မဟာနှစ်သစ်ကူး
Vol. 42 Ch. 585
"ဒီငယ်သား အမှားပြုမိပါတယ်"
တစ်ဖက်လူ စိတ်အနှောင့်အယှက်ဖြစ်သည်ကို မြင်သောအခါ ကျန်းချင်ကျန့်သည် ရိုရိုကျိုးကျိုးတောင်းပန်လိုက်ပြီး အကြောင်းအရာကို အလျင်အမြန် ပိရိစွာ ပြောင်းလဲလိုက်သည်။
“အဲ့ဒီ နျိုပါ့ထျန်းအကြောင်း ဆက်ပြောရမယ်ဆိုရင် သူကအခု အလယ်ပိုင်းဒေသ လူသားမျိုးနွယ်ရဲ့ အားအကောင်းဆုံး အင်အားစုဖြစ်တဲ့ ရွှယ်ထျန်း သူတော်စင်နယ်မြေကို ရန်စစိန်ခေါ်နေပါပြီ။ အဲ့ဒီနယ်မြေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံသမိုင်းကြောင်းပိုင်ရှင် အကြီးအကဲယဲ့ကလည်း ကြီးကြပ်ဦးဆောင်နေပါတယ်။ ဘယ်သူက ပိုအစွမ်းထက်မယ်လို့ အကြီးအကဲထင်ပါသလဲ?”
မကြာသေးမီက ရွှယ်ထျန်း သူတော်စင်နယ်မြေအပေါ် နျိုပါ့ထျန်း၏ ဖိအားပေးမှုသည် အလယ်ပိုင်းဒေသ၏ အထင်ရှားဆုံး အာရုံစိုက်ရာ ဖြစ်လာခဲ့လေသည်။
လူတိုင်းက မသေမျိုးဧကရာဇ်အဆင့်ရှိ နျိုပါ့ထျန်း၏ စိန်ခေါ်မှုအား နာမည်ကျော် အကြီးအကဲယဲ့က မည်သို့ တုံ့ပြန်မည်နည်း ဆိုသည်ကို သိချင်နေကြသည်။
အကယ်၍ ရွှယ်ထျန်း သူတော်စင်နယ်မြေဘက်မှ စစ်ပြေငြိမ်းချမ်းရေးကို စတင်တောင်းဆိုလာခဲ့ပါက အင်အားကြီးသူနှင့် အားနည်းသူကို ချက်ချင်း ခွဲခြားမြင်နိုင်ပေလိမ့်မည်။
အကယ်၍သာ ထိုသို့ဆက်ဖြစ်ခဲ့လျှင် ထိုအချိန်မှစ၍ အလယ်ပိုင်းဒေသတစ်ခုလုံးကို ယာအိုမျိုးနွယ်စုက လွှမ်းမိုးသွားတော့မည်ဖြစ်ရာ လူသားမျိုးနွယ်များကတော့ အရောင်အဝါကျဆင်းချိန် ရောက်ရတော့မည်ပင်။
ထိုအကြောင်းကို ကြားသောအခါ၊
ချင်းလျန် ဓားမသေမျိုး၏ မျက်လုံးများတွင် အရောင်အနည်းငယ် တလက်လက်တောက်ပသွားသည်။ အကြောင်းအရာအား ကြာမြင့်စွာ စဥ်းစားဆင်ခြင်ပြီးနောက် သူကပြောသည်။ “ကျုပ် ခွင်းလွင်ကမ္ဘာမှာ ကျင်လည်ခဲ့စဥ်က မသေမျိုးဧကရာဇ်အများအပြားကို သိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယဲ့အမျိုးရိုး မသေမျိုးဧကရာဇ်တစ်ပါးကိုတော့ တကယ်မကြားဖူးခဲ့ဘူး။ သူရဲ့ အတိတ်ဘဝဟာ မသေမျိုးသူတော်စင် ဖြစ်နိုင်တယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ ထင်မြင်ချက်ကို ကျုပ်ကတော့ အမြဲတမ်း သံသယရှိနေခဲ့ပါတယ်"
