ရွှယ်ထျန်းနှစ်သစ်ကူးရှိုး
Vol. 42 Ch. 587
ကျိပါရှောင်က ဆုမွန်ကောင်းများစွာကို ဆက်တိုက်ဆိုလိုက်သောအခါ ယဲ့ကျွင်းလင်မှာ မချိမဆန့် ခံစားလိုက်ရသည်။
"မင်းက တော်တော်လေး စကားလုံးကြွယ်ဝတာပဲနော်"
“နောက်ဆုံးအနေနဲ့ အကြီးအကဲယဲ့ တာအိုခရီးစဉ် စိမ်းလန်းပါစေ၊ ထာဝရ အသက်ရှည်ပြီး အစစ်အမှန် မသေမျိုး ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်!”
ကျိပါရှောင်တစ်ယောက် ဆုတောင်းစကားအဆုံး ဟောဟဲလိုက်နေသည်ကို သူတို့အားလုံး ထင်ထင်ရှားရှား မြင်ရပြီး တစ်ဖက်လူ အတော်လေးကြိုးစားအားထုတ်ခဲ့ရကြောင်း သိလိုက်ကြရ၏။
လူတိုင်း သူ့ကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေကြလျက်။
“အစ်ကို ကျိ၊ မင်းကတော့လေ…” လင်တုရှိုသည် ရယ်မောလိုက်ပြီး အချိန်အကြာကြီးရင်းနှီးလာသော ညီအစ်ကိုအား ပိုလို့ပင်သဘောကျသွားရ၏။
လီဝူကျယ်သည်လည်း ရယ်မောရင်း လက်မထောင်ကာ ချီးကျူးသည်။ "ညီလေးကျိ၊ မင်းက တကယ်ကို အရည်အချင်းရှိတဲ့သူပဲ!”
“မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး” ကျိပါရှောင်၏ လေသံသည် အနည်းငယ် ကျိုးနွံသော်လည်း သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်မထားသော ဂုဏ်ယူဝံ့ကြွားမှုများ ပေါ်လွင်နေသည်။
“ကောင်းပြီ၊ မင်းရဲ့ ဆုမွန်ကောင်းတွေကို ငါ လက်ခံတယ်၊ ကျေးဇူးတင်ပါတယ်!” ယဲ့ကျွင်းလင်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။
ဒီကလေးကတော့ တကယ့်ကို ထူးခြားနေတာပဲ!
“အားလုံးပဲ၊ ရောက်လာကြပြီလား" ခမ်းနားသောဝတ်ရုံအား ဝတ်ဆင်ထားသော ကောင်းပုလီက ပြုံးရွှင်စွာဖြင့် သူတို့ဆီလျှောက်လာသည်။
“ဒီလူကတော့…” ကျိပါရှောင်သည် ထိုသူ၏ စွမ်းအင်ကို ခံစားမိပြီး စိတ်လှုပ်ရှားစွာ ဆိုသည်။
“ဒီပုဂ္ဂိုလ်က ရှေးခေတ်က ကောင်းကင်ခွေးမျိုးနွယ်စုက အကြီးအကဲကောင်းပဲ။ အခုတော့ ကျွန်တော်တို့ ရွှယ်ထျန်း သူတော်စင်နယ်မြေမှာ ဧည့်သည်အဖြစ်နေထိုင်နေတာပါ” လင်တုရှိုက မိတ်ဆက်ပေးသည်။
“ဟဲဟဲ၊ မင်္ဂလာပါ၊ ရောင်းရင်းငယ်လေး” ကောင်းပုလီက ပြုံးလျက် ဆိုသည်။
အဘယ်ကြောင့်ရယ်မသိ သူသည် ကျိပါရှောင်ကို မြင်သောအခါ အဖွဲ့အစည်းတစ်ခုတည်းမှ တာအိုမိတ်ဆွေများသဖွယ် ရင်းနှီးမှုကို ခံစားရပြီး အထူးတလည် နီးစပ်သည်ဟု ခံစားရသည်။
“နောက်၊ နောက်လိုက်ခွေးမျိုးနွယ်စုလား?”
