← Chapters

ကောင်းကင်နတ်ဆိုး ဘယ်လိုပုံစံရှိလဲ သိချင်တယ်

Vol. 67 Ch. 992

ကောင်းကင်နတ်ဆိုး ဘယ်လိုပုံစံရှိလဲ သိချင်တယ်

Vol. 67 Ch. 992

ဟန်ယွမ်ခိုင်က သူ့ကိုယ်သူ ဓားဖြင့်ထိုးလိုက်သည်ကို မြင်သောအခါ လူတိုင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။

သူ အခု ဘာလုပ်နေတာလဲ။

သွေးဆာနည်းဗျူဟာပုံစံကြီး ပျက်စီးသွားပြီဖြစ်သည်။ ဒါတောင် သူက လက်မလျှော့သေးပဲ ထိုနည်းဗျူဟာပုံစံကို နောက်တစ်ကြိမ် ပြန်လည်တည်ဆောက်ချင်နေတာလား။

လူများက ဟန်ယွမ်ခိုင် ဘာလုပ်ရန် ကြိုးစားတာလဲဟု တွေးတောနေစဉ်မှာပင် သူက ရယ်မောကာ

“ထျန်းချန်ကမ္ဘာမှာ ကောင်းကင်နတ်ဆိုးတစ်ကောင် ရှိနေတယ်ဆိုတာကို ခင်ဗျားတို့ မသိကြသေးဘူးထင်တယ်။”

ထိုစကားကို ကြားသောအခါ မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ အလွန်အံ့ဩသွားကြကာ နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်သွားကြသည်။

ကောင်းကင်နတ်ဆိုး။

ထျန်းချန်ကမ္ဘာတွင် ကောင်းကင်နတ်ဆိုးတစ်ကောင် အမှန်တကယ် ရှိနေခဲ့တာလား။

ဒါက အဆင့်နိမ့်ကမ္ဘာတစ်ခုပဲ မဟုတ်လား။ ကောင်းကင်နတ်ဆိုးတစ်ကောင်က ဒီလိုကမ္ဘာမှာ ဘာလုပ်နေတာလဲ။

ထိုအရာက ကျင့်စဉ်ကျင့်သူတိုင်း၏ အိပ်မက်ဆိုးပင် ဖြစ်သည်။

အဆင့်နိမ့်ကမ္ဘာတစ်ခုကို မဆိုထားနှင့် ကောင်းကင်နတ်ဆိုးတစ်ကောင်တည်းကပင် ကျင့်စဉ် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

ထိုအခိုက်တွင် ဟန်ယွမ်ခိုင်က လုချန်းဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။

“ခင်ဗျားတို့သာ ကျုပ်ကို မလွှတ်ပေးဘူးဆိုရင် ကျုပ် အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်လိုက်မယ်။”

“ကောင်းကင်နတ်ဆိုး ပေါ်လာတဲ့အခိုက်မှာ ခင်ဗျားတို့အားလုံး သူ့လက်ချက်နဲ့ သေကြလိမ့်မယ်။”

နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ယောက် အနေဖြင့် ဟန်ယွမ်ခိုင်သည် မြူခိုးဒေသတွင် ရှိနေစဉ်ကတည်းက ကောင်းကင်နတ်ဆိုး၏ တည်ရှိမှုကို အာရုံခံမိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုး ဤအဆင့်နိမ့်ကမ္ဘာတွင် ဘာလုပ်နေသည်ကို သူ မသိသော်ငြားလည်း ထျန်းချန်ကမ္ဘာတွင် ရှိနေသည်မှာ သေချာသည်ဟု သူ ယုံကြည်၏။

သူ လုပ်ရန် လိုအပ်သည်မှာ ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်ရန် နည်းဗျူဟာပုံစံတစ်ခုကို အသုံးပြုလိုက်ရုံသာဖြစ်သည်။ ထိုအခါ ၎င်း သေချာပေါက် ပေါ်လာပေလိမ့်မည်။

အကယ်၍ ကောင်းကင်နတ်ဆိုးသာ ဤနေရာတွင် ကျင့်စဉ်ကျင့်သူများစွာကို မြင်တွေ့သွားပါက ကြီးကျယ်သော သတ်ဖြတ်ပွဲကြီး ပြုလုပ်မှာ သေချာသည်။ ထိုအခါ ယခု ရှိနေသော ကျင့်စဉ်ကျင့်သူများ တစ်ယောက်မှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။

ဟန်ယွမ်ခိုင်၏ ခြိမ်းခြောက်စကားကို ကြားသောအခါ လူတိုင်းက သူတို့၏ အကြည့်များကို လုချန်းထံသို့ လှည့်လိုက်ကြသည်။