ထိုစဥ်က သူသည် မသေမျိုးဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ကျော်ကြားမှုကြောင့် စွမ်းအားရှင်များစွာမှ သူ့ကို မိတ်ဆွေဖွဲ့လိုခဲ့ကြရာ ထိုခေတ်တစ်ချိန်က မသေမျိုးဧကရာဇ်အားလုံးနီးပါးကို တွေ့ဆုံနှုတ်ဆက်ခဲ့ရဖူးပြီး သူ၏ အဆက်အသွယ်များသည်လည်း အတော်အတန် ကျယ်ပြန့်သည်။
ထို့အပြင် မသေမျိုးသူတော်စင်အဆင့်ရှိ မဟာပုဂ္ဂိုလ်အချို့ကပင် သူနှင့်အတူ စုစည်းပူးပေါင်းဖို့ရာအတွက် ကိုယ်တိုင်ကိုယ်ကျ ချဥ်းကပ်ခဲ့ကြသည်ပင်။
ယနေ့တိုင်၊
ချင်းလျန် ဓားမသေမျိုးသည် မသေမျိုးသူတော်စင်တစ်ပါးကို မြင်ခဲ့ရစဥ်က ခံစားချက်များကို ပြန်လည် အမှတ်ရနေဆဲဖြစ်ပြီး အဆင့်နှစ်ခုကြားရှိ ကြောက်မက်ဖွယ် ကွာခြားချက်ကို နက်နက်နဲနဲ နားလည်ထားသည်။
ထိုအဆင့်သို့ တက်လှမ်းရောက်ရှိခဲ့ဖူးသော မသေမျိုးတာအို၏ မဟာပုဂ္ဂိုလ်တစ်ဦးသည် ထိုစဥ်က မသေမျိုးဘုံ သို့ သွားရောက်ရန် အခွင့်အရေးကို စွန့်လွှတ်ကာ အရည်အသွေးကျဆင်းနေသော ခွင်းလွင်ကမ္ဘာတွင် ဆက်လက်နေထိုင်ပြီး မိမိ၏ ကျင့်ကြံဆင့်ဆုတ်ယုတ်ခြင်း နာကျင်မှုကို သည်းခံကာ သူတို့ကဲ့သို့သော အဆင့်နိမ့်ကျင့်ကြံသူများဖြင့် မသေမျိုးအခွင့်အရေးများအတွက် ယှဥ်ပြိုင်လုယက်နေလိမ့်မည်ဟု သူမယုံကြည်ပေ။
၎င်းသည် ဇိမ်ခံကားဖြင့် သွားလာနိုင်သော ဓနရှင်တစ်ဦးက ဆင်းရဲပြီး ဝေးလံသော ရွာငယ်လေးတစ်ရွာသို့ တမင်တကာ သွားရောက်ကာ အရပ်သားများအုပ်စုနှင့်အတူ စိုက်ခင်းများတွင် အလုပ်လုပ်ပြီး ပေါင်မုန့်ကြမ်းများ အတူလာဝါးစားနေသကဲ့သို့ပင်။
ဤသည်မှာ ပြဿနာကို တမင်တကာ ရှာနေခြင်း မဟုတ်ပါလော။
ထို့ကြောင့် အကြီးအကဲယဲ့၏ နောက်ခံသမိုင်းအပေါ် အထင်အမြင်များနှင့် ပတ်သက်၍ ချင်းလျန် ဓားမသေမျိုးမှာ အကြီးအကျယ်သံသယရှိနေခဲ့၏။
သူ၏ အမြင်အရ အဆိုးဆုံးရလဒ်မှာ ရွှယ်ထျန်း သူတော်စင်နယ်မြေက နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးကို စတင်တောင်းခံမည်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲယဲ့၏ ဂုဏ်သိက္ခာများ ပျက်ပြားသွားမည်သာ ဖြစ်သည်။
“ဒါကတော့…”
ဤအဘိုးကြီးက အကြီးအကဲယဲ့ကို မျက်နှာသာမပေးလိုသည်အား မြင်သောအခါ ကျန်းချင်ကျန့်၏ ရင်ထဲတွင် ချက်ချင်းပင် မွန်းကျပ်သွားသလို ခံစားလိုက်ရသည်။
