← Chapters

ထိပ်တန်းအဆင့်မှော်ရတနာ ရွှေနဂါးကတ်ကြေး၊ အဆုံးမရှိသော ပူးပေါင်းဆောင်ရွက်မှု

Vol. 9 Ch. 126

ထိပ်တန်းအဆင့်မှော်ရတနာ ရွှေနဂါးကတ်ကြေး၊ အဆုံးမရှိသော ပူးပေါင်းဆောင်ရွက်မှု

Vol. 9 Ch. 126

ဘာရယ်…။

ချူဖူချိုင်၏ ဆံပင်များ ထောင်ထသွားပြီး သေစေနိုင်သည့်ခြိမ်းခြောက်မှုအား ခံစားလိုက်မိသည်။ အခြေတည်အဆင့်တွင် ရှိနေသော သူ၏ ပင်ကိုအသိစိတ်သည် ကျရောက်လာတော့မည့် အန္တရာယ်အား အရူးအမူး သတိပေးနေသည်။

သူ၏ဝိညာဉ်သည် စွမ်းအားတစ်စုံတစ်ရာ၏ အတင်းအကျပ်ဆွဲငင်ခြင်းကို ခံလိုက်ရပြီး၊ အိပ်မက်ကမ္ဘာထဲသို့ရောက်သွားသည့်နှယ် ခဏတာ ကြောင်အသွားသည်ကို ခံစားလိုက်ရသည်။

ဝန်ခံရလျှင်၊ သူသည် ဤသို့သော ခံစားချက်အား ယခင်က တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။

လှုပ်ရှားမှုပြုလုပ်ခဲ့သူမှာ ကျိုးစွေ့မှလွဲ၍ အခြားသူမဟုတ်ချေ။

သူ၏ကိုယ်ပွားတစ်ခုသည် 'အိပ်မက်ဝိညာဉ်ကူ'ကို ဤနေရာသို့ ယူဆောင်လာခဲ့ပြီး၊ ၎င်း၏ အိပ်မက်ကျူးကျော်ခြင်းစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့်(၉)သို့ တက်လှမ်းသွားသော ကျိုးစွေ့သည် ယခုအခါ 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းရည်များကို အသုံးပြုရာတွင် ပို၍ပင် ကျွမ်းကျင်လာသည်မှာ ထင်ရှားသည်။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် အလစ်အငိုက်မိသွားသည့်အခါ၌၊ ၎င်း၏သက်ရောက်မှုကို အလွယ်တကူ ခံရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ သူ၏လက်ရှိ ဝိညာဉ်အာရုံမှာ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။

ဝိညာဉ်စွမ်းအားအရဆိုလျှင် သူနှင့် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကြားတွင် များစွာကွာခြားမှုမရှိပေ။

အာရုံပျံ့လွင့်နေသည့် ဤအခြေတည်အဆင့် ကျင့်ကြံသူလေးဦးမှာ ချက်ချင်းပင် အလစ်အငိုက်မိသွားကြသည်။

အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ချူဖူချိုင်တစ်ဦးတည်းသာ ၎င်းကို အနိုင်နိုင် ခုခံနိုင်ခဲ့ပြီး အိပ်မက်ထဲတွင် တစ်စက္ကန့်မျှသာ ပိတ်မိခဲ့သည်။

အခြားကျင့်ကြံသူသုံးဦးအတွက်မူ သူတို့တစ်ဦးချင်းစီမှာ အနည်းဆုံး သုံးစက္ကန့်စီခန့် ပိတ်မိနေခဲ့သည်။

သူတို့အသီးသီး မည်သည့်အရာ ဖြစ်ပွားခဲ့သည်ကို လုံးဝမသိဘဲ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြသည်။

"ဘယ်လူယုတ်မာက.. ငါ ချူဖူချိုင်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြိုးစားနေတာလဲ…"

ချူဖူချိုင်သည် တုန်လှုပ်ခြောက်ခြားပြီး ဒေါသထွက်နေသည်။ သူသည် သူ၏လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်မှသာ သူ့ကိုယ်သူ ချက်ချင်းသတိပြန်ဝင်လာစေပြီး အိပ်မက်အခြေအနေမှ လွတ်မြောက်သွားစေသည်။

သူ၏မဟာမိတ်သုံးဦးကို နှိုးရန် ပြင်ဆင်နေစဥ်မှာပင် ပုံရိပ်တစ်ခုက ရှေ့မှ ရုတ်တရက်ထွက်ပေါ်လာပြီး တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။

၎င်းမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား စွဲမက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုဖြစ်၏။

သူမ၏လက်ထဲတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခု ရှိနေပြီး၊ ၎င်းမှ ရွှေရောင်အလင်းရောင်များ ထုတ်လွှတ်နေသည်။ ၎င်းမှာ လောကရှိ အရာအားလုံးကို နှစ်ခြမ်းဆွဲဖြဲရန် အသင့်အနေအထာရှိ နဂါးနက်တစ်ကောင် ဖြစ်ပေါ်လာသကဲ့သို့ ထင်ရသည်။