ကျိပါရှောင်သည် နားကြားမှားသွားသည်ထင့်၊ ထိုအဘိုးကြီးကို ခေါင်းအစ ခြေအဆုံး ပြန်စစ်ဆေးကာ မေးလာသည်။ “ဒါဆို သူက နောက်လိုက်ခွေးအကြီးအကဲပေါ့…”
ကောင်းပုလီ- “?”
ဒီလူငယ်လေးက ငယ်ငယ်လေးနဲ့ နားလေးနေတာလား၊ သူ့ဦးနှောက်ကလည်း အလုပ်မလုပ်တော့ဘူးလား?
ကောင်းကင်ခွေးမျိုးနွယ်စုပါ၊ နောက်လိုက်ခွေးမျိုးနွယ်စု မဟုတ်ပါဘူး!
ဒီအဘိုးကြီးကို ခွေးလို့ ခေါ်နိုင်ပေမယ့် နောက်လိုက်ခွေးလို့တော့ လုံးဝ ခေါ်လို့ မရဘူး!!
ဒါက ခွေးလောကရဲ့ ယဥ်ကျေးမှုပဲ!
“တကယ်တော့ အစ်ကိုကျိ ပြောတာ မမှားပါဘူး။ မင်းက ဟိုးအရင်က ဧကရီဖူယောင်ရဲ့ နောက်လိုက်ခွေးဖြစ်ခဲ့သေးတယ်ဆို" ယဲ့ကျွင်းလင်က ခဏတာစဥ်းစားပြီးနောက် အလေးအနက် ဆိုသည်။
ကောင်းပုလီ- “…”
“တာအိုမိတ်ဆွေယဲ့၊ ဒီလိုပြောလိုက်တော့ ဒီအဘိုးကြီးကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေပါတယ်!”
“ဒါနဲ့ နှစ်သစ်ကူးရောက်ပြီဆိုတော့ သူတော်စင်နယ်မြေမှာ ဖျော်ဖြေရေး အစီအစဥ်တွေ စီစဥ်ထားတာ ရှိလား? ဥပမာ- ပြက်လုံး၊ ဇာတ်လမ်းတို၊ သီချင်းဆိုတာကတာ ကျွမ်းထိုးတာ စသဖြင့်ပေါ့” ယဲ့ကျွင်းလင်က စိတ်ဝင်တစားဟန်ဖြင့် စပ်စုသည်။
လင်တုရှို၏ မျက်နှာမှာ တည်ကြည်နေလျက်။ “စိတ်မပူပါနဲ့၊ အကြီးအကဲယဲ့၊ အရင်ကတော့ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အကြီးအကဲရဲ့ တောင်းဆိုချက်ဖြစ်သရွေ့ ရွှယ်ထျန်း သူတော်စင်နယ်မြေက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမှာပါ။ ဒီရက်ပိုင်းအတွင်းမှာ နယ်မြေအရှင်ကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ခဲ့ပြီး အစီအစဥ်တိုင်းကို အံ့သြစရာကောင်းလောက်အောင် ပြင်ဆင်ထားခဲ့ပါတယ်!”
“မဆိုးဘူး” ယဲ့ကျွင်းလင်က ခေါင်းညိတ်သည်။
ကျိပါရှောင်သည် ရုတ်တရက် စိတ်အားထက်သန်လာပြီး လက်ထောင်ကာ တောင်းဆိုသည်။ “အားလုံးပဲ၊ ကျွန်တော်လည်း ပြသဖို့ အရည်အချင်းတစ်ခု ရှိတယ်!”
“မင်းလား?!”
