မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများအတွက် စီမံခန့်ခွဲမှုများ
Vol. 67 Ch. 994
ဖေးဟုန်နတ်လှေ ပြန်လည်ပျံသန်းလာသည်ကို သတိပြုမိသောအခါ နဂါးနက်မြို့မှ ကျင့်စဉ်ကျင့်သူများအားလုံး အလွန် စိုးရိမ်နေကြသည်။
ဖေးဟုန်နတ်လှေ ထွက်ခွာသွားသည်မှာ မကြာသေးသော်လည်း ရှိနေသော ကျင့်စဉ်ကျင့်သူများအနက် တစ်ယောက်မှ မဆင်မခြင် လှုပ်ရှားရဲခြင်း မရှိကြပေ။ သူတို့သာ ထွက်ပြေးရန် ကြိုးစားပါက သေဒဏ်နှင့် ညီမျှနိုင်သည်ကို သူတို့ ကောင်းစွာသိကြ၏။
ယခု သူတို့၏ ရှေ့ဆက်လမ်းနှင့် ဆုတ်လမ်းနှစ်ခုစလုံး ပိတ်ဆို့နေပြီဖြစ်သည်။ သူတို့၏ တစ်ခုတည်းသော အသက်ရှင်နိုင်သည့် အခွင့်အရေးမှာ ရှနိုင်ငံတော်ထံ လက်နက်ချခြင်းပင် ဖြစ်သည်။
ကျင့်စဉ်လောကရှိ ကျင့်စဉ်ကျင့်သူအများစုသည် သူတို့၏ ဂိုဏ်းများအပေါ် သစ္စာစောင့်သိမှု အလွန်နည်းပါးကြသည်။ စည်းလုံးမှုအားကောင်းသော ဂိုဏ်းများ ရှိတာမှန်သော်လည်း မြူခိုးဒေသမှ အင်အားစုများကတော့ ထိုအထဲတွင် မပါဝင်သည်မှာ ရှင်းလင်းနေ၏။
ဖေးဟုန်နတ်လှေသည် နဂါးနက်မြို့အထက်သို့ ဖြည်းညင်းစွာ ပျံသန်းလာသည်။ ထိုစဉ် လင်ဟူဂိုဏ်းမှ အကြီးအကဲအချို့ သူတို့၏ မိုးပျံလှေပေါ်မှ ဆင်းသက်လာကြကာ နဂါးနက်မြို့၏ တံခါးအပြင်ဘက်သို့ ဓားပျံဖြင့် ပျံသန်းကာ ဒူးထောက်လိုက်ကြ၏။
“လင်ဟူဂိုဏ်းက မင်းကြီးထံမှာ သစ္စာခံချင်ပါတယ်။ မင်းကြီးအတွက် အမှုထမ်းချင်ပါတယ်။ မင်းကြီး လက်ခံပေးပါလို့ မျှော်လင့်ပါတယ်။”
လင်ဟူဂိုဏ်း အကြီးအကဲများ၏ စကားမဆုံးမီမှာပင် ကောင်းကင်မှ သြဇာအာဏာပါသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ခွင့်ပြုတယ်။”
ဤစကားကို ကြားသောအခါ လင်ဟူဂိုဏ်း၏ ကျင့်စဉ်ကျင့်သူများအားလုံး ချက်ချင်း တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
“မင်းကြီးကို ကျေးဇူးတင်ပါတယ်။ မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”
လင်ဟူဂိုဏ်း ရှနိုင်ငံတော်ထံ သစ္စာခံသည်ကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်းလက်အောက်ရှိ အင်အားစုများလည်း မငြိမ်မသက် ဖြစ်လာကြသည်။ သူတို့သည် မြူခိုးမှော်ဂိုဏ်း၏ သိမ်းသွင်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ဂိုဏ်းနှင့်အတူတကွ ပျက်စီးသွားရန် ဆန္ဒမရှိကြသည်မှာ သေချာသည်။
လျင်မြန်စွာပင် ဤမြူခိုးမှော်ဂိုဏ်းလက်အောက်ခံ အင်အားစုများ၏ ခေါင်းဆောင်များလည်း ထွက်ပေါ်လာကြသည်။ သူတို့လည်း လင်ဟူဂိုဏ်းကဲ့သို့ပင် ရှနိုင်ငံတော်ထံ တိုက်ရိုက် သစ္စာခံရန် ရည်ရွယ်လိုက်ကြ၏။
သို့သော် ဤကျင့်စဉ်ကျင့်သူများ ရှေ့သို့ မတိုးမီမှာပင် ကောင်းကင်ယံတွင် ခရမ်းရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ခဏအကြာတွင် စုဟန်ယန်၏ ပုံရိပ်သည် နဂါးနက်မြို့အပြင်ဘက်တွင် ပေါ်လာခဲ့၏။
