ကောင်းကင်နတ်ဆိုး ပေါ်မလာသေး
Vol. 67 Ch. 993
ဟန်ယွမ်ခိုင်သည် စုဟန်ယန်၏ လေပြင်းမိုးကြိုးဓားကြောင့် ထိခိုက်ဒဏ်ရာမရခဲ့သည့်အပြင် လေထဲရှိ မိုးကြိုးဓာတ် စိတ်ဝိညာဉ်စွမ်းအား အကူအညီဖြင့် သူ၏ မိုးကြိုးပျံခြေလှမ်းဖြင့် အသုံးပြုကာ ချက်ချင်းဆိုသလို မြူခိုးဒေသဆီသို့ ပြေးဝင်သွားခဲ့သည်။
ဟန်ယွမ်ခိုင်၏အမြင်တွင် သူသာ မြူခိုးဒေသထဲသို့ ဝင်ရောက်နိုင်လျှင် မည်သည့်နေရာတွင်မဆို ပုန်းအောင်းနေနိုင်မည်ဖြစ်သည်။ ထိုအခါ ဆွမ်ဧကရာဇ် သူ့ကို ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။
ထို့ပြင် မြူခိုးဒေသအတွင်းမှ နေရာသည် အလွန်အမင်း မတည်ငြိမ်ဖြစ်လာသည်။ အထူးသဖြင့် ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီးနောက် ထိုနေရာသည် ပြိုကျလုနီးပါး လက္ခဏာများ ပြသလာခဲ့သည်။ ထို့ကြောင့် သူ့အတွက်နှင့် မြူခိုးဒေသထဲသို့ စွန့်စားဝင်ရောက်ရန် ဆွမ်ဧကရာဇ်ဆီမှာ အကြောင်းပြချက် မရှိတော့ချေ။
ဟန်ယွမ်ခိုင် မိုးကြိုးလျှပ်စီးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ စုဟန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ဆရာကို သတ်ခဲ့သော ထိုလူကို ဤမျှ လွယ်ကူစွာ လွတ်မြောက်သွားခွင့်ပေးရန် သူမ လုံးဝ ဆန္ဒမရှိပေ။
နောက်တစ်ခဏတွင် စုဟန်ယန်သည် ဟန်ယွမ်ခိုင် ထွက်ပြေးသွားသော လမ်းကြောင်းအတိုင်း လိုက်လံရန် သူမ၏ ဓားကို ထပ်မံ အမိန့်ပေးလိုက်သည်။
လေပြင်းမိုးကြိုးဓား၏ လျှပ်စီးစိတ်ဝိညာဉ်စွမ်းအားကို အခွင့်ကောင်းယူကာ ဟန်ယွမ်ခိုင်၏အရှိန်သည် မယုံနိုင်လောက်အောင် မြန်ဆန်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မြူခိုးဒေသနှင့် ထျန်းချန်ကမ္ဘာကြား နယ်နိမိတ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။
ပိုမိုနီးကပ်လာသော မြူခိုးဒေသကို ကြည့်ရင်း ဟန်ယွမ်ခိုင် အလွန်အမင်း ဝမ်းမြောက်သွားပြီး သူ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့ပြီဟု ယုံကြည်နေသည်။
ထိုအခိုက်တွင် သူ၏ အနာဂတ် အစီအစဉ်များကိုပင် စိတ်ကူးယဉ်နေခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူ မြူခိုးဒေသမှ ထွက်လာမည်။ ထို့နောက် အသွင်သဏ္ဌာန်အသစ်တစ်ခုကို အသုံးပြု၍ ဆွမ်ဧကရာဇ်အနီးသို့ ချဉ်းကပ်မည်။ နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ယောက်ဖြစ်သော သူ့အတွက် ရုပ်ရည်ပြောင်းလဲခြင်းသည် အတော်လေး လွယ်ကူသော ကိစ္စဖြစ်၏။
