်ခုံ လူမရှိ

Vol. 42 Ch. 583

ချင်းယန် မသေမျိုးအကြီးအကဲသည် ပထမတော့ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်သည်။ “သူ့နာမည်က ကျွန်တော်တို့ ရှေးဟောင်းစွမ်းအားရှင်အသိုင်းအဝိုင်းမှာ မိုးခြိမ်းသံလို ထင်ရှားနေတာ၊ အထူးသဖြင့် မကြာသေးခင်က သူ့တပည့် လီဝူကျယ်ရဲ့ စွမ်းဆောင်ရည်ကြောင့်ပေါ့။"

“တာအိုမိတ်ဆွေအများစုကတော့ အကြီးအကဲယဲ့ဟာ ရှေးခေတ်က စွမ်းအားရှင်ကြီးတစ်ဦး ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြတယ်။ အခုတောင် ဒီလောက်စွမ်းအားကြီးနေရင် အဲဒီတုန်းက သူ့ရဲ့အောင်မြင်မှုတွေဟာ သေချာပေါက် မသေမျိုးဘုရင်အဆင့်လောက်နဲ့တော့ မဖြစ်နိုင်ဘူး။ တချို့ကဆိုရင် သူဟာ၊ သူဟာ… ဟိုဒင်း ဖြစ်နိုင်တယ်လို့တောင် ထင်ကြတယ်…”

“ဘာဖြစ်နိုင်တယ်? တည့်တည့်ပြောစမ်းပါ!”

“မသေမျိုးသူတော်စင်!”

ချင်းယန် မသေမျိုးအကြီးအကဲမှာ စိတ်တင်းလျက် ထုတ်ပြောလိုက်ရ၏။

ဓားတစ္ဆေသေဆုံးခြင်းက ပြန်လည်ရှင်သန်နိုးထလာသူများကို ကြီးမားသော တုန်လှုပ်ခြောက်ချားမှု ဖြစ်စေခဲ့ပြီး လူသတ်သမားသည် အကြီးအကဲယဲ့၏ တပည့်ဖြစ်သောကြောင့် သူတို့အမြင်တွင် အကြီးအကဲယဲ့၏ အဆင့်အတန်းကို သွယ်ဝိုက်၍ မြှင့်တင်ပေးလိုက်သကဲ့သို့ ရှိ၏။

သို့သော်လည်း၊

နျိုပါ့ထျန်းကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ လှောင်ပြောင်ရယ်မောသည်။ “အဲ့အကြီးအကဲယဲ့ဆိုတဲ့ကောင်က ဘာမလို့လဲ? မသေမျိုးသူတော်စင်တစ်ပါးနဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ?"

“ဟာသတွေ လာပြောနေတာလား!”

“အဲ့ကောင် ငါတို့ထက်အရင် စောစောစီးစီး နိုးထလာပြီး ထူးခြားတဲ့ ပါရမီရှင်တွေကို လက်ဦးမှုယူပြီး စုဆောင်းထားတာဖြစ်ရမယ်။ ဒါမှနောက်ကျရင် သူ့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို မြှင့်တင်ဖို့ အသုံးပြုနိုင်မှာပေါ့။ ငါ နျိုပါ့ထျန်း အမုန်းဆုံးက နောက်ကွယ်မှာ ပုန်းအောင်းနေပြီး ဂယက်ထအောင် တမင်လုပ်တဲ့ ဒီလိုကြွက်သူခိုးတွေပဲ!”

“လူတစ်ယောက် အားကောင်းလား မကောင်းဘူးလားဆိုတာ လက်သီးချင်းယှဥ်ထိုးပြီးမှ သိနိုင်မှာလေ!”