လူတိုင်းက သံသယဖြင့် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
လီဝူကျယ်သည် တစ်ခုခုကို ပြန်သတိရမိဟန်ရှိပြီး မသက်မသာ အမူအရာဖြင့် ဝင်တားသည်။ "ညီလေးရေ မင်းရဲ့ စိတ်အားတက်ကြွမှုက ချီးကျူးစရာကောင်းပေမယ့် ဒီလို အထူးနေ့မြတ်မှာ အဲ့ဒီပုံစံမျိုးနဲ့ လူတိုင်းရှေ့မှာ ဖျော်ဖြေတာကတော့ နည်းနည်း ယဥ်ကျေးမှုမရှိရာ ရောက်ပါတယ်”
“အစ်ကိုကျိ၊ ခင်ဗျား နတ်ဘုရားစွမ်းရည်ကို သိမ်းထားလိုက်ပါဦး! ပြဿနာမရှာပါနဲ့!” လင်တုရှိုသည်လည်း အရင်အဖြစ်အပျက်ကို သတိရသွားပြီး မျက်နှာချက်ချင်းပျက်ကာ အလျင်အမြန် တားဆီးရန်ကြိုးစားသည်။
မည်သို့ပင်ဆိုစေ ကျိပါရှောင်၏ အသစ်တီထွင်ထားသော ယင်နှင့်ယန် နတ်ဘုရားစွမ်းရည်သည် သူတို့၏ စိတ်ထဲတွင် စွဲထင်နေပြီး မမေ့နိုင်စရာ ဖြစ်နေခဲ့သည်သာ။
ထိုသို့ထူးဆန်းသော နတ်ဘုရားစွမ်းရည်ကို ရွှယ်ထျန်း သူတော်စင်နယ်မြေတွင် ပြသခဲ့ပါက တပည့်များနှင့် အကြီးအကဲများစွာ ပရိတ်သတ်အဖြစ် ရှိနေမည်ဖြစ်သောကြောင့် အခမ်းအနားတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်မည် အသေအချာပင်။
“ဘာကို ဆိုလိုတာလဲ?” ယဲ့ကျွင်းလင်သည် သူ မသိသေးသော အသစ်အဆန်းတစ်ခုခု ရှိနေသလားဟု မျက်ခုံးပင့်ကာ စူးစမ်းသည်။
“ဆရာသခင်၊ ဒီလိုပါ၊ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် ယင်ယန်သူတော်စင်နယ်မြေကို သွားတုန်းက…” လီဝူကျယ်၏ အမူအရာမှာ အနည်းငယ် ရှက်ရွံ့နေဟန်ရသော်လည်း အရာအားလုံးကို အသေးစိတ် ရှင်းပြလာသည်။
“ဪ”
ဖြစ်ပျက်ခဲ့သည်များကို သိရှိသောအခါ ယဲ့ကျွင်းလင်သည် ကျိပါရှောင်ကို ရှားပါးရတနာတစ်ခုကဲ့သို့ အံ့အားသင့်သော အမူအရာဖြင့် ကြည့်သည်။
ဒီစွမ်းရည်က ကောင်းပါတယ်၊ အပျင်းပြေတာပေါ့။
ရုပ်ရှင်ကြည့်ချင်ရင်တောင် ရုပ်ရှင်ရုံသွားစရာ မလိုတော့ဘူးလေ။
တိုက်ရိုက် 3D စတီရီယို အသံပိုင်းဆိုင်ရာစနစ်နဲ့ လေပေါ်ပျံသန်းသွားသလို ခံစားချက်မျိုးပေးနိုင်မဲ့ အဆင့်မြင့်ရုပ်ရှင်ရုံ!
“အဟမ်း အဟမ်း၊ မင်းရဲ့ အရည်အချင်းကို ပြသချင်တဲ့ ဆန္ဒကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ဒါက နှစ်သစ်ကူးဖြစ်နေလို့ ဒီလိုမျိုးကိစ္စကတော့ မသင့်တော်ပါဘူး”
ယဲ့ကျွင်းလင်က တမင်တကာ ချောင်းဟန့်ပြီး အလေးအနက် ဆိုသည်။
“အာ၊ ဒါဆိုရင်တော့"
ကျိပါရှောင်လည်း စိတ်အားငယ်ကာ အနောက်သို့ နှစ်လှမ်းမျှဆုတ်ခွာသွားသည်။
သူ၏ ကြီးကျယ်သော အရည်အချင်းကို ပြသရန် နေရာမရှိတော့ဟု ခံစားရကာ အားမလိုအားမရ ဖြစ်လျက် ကူကယ်ရာမဲ့စွာ ညည်းညူလာ၏။ “ဒီလိုဆိုရင်တော့ ကျွန်တော် ဖျော်ဖြေစရာ ဘာမှမရှိတော့ပါဘူး…”