ထို့နောက် ဆွမ်ဧကရာဇ်၏ နတ်လှေကို အသုံးပြု၍ ဤနေရာမှ ထွက်ခွာသွားနိုင်လောက်သည်။
ဘယ်လိုပုံစံက ဆွမ်ဧကရာဇ်၏ သတိပြုမိမှု အနည်းဆုံးဖြစ်မည်ကိုပင် ဟန်ယွမ်ခိုင် စဉ်းစားနေခဲ့သည်။ ထိုစဉ်မှာပင် ရုတ်တရက် ကောင်းကင်ယံတွင် ကြီးမားသော အရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် ဓားစွမ်းအင်တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး သူ့ကို တိုက်ရိုက် တိုက်ခိုက်လာခဲ့သည်။ ဟန်ယွမ်ခိုင် တုံ့ပြန်ချိန်ပင် မရ တော့ပေ။
ဓားစွမ်းအင်သည် သူ့ကို ထိမှန်တော့မည့်အချိန်တွင် ဟန်ယွမ်ခိုင်လည်း လှုပ်ရှားမှုကို အချိန်မီ ရပ်တန့်လိုက်ရသည်။ ရှေ့သို့ဆက်မသွားတော့ပဲ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်သို့ ခြေတစ်လှမ်း အမြန်ဆုတ်လိုက်ရသည်။
ထိုအခိုက်တွင် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ဧရာမနတ်လှေကြီးနှင့် လှေဦးတွင် ရပ်နေသော ဆွမ်ဧကရာဇ်ကို တွေ့လိုက်ရသည်။
ဟန်ယွမ်ခိုင်က မျက်နှာပျက်လျက် ပြောလိုက်သည်။
“ဆွမ်ဧကရာဇ်။ ခင်ဗျားကို တကယ်ပဲ ဒီလောက် ရက်ရက်စက်စက် ရှင်းပစ်မှ ဖြစ်မှာလား။”
လုချန်းက ပြုံးလျက်
“ခင်ဗျားက မြူခိုးမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သက်သက်သာဆိုရင် ကျွန်တော် ခင်ဗျားကို အသက်ချမ်းသာပေးကောင်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ခင်ဗျားက နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ယောက်လည်း ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားကို မလွှတ်ပေးနိုင်ဘူး။”
ဒေါသနှင့် သေဘေးကို ကြောက်စိတ်တို့က ဟန်ယွမ်ခိုင်၏ စိတ်နှလုံးကို လွှမ်းမိုးသွားသည်။ ယခု သူ့တွင် ဆွမ်ဧကရာဇ်နှင့်အတူတူ သေဆုံးသွားရန် အတွေးသာ ကျန်တော့သည်။
ဟန်ယွမ်ခိုင်က အေးစက်စွာဖြင့်
“ခင်ဗျားက ဒီလောက် ရက်ရက်စက်စက် ရှင်းပစ်ဖို့ ဆုံးဖြတ်ထားမှတော့ အတူတူ မြေမြှုပ်ခံကြတာပေါ့။”
ယခု သူ မည်သို့ ထွက်ပြေးရန် ကြိုးစားစေကာမူ နတ်လှေကိုကျော်အောင် မပြေးနိုင်ကြောင်း ဟန်ယွမ်ခိုင် သဘောပေါက်လိုက်သည်။
သူ မသေချင်ပေ။ သို့သော် ဆွမ်ဧကရာဇ် သူ့ကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိတာ ရှင်းနေသည်။ ဆွမ်ဧကရာဇ်က သူ့ကို အသက်မရှင်စေချင်မှတော့ သူတို့အားလုံး အတူတူ သေဆုံးခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု သူ တွေးလိုက်သည်။