မြူခိုးမှော်ဂိုဏ်းမှ လူများသည် ဟန်ယွမ်ခိုင်ကို ဒီအတိုင်း လွှတ်ပေးလိုက်ရန် ဆန္ဒမရှိကြပေ။ သို့သော်လည်း သူတို့သည် လက်ရှိတွင် ရှနိုင်ငံတော်၏ ရန်သူများ ဖြစ်နေကြဆဲဖြစ်ပြီး ဆွမ်ဧကရာဇ်ကို တောင်းဆိုရန် အခြေအနေမရှိချေ။

ထို့ပြင် ထျန်းချန်ကမ္ဘာတွင် ကောင်းကင်နတ်ဆိုး အမှန်တကယ် ရှိနေပါက ဟန်ယွမ်ခိုင်၏ ယင်ယန်နယ်ပယ်အဆင့်ဖြင့် ၎င်းကို အမှန်တကယ် ဆင့်ခေါ်နိုင်လောက်သည်။

တစ်ခဏမျှ နဂါးနက်မြို့ ပတ်ဝန်းကျင်တစ်ခုလုံး မယုံနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများအားလုံးသည် လုချန်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။

အခြားအင်အားစုများမှ ကျင့်စဉ်ကျင့်သူအများစုကမူ ဆွမ်ဧကရာဇ် ဟန်ယွမ်ခိုင်ကို လွှတ်ပေးပါစေဟု မျှော်လင့်နေကြသည်။ ဟန်ယွမ်ခိုင်သည် မြူခိုးမှော်ဂိုဏ်း၏ တပည့်များနှင့်သာ ရန်ငြိုးရှိသည်။ မြူခိုးမှော်ဂိုဏ်းသားများသာ စုပ်ယူခြင်းကို ခံခဲ့ရသဖြင့် အခြားအင်အားစုများက‌တော့ သူ့ကိုသိပ် မမုန်းတီးကြသေးပေ။

ကျင့်စဉ်ကျင့်သူအများစုကတော့ ယခုအခြေအနေတွင် ရှနိုင်ငံတော်ကို တိုက်ရိုက် သစ္စာခံလိုက်ရန်သာ တွေးနေကြပြီသည်။ ရှနိုင်ငံတော်သို့ ဝင်ရောက်ပြီးနောက် သူတို့ ထျန်းချန်ကမ္ဘာတွင် ဆက်လက်နေထိုင်နိုင်မည်ဖြစ်၏။

ထိုအခြေအနေက သူတို့၏ အနေအထားအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ သူတို့အတွက် မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ဖြစ်သည်ဖြစ်စေ၊ ရှနိုင်ငံတော်၏ လက်အောက်ခံများ ဖြစ်သည်ဖြစ်စေ များစွာ ကွာခြားမှု မရှိချေ။

အချိန်ကြာသည်အထိ လုချန်း တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်က နောက်တစ်ကြိမ် ခြိမ်းခြောက်လိုက်သည်။

“ခင်ဗျား မယုံဘူးဆိုရင် အတူတူ ပျက်စီးကြတာပေါ့။”

သူ စကားပြောနေစဉ်မှာပင် သူ၏ခြေထောက်အောက်တွင် ကြီးမားသော သွေးနီရောင် နည်းဗျူဟာပုံစံတစ်ခု ပေါ်လာခဲ့သည်။ ဤမြင်ကွင်းကို မြင်သောအခါ ရှိနေသော ကျင့်စဉ်ကျင့်သူများလည်း ထိတ်လန့်စပြုလာကြသည်။

သွားပြီ။

ထိုနတ်ဆိုး ဟန်ယွမ်ခိုင်သည် ကောင်းကင်နတ်ဆိုးကို အမှန်တကယ် ဆင့်ခေါ်တော့မည်။ ယခု သူတို့ ကံဆိုးကြပြီဖြစ်သည်။ သူတို့အားလုံး ကောင်းကင်နတ်ဆိုး၏ အစာ ဖြစ်သွားကြဖွယ် ရှိနေ၏။

ဟန်ယွမ်ခိုင်က ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်တော့မည့် ပုံစံရှိနေသော်လည်း နည်းဗျူဟာပုံစံကို အသက်သွင်းရန် သူ့ကိုယ်သူ တိုက်ရိုက် စတေးခြင်းတော့ မပြုချေ။ သူ၏ခြေထောက်အောက်မှ နည်းဗျူဟာပုံစံသည် တည်ဆောက်ထားသည့် အခြေအနေတွင်သာ ရှိနေသေးပြီး နောက်တစ်ဆင့် အသက်သွင်းရန် ယဇ်ပူဇော်မှုတစ်ခု လိုအပ်နေသည်။

