အခန်း (၅၈၄)
Vol. 42 Ch. 584
သူ အကျဥ်ခံနေရကြောင်း သဘောပေါက်လိုက်သောအခါ နျိုပါ့ထျန်း ဒေါသအလိပ်လိုက်ထွက်လာသည်။ သူ၏ ဦးခေါင်းထိပ်မှ မီးလျှံများ တဟုန်းဟုန်း ထွက်ပေါ်လာပြီး ပူပြင်းသော အငွေ့တန်းတလူလူက နှာခေါင်းပေါက်ထဲမှ တန်းနေအောင်လျှံကျလာသည်။
“မဟာမိတ်ဂိုဏ်းချုပ် နျို၊ စိတ်အေးအေးထားပါ…”
နျိုပါ့ထျန်း အခက်တွေ့နေသည့်အဖြစ်ကို ကြည့်ရင်း ချင်းယန် မသေမျိုးအကြီးအကဲသည် ပက်ပက်စက်စက် ပျော်ရွှင်မြူးထူးနေသော်လည်း အပြင်ပန်းတွင်မူ တစ်ဖက်လူကို ကာကွယ်ဖေးမနေသကဲ့သို့ မကျေမနပ်ဟန်ဆောင်ကာ ဖျောင်းဖျပေးရသည်။
“သူတို့က ငါ့စကားကို အာခံရဲတယ်ပေါ့! ဒီလိုလုပ်ပြီး ငါ့ဆီကနေ ပြဿနာအရှာမခံရလောက်ဘူးများ ထင်နေကြသလား?!”
ရှေးဟောင်းခေတ်မှ ကြီးမြတ်ကျော်ကြားသော ယာအိုမျိုးနွယ်စုဝင်တစ်ဦးမျှ မပေါ်လာခဲ့ပေ။ သူတို့အားလုံး ကြိုတင်တိုင်ပင်ထားသကဲ့သို့ ငြိမ်ကုပ်နေခဲ့ကြသည်။ မာနကြီးသော နျိုပါ့ထျန်းကို လုံးဝအရှက်ရစေခဲ့ခြင်းပင်။
“ဆိတ်အဘိုးကြီး၊ မင်း ရှင်းပြစမ်း!”
အမည်တပ်ခေါ်ခံရသော ချင်းယန် မသေမျိုးအကြီးအကဲမှာ စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားလိုက်မိသော်လည်း မျက်နှာပိုးသတ်ကာ ပြုံးယောင်ယောင်ဖြင့် အားတင်းနှစ်သိမ့်ရသည်။ “ဖြစ်နိုင်တာက… အားလုံးက ခင်ဗျားကို စပရိုက်စ်တိုက်ချင်နေတာပဲ ဖြစ်မယ်?”
“မင်းအမေကိုစပရိုက်စ်တိုက် မင်းအဘွားကိုစပရိုက်စ်တိုက်!!!”
နျိုပါ့ထျန်းသည် အမျက်ချောင်းချောင်းထွက်ပြီး တစ်ဖက်လူကို မြေကြီးပေါ်ကိုင်ပေါက်ကာ ဒေါသတကြီးအော်ဟစ်သည်။
ဘာ စပရိုက်စ်လဲ?
ဒါက ငါ နျိုပါ့ထျန်းကို တမင်သက်သက် မျက်နှာသာမပေးကြတာပဲ!
ချင်းယန် မသေမျိုးအကြီးအကဲသည် မြေပြင်ပေါ်တွင် နာကျင်စွာ လဲလျောင်းနေပြီး အရိုးများ ပြုတ်ထွက်လုနီးပါး ဝေဒနာကို ခံစားနေရကာ ပါးစပ်ထောင့်မှ သွေးများပင် စီးကျလာသည်။ စိတ်ဆင်းရဲစွာဖြင့် သူ့ဘဝသူ စိတ်နာခါးသီးမိလျက်။
“ဟမ့်!”
နျိုပါ့ထျန်းက တစ်ဖက်သို့ပြန်လှည့်သွားသည်။ သူ၏ မျက်လုံးများတွင် ဒေါသအမျက်နှင့် စိတ်ပိုင်းဖြတ်မှုများ ပြည့်နှက်နေလျက်။ “သူတို့ ဘယ်သူမှ ငါ့ကို အလေးမထားဘူးဆိုရင် ငါပဲ မျောက်ကို သတိပေးဖို့အတွက် ကြက်ကို သတ်ပြရတော့မှာပေါ့!”