နောက်တစ်ခဏတွင် ဟန်ယွမ်ခိုင် သူ၏ ဓားကို မြေကြီးထဲသို့ ထိုးစိုက်လိုက်ရာ အနီရောင် နည်းဗျူဟာပုံစံတစ်ခု မြေပြင်ပေါ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။
စုဟန်ယန် ရောက်ရှိလာသောအခါ ဆင့်ခေါ် နည်းဗျူဟာပုံစံကို အသက်သွင်းနေသော ဟန်ယွမ်ခိုင်ကို တွေ့လိုက်ရသည်။ ဟန်ယွမ်ခိုင် ထိုနည်းဗျူဟာပုံစံကို အမှန်တကယ် အသက်သွင်းလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမ မှင်တက်မိနေခဲ့သည်။
နည်းဗျူဟာပုံစံ ဖွဲ့စည်းပြီးသည်နှင့် ဟန်ယွမ်ခိုင်က သွေးတစ်လုပ်ကို ထွေးထုတ်ကာ ရယ်မောလိုက်သည်။
“ဆွမ်ဧကရာဇ်။ ခင်ဗျားက ဘယ်အင်အားစုရဲ့ မျက်နှာသာပေးခံရတဲ့ သားတော်ပဲဖြစ်ဖြစ် ကျုပ်ကတော့ ဂရုမစိုက်ဘူး။ ဒီနေ့ ဒီအဆင့်နိမ့်ကမ္ဘာမှာ ခင်ဗျားလည်း ကျုပ်နဲ့အတူ သေဆုံးရလိမ့်မယ်။”
“ကျုပ် မသေခင်မှာ အင်အားစုကြီးတစ်ခုရဲ့ မျက်နှာသာပေးခံရတဲ့ သားတော်တစ်ယောက်ကိုပါ အဖော်ခေါ်သွားနိုင်တာက တန်ပါတယ်။”
လုချန်း၏ နောက်ခံအမှန်ကို သူ မသိပါ။ သို့သော် နတ်လှေရှိနေခြင်း တစ်ခုတည်းနှင့်ပင် ဆွမ်ဧကရာဇ်ဆိုသူ သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။ ဟန်ယွမ်ခိုင် အမုန်းဆုံးအရာမှာ ထိုကဲ့သို့ မျက်နှာသာပေးခံရသော သားတော်များဖြစ်သည်။
သူ၏ ဒုက္ခအားလုံးသည် ထိုမျက်နှာသာပေးခံရသော သားတော်များကြောင့်ဟု စိတ်ထဲ စွဲမြဲစွာ ယူဆထားသည်။ မျက်နှာသာပေးခံရသော သားတော်တစ်ယောက်ကို သူနှင့်အတူ သေဆုံးရန် အဖော်စပ်နိုင်ခြင်းက သူ့ကို ငြိမ်းချမ်းစွာ သေဆုံးရန် အသင့်ဖြစ်စေခဲ့သည်။
သို့သော်လည်း ဟန်ယွမ်ခိုင် မကြာမီ ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ ဆင့်ခေါ်နည်းဗျူဟာပုံစံ ပြီးမြောက်သွားခဲ့ပြီဖြစ်သလို သူ၏အသက်သည်လည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ သို့သော် ကောင်းကင်နတ်ဆိုး ပေါ်မလာသေးချေ။
သွေးတစ်ပွက် ထပ်မံထွေးထုတ်လိုက်ပြီး နည်းဗျူဟာပုံစံ၏ အလယ်တွင် ဟန်ယွမ်ခိုင် လဲကျသွားသည်။ ထို့နောက် သူ၏မျက်လုံးများ မယုံနိုင်ခြင်းများဖြင့် ပြူးကျယ်သွားပြီး
“ဘယ်လို... ဘယ်လိုလုပ်ပြီး ဒါက ဖြစ်နိုင်ရတာလဲ...”
“ကောင်းကင်နတ်ဆိုး...ဘာလို့ပေါ်မလာသေးတာလဲ...”