ဟန်ယွမ်ခိုင်က ဆင့်‌ခေါ်ခြင်း နည်းဗျူဟာပုံစံကို အသက်မသွင်းသေးသည်ကို မြင်သောအခါ လုချန်းက ပြုံး၍

“ကောင်းကင်နတ်ဆိုး ဟုတ်လား။ ခင်ဗျားပြောတဲ့ ကောင်းကင်နတ်ဆိုးက ဘယ်လိုပုံစံရှိလဲဆိုတာကို ကျွန်တော် တော်တော်လေး သိချင်နေတာ။”

“ခင်ဗျားက ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်ချင်တယ်ဆိုတော့လည်း ကျွန်တော်မြင်ရအောင် ဆင့်ခေါ်ပြပါလား။”

ဤကမ္ဘာရှိ ကောင်းကင်နတ်ဆိုးသည် လုချန်း၏ ရှင်းလင်းခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် ဟန်ယွမ်ခိုင် အခြား ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်မှာကိုလည်း သူ လုံးဝ စိုးရိမ်ခြင်းမရှိပေ။ အကယ်၍ ဤကမ္ဘာတွင် ကောင်းကင်နတ်ဆိုးအသစ်တစ်ကောင် ပေါ်လာလျှင်ပင် နတ်ဆိုးနှင်အလံကို လက်ထဲတွင် ကိုင်ဆောင်ထားသော လုချန်းကတော့ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ဟန်ယွမ်ခိုင်၏ ခြိမ်းခြောက်မှုကို သူ နည်းနည်းမှ အလေးမထားခဲ့ချေ။

သူ၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ဟန်ယွမ်ခိုင် အနည်းငယ် စိုးရိမ်လာပြီး နှာခေါင်းရှုံ့လိုက်သည်။

“ကျုပ် မလုပ်ရဲဘူးလို့ ခင်ဗျားထင်နေတာလား။ ခင်ဗျားကို နောက်ဆုံးတစ်ခေါက် သတိပေးလိုက်မယ်။ ခင်ဗျားသာ ကျုပ်ကို ထပ်တိုက်ခိုက်ရဲရင် ကျုပ်ချက်ချင်း ကောင်းကင်နတ်ဆိုးကို ဆင့်ခေါ်လိုက်မယ်။”

စကားပြောနေစဉ်အတွင်း ဟန်ယွမ်ခိုင်၏ ခြေထောက်အောက်ရှိ နည်းဗျူဟာပုံစံမှ အနီရောင်အလင်းတန်းများ ထုတ်လွှတ်လာပြီး အသက်ဝင်တော့မလို ဖြစ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်လေထုသည် အလွန်အမင်း ဖိအားများလာခဲ့သည်။

လုချန်းက

“ကောင်းကင်နတ်ဆိုးကို ကျွန်တော် အရမ်း စိတ်ဝင်စားတယ်လို့ ကျွန်တော်ပြောထာားတယ်။ ခင်ဗျားသာ ဆင့်ခေါ်နိုင်ရင် ကျွန်တော်မြင်ရအောင် ဆင့်ခေါ်ပြပါ။”

“အခုတော့ ဂိုဏ်းချုပ်ဟန်က ဆင့်ခေါ် နည်းဗျူဟာပုံစံကို အသက်သွင်းဖို့ နောက်ကျနေပါလား။ သေမှာကြောက်လို့ ကောင်းကင်နတ်ဆိုးကို မခေါ်ရဲတာများလား”

ဟု လုချန်းက မှတ်ချက်ပြုလိုက်သည်။

“အဲ့ဒီလိုသာဆိုရင်တော့ ဂိုဏ်းချုပ်ဟန်ကို ကျွန်တော် ကူညီပေးရတာပေါ့။”

စကားဆုံးသည်နှင့် လုချန်း သူ၏ လက်ချောင်းများလှုပ်ကာ မန္တာန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ နောက်တစ်ခဏတွင် နတ်ဆိုးနှင်အလံသည် ဟန်ယွမ်ခိုင်အနီးသို့ ပျံသန်းသွားပြီး မကြာမီ ရောင်စုံအလင်းကွင်းများကို တစ်ဖန်ပြန်လည် ထုတ်လွှတ်လိုက်သည်။