မကြာမီပင်၊
နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့၏ မဟာမိတ်ဂိုဏ်းချုပ်နျိုသည် ပြင်းထန်သော ကြေညာချက်တစ်ခုကို တစ်ဖန်ထုတ်ပြန်ခဲ့ပြီး အလယ်ပိုင်းဒေသရှိ အားအကောင်းဆုံး ကျင့်ကြံရေးအင်အားစုအား တိုက်ရိုက်ပစ်မှတ်ထားလိုက်လေတော့၏။
“ရွှယ်ထျန်း သူတော်စင်နယ်မြေသည် ငါးရက်အတွင်း ငါ၏ နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့ထံသို့ သံတမန်တစ်ဦးစေလွှတ်၍ အရှုံးပေးကြောင်း ပြသရမည်။ သို့မဟုတ်ပါက ကြက်ရောခွေးပါမကျန် တစ်ဂိုဏ်းလုံးကို အမေးအမြန်းမရှိ သုတ်သင်မည်!”
ဤကြေညာချက် ထွက်ပေါ်လာသည်နှင့် အပြင်လောကရှိ ကျင့်ကြံသူအများ အံ့အားသင့်သွားကြသည်။
တကယ်ကြီး ပွဲကြမ်းတော့မှာပေါ့လေ?
နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့သည် လက်ရှိတွင် အနှစ်မပါသော အခွံတစ်ခုမျှသာဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာသိထားကြသည်။ မဟာမိတ်ဂိုဏ်းချုပ်နျိုသည် လက်အောက်ငယ်သား မရှိရှာသေးသော တစ်ကိုယ်တော် ခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး သူ၏ မသေမျိုးဧကရာဇ် ကျင့်ကြံဆင့်ကြောင့်သာ ဤမျှမာန်တက်ပြနေနိုင်ကြောင်း မသိသူမရှိပေ။
သို့ပေသည့် တစ်ဖက်က ရွှယ်ထျန်း သူတော်စင်နယ်မြေတွင်မတော့ နာမည်ကျော်ကြားသော အကြီးအကဲယဲ့က ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်နေသည်။ အကြီးအကဲယဲ့၏ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံသမိုင်းကြောင်း ဒီရက်များအတွင်း လွန်စွာကျယ်ပြန့်အုံကြွနေခဲ့သည်လေ။
ထို့ကြောင့် နျိုပါ့ထျန်း၏ လုပ်ရပ်သည်ကား အကြီးအကဲယဲ့ကို တိုက်ရိုက် စစ်ကြေညာခြင်းသာ ဖြစ်သည်။
များမကြာမီပင် နှစ်ဖက်ကြားတွင် မည်သူက ပိုအားကောင်းသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများစွာ တရစပ်ဖြစ်ပေါ်လာသည်။
စိတ်အားထက်သန်သော ပရိသတ်များမှာ ငြင်းခုံလို့မဆုံးရှိလေရာ အကျိုးအကြောင်း ဆင်ခြင်တတ်သော ကျင့်ကြံသူများအများစုကတော့ စိုးရိမ်ပူပန်မိကြဟန်ရှိ၏။ အကြီးအကဲယဲ့တစ်ယောက် ဤတစ်ကြိမ်တွင်တော့ ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်နိုင်ရဖွယ်ရှိသည်ဟု ခံစားမိကြသည်။
အဘယ်ကြောင့်ဆိုသော် နျိုပါ့ထျန်း၏ နောက်ခံသမိုင်းနှင့် ကျင့်ကြံဆင့်သည် ရှင်းလင်းစွာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားသည်မဟုတ်လော။ အလယ်ပိုင်းဒေသတွင် မည်သူက သူ့ကို တိုက်ရိုက် ရင်ဆိုင်နိုင်မည်နည်း။
တစ်ခဏချင်းအတွင်းမှာပင်၊
အလယ်ပိုင်းဒေသတစ်ကြောလုံး၏ လေထုသည် တင်းမာမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
အင်အားစုအားလုံးသည် တိတ်ဆိတ်စွာ အနီးကပ်စောင့်ကြည့်နေကြရုံသာ တတ်နိုင်ပြီး စကားတစ်ခွန်းထွက်ဆိုဖို့ပင် မဝံ့ရဲကြပေ။