ထိုသူသည် လူသားမျိုးနွယ်၏ ကျင့်ကြံသူများကို ကိုယ်စားပြု၍ နျိုပါ့ထျန်း၏ မာနနှင့်စွမ်းအင်ကို ပြန်လည်နှိပ်ကွပ်ထိန်းချုပ်ပေးနိုင်မည်ဟု မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့မိသည်။
ကြည့်ရသလောက်တော့ သူ့ဘက်မှ မျှော်လင့်ချက်တွေ ကြီးမားခဲ့ရုံသာ။
“အင်း၊ ဒီအခြေအနေထိ ရောက်လာမှတော့ ဖြစ်လာသမျှကို တစ်ဆင့်ချင်းပဲ ရင်ဆိုင်ရတော့မှာပေါ့” ကျန်းချင်ကျန့်သည် ခေါင်းခါလျက် သက်ပြင်းချပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်မှာ သင်းပျံ့သော်လည်း ဤအချိန်တွင်မူ သူ့ရင်ထဲတွင် ခါးသက်မှုကိုသာ ခံစားရနိုင်တော့၏။
“စိတ်မပူပါနဲ့၊ အဲ့ဒီ နျိုပါ့ထျန်းသာ ဆက်ပြီး မိုက်ရိုင်းနေမယ်ဆိုရင် ဒီအဘိုးကြီးက အဆိုးဆုံးအတွက် ပြင်ဆင်ပြီး လူသားမျိုးနွယ်အတွက် အလားအလာကောင်းတဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးဖို့ ဆုံးဖြတ်ထားပါတယ်”
ချင်းလျန် ဓားမသေမျိုး၏ လေသံသည် အလွန်တည်ငြိမ်ပြီး အိုမင်းတုန်ရီနေပေသည့် ခိုင်မာသော ဆုံးဖြတ်ချက် အရိပ်အယောင်များ ပါဝင်သည်။
နက်ရှိုင်းပြီး အိုမင်းရင့်ရော်နေသော မျက်လုံးများတွင် ဓားသွားကဲ့သို့ ထက်ရှတောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
၎င်းသည် အခြားမဟုတ်၊ ကောင်းကင်သူတော်စင် ဓားစိတ်ဆန္ဒပင် ဖြစ်၏။
ဤအတိတ်တစ်ချိန်က ကြီးမြတ်သော ဓားမသေမျိုးသည် ကျင့်ကြံဆင့် အကြီးအကျယ် ဆုတ်ယုတ်နေသည့်တိုင် အန္တရာယ်ကို ရင်ဆိုင်ကာ မသေမျိုးဧကရာဇ်တစ်ပါးကို ဓားဖြင့်ထိုးရန် သတ္တိရှိနေသေးသည်။
ဆံပင်ဖြူများဖြင့် လေပြင်းမုန်တိုင်းကြား ကြံ့ကြံ့ခံကျန်ရစ်သော အစိမ်းရောင်ဝတ်ရုံနှင့် လူအိုကြီးကို ကြည့်ရင်း ကျန်းချင်ကျန့်မှာ ငိုချင်စိတ်ဖြင့် နှာခေါင်းထဲ စူးတက်ထုံကျင်လာသည်။ သူသည် ရှေ့သို့ တိုးလာပြီး လက်သီးဆုပ် အရိုအသေပြုကာ အနည်းငယ် တုန်ယင်နေသောလေသံဖြင့် ဆို၏။
“ဒီနေရာမှာ တာအိုမိတ်ဆွေအားလုံးအစား ကိုယ်စားပြုပြီး ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ…”
မကြာမီပင်၊
သတ်မှတ်ရက် ကျော်လွန်သွားသည်။
နျိုပါ့ထျန်း၏ စိန်ခေါ်မှုကို ရွှယ်ထျန်း သူတော်စင်နယ်မြေသည် မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ပေ။