စုဟန်ယန်၏ ပြန်လာခြင်းကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်း၏ ပင်မဌာနခွဲမှ လူများလည်း သက်ပြင်းချနိုင်သွားကြသည်။
ဟန်ယွမ်ခိုင်၏ သစ္စာဖောက်ကြောင့် စုဟန်ယန်သည် သူတို့၏ အဓိကအားထားရာ ဖြစ်လာခဲ့သည်။ အကယ်၍ စုဟန်ယန် တစ်စုံတစ်ခု ဖြစ်သွားပါက ဟန်ယွမ်ခိုင်နောက်သို့ လိုက်ပါသွားသူများကြောင့် အင်အားချည့်နဲ့နေသော မြူခိုးမှော်ဂိုဏ်း လုံးဝ ပြိုကွဲသွားပေလိမ့်မည်။
စုဟန်ယန်သည် နဂါးနက်မြို့၏ တံခါးအပြင်ဘက်သို့ ရောက်ရှိလာပြီး ကောင်းကင်ရှိ ဖေးဟုန်နတ်လှေဘက်သို့ ဦးညွှတ်ကာ ပြောလိုက်သည်။
“မြူခိုးမှော်ဂိုဏ်းက ရှနိုင်ငံကို သစ္စာခံချင်ပါတယ်။ မင်းကြီးအတွက် အမှုထမ်းချင်ပါတယ်။ ဒီနေ့ကစပြီး မြူခိုးမှော်ဂိုဏ်းက ရှနိုင်ငံတော်ရဲ့ အမိန့်အားလုံးကို လိုက်နာမှာဖြစ်ပြီး မင်းကြီး လက်ခံပေးဖို့ မျှော်လင့်ပါတယ်။”
စုဟန်ယန်က ဤစကား စပြောဆိုသည်ကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်းလက်အောက်ရှိ အင်အားစုများမှ ကျင့်စဉ်ကျင့်သူများလည်း သက်ပြင်းချလိုက်ကြသည်။ ကံကောင်းစွာဖြင့် မြူခိုးမှော်ဂိုဏ်းသည်လည်း မိမိသဘော၏ ဆန္ဒအလျောက် လက်နက်ချခဲ့သည်။ ယခု သူတို့ ဘေးကင်းလောက်ပြီဖြစ်သည်။
စုဟန်ယန်၏ စကားဆုံးသည်နှင့် ကောင်းကင်မှ သြဇာအာဏာပါသော အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
“ခွင့်ပြုတယ်။”
စုဟန်ယန်က ဦးဆောင်ကာ ချက်ချင်း ကြွေးကြော်လိုက်သည်။
“မင်းကြီးကို ကျေးဇူးတင်ပါတယ်။ မင်းကြီး အသက်တော်ရာကျော် ရှည်ပါစေ။”
မြူခိုးမှော်ဂိုဏ်း၏ ကျင့်စဉ်ကျင့်သူများအားလုံးလည်း စုဟန်ယန်နောက်မှလိုက်၍ လုချန်းဘက်သို့ ဒူးထောက်လိုက်ကြသည်။
ဂိုဏ်းကျင့်စဉ်ကျင့်သူများသည် ယေဘုယျအားဖြင့် မာနတစ်ခု ရှိတတ်ကြပြီး သာမန်ဘုရင်များကို အထင်သေးတတ်ကြသည်။ အချို့ကျင့်စဉ်ကျင့်သူများ ဘုရင်များထံသို့ သွားရောက်သောအခါတွင်ပင် အထက်စီးဆန်စွာ ပြုမူတတ်ကြသည်။
သို့သော် ဤနေရာတွင် ရှိနေသော ကျင့်စဉ်ကျင့်သူများကတော့ ရှနိုင်ငံတော်သည် သာမန် နိုင်ငံတစ်ခုမဟုတ်ပဲ ကျင့်စဉ်ကျင့်သူများ၏ နိုင်ငံဖြစ်ကြောင်း နားလည်ခဲ့ကြသည်။ ထို့ကြောင့် ရှနိုင်ငံတော်ကို သစ္စာခံခြင်းက ရှက်စရာမဟုတ်ပေ။
ကျင့်စဉ်လောက၏ အချို့အဆင့်မြင့်နယ်ပယ်များတွင် ကျင့်စဉ်မိသားစုများမှ တည်ထောင်ထားသော မင်းဆက်များ ရှိတတ်ကြသည်။ ၎င်းတို့သည် မင်းဆက် နယ်နိမိတ်အတွင်းရှိ ဂိုဏ်းအင်အားစုများအပေါ် ကြီးမားသော ဩဇာလွှမ်းမိုးမှု ရှိတတ်သည်။ မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူအချို့သည် ထိုကဲ့သို့သော ကျင့်စဉ်နိုင်ငံများမှ လာကြသူများ ဖြစ်သည်။
ကျင့်စဉ်ကျင့်သူ အများစုအတွက်မူ ရှနိုင်ငံတော်၏ အုပ်ချုပ်မှု ခံရခြင်းသည် ဂိုဏ်းအင်အားစုများ၏ အုပ်ချုပ်ခြင်းကို ခံရခြင်းနှင့် များစွာ ကွာခြားမှုမရှိပေ။ တစ်ခုတည်းသော အားနည်းချက်မှာ အနာဂတ်တွင် စည်းကမ်းများ ပိုမိုများပြားလာပြီး လွတ်လပ်မှု နည်းပါးသွားနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဒါက အသက်ဆုံးရှုံးခြင်းထက်တော့ ပိုကောင်းပေသည်။
