အခန်း (၅၈၆)
Vol. 42 Ch. 586
ထိုက်ရွှမ်ပြည်နယ်ရှိ ကျင့်ကြံရေးလောက၏ ပြက္ခဒိန်အရ နှစ်တစ်ရာလျှင် အစအဆုံး တစ်ပတ်လည်ကာ ၎င်းကို မဟာနှစ်သစ်ဟု ခေါ်ဆိုလေသည်။
ဤသို့ နေ့ကောင်းနေ့မြတ်တွင် ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး နှစ်သစ်ကူး နှုတ်ဆက်စကားဆိုကြကာ ပြင်ဆင်ထားသည့် လက်ဆောင်များကို အချင်းချင်းပေးအပ်ကြပြီး တာအိုခရီးလမ်း ကြာရှည်တည်တံ့စေရန် ဆုမွန်ကောင်း တောင်းပေးကြသည်။
ရွှယ်ထျန်း သူတော်စင်နယ်မြေတွင်မူ၊
နယ်မြေအတွင်းပိုင်း၌ ပျော်ရွှင်ဖွယ် မြင်ကွင်းများဖြင့် စည်ကားလျက်ရှိသည်။
တပည့်များစွာသည် နှစ်သစ်ကူးအတွက် အစားအသောက်များပြင်ဆင်ခြင်းနှင့် နေရာဆုံကို အလှဆင်ခြင်းဖြင့် အလုပ်များနေကြသည်။
ပုံမှန်အားဖြင့် မျက်နှာထားတင်းမာပြီး မပြုံးတတ်သော သက်ကြီးဝါရင့်များပင် ဤကဲ့သို့အထူးနေ့တွင် ပြုံးပြုံးရယ်ရယ်ဖြင့် နှစ်သစ်ဆုမွန်ကောင်းများ ပေးအပ်ကြလေသည်။
သူတို့၏ မျက်နှာများသည် ပျော်ရွှင်ကြည်လင်သော အပြုံးများဖြင့် လင်းလက်နေပြီး လူတိုင်းက ရွှင်လန်းလျက်ရှိကြသည်။
“နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ!”
လင်တုရှိုသည်လည်း ဤနေ့တွင် သူတော်စင်တစ်ဦး၏ မာန်မာနကို အလုံးစုံခွာချထားသည်။ သူသည် လမ်းသွားလမ်းလာ တွေ့ဆုံမိသမျှ တပည့်းဂိုဏ်းသားများနှင့် သက်ကြီးဝါရင့်များကို ကြင်နာသော အပြုံးဖြင့် လက်သီးဆုပ်ဦးညွှတ်လျက် ဆုမွန်ကောင်းများ ပေးသည်။
ဤသည်မှာ ကျင့်ကြံရေးလောက၏ ယဥ်ကျေးမှုအစဥ်အလာပင် ဖြစ်သည်။
“ဟေ့ ဟေ့~”
“ညီလေးလင် ငါရောက်ပြီ!”
ဆံပင် အဖြူတစ်ဝက် အနက်တစ်ဝက်နှင့် အနည်းငယ် ဆိုးသွမ်းစနောက်သော အပြုံးရှိသည့် လူငယ်တစ်ဦးသည် လင်တုရှိုအား လက်လှမ်းပြကာ နှုတ်ဆက်ရင်း လျှောက်လာသည်။
ထိုက်ရွှမ်ပြည်နယ်က မဟာနှစ်သစ်ကို ကျင်းပသောအခါ ဒေသခံ အင်အားစုဖြစ်သည့် ရွှယ်ထျန်း သူတော်စင်နယ်မြေသည်လည်း လှုပ်ရှားမှုများဖြင့် အသက်ဝင်လာသည်။
ကျိပါရှောင်သည် ထိုက်ရွှမ်ပြည်နယ်မှ ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ဤတစ်ကြိမ်တွင် ရွှယ်ထျန်း သူတော်စင်နယ်မြေ၏ နှစ်သစ်ကူး ဧည့်ခံပွဲသို့ တက်ရောက်ရန် လင်တုရှို၏ ဖိတ်ကြားချက်ကို ရရှိခဲ့သည်။
“အစ်ကိုကျိ၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။” လင်တုရှိုက ပြုံးလျက် ဦးညွှတ်နှုတ်ဆက်သည်။
“မင်းလည်း ပျော်ရွှင်ပါစေ၊ ငါလည်း ပျော်ရွှင်ပါစေ၊ အားလုံး ပျော်ရွှင်ပါစေ!”
