အခန်း (၅၈၈)
Vol. 42 Ch. 588
ပြန့်ပြူးသာယာသော ကွင်းပြင်ထက်တွင်။
လူအုပ်မှာ ထူထပ်ပြီး အဆုံးမရှိချေ။ မျက်စိတစ်ဆုံးအထိ ရှည်လျားနေသည်။
“ပထမဆုံးအနေနဲ့ ဒီနှစ်ပတ်လည် အစည်းအဝေးနဲ့ ပတ်သက်ပြီး ရွှယ်ထျန်း သူတော်စင်နယ်မြေရဲ့ နယ်မြေအရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ပြောစရာ သုံးချက် ရှိပါတယ်…”
အားကောင်းသော ကိုယ်လုံးကိုယ်ထည်နှင့် ခန့်ညားသည့် မျက်နှာရှိသော ကျန်းထျန်းမင်သည် ဤနေရာ၏ အာဏာကို လက်ဆုပ်လက်ကိုင်ပြုထားသူတစ်ဦးအဖြစ် အရှိန်အဝါကြီးမား၏။ သူသည် လက်များကို ကျောနောက်ပစ်ကာ စင်မြင့်၏ အလယ်တွင် မတ်တပ်ရပ်ပြီး အရေးကြီးမိန့်ခွန်းကို စတင်ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ တပည့်များနှင့် အကြီးအကဲများအားလုံးမှာ စိတ်ပျက်လက်ပျက် ပျင်းရိနေကြလျက်။ ထို ရှည်လျားကွေ့ပတ်သော မိန့်ခွန်းကြီးကား နှစ်ပတ်လည် အစည်းအဝေးတိုင်းတွင် မပါမဖြစ် အစိတ်အပိုင်းဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်ပင်။
ပြောနေရင်း သူ စိတ်လွတ်သွားသောအခါ သတိမထားမိတော့ဘဲ အဆုံးမရှိ ပြောပေဆိုပေတော့မည်။ သုံးချက်ဟု ဆိုထားသော်လည်း အမှန်တကယ် ဘယ်နှစ်ချက်ပါမည်မှန်း ဘယ်သူမှ ခန့်မှန်းထားလို့ရမည်မဟုတ်။
သို့သော် ဤတစ်ကြိမ်တွင် ယဲ့ကျွင်းလင် ရှိနေသောကြောင့် နှစ်ပတ်လည်အစည်းအဝေးမှာ ခါတိုင်းမပါဝင်တတ်သော အပိုင်းတစ်ပိုင်း ပါဝင်လာခဲ့လေသည်။
“ရှောင်ကျန်း၊ စကားတွေ မပွါးတော့ဘဲ မြန်မြန်ဆင်းခဲ့တော့။ ငါတို့က ရှိုးကြည့်ဖို့ စောင့်နေတာ” ယဲ့ကျွင်းလင်က ထိုင်နေရာမှာ စိတ်မရှည်လက်မရှည် လှမ်းအော်သည်။
သူ အမုန်းဆုံးမှာ ဤကဲ့သို့ မပြီးနိုင်မစီးနိုင် မိန့်ခွန်းမျိုးပင်။
အချိန်ကိုကုန်တယ်!
သူအရင်ဘဝက ကျောင်းတက်နေစဥ်အချိန်အတွင်း စင်မြင့်ပေါ်ရှိ ကျောင်းအုပ်ကြီးကို “စကားနည်းနည်းလောက် လျှော့ပြောလိုက်ရင် ခင်ဗျား သေသွားမှာမလို့လား?!!!” ဟု ပြောချင်ခဲ့သည့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် များပြားခဲ့သည်။
ထို့ကြောင့် ယဲ့ကျွင်းလင်သည် သူရှိနေသောကမ္ဘာတွင် ထိုသို့ရှည်လျားသောမိန့်ခွန်းမျိုး မရှိစေရဟု သတ်မှတ်ထား၏။
“အမ်”
ကျန်းထျန်းမင်သည် ချက်ချင်းပင် စကားလုံးများ ဆို့နင့်သွားပြီး သူ၏ အမူအရာမှာ အလွန် ရှက်ရွံ့နေဟန်ရသည်။
ဤနှစ်ပတ်လည် အစည်းအဝေးအတွက် စာမျက်နှာတစ်ရာစာ မိန့်ခွန်းကို သူ ပြင်ဆင်ထားခဲ့သည်ပင်။
ယခုတော့ ၉၉မျက်နှာခန့် ရေစုန်မျောရတော့မည်။
ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ...