သွေးဆာနည်းဗျူဟာပုံစံကြီးကို အသုံးပြုပြီးနောက် နတ်ဆိုးကြီး ဟန်ယွမ်ခိုင်ပင် ဆွမ်ဧကရာဇ်၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ဤကျင့်စဉ်ကျင့်သူများဆိုလျှင် ဆွမ်ဧကရာဇ်၏ ပြိုင်ဘက်ဖြစ်ရန် ပို၍ပင် မဖြစ်နိုင်ချေ။ လက်နက်ချခြင်းက သူတို့အား အနည်းငယ် စိတ်ဓာတ်ကျဆင်း စေမည်ဖြစ်သော်လည်း ဂုဏ်သိက္ခာကျစရာတော့ မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက မိုးပျံလှေ၏ လှေဦးတွင် ရပ်ကာ ကောင်းကင်ရှိ မိုးပျံလှေများနှင့် မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကျင့်စဉ်ကျင့်သူအများစုသည် သစ္စာစောင့်သိမှု နည်းပါးကြသည်။ သို့သော် ဒါကိုသူမျှော်လင့်ထားပြီဖြစ်သည်။
ယခု သစ္စာစောင့်သိမှု နည်းပါးခြင်းက အရေးမကြီးပေ။ သစ္စာစောင့်သိမှုသည် တိုးပွားအောင် ပြုလုပ်နိုင်သော အရာတစ်ခု ဖြစ်သည်။
မြူခိုးဒေသမှ အင်အားစုများသည် ရှနိုင်ငံတော်ထံ သစ္စာခံပြီးဖြစ်သောကြောင့် နောက်တစ်ဆင့်မှာ ဤအင်အားစုများကို မည်သို့ ကိုင်တွယ်ရမည်ဟူသော ကိစ္စဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ရှနိုင်ငံတော်သည် လျှို့ဝှက်လဝန်းနန်းတော်မှလွဲ၍ ဂိုဏ်းအားလုံးကို ဖျက်သိမ်းခဲ့သည်။ ထိုဂိုဏ်းအင်အားစုများသည် စီးပွားရေး အဖွဲ့အစည်းများကဲ့သို့ အခြားသော ပုံစံများဖြင့် ဆက်လက်တည်ရှိနေသော်လည်း ၎င်းတို့တွင် ယခင်ကဲ့သို့ လွတ်လပ်မှု မရှိတော့ချေ။
မြူခိုးဒေသမှ အင်အားစုများစွာ အင်အားကြီး သုံးဖွဲ့ထံ ခိုလှုံခဲ့သော်လည်း ၎င်းတို့သည် အမည်ခံအားဖြင့် အဓိက အင်အားစုသုံးခု၏ သိမ်းသွင်းခြင်းကို ခံခဲ့ရသော်လည်း အတွင်းပိုင်းတွင်မူ အပြည့်အဝ ပေါင်းစည်းခြင်းမရှိသေးပေ။ လျော့ရဲသော စုစည်းမှုတစ်ခုအဖြစ်သာ ရှိနေသေးသည်။
သို့သော် ဤအင်အားစုများကို ဂိုဏ်းများပုံစံဖြင့် ဆက်လက်တည်ရှိခွင့်ပြုပါက နှစ်အနည်းငယ်အတွင်း ပြဿနာများ ထပ်မံပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။
သို့သော် ဂိုဏ်းအင်အားစုအားလုံးကို ဖျက်သိမ်းလိုက်ပါက ကျင့်စဉ်ကျင့်သူများသအပေါ် ထိန်းချုပ်မှု ကင်းမဲ့သွားလိမ့်မည်။ လက်ရှိတွင် ရှနိုင်ငံတော်၌ ကျင့်စဉ်ကျင့်သူများအတွက် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ နည်းပါးနေသည်။ ထို့ကြောင့် အုပ်ချုပ်ရေး ယန္တရားက ကျင့်စဉ်ကျင့်သူအားလုံးကို စီမံခန့်ခွဲရန် ခက်ခဲနေသည်။
ဤမြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများကို မည်သို့ကိုင်တွယ်ရမလဲ ဆိုတာက လုချန်းအတွက် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်လာသည်။