“ဆိုလိုတာက…” ချင်းယန် မသေမျိုးအကြီးအကဲသည် နဖူးပြင်တွင် ချွေးအေးများစိမ့်ထွက်လာပြီး သတိကြီးကြီးထားလျက် စူးစမ်းလိုက်သည်။

“လက်ရှိအခြေအနေက ရှုပ်ထွေးနေတယ်၊ စည်းမျဥ်းစည်းကမ်း လုံးဝမရှိဘူး။ ငါ ပထမဆုံး နတ်ဆိုးတစ်သောင်း မဟာမိတ်တပ်ဖွဲ့ကို ထူထောင်ချင်တယ်၊ ပြီးရင် မဟာမိတ်ဂိုဏ်းချုပ်နျို အဖြစ် ဘွဲ့နာမည်ခံယူပြီး ငါနဲ့ပူးပေါင်းချင်တဲ့ ရှေးဟောင်းယာအိုမျိုးနွယ်စုဝင်တွေကို စုဆောင်းမယ်။ ဘာပဲဖြစ်ဖြစ် အလယ်ပိုင်းဒေသကို မြန်မြန်ဆန်ဆန် လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ဆိုရင် မသေမျိုးဘုရင်အဆင့်ရှိ စွမ်းအားရှင်တွေကို အလုံအလောက် စုဆောင်းထားဖို့လိုတယ်"

နျိုပါ့ထျန်း၏ မျက်နှာသည် မာနဖြင့် မော့ချီနေပြီး သူ၏ လေသံတွင် မရေရာမှု မြူမှုန်ပင်မပါရှိ။ “အဲ့ဒီ လူသားမျိုးနွယ် ယဲ့မျိုးရိုးကောင်ကိုတော့ နောက်ပိုင်း ငါ့ရဲ့ အစေခံအဖြစ် လုပ်ကျွေးပြုစုဖို့ အခွင့်အရေး ပေးနိုင်တယ်။"

“သူသာ ငါ့ကိုအာခံရဲရင် ဒူးထောက်ချတဲ့အထိ ထိုးနှက်ပြီး တစ်ခါတည်း ရှင်းလင်းပစ်မယ်!"

“စဉ်းစားကြည့်၊ သူ့လိုလူတောင် ငါ့လက်အောက်မှာ အရှုံးပေးရင်၊ နောင်မှာ ဘယ်သူကများ ငါ့ကို ပြဿနာရှာရဲတော့မလဲ?"

ထိုစကားကို ကြားလိုက်သောအခါ ချင်းယန် မသေမျိုးအကြီးအကဲမှာ အသည်းအေးသွားသလို ခံစားလိုက်ရ၏။

နျိုပါ့ထျန်းသည် မျောက်ကို သတိပေးဖို့အတွက် ကြက်ကို သတ်ပြသကဲ့သို့ ကျင့်ကြံရေးလောကတစ်ခုလုံးကို ငြိမ်ဝပ်ပိပြားစေဖို့အတွက် အကြီးအကဲယဲ့အား အသုံးချလိုခြင်းပင်။

နျိုပါ့ထျန်းသည် သူ၏ ကိုယ်ပိုင်ခွန်အားအပေါ် မည်မျှ ယုံကြည်မှုရှိနေကြောင်း သိသိသာသာ မြင်နိုင်၏။

“အဘိုးကြီး၊ စောင့်ကြည့်နေလိုက်၊ နျိုပါ့ထျန်းရဲ့ ခေတ်ရောက်လာတော့မယ်!”

နျိုပါ့ထျန်းသည် ခန်းမအပြင်ဘက်သို့ ပြန်ထွက်လာပြီး မိုးကြိုးသံတမျှ ကျယ်‌လောင်စွာ ဟိန်းဟောက်ကြွေးကြော်သည်။ သူသည် ပြန်လည်ရရှိထားသော စွမ်းအားကို ထုတ်‌ဖော်ပြသပြီး ခွင်းလွင်ကမ္ဘာတွင် အမြင့်ဆုံး လွှမ်းမိုးမှုကို ရယူရန် အလွန်စိတ်အားထက်သန်နေလေပြီ။

ထို မာနကြီးသော ပုံပန်းသဏ္ဌာန်ကို ကြည့်ရင်း ချင်းယန် မသေမျိုးအကြီးအကဲသည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ခပ်ခြောက်ခြောက် ရယ်မောမိသည်။