သို့သော် ကျန်းထျန်းမင်သည် အနည်းငယ်မျှသော မကျေနပ်မှုကိုပင် ပြသရဲခြင်းမရှိပေ။ ထိုအစား ဖားယားချိုမြိန်သောအပြုံးဖြင့်သာ တုံ့ပြန်၏။ “ဟုတ်ကဲ့ အကြီးအကဲယဲ့၊ ကျွန်တော် ချက်ချင်း ဆင်းလာခဲ့ပါ့မယ်”
ထို့နောက် စင်မြင့်ပေါ်သို့ တက်လာတုန်းကပုံနှင့် မတူစွာ ကုပ်ချောင်းကုပ်ချောင်း ပြန်ဆင်းသွားရလေ၏။
ဤမြင်ကွင်းကို မြင်သောအခါ ရွှယ်ထျန်းကျင့်ကြံသူများမှာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး ယဲ့ကျွင်းလင်အား အလွန်ယုံကြည်ကိုးစား ကျေးဇူးတင်မိစွာ လှမ်းကြည့်လိုက်ကြတော့သည်။
ဘယ်လောက်တောင် ဉာဏ်ပညာကြီးမားလိုက်သလဲ!
မကြာမီပင်။
အစီအစဥ်များ တစ်ခုပြီးတစ်ခု စတင်ဖျော်ဖြေကြသည်။
အသုံးပြုသော ပစ္စည်းများကို စန်းလန်ကျွင်းက အခမဲ့ ပံ့ပိုးပေးခဲ့သည်။ သူသည် သူ၏ ပုံတူဖန်တီးနိုင်စွမ်းကို အသုံးပြုပြီး မတူညီသော ပုံစံအမျိုးမျိုးရှိ မသေမျိုးလက်နက်တုများကို ပံ့ပိုးပေးခဲ့ရာ ဖျော်ဖြေသူများမှာ လိုအပ်သမျှပစ္စည်းတိုင်းကို လိုလေသေးမရှိ ရရှိနိုင်ခဲ့လေသည်။
ဤသို့ဖြင့် ပြပွဲများမှာ အတော်လေးလက်တွေ့ကျကာ အသစ်အဆန်းဖြစ်လှ၏။
စင်မြင့်ပေါ်၌၊
ခန့်ညားသော လူငယ်တစ်ဦးသည် မြေပြင်ပေါ်သို့ ကန်ချခံရပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ လူအချို့က လှောင်ပြောင်ရယ်မောနေကြပြီး သူတို့ကို ဦးဆောင်နေသော အရပ်ရှည်ရှည် အမျိုးသားက လက်ပိုက်ကာ မာနကြီးစွာ ဆိုသည်။ “ကောင်လေး၊ ရွှင်အာနဲ့ အခုချက်ချင်းလမ်းခွဲဖို့ မင်းကို ငါ အကြံပေးတယ်။ မဟုတ်ရင် မင်း နောက်မှ နောင်တရလိမ့်မယ်!”
ထိုလူငယ်သည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး အံတင်းတင်းကြိတ်လျက် ဆိုသည်။ “ဘာဖြစ်လို့လဲ?!”
“ဘာလို့လဲဆိုတော့ မင်းက အညံ့စား အခြေခံကျင့်ကြံဆင့်ပဲရှိတဲ့ အမှိုက်တစ်စပဲလေ။ မင်းလို အမှိုက်ကောင်က ငါတို့ရွှင်အာနဲ့ ချစ်ကြိုက်ဖို့ စဥ်းစားရဲသေးတယ်လား? မှန်ထဲမှာ သွားပြန်ကြည့်လိုက်၊ မင်းနဲ့ထိုက်တန်ရဲ့လား?"
“ဟမ့်၊ မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်မှာ အနှစ်သုံးဆယ်၊ အချိန်ရေစီးကြောင်းကိုတိုင်တည်ပြီး ကျိန်ဆိုတယ်! ငါ၊ ရှောင်းယန်၊ တစ်နေ့ မင်းတို့ကို နောင်တရစေရမယ်!!”