ခဏခန့် စဉ်းစားပြီးသော်လည်း သင့်တော်သော ဖြေရှင်းချက်တစ်ခုကို လုချန်း ချက်ချင်း မရနိုင်သေးပေ။ ထို့ကြောင့် ဤဂိုဏ်းအင်အားစုများကို အဓိကအင်အားစုသုံးခုနှင့် ဆက်လက်ချိတ်ဆက်ထားရန် ယာယီ ဆုံးဖြတ်လိုက်သည်။
မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများသည် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းမှ အင်အားကြီးများ ရှင်းလင်းခံရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့ အနေနှင့် အချိန်တိုအတွင်း မဆင်မခြင် ပြုမူရဲကြမည် မဟုတ်ပေ။
အရေးကြီးကိစ္စမရှိဟု ခံစားလိုက်ရပြီး လုချန်းက တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများကို နတ်လှေ၏ အစည်းအဝေးခန်းမသို့ ဆင့်ခေါ်လိုက်သည်။
ကျိဟုန်ဝမ်နှင့် အကြီးအကဲများသည် လုချန်းနှင့် ပထမဆုံးအကြိမ် အနီးကပ်ထိတွေ့ရသောအခါ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ သူတို့ လုချန်းနှင့် အဆက်အသွယ်ရခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့မှသာ သူတို့၏ ဧကရာဇ်ကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
ကျိဟုန်ဝမ်က အကြီးအကဲများကို ဦးဆောင်ကာ လုချန်းအား ဦးညွှတ်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ မင်းကြီးကို ဂါရဝပြုပါတယ်။ အသက်တော်ရာကျော် ရှည်ပါစေ။”
လုချန်းက ခပ်အေးအေး ပြန်ပြောလိုက်သည်။
“အားလုံး ထကြပါ”
“မင်းကြီးကို ကျေးဇူးတင်ပါတယ်။”
ချက်ချင်းပင် လူတိုင်း မတ်တတ်ရပ်ကာ လုချန်းကို ကြည့်လိုက်ကြသည်။ အပြုံးဖြင့် လုချန်းက
“ဂိုဏ်းချုပ်ကျိ။ ဒီနှစ်တွေအတွင်း ခင်ဗျား ပင်ပန်းခဲ့ရတယ်။”
လုချန်းထံမှ ဤစကားကို ကြားသောအခါ ကျိဟုန်ဝမ်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ။”
လုချန်းက ဆက်လက်၍
“အခု မြူခိုးဒေသရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေကို ဖြေရှင်းပြီးသွားပြီ။ ဒါပေမဲ့ မြူခိုးဒေသက ကျင့်စဉ်ကျင့်သူတွေက နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်။ ဂိုဏ်းချုပ်ကျိမှာ ဒီကျင့်စဉ်ကျင့်သူတွေကို စီစဉ်ပေးဖို့ နည်းလမ်းတစ်ခုခုများ ရှိလား။”
လုချန်း၏ မေးခွန်းကို ကြားသောအခါ ရှိနေသော အကြီးအကဲများ အတွေးထဲသို့ နစ်မြောသွားကြသည်။ ယခု ရှနိုင်ငံတော်အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကျင့်စဉ်ကျင့်သူများနှင့် သာမန်လူများကြား ဆက်ဆံရေးကို မည်သို့ စီမံခန့်ခွဲရမည်ဟူသော ကိစ္စဖြစ်သည်။
အကယ်၍ ထိုကျင့်စဉ်ကျင့်သူများကို သာမန်လူများ၏ မြို့များသို့ လွတ်လပ်စွာ ဝင်ခွင့်ပြုပါက ပြဿနာများ ဖြစ်လာနိုင်သည်။ အချို့ကျင့်စဉ်ကျင့်သူများသည် သူတို့၏ ယခင်အလေ့အကျင့်များအတိုင်း မာနထောင်လွှားစွာ ဆက်လက်ပြုမူကာ သာမန်လူများအတွက် ဒုက္ခများစွာ ယူဆောင်လာနိုင်ပေသည်။
ခဏခန့် စဉ်းစားပြီးနောက် ကျိဟုန်ဝမ်က စကားစလိုက်သည်။