“ဟားဟား၊ ငါလည်း မျှော်လင့်နေပါတယ်…”

အဘယ်ကြောင့်ရယ်မသိ သူသည် နျိုပါ့ထျန်း၏ ခေါင်းပေါ်တွင် အန္တရာယ်သတိပေးချက် ဟူသည့်ဆိုင်းဘုတ်ကြီး ပေါ်လာတော့မလိုလို ခံစားမိသည်။

မကြာမီပင်။

သတင်းတစ်ခုသည် အလယ်ပိုင်းဒေသတစ်ခွင်တွင် မုန်တိုင်းကဲ့သို့ တိုက်ခတ်သွားပြီး ပြန်လည်ရှင်သန်နိုးထလာသူများ၏ အသိုင်းအဝိုင်းကြား ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေသည်။

မဟာမိတ်ဂိုဏ်းချုပ် နျိုက နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့ကို တရားဝင် ထူထောင်လိုက်ပြီး ရှေးဟောင်းယာအိုမျိုးနွယ်စုဝင်များအားလုံးကို ပူးပေါင်းရန် စိတ်အားထက်သန်စွာ ခေါ်ဆိုခဲ့သည့် သတင်းပင်။

အဆိုးဆုံးမှာ ထိုသူသည် ကြေညာချက်ထုတ်ပြန်ရာတွင် သူ့အား ရိုကျိုးနှိမ့်ချစွာ မဆက်ဆံသော ယာအိုမျိုးနွယ်စုဝင်များကို ထိုအချိန်မှစ၍ သူ၏ ရန်သူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရုန့်ရင်းကြမ်းတမ်းစွာ ဖော်ပြခဲ့ခြင်းပင်။

၎င်းသည် အသားလွတ်ခြိမ်းခြောက်အနိုင်ကျင့်ခြင်းသာ ဖြစ်ပေတော့၏။

တစ်ချိန်တည်းမှာပင် နျိုပါ့ထျန်းသည် မသေမျိုးဧကရာဇ်အဆင့်သို့ ပထမဆုံး တက်လှမ်းသူဖြစ်ကြောင်း သိလိုက်ရသည့်အခါ ထိုသူ၏ နောက်ခံသမိုင်းကို သိထားကြသော ရှေးဟောင်း ကျင့်ကြံသူများအားလုံးက တိတ်တဆိတ် ညည်းတွားလိုက်မိကြသည်။

“သေလိုက်ပါတော့၊ ဒီ နျိုပါ့ထျန်းဆိုတဲ့ နွားမိုက်က ဘာလို့ မသေမျိုးဧကရာဇ် ဖြစ်သွားရတာလဲ? ဒင်းရဲ့ ခေါင်းမာပြီး ဒေါသကြီးတဲ့ စိတ်နေစိတ်ထားနဲ့ဆို အလယ်ပိုင်းဒေသကို ဇောက်ထိုးလှန်ပစ်တော့မှာ မဟုတ်ဘူးလား?"

“နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့ကို ထူထောင်ပြီး ခေါင်းဆောင်တက်လုပ်နေကတည်းက ခွင်းလွင်ကမ္ဘာကို အုပ်စိုးဖို့အတွက် ယာအိုမျိုးနွယ်စုကို နယ်ရုပ်အဖြစ် အသုံးချချင်နေတာ အရှင်းကြီးပဲ!”

“ဒီ နျိုပါ့ထျန်းဆိုတဲ့ နွားမိုက်မှာ ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတာ၊ သူ့ကိုယ်သူရော ဘယ်လောက်အခြေအနေဆိုးနေပြီလဲဆိုတာ ပြန်မကြည့်မိဘူးလား?”