အကယ်၍ ရွှယ်ထျန်း သူတော်စင်နယ်မြေသာ ခေါင်းငုံ့လက်နက်ချခဲ့ပါက နျိုပါ့ထျန်းသည် ဤပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီဟု အဓိပ္ပာယ်သက်ရောက်ပြီး ကြီးကျယ်နေပြီးသား မာန်မာနကို အားဆေးထပ်ဖြည့်ပေးလိုက်သလိုသာ ဖြစ်ပေရော့မည်။
ရိုးရိုးသားသားပြောရလျှင် လူတိုင်းက အကြီးအကဲယဲ့သည် ဤ စည်းမဲ့ကမ်းမဲ့ ရူးသွပ်ရိုင်းစိုင်းနေသော နျိုပါ့ထျန်းကို ဟန့်တားပေးနိုင်လောက်မည်လားဟု မျှော်လင့်နေကြသည်သာ။
တိုက်ပွဲတစ်ခု ဖြစ်ပေါ်လုနီးနီးအချိန်တွင်၊
လှပသပ်ရပ်သော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဝယ်၊
ပုံရိပ်နှစ်ခုသည် အပြင်ဘက်ဝရန်တာဘေး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ခွက်များ၊ သကြားသီးများ၊ ဖရဲစေ့များနှင့် မြေပဲများ စုံလင်စွာတည်ရှိနေလျက်။
ကျယ်ပြန့်သော မဟာနဖူး၊ တည်ကြည်သော အသွင်အပြင်နှင့် ပညာရှိဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် ခေါက်ယပ်တောင်ကို စားပွဲထက်အသာချကာ လက်ဖက်ရည်အိုးကို ဂရုတစိုက် ကောက်ကိုင်ပြီး အရှေ့ရှိ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးကြီးအတွက် လက်ဖက်ရည်ကို တလေးတစား ငှဲ့ထည့်ပေးလာ၏။
လက်ဖက်ရည်ခွက်ထဲရှိ လက်ဖက်ရည်သည် ပယင်းရောင်တောက်ပပြီး ကြွယ်ဝသော လက်ဖက်ရည်ရနံ့ကား လေထဲတွင် သင်းကြိုင်စွာ ပျံ့နှံ့နေသည်။
သက်လတ်ပိုင်းအရွယ်လူ၏ နာမည်မှာ ကျန်းချင်ကျန့်ဖြစ်ပြီး သူသည်လည်း ပြန်လည်ရှင်သန်နိုးထလာသူတစ်ဦးဖြစ်သည်။ ကျင့်ကြံဆင့်ကား ပါးစပ်အဟောင်းသားဖြစ်လောက်စရာ မသေမျိုးဘုရင် နဝမကောင်းကင်ပင်။
အခြားသော ရှေးဟောင်း ကျင့်ကြံသူများသာ ရှိနေပါက တစ်လောကလုံး ညီတူညီမျှ လေးစားရသော ဂုဏ်သိက္ခာရှိ ကွန်ဖြူးရှပ် မသေမျိုးသည် အဘိုးကြီးတစ်ဦးအတွက် သူ၏ကိုယ်ဟန်နေထားကို ဤမျှနှိမ့်ချကာ လက်ဖက်ရည်ငှဲ့ပေးနေသည့် အပြုအမူအား လွန်စွာအံ့အားသင့်ကြမည်မလွဲ။
သို့သော် သူတို့သာ အဘိုးကြီး၏ နောက်ကြောင်းသမိုင်းကို သိရှိလိုက်ရပါက ထိုအပြုအမူသည် လုံးဝသင့်တော်လှပါပေ၏ဟု ထောက်ခံကြမည်ပင်။
ဤအဘိုးကြီးက ထိုမျှကြီးမြတ်သည်။
အဘိုးကြီးသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ နောက်ကျောတွင် ဓားရှည်တစ်လက်ကို ချိတ်လွယ်ထားသည်။ ပုံပန်းသဏ္ဌာန်မှာ ရိုးရိုးရှင်းရှင်းသာရှိသော်ငြား သူ၏ နက်ရှိုင်းထက်ရှသော မျက်လုံးများက လူတိုင်း၏ လျှို့ဝှက်ချက်များကို ဖောက်ထွင်းသိမြင်နိုင်သလို ခံစားစေရ၏။
ကျန်းချင်ကျန့်က အဘိုးကြီးကို အလွန်တလေးတစား ဆက်ဆံသည်။ “အကြီးအကဲခင်ဗျာ၊ လက်ဖက်ရည် သုံးဆောင်ပါဦး"
“အိမ်း”
အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး တစ်ငုံသောက်လိုက်သည်။
“ယာအို နျိုပါ့ထျန်းတစ်ယောက် မသေမျိုးဧကရာဇ်အဆင့်ကို ဒီလောက်မြန်မြန် တက်လှမ်းလိမ့်မယ်လို့ ကျွန်တော်လည်း ကြိုမတွက်ခဲ့မိဘူး။ ဒီလူက အမြဲမဆင်မခြင် ပြုမူတတ်တဲ့သူပဲ။ နောက်ကွယ်မှာ မတရားမှုတစ်ခုခုကို ကျူးလွန်ခဲ့လောက်မယ်လို့ ကျွန်တော်ထင်တယ်!” ကျန်းချင်ကျန့်က ဒေါသတကြီးဆိုသည်။