ရောင်စုံအလင်းကွင်းများ ဟန်ယွမ်ခိုင်အပေါ်သို့ ကျရောက်သောအခါ သူ၏ ခန္ဓာကိုယ်သည် မီးလောင်နေသကဲ့သို့ ပူလောင်လာပြီး ချက်ချင်းပင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။

လုချန်းက သူ့ကို အမှန်တကယ် လက်ရောက်တိုက်ခိုက်လာသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒါတော့ လွန်လွန်းသွားပြီ။ မင်းက ကျုပ်ကို အသက်မချမ်းသာပေးဘူးဆိုမှတော့ အတူတူ သေကြတာပေါ့။”

နောက်တစ်ခဏတွင် ဟန်ယွမ်ခိုင်၏ ခြေထောက်အောက်ရှိ နည်းဗျူဟာပုံစံမှ တောက်ပသော အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သွေးမြူများ ပေါက်ကွဲသွားပြီး ကောင်းကင်နတ်ဆိုးခေါ် နည်းဗျူဟာပုံစံကို အသက်သွင်းရန် သူ့ကိုယ်သူ အမှန်တကယ် စတေးလိုက်သကဲ့သို့ ထင်မှတ်ရစေသည်။

သို့သော် ပြဿနာကို စုဟန်ယန် ချက်ချင်း သတိပြုမိလိုက်သည်။ ဟန်ယွမ်ခိုင်၏ အငွေ့အသက်သည် မြူခိုးဒေသဘက်သို့ လျင်မြန်စွာ ရွေ့လျားသွားနေသည်ကို သူမ ထင်ထင်ရှားရှား အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

စုဟန်ယန် ခေါင်းလှည့်ကြည့်လိုက်သော်လည်း ဟန်ယွမ်ခိုင်၏ ပုံရိပ်ကို မတွေ့ရချေ။ ဖြစ်ပျက်နေသည့်အရာကို သူမ လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။

ဟန်ယွမ်ခိုင် မသေချင်ပေ။ အခြားသူများကို ခြောက်လှန့်ပြီး အာရုံကို လွှဲကာ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ရည်ရွယ်ခဲ့ခြင်းသာဖြစ်သည်။

ဟန်ယွမ်ခိုင်သည် သူတို့၏ ဆရာကို သေဆုံးစေခဲ့ရုံသာမက မြူခိုးမှော်ဂိုဏ်းကိုလည်း နှစ်ခြမ်းကွဲစေခဲ့သည်။ ထိုကဲ့သို့သော နတ်ဆိုးကို စုဟန်ယန် လွတ်မြောက်ခွင့်ပေးနိုင်မည် မဟုတ်ပေ။

ချက်ချင်းပင် စုဟန်ယန် သူမ၏ ဓားပျံဖြင့် ပျံသန်းလိုက်သည်။ သူမခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဟန်ယွမ်ခိုင် ထွက်ပြေးသွားသော လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။

လုချန်းလည်း ဟန်ယွမ်ခိုင် မသေသေးသည်ကို အာရုံခံမိလိုက်သည်။ ဟန်ယွမ်ခိုင်အပေါ်မှ နတ်ဆိုးစွမ်းအင် မပျောက်ကွယ်သေးချေ။ နတ်ဆိုးနှင်အလံသည် နတ်ဆိုးစွမ်းအင်ကို အထူးအာရုံခံနိုင်စွမ်းရှိရာ လုချန်းလည်း ၎င်းမှတစ်ဆင့် ဟန်ယွမ်ခိုင်၏ လှုပ်ရှားမှုများကို လွယ်ကူစွာ သိရှိနိုင်ခဲ့သည်။

ဟန်ယွမ်ခိုင်က မြေလျှိုးနည်းဖြင့် ထွက်ပြေးရန် ရည်ရွယ်နေသည်ကို မြင်သောအခါ

လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။

သူ အလျင်မလိုပေ။ ဟန်ယွမ်ခိုင် မည်မျှပင် မြန်ဆန်စေကာမူ သူ၏ နတ်လှေထက်တော့ မြန်နိုင်မည်မဟုတ်ချေ။ နတ်လှေသည် ထျန်းချန်ကမ္ဘာရှိ မည်သည့်နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သည်။

လက်ရှိတွင် ဟန်ယွမ်ခိုင်သည် နတ်ဆိုးနှင်အလံကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားသည်။ မြေလျှိုးခြင်းက စိတ်ဝိညာဉ်စွမ်းအား အမြောက်အများကို သုံးစွဲရသောကြောင့် သူ၏ ပြေးနှုန်းသည် ဓားပျံကို အသုံးပြုစဉ်ကဲ့သို့ မမြန်တော့ပေ။