“တာအိုမိတ်ဆွေ၊ စကားကို ဆင်ခြင်ပါ။ နျိုပါ့ထျန်းက ဘယ်လောက်ပဲစရိုက်မကောင်းပါစေ အခု မသေမျိုးဧကရာဇ်အဆင့်မှာ ရှိနေပြီ။ နောက်ပြီး သူဟာ တစ်ချိန်က ကောင်းကင်နွားသိုး မျိုးနွယ်စုရဲ့ နာမည်ကြီး စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သေးတာပဲ။ သာမန်မသေမျိုးဧကရာဇ်တွေတောင် သူ့လမ်းကိုဝင်မဖြတ်မိအောင် ရှောင်ရှားပေးရတယ်၊ ကျွန်တော်တို့ မသေမျိုးဘုရင်တွေဆိုတာတော့ စကားထဲတောင် ထည့်ပြောစရာမရှိတော့ဘူး!”

“အင်း၊ သူ အာဏာရလာပြီဆိုတော့ နောက်ပိုင်း ငါတို့အားလုံး ဒုက္ခရောက်ကြတော့မှာပဲ!”

နေရာအသီးသီးတွင် လှုပ်ရှားနေသော ရှေးဟောင်းကျင့်ကြံသူများသည် နျိုပါ့ထျန်း၏ လုပ်ရပ်များကို အလွန်မကျေမနပ် ဖြစ်မိကြသော်လည်း ပေါ်တင်ဆန့်ကျင်ဝံ့ခြင်းမရှိဘဲ အချင်းချင်းကြား တိတ်တဆိတ်သာ မကျေနပ်ချက်များကို ဖွင့်ထုတ်ရဲကြသည်။

နောက်ဆုံးတော့လည်း နျိုပါ့ထျန်းဟူသည် ယာအိုမျိုးနွယ်စုများကြားတွင် ထိပ်တန်း တော်ဝင်မျိုးနွယ်ဖြစ်သော ကောင်းကင်နွားသိုး မျိုးနွယ်စုမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူတို့တစ်ဦးစီတိုင်းသည် မွေးရာပါ ထူးချွန်ထက်မြက်သော စစ်သည်တော်များဖြစ်ပြီး သူတို့၏ ခွန်အားနှင့် ရုပ်ခန္ဓာသည် သူတကာထက် သာလွန်ကောင်းမွန်ကာ အသက်စွမ်းအင်ကလည်း အလွန်ရင့်သန်မာကျောသည်။

နျိုပါ့ထျန်းတစ်ယောက် သူ၏ အထွတ်အထိပ်ကျင့်ကြံဆင့်သို့ ပြန်လည်ရောက်ရှိခြင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ ကမ္ဘာတစ်ခုလုံးကို မထီမဲ့မြင်ပြုရန် ပို၍ပင် အရည်အချင်းပြည့်မီလာသည်ဟု ဆိုရပေမည်။

ထိုသူက မသေမျိုးဘုရင် တစ်သောင်းကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်နိုင်သည်ဟု ပြောလာလျှင်ပင် အလွန်မဟုတ်တော့။

ထိုမျှ ပြိုင်ဘက်ကင်းနေခြင်းက နျိုပါ့ထျန်း ဤမျှ မာနကြီးနေရခြင်း အကြောင်းရင်းဖြစ်ပြီး ရှေးဟောင်း ကျင့်ကြံသူများစွာ သူတို့၏ ဒေါသကို အနိုင်နိုင်မျိုချနေရသည့် အကြောင်းရင်းလည်း ဖြစ်၏။

စိတ်ဝင်စားစရာကောင်းသည်မှာ ပထမဆုံးထွက်ပေါ်လာသော မသေမျိုးဧကရာဇ်သည် ယာအိုမျိုးနွယ်စုမှ ဖြစ်သော်လည်း နျိုပါ့ထျန်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ ပြန်လည်ရှင်သန်နိုးထလာသော ယာအိုမျိုးနွယ်စုဝင်များသည်လည်း လုံးဝ ဝမ်းမြောက်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် အလွန်စိတ်လက်ညစ်ညူးကုန်ကြသည် ဆို၏။