ဤငြိမ်သက်မှုက စိုးရိမ်ပူပန်နေသော ကျင့်ကြံသူများစွာကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
“ဘာတွေဖြစ်နေတာလဲ? ငါတော့ နားမလည်တော့ဘူး” ကျင့်ကြံသူအချို့သည် ရွှယ်ထျန်း သူတော်စင်နယ်မြေ၏ မတုန်မလှုပ် လုပ်ရပ်ကြောင့် စိတ်ရှုပ်ထွေးကာ တအံ့တသြလည်းဖြစ်မိသည်။
“ဟားဟား၊ ငါ သဘောပေါက်ပြီ! ရွှယ်ထျန်း သူတော်စင်နယ်မြေက အဲ့ဒီ နျိုပါ့ထျန်းရဲ့ ခြိမ်းခြောက်မှုကို လုံးဝ အလေးမထားဘူး၊ ဒါကြောင့် ပြန်တောင် မတုံ့ပြန်တာ!” တစ်စုံတစ်ဦးက စိတ်လှုပ်ရှားစွာ လက်ခုပ်တီး၍ အော်ဟစ်သည်။
ဤစကားသည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလယ်ပိုင်းဒေသတစ်ခွင် လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။
လူတိုင်းသည် ထိုအခါမှ သူတော်စင်မြေ၏ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်သွားကြပြီး သူတို့၏ ရင်ထဲတွင် လေးစားကြည်ညိုမှုများစွာ ဖြစ်ပေါ်လာသည်။
ရွှယ်ထျန်း သူတော်စင်နယ်မြေ၌ ထိုမျှ ယုံကြည်မှုရှိနေခြင်း အကြောင်းရင်းမှာ အကြီးအကဲယဲ့က နောက်ကွယ်မှ ထောက်ပံ့ပေးနေခြင်းကြောင့် သိသာနေသည်ပင်။ ထိုနယ်မြေ၏ သဘောထားသည် အကြီးအကဲယဲ့၏ သဘောထားပင် ဖြစ်သည်။
လျစ်လျူရှုရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ နျိုပါ့ထျန်းသည် အစမှအဆုံးအထိ အကြီးအကဲယဲ့၏ အလေးထားမှုကိုပင် မရရှိခြင်းကြောင့် ဖြစ်ပေမည်။
ဤသည်မှာ ပေါ်တင် မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်သည်။
တိတ်ဆိတ်မှုက ထိရောက်သော တုံ့ပြန်မှုပင်။
တစ်ဖက်လူသည် လုံးဝစိတ်အနှောင့်မယှက်မဖြစ်ကြောင်း ဖော်ပြနေခဲ့ခြင်းသာ။
ဘာဖြစ်လို့လဲဆိုတော့ ရန်သူက တုံ့ပြန်ခံရဖို့တောင် လုံးဝ အရည်အချင်း မပြည့်မီလို့ပဲ!!!
အပြင်လောကတွင် ဆွေးနွေးသံများ ဆူညံနေစဥ် အချိန်ဝယ်။
ထိုက်ရွှမ်းပြည်နယ်သည် မီးပုံးများ၊ ပွဲလမ်းသဘင်နှင့် သက်ဆိုင်သော အနီရောင် အဆင်တန်ဆာများဖြင့် နေရာအနှံ့ အလှဆင်ထားသည်။ ရင်းနှီးခင်မင်သော လမ်းသွားလမ်းလာများသည်လည်း ပြုံးရွှင်စွာဖြင့် တစ်ဦးကိုတစ်ဦး အရိုအသေပြုနှုတ်ဆက်စကားဆိုကြသည်။
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ!”