သူ၏အာရုံခံစားမှုတွင် အမှားအယွင်းရှိသည်ဟု မယုံကြည်ပေ။ နတ်ဆိုးကျင့်စဉ်ကျင့်သူများသည် ကောင်းကင်နတ်ဆိုးများ၏ အငွေ့အသက်ကို အလွန်အာရုံခံနိုင်စွမ်းရှိသည်။ ထိုကောင်းကင်နတ်ဆိုး၏ အငွေ့အသက်မှာ အထူး ပြင်းထန်လှပြီး မြူခိုးဒေသတွင်ရှိစဉ်က သူ တစ်ကြိမ်ထက်မက အာရုံခံမိခဲ့သည်။
သို့သော်လည်း ယခု ဆင့်ခေါ်နည်းဗျူဟာပုံစံကို အသုံးပြုခဲ့ပြီး သူ၏အသက်သည်လည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ သို့သော်လည်း ကောင်းကင်နတ်ဆိုး ပေါ်မလာသေးချေ။
ယခု ထိုဆင့်ခေါ် နည်းဗျူဟာပုံစံက ဟန်ယွမ်ခိုင်၏ သွေးအနှစ်သာရကို လျင်မြန်စွာ စုပ်ယူနေသည်။ သူ၏ခန္ဓာကိုယ်လည်း သိသိသာသာ အိုမင်းရင့်ရော်လာပြီး အရေပြားများကလည်း ခြောက်သွေ့နေသော သစ်ပင်အိုတစ်ပင်၏ အခေါက်ကဲ့သို့ တွန့်လိမ်လာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လုချန်းက ရယ်မောကာ
“ဂိုဏ်းချုပ်ဟန်။ ခင်ဗျားခေါ်လိုက်တဲ့ ကောင်းကင်နတ်ဆိုး ဘယ်မှာလဲ။ ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ။”
လုချန်း၏ လှောင်ပြောင်သံကို ကြားသောအခါ ဟန်ယွမ်ခိုင် သွေးတစ်ပွက်ကို ထပ်မံထွေးထုတ်လိုက်သည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”
ဟန်ယွမ်ခိုင်၏ သွေးအနှစ်သာရအားလုံး ဆင့်ခေါ် နည်းဗျူဟာပုံစံ၏ စုပ်ယူခြင်းကို ခံရလုနီးပါးဖြစ်နေသည်ကို လုချန်းမြင်လိုက်ပြီးနောက် အဖြစ်မှန်ကို သိပြီးမှ သေစေလိုသဖြင့်
“ကျွန်တော် ရုတ်တရက် တစ်ခုသတိရသွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ချွမ်နိုင်ငံတော်မှာ ကျွန်တော် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့ဖူးတယ်။ ခင်ဗျား ခေါ်ယူလိုက်တဲ့တစ်ကောင်က အဲ့ဒီ ကောင်းကင်နတ်ဆိုးပဲများလားပဲ။”
ထိုစကားကို ကြားသောအခါ ဟန်ယွမ်ခိုင်က အရှုံးကို လက်မခံလိုပဲ သူ၏ လက်ကို မြှောက်ကာ ကောင်းကင်မှ လုချန်းကိုထိုးလိုက်သည်။
“မင်း...”
ဟန်ယွမ်ခိုင် သူ၏ စကားကို အဆုံးအသတ်နိုင်မီတွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ အရေပြားတစ်လွှာသာ ကျန်တော့သည်။
ဆင့်ခေါ် နည်းဗျူဟာပုံစံ လည်ပတ်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ဤကမ္ဘာ၏ ကောင်းကင်နတ်ဆိုးအားလုံးကို သူ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ဒါဆို ဟန်ယွမ်ခိုင်၏ ဆင့်ခေါ် နည်းဗျူဟာပုံစံက အဘယ်ကြောင့် လည်ပတ်နေဆဲ ဖြစ်သနည်း။
ကောင်းကင်နတ်ဆိုးများ မရှိပါက ဆင့်ခါ် နည်းဗျူဟာပုံစံက ဆင့်ခေါ်သူ၏ သွေးကို တက်ကြွစွာ စုပ်ယူသင့်သည် မဟုတ်ပါလား။
ဤအချိန်တွင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာခဲ့သည်။