သူတို့သည် နျိုပါ့ထျန်း၏ အကျင့်စရိုက်ကို အတွင်းကျကျ သိနားလည်ထားကြပြီး တစ်ဖက်လူသည် ရဲရင့်သော်လည်း တုံးအမိုက်မဲကာ မိမိကိုယ်ကို အထင်ကြီးရုံမှအပ ဘာတစ်ခုမှ ဆင်ခြင်တွေးခေါ်နိုင်စွမ်းမရှိသော နွားမိုက်တစ်ဦးဖြစ်ကြောင်း တစ်ညီတည်း သတ်မှတ်ထားကြသည်။

သူတို့သည် နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့သို့ ပူးပေါင်းရန် ဆန္ဒရှိခဲ့လျှင်ပင် အကျိုးကျေးဇူးများစွာ ရရှိမည်မဟုတ်ပေ။ မျက်နှာအောက်ချလျက် အစေခံလေးများကဲ့သို့ စကားနားထောင်ရိုကျိုးပြရုံသာ တတ်နိုင်ပေမည်။

ဘယ်သူက ဒီလောက်မိုက်မဲတဲ့လုပ်ရပ်ကို လုပ်ချင်မှာလဲ?

ရလဒ်အနေဖြင့်၊

အလွန် ကို့ရို့ကားရားနိုင်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။

နျိုပါ့ထျန်းတစ်ယောက် သူ၏ ကြေညာချက်ကို အပြီးသတ်လိုက်ပြီးချိန်တွင် သူမျှော်လင့်ထားသော ကိုးကွယ်ကြည်ညိုသူ တရုန်းရုန်းဖြင့် အားတက်သရော လာရောက်ပူးပေါင်းကြမည့် ခမ်းနားသော မြင်ကွင်း ပေါ်မလာပေ။

အဖွဲ့ဝင်မှတ်ပုံတင်ခုံသည် လူသူကင်းမဲ့နေခဲ့သည်။

နျိုပါ့ထျန်းသည် လေထဲတွင် တစ်ယောက်တည်း ရပ်နေရင်း ခေါင်းထက် မေးခွန်းအမှတ်အသားများ တတောင်တောင်ပေါ်ထွက်လာသည်။

ဘာတွေဖြစ်နေတာလဲ?

သူတို့က တကယ်ပဲ ငါ နျိုပါ့ထျန်းကို မျက်နှာသာမပေးချင်ကြဘူးလား?!

အဖြေကား ရှင်းပါသည်။

နျိုပါ့ထျန်းတွင် သူမတူအောင်လွန်ကဲသော ခွန်အားတစ်ခုသာ ရှိပြီး ဉာဏ်ရည်နှင့် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေး မရှိသောကြောင့် အခြားသော ရှေးဟောင်း ယာအိုမျိုးနွယ်စုဝင်များက သူ့ကို လေးစားထိုက်စရာတစ်ဦးအဖြစ် အသိအမှတ်မပြုကြပေ။

ဤ ကြီးမြတ်သော ယာအိုမျိုးနွယ်စုဝင်များက သူမျှော်လင့်ထားသမျှနှင့် ဆန့်ကျင်ဘက်အနေဖြင့် တစ်ကောင်တစ်မြှီးမှ ထွက်မလာခဲ့ကြပေ။ အဲဒီအစား တစ်ညီတစ်ညာတည်း နောက်ဆုတ်ပုန်းကွယ်ဖို့ကိုသာ ရွေးချယ်ခဲ့ကြပြီး နျို့ပါထျန်းအား အခက်တွေ့ဆုတ်ခွာသွားစေဖို့ ရည်ရွယ်ထားကြသည်။

လူကိုဒုက္ခမပေးနိုင်မှတော့ ဝိုင်းကျဥ်ထားလိုက်ရုံပဲပေါ့။

မပေါင်းချင်လို့ကို ဝိုင်းကျဥ်တာကွာ၊ ဘာဖြစ်ချင်လဲ?!

မင်း သတ္တိရှိရင် ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် လာရန်စလှည့်လေ။ ယာအိုမျိုးနွယ်စုဝင်တစ်ဦး ကျဆုံးသွားရင်တောင် မင်းကိုပြန်တော်လှန်ဖို့ ထောင်ပေါင်းများစွာ ကျန်နေသေးတယ်ကွ!

All Chapters