“မင်းကြီး။ ကျွန်တော့်ရဲ့ ပွင့်လင်းမှုကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ် ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခုကို မစဉ်းစားနိုင်သေးပါဘူး။”
“ဒါပေမဲ့ ကျွန်တော့်မှာ ယာယီအစီအမံတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းကို ယာယီဖျက်သိမ်းသင့်ပါတယ်။ နောက်ပြီး နဂါးနက်ခရိုင်ရဲ့ ယခင်နယ်မြေတွေကို မြူခိုးဒေသက အင်အားစုအသီးသီးကို ခွဲဝေ နေရာချထားပေးနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ရှနိုင်ငံတော်ရဲ့ အခြားခရိုင်တွေကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသင့်တယ်လို့ ယုံကြည်ပါတယ်။”
“ဟုတ်ပါတယ်။ ကျွန်တော် အကြံပြုခဲ့တာက ယာယီအစီအမံတစ်ခုသာ ဖြစ်ပါတယ်။”
လုချန်းလည်း စဉ်းစားကြည့်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းက ဖြစ်နိုင်သည်ဟု ခံစားမိသည်။ မြူခိုးဒေသ၏ အင်အားစုအားလုံးကို နေရာတစ်ခုတည်းတွင် ထားရှိနိုင်သည်။ ထို့နောက် သစ္စာစောင့်သိသော ကျင့်စဉ်ကျင့်သူများကို ရွေးချယ်ကာ ထျန်းချန်ထဲသို့ ဝင်ရောက်စေနိုင်သည်။ ဤနည်းဖြင့် ပိုမိုအားကောင်းသော နဂါးတပ်မတော်တစ်ခုကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။
မြူခိုးဒေသရှိ စွမ်းအားရှင်များ၏ အရေအတွက်သည် မရေမတွက်နိုင်အောင် များပြားလှသည်။ အနာဂတ်တွင် နဂါးတပ်မတော်သည် စစ်အင်အားတိုးချဲ့ရန်အတွက် စွမ်းအားရှင်များကို တိုက်ရိုက်အသုံးပြုနိုင်ပေလိမ့်မည်။ အင်းကွက်လက်နက်များကို ကိုင်စွဲထားသော စွမ်းအားရှင်များသည် ဤလက်နက်များ၏ စွမ်းအားကို အပြည့်အဝကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
လုချန်းက
“ဂိုဏ်းချုပ်ကျိရဲ့ အကြံပြုချက်က ကောင်းပါတယ်။ မြူခိုးဒေသက အင်အားစုတွေကို နေရာချထားပေးတဲ့ကိစ္စကို ဂိုဏ်းချုပ်ကျိနဲ့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို ကျွန်တော် အပ်နှင်းလိုက်ပါ့မယ်။”
ကျိဟုန်ဝမ်က ချက်ချင်း ဦးညွှတ်ကာ
“မင်းကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို မပျက်စေရပါဘူး။”
လုချန်းက ဆက်လက်၍
“ကျင့်စဉ်ကျင့်သူတွေ စုဝေးရာ နေရာရဲ့ စည်းကမ်းကိုလည်း တန်ခိုးရှင် တစ်သောင်းဂိုဏ်းကပဲ စီမံခန့်ခွဲရမယ်။ အကယ်၍ အခြားခရိုင်တွေမှာ အခွင့်ထူးနှင့် အာဏာတွေ ရှာဖွေဖို့ ကြိုးစားသောသူတွေ ရှိနေသေးတယ်ဆိုရင်... သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ကျွန်တော် ရှင်းပြနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။”
ကျိဟုန်ဝမ်က
“ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် မြူခိုးဒေသက ဂိုဏ်းအင်အားစုတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပြီး အဲ့ဒီကျင့်စဉ်ကျင့်သူတွေ နဂါးနက်ခရိုင်ထက် ကျော်လွန်ပြီး မစွန့်စားရဲအောင် အသေအချာလုပ်ဆောင်ပါ့မယ်။”