“နတ်ဆိုးကျင့်စဉ်ကျင့်သူ၏ ကောင်းကင်နတ်ဆိုးဆင့်ခေါ်မှုသည် ကမ္ဘာအားလုံးမှ ကောင်းကင်နတ်ဆိုးများကို ခေါ်ဆောင်နိုင်သည်။ သခင်သည် ဤကမ္ဘာ၏ ကောင်းကင်နတ်ဆိုးများကို ချေမှုန်းခဲ့ပြီးဖြစ်သည်။ အခြားကမ္ဘာများမှ ကောင်းကင်နတ်ဆိုးများ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိရန် အချိန်အတော်ကြာ လိုအပ်လိမ့်မည်။ ဆင့်ခေါ်ခြင်း နည်းဗျူဟာပုံစံသည် အသက်ဝင်သွားပြီဖြစ်သောကြောင့် ယင်းကို ပြန်လည်ရုပ်သိမ်းရန် နည်းလမ်းမရှိတော့ပါ။”
စနစ်၏ ရှင်းပြချက်ကို ကြားသောအခါ လုချန်းလည်း ဖြစ်နေသည့်အရာကို သဘောပေါက်သွားခဲ့သည်။
လုချန်း သူ့ဘာသာသူ တွေးလိုက်သည်။
“ဒါဆိုရင် ဟန်ယွမ်ခိုင်ရဲ့ ဆင့်ခေါ်နည်းဗျူဟာပုံစံကို အာရုံခံမိပြီး အခြားကမ္ဘာက ကောင်းကင်နတ်ဆိုးတွေ ဒီကမ္ဘာကို ရောက်လာနိုင်သေးတယ်ပေါ့။”
စနစ်က
“ဟုတ်ပါတယ်”
လုချန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှေ့တွင် ဒုက္ခရောက်နိုင်သည်ကို သူအာရုံခံမိလိုက်သည်။ ကံကောင်းစွာဖြင့် သူ့ထံ၌ နတ်ဆိုးနှင်အလံ ရှိနေသည်။ သို့သော် ယင်းက အခြားကမ္ဘာများမှ ကောင်းကင်နတ်ဆိုးများကို ထိန်းချုပ်နိုင်မလား ဆိုတာကိုတော့ သူ မသေချာနိုင်ပေ။
သူ နောက်ဆုံးအကြိမ် ချွမ်နိုင်ငံတော်တွင် သတ်ခဲ့သော ကောင်းကင်နတ်ဆိုးသည် ဒဏ်ရာရနေသော နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။ အကယ်၍ ပိုမိုအားကောင်းသော ကောင်းကင်နတ်ဆိုးတစ်ကောင် ရောက်လာပါက သူ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထိုအတွေးဖြင့် လုချန်းလည်း သူ၏ ဓားကို ဟန်ယွမ်ခိုင်၏ ဆင့်ခေါ် နည်းဗျူဟာပုံစံဆီသို့ ထိုးစိုက်လိုက်ပြီး ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ နည်းဗျူဟာပုံစံတစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့သည်။
နည်းဗျူဟာပုံစံကို ဖျက်ဆီးပြီးနောက် ခြောက်သွေ့နေသော ဟန်ယွမ်ခိုင်၏ အလောင်းကို စိုက်ကြည့်ရင်း စုဟန်ယန်တစ်ယောက် အမူအရာမဲ့စွာ ရပ်နေခဲ့သည်။
သူမ၏ စိတ်ထဲတွင် ဗလာနတ္ထိဖြစ်နေပြီး ဘာကို တွေးရမှန်း မသိတော့ချေ။
ဟန်ယွမ်ခိုင်သည် ကြင်နာပြီး ဖော်ရွေသော အစ်ကိုကြီးတစ်ယောက်အဖြစ် သူမ အမြဲတမ်း ယုံကြည်ခဲ့သည်။ သို့သော် သူသည် သူတို့၏ဆရာ သေဆုံးမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်နေခဲ့ပြီး မြူခိုးမှော်ဂိုဏ်းကိုပင် နှစ်ခြမ်းကွဲစေခဲ့သည်။ ခုနကပင် သူ၏ ဂိုဏ်းတပည့်များ၏ သွေးအနှစ်သာရကို စုပ်ယူရန် သွေးဆာနည်းဗျူဟာပုံစံကြီးကို တည်ဆောက်ခဲ့သေးသည်။
တဖြည်းဖြည်း သတိပြန်ဝင်လာသောအခါ စုဟန်ယန် အလွန်အမင်း နောင်တရမိသည်။ အဘယ့်ကြောင့် သူမ ဤနတ်ဆိုး ဟန်ယွမ်ခိုင်၏ စစ်မှန်သော သဘာဝကို စောစောက မမြင်ခဲ့ရပါသနည်း။