ရုတ်တရက် သူ့ပုခုံးကို တစ်စုံတစ်ယောက်က လာပုတ်သည်။
ကျိပါရှောင် ခေါင်းလှည့်ကြည့်လိုက်သောအခါ ကောင်းပုလီက သူ့ကို အားရပါးရပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ ထိုအပြုံးသည် ပြောမပြတတ်အောင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်။
“နောက်လိုက်ခွေးအကြီးအကဲ၊ ခင်ဗျား ဘာလုပ်ချင်တာလဲ?” ကျိပါရှောင်မှာ ရုတ်တရတ် ပင်ကိုအသိစိတ်ဖြင့် ကြက်သီးထကာ ပေါင်ကြားကို လက်ဖြင့်အမြန်အုပ်လိုက်သည်။
“လူငယ်လေး၊ မင်း လူအများရှေ့မှာ ဖျော်ဖြေလို့ မရပေမယ့် အချိန်ရရင်တော့ ဒီအဘိုးကြီးဆီ လာနိုင်ပါတယ်။ ဒီအဘိုးကြီးက မင်းရဲ့ အထူးအရည်အချင်းကို တော်တော်လေး စိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ ငါတို့က တာအိုမိတ်ဆွေတွေ ဖြစ်နေလို့ပဲ…”
ကောင်းပုလီက ပြောရင်း တခစ်ခစ်ရယ်သည်။
နတ်သမီးများ ရေချိုးသန့်စင်သည်ကို ခိုးကြည့်ရန် အထူးအသုံးပြုသော သူ၏ လေဟာနယ်မှန်မှာ ကွဲအက်သွားခဲ့ပြီး အနှစ်သက်ဆုံး ဖျော်ဖြေရေးနည်းလမ်း ပျောက်ဆုံးသွားပြီးနောက် ဤကာလအတွင်း တစ်ခုခု လစ်ဟာနေသည်ဟု အမြဲခံစားခဲ့ရသည်။
ယခုအခါ ကျိပါရှောင်၏ ယင်နှင့်ယန် နတ်ဘုရားကျင့်စဥ်သည် လူအများကို ပူပြင်းသည့် ရမ္မက်ဆန္ဒများနှင့် နွေဦးမြင်ကွင်းများကြား လက်တွေ့ရောက်ရှိသကဲ့သို့ နစ်မျောစေနိုင်ကြောင်း သိရှိရသောအခါ ကောင်းပုလီသည် ချက်ချင်းပင် အလွန်အမင်း စိတ်ဝင်စားသွားသည်။
ကျိပါရှောင်က ရွံရှာသော အမူအရာဖြင့် ဆို၏။ “ခင်ဗျားလို ရာထူးမြင့်တဲ့သူက ဒီလိုမျိုး လိုအပ်သေးတာလား? ခင်ဗျားကို သရုပ်ပြဖို့ ခွေးနှစ်ကောင်သုံးကောင် သွားရှာလိုက်ရုံပဲလေ? ဘယ်လောက် လွယ်လိုက်သလဲ!”
ကောင်းပုလီ၏ တောက်ပသောခွေးမျက်လုံးများ ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာကာ ကမန်းကတန်းဆိုသည်။
“မင်း ဘာတွေပြောနေတာလဲ၊ လူငယ်လေး? ဒီအဘိုးကြီးရဲ့ အကြိုက်က မင်းတို့ လူသားမျိုးနွယ်တွေနဲ့ အတူတူပဲ၊ သိပြီလား!”
ကျိပါရှောင်သည် ကြောက်စိတ်ဖြင့် အေးခဲသွားပြီးနောက် အလျင်အမြန်ပင် အမှားကို ဝန်ခံသည်။ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်တော် အထင်မှားသွားတယ်။ ဒါဆိုရင် ကျွန်တော်တို့က တကယ်ကို တာအိုမိတ်ဆွေတွေပဲ”
ဤအချိန်တွင် စန်းလန်ကျွင်းသည် အောက်ထပ်မှ အော်ဟစ်လာသည်။ “အားလုံးပဲ မြန်မြန်ဆင်းခဲ့ကြ၊ အစီအစဥ် စတော့မယ်!”
“သွားကြစို့”
ယဲ့ကျွင်းလင်တို့အဖွဲ့လည်း နေရာမှထွက်ခွာကာ ပွဲကျင်းပမည့်နေရာသို့ ဦးတည်လိုက်ကြ၏။