မကြာမီပင် စုဟန်ယန် ဟန်ယွမ်ခိုင်ကို အမီလိုက်နိုင်ခဲ့သည်။ သူမက သူ၏ရှေ့သို့ ပျံသန်းကာ လမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်၏။

တစ်ဆက်တည်းပင် သူမ၏ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဓားစွမ်းအင်လှိုင်းပေါင်း တစ်ဒါဇင်ကျော်သည် မြေပြင်ပေါ်တွင် မရေမတွက်သော မြောင်းများဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် ဟန်ယွမ်ခိုင်လည်း မတတ်သာတော့ပဲ အပြင်သို့ ထွက်လာခဲ့ရသည်။

အပြင်သို့ ခုန်ထွက်လာပြီးနောက် ဟန်ယွမ်ခိုင်က သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ စုဟန်ယန်က သူ၏လမ်းကို ပိတ်ဆို့နေသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင် နှာခေါင်းရှုံ့လိုက်သည်။

“ညီမလေး။ ငါက မင်းရဲ့ အစ်ကိုကြီးလေ။ မင်းက ငါ့ကို ဒီလိုဆက်ဆံတာလား။”

စုဟန်ယန်က အေးစက်စွာ ပြောလိုက်သည်။ “နတ်ဆိုးတစ်ကောင်က ကျွန်မရဲ့ အစ်ကိုကြီးဖြစ်ဖို့ မထိုက်တန်ဘူး။”

“ရှင်က ဆရာ့ကို သတ်ခဲ့တယ်။ ဒီနေ့ ရှင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ အာမခံတယ်။”

ဟန်ယွမ်ခိုင်က နှာခေါင်းရှုံ့ကာ

“ညီမလေး။ ငါ ဒဏ်ရာရလို့ မင်းကငါ့ကို ယှဉ်နိုင်မယ်လို့ တကယ်ထင်နေတာလား။ ရယ်စရာကောင်းလိုက်တာ။”

စကားပြောနေစဉ်မှာပင် သူ၏ခန္ဓာကိုယ်မှ သွေးစွမ်းအင်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ စုဟန်ယန်ဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

ဟန်ယွမ်ခိုင်သည် စုဟန်ယန်နှင့် အချိန်များစွာ ဖြုန်းရန် ရည်ရွယ်ချက်မရှိပေ။ သူ အလျင်အမြန် ထွက်ပြေးရန် လိုအပ်သည်။ အကယ်၍ ဆွမ်ဧကရာဇ်သာ အမီလိုက်လာပါက သူ၏သေဆုံးမှာ သေချာနေသည်။

ဟန်ယွမ်ခိုင်က သူမဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ စုဟန်ယန်က သူမ၏ ဓားကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို စုစည်း၍ ဓားကို ဝှေ့ယမ်းလိုက်၏။

လေပြင်းမိုးကြိုးဓား။

စုဟန်ယန် လေပြင်းမိုးကြိုးဓားကို အသုံးပြုသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

နောက်တစ်ခဏတွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေသော ဧရာမဓားကြီးတစ်လက် ဟန်ယွမ်ခိုင်ဆီသို့ ထိုးစိုက်သွားခဲ့သည်။

ဟန်ယွမ်ခိုင်က တန်ပြန်တိုက်ခိုက်ခြင်းမပြုပဲ စုဟန်ယန်အား

“ညီမလေး။ ကျေးဇူးတင်ပါတယ်။”

“မိုးကြိုးပျံ ခြေလှမ်း။”

ဟန်ယွမ်ခိုင်၏ ခန္ဓာကိုယ် လေပြင်းမိုးကြိုးဓား၏ ထိမှန်ခြင်းကို မခံခဲ့ရပါ။ ထိုအစား သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် လျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ စုဟန်ယန်၏ ဘေးမှ ဖြတ်ပြေးသွားခဲ့သည်။

စုဟန်ယန် ဤအရာကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ဟန်ယွမ်ခိုင် ထွက်ပြေးလွတ်မြောက်သွားပြီးမှသာ သူ၏အသံ သူမ၏နောက်မှ ရောက်ရှိလာခဲ့သည်။

“ညီမလေး။ လေပြင်းမိုးကြိုးဓားက မင်းကို ငါကိုယ်တိုင် သင်ပေးခဲ့တာလေ။ ဒါကို ဘယ်လိုတန်ပြန်ရမလဲဆိုတာ ငါမသိလောက်ဘူးလို့ မင်းထင်နေတာလား။”

All Chapters