အကယ်၍ သူမသာ တစ်ရက်လောာက် စောပြီး သိရှိခဲ့ပါက နောက်ဆက်တွဲ အဖြစ်အပျက်များ တစ်ခုမှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။ သူမ၏ ဆရာပင် အသက်ရှင်နေနိုင်သေးသည်။
သို့သော် ယခုတော့ အားလုံး နောက်ကျသွားပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူမ၏ ဆရာကို သတ်ခဲ့သော နတ်ဆိုး ဟန်ယွမ်ခိုင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
စုဟန်ယန်သည် မလှုပ်မယှက်ရပ်ကာ ဟန်ယွမ်ခိုင်၏အလောင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းကိုမြင်သောအခါ လုချန်းလည်း စိတ်ထဲတစ်မျိုးခံစားလိုက်ရသည်။
ကျင့်စဉ်လောကသည် လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေသည်။ မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်သင့်သော လောကကြီးဖြစ်သည်။ စုဟန်ယန်ကတော့ သူ၏ အစ်ကိုကြီး ဟန်ယွမ်ခိုင်ကို အလွန်အမင်း ယုံကြည်ခဲ့သည်။
ထို့နောက် လုချန်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖဝါးမှ မီးလုံးတစ်လုံး ပျံထွက်လာသည်။ ထိုမီးလုံးသည် ဟန်ယွမ်ခိုင်၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ပြီးနောက် သူ၏ နတ်လှေကို နဂါးနက်မြို့ဘက်သို့ ဦးတည်လိုက်သည်။
စုဟန်ယန်ကို သူနှင့်အတူ ထွက်ခွာရန် အတင်းအကျပ် မတိုက်တွန်းခဲ့သော်လည်း မထွက်ခွာမီ သူမအား တစ်ခုပြောခဲ့သည်။
“မြူခိုးမှော်ဂိုဏ်းက ရှနိုင်ငံတော်ကို ကျူးကျော်တဲ့ တာဝန်အားလုံးကို ဟန်ယွမ်ခိုင်အပေါ်မှာပဲ ပုံချလိုက်နိုင်ပါတယ်။”
မြူခိုးမှော်ဂိုဏ်းအား မည်သို့ကိုင်တွယ်မည်ကို လုချန်း တိတိကျကျ မပြောခဲ့ပေ။ သို့သော် သူ၏စကားများအရ ဂိုဏ်းတစ်ခုလုံးကို သိမ်းသွင်းရန် ရည်ရွယ်နေသည်ကို စုဟန်ယန် နားလည်ခဲ့သည်။
မြူခိုးမှော်ဂိုဏ်းသည် ရှနိုင်ငံတော်ကို ယှဉ်နိုင်မည်မဟုတ်သည်မှာ ရှင်းလင်းနေသည်။ အကယ်၍ သူတို့က ဆက်လက်ဆန့်ကျင်ရန် ရွေးချယ်ပါက သေလမ်းကိုသာ တွေ့ကြုံရမည်ဖြစ်သည်။ အပြစ်အားလုံးကို ဟန်ယွမ်ခိုင်အပေါ် ပုံချခြင်းက ကျန်ရှိသော မြူခိုးမှော်ဂိုဏ်းအဖွဲ့ဝင်များအတွက် ထွက်ပေါက်တစ်ခု ပေးလိုက်ခြင်းပင် ဖြစ်သည်။
ရှနိုင်ငံတော်ကို ဆက်လက်ဆန့်ကျင်ရန် ရွေးချယ်နေသေးပါက သူတို့သည် အခွင့်အရေးပေးမှုကို အမှန်တကယ် မသိတတ်သူများ ဖြစ်သွားကြမည်။
စုဟန်ယန် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ဤသို့ အဆုံးသတ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သော်လည်း ဒါက အတော်လေး ကောင်းသည်ဟု ဆိုရမည်။ သူမ၏ ဆရာ မည်သို့သေဆုံးခဲ့သည်ကို သိခဲ့ရုံသာမက ဂိုဏ်းတပည့်များကိုလည်း ဟန်ယွမ်ခိုင်၏ နတ်ဆိုးစစ်စစ် ပုံစံကို မြင်တွေ့စေခဲ့သည်။