ကျိပါရှောင်သည် ရွှင်လန်းတက်ကြွသော ခြေလှမ်းဖြင့် လျှောက်လာသည်။
အရှေ့သို့ ရောက်သောအခါ ကျိပါရှောင်သည် ရုတ်တရက် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်ပြီး လင်တုရှိုအနားကပ်၍ အသံတိုးတိုးဖြင့်ဆိုသည်။
“ညီလေးလင်၊ မင်းတို့နဲ့ နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့ကြားက ကိစ္စတွေကို အပြင်လောကက အနီးကပ် စောင့်ကြည့်နေကြတယ်။ ငါသိချင်တာက အဲ့ဒီ မဟာမိတ်ဂိုဏ်းချုပ် နွားသိုးအပေါ် အကြီးအကဲယဲ့ရဲ့ သဘောထားက ဘယ်လိုလဲ?”
သူသည် ဤတစ်ကြိမ်တွင် အကြောင်းရင်း နှစ်ခုကြောင့် လာရောက်ခြင်းဖြစ်သည်။ တစ်ပိုင်းမှာ နှစ်သစ်ကူး ဧည့်ခံပွဲသို့ တက်ရောက်ရန်ဖြစ်ပြီး၊ ကျန်တစ်ပိုင်းမှာ သတင်းအချက်အလက်များကို စုံစမ်းရန်နှင့် အတွင်းပိုင်း အခြေအနေအမှန်ကို နားလည်ရန်ဖြစ်၏။
မည်သို့ပင်ဆိုစေ သူ၏ အကြီးဆုံး ထောက်ခံသူသာ ကျဆုံးသွားပါက သူသည်လည်း တစ်ချက်ပင် လှုပ်ရှားဝံ့တော့မည်မဟုတ်။
ဤကာလအတွင်း ကျိပါရှောင်သည် နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ် မည်မျှ စွမ်းအားကြီးကြောင်း ကြားသိခဲ့ရသည်။ အဆင့်မြင့် မသေမျိုးဘုရင်ထက်ပင် အဆပေါင်းများစွာ ပို၍ စွမ်းအားကြီးသော ရှေးဟောင်း ပုဂ္ဂိုလ်တစ်ဦးဟု ဆိုကြ၏။
ဤသတင်းက သူ့ကို တော်တော်လေး ထိတ်လန့်စေခဲ့ပြီး ယဲ့ကျွင်းလင်သည်ပင် အန္တရာယ်ရှိနိုင်သည်ဟု ထင်မှတ်မိခဲ့သည်။ ဤကာလအတွင်း တစ်ဖက်အခြေအနေကို အတော်လေးစိုးရိမ်ပူပန်နေခဲ့ရပြီး ယခု အခွင့်အရေးရတုန်း အမှန်တရားကိုသိရှိဖို့ အလျင်အမြန် အပြေးရောက်လာခြင်းပင်။
လင်တုရှိုသည် ရောင်းရင်းဖြစ်သူ မေးမြန်းမည့်အကြောင်းကို ကြိုတင်ခန့်မှန်းထားဟန်ရှိပြီး ပြုံးလျက် လက်ဝှေ့ယမ်းကာ ဆိုသည်။
“ဒီရက်ပိုင်း နှစ်သစ်ကူး ကိစ္စတွေနဲ့ အလုပ်များနေလို့ အဲ့ဒီလူကို စိတ်မဝင်စားနိုင်ဘူး။ အကြီးအကဲယဲ့ရဲ့ သဘောထားကတော့ နှစ်သစ်ကူးပြီးမှ အဲ့ဒီအကြောင်း ဆွေးနွေးမယ်တဲ့”
ဤသို့ လုံးဝ အဖက်မလုပ်သော လေသံကို ကြားသောအခါ ကျိပါရှောင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး ရင်ခုန်စိတ်လှုပ်ရှားလာတော့၏။
ကောလာဟလများကဲ့သို့ပင် အကြီးအကဲယဲ့သည် နတ်ဆိုးတစ်သောင်း မဟာမိတ်ဂိုဏ်းချုပ်ကို လုံးဝ အလေးအနက် မထားသည်မှာ ရှင်းလင်းနေလေပြီ။
ထိုသို့ဆိုလျှင် သူ့အတွက်လည်း စိုးရိမ်စရာ မရှိတော့ပေ။
“ညီလေးလင်၊ ငါ့အစ်ကိုကြီးရော ဘယ်မှာလဲ?”