“ဒီအချိန်ရောက်မှတော့ နောက်ကွယ်မှာ ဘာလုပ်ခဲ့သလဲဆိုတာ အရေးမကြီးတော့ဘူး။”
အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးက မျက်မှောင်ကြုတ်လျက် ဆိုသည်။ “အခု ယာအို နျိုပါ့ထျန်းက သူ့ကျင့်ကြံဆင့်ကိုအားကိုးပြီး တိုက်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်နေတာ၊ ငါတို့လူသားမျိုးနွယ်ဘက်က အရေးနိမ့်နေတယ်ဆိုလည်း မမှားဘူး"
“စိတ်မကောင်းစရာပဲ၊ အကြီးအကဲသာ အရင်အဆင့်အတန်းကို ပြန်ရယူနိုင်မယ်ဆိုရင် ထင်တစ်လုံးနဲ့ မာန်တက်နေတဲ့ အဲ့ဒီယာအိုမျိုးနွယ် နျိုပါ့ထျန်းကို ဓားတစ်ချက်တည်းနဲ့ ပိုင်းဖြတ်နိုင်မှာ သေချာတယ်။ ဒီလို စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေလည်း ရှိလာမှာမဟုတ်ဘူး" ကျန်းချင်ကျန့်က စိတ်မကောင်းဖြစ်မိဟန် သက်ပြင်းချသည်။
ရှေးခေတ်ကာလတွင် ကျင်လည်ခဲ့သူဖြစ်သောကြောင့် မိမိရှေ့မှ ဤ အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီး မည်မျှ စွမ်းအားရှိကြောင်း သူကောင်းကောင်းသိသည်။ မယုံနိုင်လောက်အောင် ခမ်းနားသော အတိတ်သမိုင်းကြောင်းတစ်ခုဟု ဆိုရပေမည်။
ထိုအဘိုးကြီး၏ အထွတ်အထိပ်တစ်ချိန်က ကျင့်ကြံဆင့်မှာ မသေမျိုးဧကရာဇ် ဆဋ္ဌမကောင်းကင်ဖြစ်ပြီး သူ၏ မသေမျိုးစက်ဝန်းသည် အလှည့်နံပတ်၇အထိ ရောက်ရှိခဲ့သည်ပင်။ ထို့အပြင် သူသည် အလွန်ရှားပါးသော ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ သူ၏ ချင်းလျန် ဓားကျင့်စဥ်ကား တစ်ချိန်က ခွင်းလွင်ကမ္ဘာကို ကိုင်လှုပ်ခဲ့သော လှိုင်းလုံးတစ်သုတ်ပါပေ။
ချင်းလျန် ဓားမသေမျိုးဟူသော လေးစားဖွယ်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ဖူးသူ ဖြစ်၏။
အချိန်ကာလများစွာ ကြာမြင့်ပြီးနောက် ကျန်းချင်ကျန့်သည် ဤအကြီးအကဲကို ပြန်တွေ့ရသောအခါ တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ မသေမျိုးဘုရင် ပထမကောင်းကင်အထိ ဆုတ်ယုတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချီစွမ်းအင်သည်ပင် အနည်းအကျဥ်းမျှ မတည်မငြိမ် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ခန္ဓာအတွင်း၌ ပြင်းထန်သော နာမကျန်းမှုတစ်ခု ကျန်ရှိနေသေးသကဲ့သို့ပင်…
သို့သော်လည်း၊
ချင်းလျန် ဓားကျင့်စဥ်နှင့် ဒဏ္ဍာရီလာ ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒ၏ ထောက်ပံ့မှုကြောင့် သူ၏ လက်ရှိခွန်အားသည် ကျန်းချင်ကျန့်ကို လုံးဝ လွှမ်းမိုးနိုင်ဆဲဖြစ်သည်။
ပြန်လည်ရှင်သန်နိုးထလာသူများ၏ အသိုင်းအဝိုင်းတွင် ဤပုဂ္ဂိုလ်သည် လူသားမျိုးနွယ်၏ ကိုယ်စားပြုတစ်ဦးသာပင်။
ချင်းလျန် ဓားမသေမျိုးက ခေါင်းကိုအသာခါသည်။ “တာအိုမိတ်ဆွေကျန်း၊ အတိတ်အကြောင်း ဆက်မပြောကြပါစို့…”
သူသည် ဤအခြေအနေသို့ မည်သို့မည်ပုံ ကျရောက်ခဲ့ရသည်ကို တစ်ခါမျှ ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိပေ။ အတိတ်သည် ပြန်လည်တမ်းတရန်ပင် အလွန်ခါးသက်ခဲ့ပုံရ၏။