...
ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာမှာတော့ ထူးခြားနေသည်။
သီချင်းဆိုခြင်း၊ ကခြင်း၊ တီးခတ်ခြင်းများထက် ဤဇာတ်လမ်းတိုက ပိုအရသာရှိနေသလို ခံစားရ၏။
ဇာတ်လမ်းများသည် အညံ့စားဆင်းရဲသားတစ်ဦး၏ အနိုင်ကျင့်ဖိနှိပ်ခံရခြင်းမှ ပြန်လည်ပညာမေးမှု၊ သိုးရေခြုံသော လှည့်စားမှုများ၊ သို့မဟုတ် အာဏာရှင် မသေမျိုးဘုရင်တစ်ပါးနှင့် ချစ်ကျွမ်းဝင်ခြင်း စသည်ဖြင့် ပေါပေါပဲပဲ ပုံပြင်ဇာတ်လမ်းများသာ ဖြစ်သည်။
“အကြီးအကဲယဲ့၊ နယ်မြေအရှင်က ကျွန်တော့်ကို မေးခိုင်းလိုက်ပါတယ်၊ ဒီအစီအစဥ်တွေကို ကျေနပ်မှုရှိပါရဲ့လားတဲ့” လင်တုရှိုက မေးသည်။
“မဆိုးပါဘူး၊ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်”
“ဒါဆို အဆင်ပြေပြီ”
လင်တုရှိုသည် ထိုအခါမှ သက်ပြင်းချကာ သူ့မျက်နှာထက် စိတ်သက်သာရာရသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
အစီအစဥ်တစ်ခု ပြီးဆုံးသွားသည်နှင့်အမျှ ပရိသတ်များထံမှ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်တီးသံများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို အားပေးမှုများနှင့် အော်ဟစ်သံများ ပြည့်နှက်သွားစေသည်။
ထိုအချိန်တွင်၊
စင်မြင့်အလယ်၌ အရပ်ရှည်ပြီး ခန့်ညားသော ခါးအထိ ကျနေသော အပြာရောင်ဆံပင်များဖြင့် လူတစ်ယောက် မတ်တပ်ရပ်လျက်ရှိ၏။
အပြာရောင်ဆံပင်ရှိသူသည် ရွှေရောင်မသေမျိုးလက်နက်ကို ကိုင်ဆောင်ထားပြီး မျက်လုံးများ နီရဲကာ မျက်ရည်များ စီးကျနေလျက် စိတ်ခံစားချက်အပြည့်ဖြင့် စကားများကို ဆိုသည်။
“ရှောင်ဝူ၊ ငါတို့ နောက်ဆုံးတော့ ပြန်လည်ပေါင်းစည်းရတော့မယ်…”
ရှေ့တွင် ပန်းရောင်စကတ်ဝတ်ဆင်ထားသော ယုန်နားရွက်ရှိသည့် အမျိုးသမီးတစ်ဦးက မျက်လုံးများမှေးမှိတ်လျက် လှဲလျောင်းနေသည်။
စကားဆိုပြီးနောက် အပြာရောင်ဆံပင်ရှိသူသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ လက်ထဲရှိ ရွှေရောင် မသေမျိုးလက်နက်ကို မြှောက်လိုက်ရာ သူ၏နောက်ဘက်တွင် တောက်ပသော အနီရင့်ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး အပြာရောင် ဆံပင်ရှည်များ လွင့်ပျံသွားသည်အထိ လေပြင်းတိုက်ခတ်လာသည်။
အပြာရောင်ဆံပင်ရှိသူသည် နာကျင်မှုကို သည်းခံထားရင်း နင့်သည်းသောအသံဖြင့် အော်ဟစ်လေသည်။
“ပြန်—လည်—ရှင်—သန်—စေ—! ငါ့—ချစ်—သူ—ကို—!”