“ခင်ဗျားအကိုကြီးက အကြီးအကဲယဲ့နဲ့ အတူရှိတယ်။ ကျွန်တော် လိုက်ပို့ပေးမယ်”
“ကောင်းပြီ!”
မုခ်ဦးဝ၌၊
ယဲ့ကျွင်းလင်းသည် လက်များကို ကျောနောက်ပစ်ကာ မတ်တတ်ရပ်လျက် မုခ်ဦးတံခါးမှတစ်ဆင့် စည်ကားသော မြင်ကွင်းကို ကြည့်ရှုနေသည်။ စည်ကားသိုက်မြိုက်သော မီးရှူးမီးပန်းသံများကို နားထောင်ပြီး သူ၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြင်းထန်စွာ ထင်ဟပ်လာကာ သက်ပြင်းချလိုက်သည်။
“ဒီလို ပွဲလမ်းသဘင် အငွေ့အသက်က ငါ့ရဲ့ ဇာတိမြေမှာ ရှိခဲ့စဥ်က အချိန်တွေကို သတိရစေတယ်”
ရောမကိုရောက်လျှင် ရောမလိုကျင့်ကြံရမည်ဟု ဆိုရိုးစကားသည် ရှိသည်မဟုတ်လော။
ထိုက်ရွှမ်းပြည်နယ်တွင် နေထိုင်လျှင် ထိုက်ရွှမ်းနှစ်သစ်ကူးကို ခံစားကျော်ဖြတ်ရမည်ပင်။
ရွှယ်ထျန်း သူတော်စင်နယ်မြေ၌ ထိုမျှ ပြင်းပြတက်ကြွသော နှစ်သစ်ကူး အငွေ့အသက် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ၎င်းသည် သူ၏အရင်ဘဝ ခေတ်သစ်ချိန်ခါ နှစ်သစ်ကူး ကျင်းပခဲ့စဥ်က ခံစားချက်များကို ချက်ချင်း ပြန်လည် အမှတ်ရစေသည်။
နောက်ဘက် ဟုန်ချန်ယဲ့က ထိုစကားကိုကြားသောအခါ ခပ်တိုးတိုးရေရွတ်မိ၏ “ဆရာသခင်ရဲ့ ဇာတိမြေက ဘယ်လိုနေရာမျိုး ဖြစ်မလဲ?"
ဘာကြောင့်ရယ်မသိ ထိုလူငယ်၏ ကျောပြင်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ ရှင်းပြရန် ခက်ခဲသော အထီးကျန်ဆန်ခြင်းနှင့် ဝမ်းနည်းမှုများ ရှိနေသည်ဟု သူ အမြဲ ခံစားမိသည်။
သူ့အာရုံများ ထင်ယောင်ထင်မှားဖြစ်နေခြင်းသာလော။
“ဒါယူပြီး ဖတ်!”
ဟုန်ချန်ယဲ့၏စကားကို ကြားသောအခါ လီဝူကျယ်သည် ဝတ်ရုံလက်စထဲမှ အပြာရောင်စာအုပ်တစ်အုပ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်ပေးသည်။
“ဘာကိုဖတ်ရမှာလဲ?” ဟုန်ချန်ယဲ့က မျက်မှောင်ကြုတ်လျက် မေးသည်။
“စာအုပ်ထဲမှာ အဖြေကို တွေ့လိမ့်မယ်” လီဝူကျယ်က အလေးအနက် ဆိုသည်။
ဟုန်ချန်ယဲ့သည် မယုံတယုံဖြင့် အပြာရောင်စာအုပ်ကို ယူလိုက်သည်။ မျက်နှာဖုံးပေါ်တွင် “အကြီးအကဲယဲ့၏ ဒဏ္ဍာရီ” ဟူသော စာသားများကို မြင်လိုက်ရ၏။
ချက်ချင်းပင်၊
ဟုန်ချန်ယဲ့၏ နဖူးကြောများ ချက်ချင်းတွန့်တက်သွားကာ စကားပင်မဆိုနိုင်တော့။
ဒီကောင်ကိုတော့ ကယ်လို့ မရတော့ဘူး...
ဟုန်ချန်ယဲ့သည် ဘာမှ ပြောမနေတော့ဘဲ အပြာရောင်စာအုပ်ကို လီဝူကျယ့်ဆီ ဖတ်ခနဲပြန်ပစ်ပေးလိုက်၏။
“ငါက စေတနာနဲ့ ဖတ်ခိုင်းတာကို မင်းက မဖတ်ချင်ဘူးပေါ့?"
ဒီစာအုပ်က အခု အရှေ့တိုင်းဒေသမှာ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ တန်ဖိုးကြီးစာအုပ်ဆိုတာ မင်းသိရဲ့လား?”
ထိုစဥ်မှာပင် နောက်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ “အကိုကြီး! ကျွန်တော် နှစ်သစ်ကူးကောင်းချီးပေးဖို့ လာခဲ့တာ!”
ကျိပါရှောင်သည် အလျင်အမြန် လျှောက်လာကာ ပြုံးပြုံးရွှင်ရွှင် ဦးညွှတ်လျက်ဆိုသည်။ “အကိုကြီးရဲ့ ဓားသိုင်းကျွမ်းကျင်မှုတွေ ပိုပြီး တိုးတက်ကောင်းမွန်လာပါစေ၊ ပြီးတော့ ဓားတာအိုရဲ့ အထွတ်အထိပ်ကို မြန်မြန် ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်!”
လီဝူကျယ်အား လွန်စွာနှစ်သက်သဘောကျစေသော ဆုတောင်းစကားမျိုးပင်။
လီဝူကျယ်သည် ကျိပါရှောင်၏ ပခုံးကိုပုတ်ရင်း ကျယ်လောင်စွာ ရယ်မောလေသည်။ “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ငါ့ညီလေးရဲ့ မင်္ဂလာဆုတောင်းအတိုင်း ပြည့်ဝပါစေကွာ!”
ထို့နောက် ကျိပါရှောင်သည် ဟုန်ချန်ယဲ့ကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။ “ခေါင်းဆောင်ကြီးဟုန် နှစ်သစ်မှာ စည်ပင်ဝပြောပါစေ၊ အနာဂတ်လမ်း တောက်ပပါစေ၊ ပြီးတော့ ခေါင်းဆောင်ကြီးရဲ့နောက်လိုက်တွေ စကြဝဠာအားလုံးမှာ ပျံ့နှံ့နေပါစေလို့ ဆုတောင်းပါတယ်!”
ဟုန်ချန်ယဲ့သည် မူလက ဤ အာဝဇ္ဇန်းရွှင်သော လူငယ်ကို စိတ်မဝင်စားသော်လည်း ဆုတောင်းစကားများကို ကြားသောအခါ သူ၏ မျက်နှာပေါ်ရှိ အေးစက်စက်အမူအရာမှာ အတန်ငယ် ပျော့ပြောင်းသွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင်ပင် ရှားရှားပါးပါး အပြုံးတစ်ပွင့် ပေါ်လာကာ ခေါင်းညိတ်လျက် ဆို၏။ “မင်းရဲ့ မင်္ဂလာဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ်”
“ဟဲဟဲ”
ငါ မကြာသေးခင်ကဖတ်ခဲ့တဲ့ စိတ်ခံစားမှုဉာဏ်ရည်စာအုပ်က အလကားမဖြစ်ခဲ့ဘူးပဲ။
ထို့နောက်၊
သူသည် အရှေ့တွင်ရပ်နေသော အရပ်ရှည်ရှည် ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အရှေ့သို့အမြန်တိုးကာ အားရပါးရ ဆုတောင်းကောင်းချီးဆို၏။
“အကြီးအကဲယဲ့ ကံကောင်းပါစေ၊ နှစ်စဥ် ကြွယ်ဝမှုတွေ တိုးပွားပါစေ၊ စည်ပင်ဝပြောပါစေ၊ ကြယ်တာရာများက ကောင်းချီးပေးပါစေ၊ ကောင်းချီးငါးပါး တံခါးဝရောက်ပါစေ၊ အပြုံးများ မပြတ်ဝေဆာပါစေ၊ ကံကြမ္မာရေလှိုင်း ဒီရေအလားတိုးတက်ပြီး တောင့်တသမျှ ဆန္ဒများ ပြည့်ဝပါစေ၊ ရာထူးဂုဏ်သိမ် အဆက်မပြတ်တိုးမြင့်ပါစေ၊ ငွေကြေးအသပြာများ သုံးလို့မကုန်နိုင်အောင် လှိမ့်ဝင်ပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ နှစ်စဥ် ငြိမ်းချမ်းပါစေ၊ ပျော်ရွှင်ပါစေ၊ စကြာဝဠာ ခြောက်ခုကို ပိုင်စိုးအုပ်ချုပ်နိုင်ပါစေ…”
ယဲ့ကျွင်းလင်- “???”