သူ၏ အသံတွင် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် နက်နဲ၍ စစ်မှန်သော ခံစားချက်များ ပါဝင်နေပြီး မရေမတွက်နိုင်သော အမျိုးသမီးတပည့်များမှာ သည်းမခံနိုင်စွာ မျက်ရည်များ တသွင်သွင်စီးကျလာလေတော့သည်။
ယဲ့ကျွင်းလင်က နှာခေါင်းကို အရှက်ပြေပွတ်သပ်လိုက်သည်။ အတင်းအဓမ္မ ဖန်တီးထားသော ဒရာမာများကိုတော့ ရှက်စရာကောင်းသည်ဟု ခံစားမိ၏။
ပရိသတ်၏ စိတ်ခံစားချက်များ အမြင့်ဆုံးသို့ ရောက်ရှိနေစဥ် အချိန်၌ ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ နွားအော်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုက်ရွှမ်းပြည်နယ် တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားသည်။
“မူးးးး!!!”
ဤနက်ရှိုင်း၍ ကျယ်လောင်သော နွားအော်သံတွင် ကြောက်မက်ဖွယ်ဒေါသများ ပါဝင်နေသည်။
ထိုက်ရွှမ်းပြည်နယ်ရှိ ကျင့်ကြံသူများ အကြီးအကျယ် လန့်ဖျပ်သွားကြသည်။ ပျော်ရွှင်ဖွယ် ပွဲလမ်းသဘင် အငွေ့အသက်သည် ချက်ချင်း ပျက်စီးသွားပြီး ကျယ်ပြန့်သော သမုဒ္ဒရာကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအင်သည် ဒေသ၏ ထောင့်တိုင်းဆီသို့ စီးဆင်းသွားခဲ့၏။
“သောက်ပလုတ်တုတ်!”
အပြာရောင်ဆံပင်ရှိသော ပြဇာတ်မင်းသားမှာ မသေမျိုးလက်နက်ကြီးနှင့်အတူ ချော်လဲသွားရတော့၏။
သေချင်ယောင်ဆောင်နေသော ယုန်နားရွက်မိန်းကလေးမှာလည်း အသည်းအသန် ထအော်နေလေပြီ။
ရုတ်တရက် ပရိသတ်တစ်အုပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ဘာတွေ ဖြစ်နေတာလဲ?!” လူတိုင်းက အလန့်တကြား အော်ဟစ်ကုန်ကြ၏။
“ဒီစွမ်းအင်က၊ မဟုတ်မှ…” ကောင်းပုလီမှာ ရောက်လာသူအား ခန့်မှန်းမိလိုက်ဟန်ဖြင့် အကြီးအကျယ် မျက်နှာပျက်သွားတော့၏။
ဝေးကွာသော ကောင်းကင်ယံတစ်နေရာတွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး နွားခေါင်းနှင့် လူကိုယ်ရှိသော ပုံရိပ်သည် ပြင်းထန်သောဖိနှိပ်အားကို သယ်ဆောင်ကား ရွှယ်ထျန်း သူတော်စင်နယ်မြေထဲသို့ လျင်မြန်စွာ ကျူးကျော်ဝင်ရောက်လာသည်။ ခုခံကာကွယ်ရေး အစီအမံအားလုံးသည်လည်း ချက်ချင်း ဖျက်ဆီးခံရပြီး အသုံးမဝင်တော့ပေ။
နျိုပါ့ထျန်းသည် ဒေါသတလူလူထွက်နေပြီး သူ၏ နှာခေါင်းမှ လေပူများပင် အငွေ့တန်းလိုက် စီထွက်နေသည်။ တောက်ပသော မသေမျိုးစက်ဝန်းတစ်ခုက သူ၏ ခေါင်းနောက်ဘက်တွင် တောက်ပနေပြီး တစ်ကိုယ်လုံးသည် ထူထပ်သော စွမ်းအင်အခိုးအငွေ့များဖြင့် ဖုံးအုပ်နေကာ မျက်လုံးအစုံမှာလည်း နေမင်းကြီးအလား တောက်ပနေလျက်။
ခမ်းနားသော ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာပြီး ရွှယ်ထျန်း သူတော်စင်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
“နတ်ဆိုးတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ ဂိုဏ်းချုပ် ရောက်လာပြီ!”
“မင်း၊ ယဲ့မျိုးရိုး၊ မြန်မြန် ထွက်လာပြီး ပြစ်ဒဏ်ခံယူစမ်း!”
စာစဉ်ပြီး၏