ထိုလှုပ်ရှားမှုပြုလုပ်ခဲ့သူမှာ လန်ယွဲ့ရှီဖြစ်သည်။

သူမနှင့် ကျိုးစွေ့တို့သည် ချို့ယွင်းချက်ကင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုးစွေ့က အိပ်မက်ကျူးကျော်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့်၊ လန်ယွဲ့ရှီက ရဲတင်းစွာ တိုက်ခိုက်ခဲ့ပြီး ထိပ်တန်းအဆင့် မှော်ရတနာဖြစ်သည့် ရွှေနဂါးကတ်ကြေးကို ထိန်းချုပ်ကာ ချူဖူချိုင်နှင့် အခြားအခြေတည်အဆင့် ကျင့်ကြံသူလေးဦးထံသို့ တိုးဝင်သွားသည်။

သူမ၏တိုက်ခိုက်မှု အချိန်ကိုက်မှုသည် ပို၍ပြီးပြည့်စုံနိုင်စရာမရှိတော့ပေ။

"သေပြီ.. ဒါက တကယ်ပဲ ထိပ်တန်းအဆင့် မှော်ရတနာလား…"

"ဘယ်ဂိုဏ်းက အခြေတည်အဆင့် ကျင့်ကြံသူက ငါ့ကို တိုက်ခိုက်နေတာလဲ…"

"ဒါက ငါ့ကိုပျက်စီးစေလိုတဲ့ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒလား…"

ချူဖူချိုင် ချက်ချင်းပင် ကြောက်လန့်တကြား ဖြစ်သွားသည်။

မှော်လက်နက်များတွင် မတူညီသော အဆင့်များ ရှိသည်ကို နားလည်ရန် လိုအပ်ပေသည်။

အခြေခံအကျဆုံးမှာ မှော်လက်နက်ဖြစ်ပြီး နောက်တွင် ဝိညာဉ်လက်နက်၊ ထို့နောက် မှော်ရတနာ၊ ဝိညာဉ်ရတနာ စသည်ဖြင့် ဖြစ်သည်။

သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဝိညာဉ်လက်နက်တစ်ခုကို အသုံးပြုနိုင်ပါက၊ ၎င်းမှာ အတော်ပင် ချီးကျူးစရာကောင်းပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အဆများစွာ ကြီးမားစေနိုင်သည်။

မှော်ရတနာများအတွက်မူ ၎င်းတို့မှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူများသာ အသုံးပြုရန် အရည်အချင်းပြည့်မီသော အရာများဖြစ်သည်။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ မှော်ရတနာတစ်ခုကို အသုံးပြုနိုင်ပါက၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကျားတစ်ကောင်အား အတောင်ပံများတပ်ပေးလိုက်သည့်အလား ဆယ်ဆထက်မနည်း တိုးပွားလာပေလိမ့်မည်။

မှော်ရတနာတစ်ခု ကိုင်ဆောင်နိုင်သော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် အခြေခံအားဖြင့် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်။

သို့သော် မည်သည့် အခြေတည်အဆင့်ကျင့်ကြံသူမျှ ဤသို့သော တန်ဖိုးကြီးပစ္စည်းကို မတတ်နိုင်ကြချေ။

ဂိုဏ်းမှ မျက်နှာသာပေးခြင်းခံရသော ရွှေအမြုတေဂိုဏ်း၏ ပင်မတပည့်များသာလျှင် အကာအကွယ်အတွက် မှော်ရတနာတစ်ခုကို ချီးမြှင့်ခြင်းခံရနိုင်ပေသည်။

ထင်ရှားသည်မှာ ရုတ်တရက် တိုက်ခိုက်လာသော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးကျင့်ကြံသူသည် ဂိုဏ်းတစ်ခုခု၏ ပင်မတပည့်ဖြစ်ရပေမည်။

သို့မဟုတ်လျှင် သူမသည် ဤမျှ အစွမ်းထက်သည့် မှော်ရတနာတစ်ခု ရှိနေမည်မဟုတ်ပေ။

ဘန်း.. ဘန်း.. ဘန်း…။

နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဖြတ်သန်းသွားသည်။

ချူဖူချိုင်အပါအဝင် အခြေတည်အဆင့် ကျင့်ကြံသူလေးဦးမှာ ရွှေနဂါးကတ်ကြေးဖြင့် ချက်ချင်းပင် ထက်ပိုင်းဖြတ် ခံလိုက်ရသည်။ ဖြတ်တောက်ရာနေရာသည် ချောမွေ့ညီညာနေပြီး သွေးစီးကြောင်းများမှာ အဆုံးမရှိတော့သည့်အလား ပန်းထွက်လာသည်။

အခြေတည်အဆင့် ကျင့်ကြံသူလေးဦးမှာ တစ်စက္ကန့်မျှပင် မခုခံနိုင်လိုက်ဘဲ ချက်ချင်း အသတ်ခံလိုက်ရချေသည်။

သူတို့တွင် အကာအကွယ်မှော်လက်နက်များ ဝတ်ဆင်ထားလျှင်ပင် အသုံးမဝင်ပေ။ ထိပ်တန်းအဆင့် မှော်ရတနာဖြစ်သည့် ရွှေနဂါးကတ်ကြေး၏ ရှေ့မှောက်တွင် သူတို့သည် တိုဖူးကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲခြင်းကိုသာ ခံရပေမည်။

မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီးနောက်၊ သူတို့၏မျက်လုံးများမှာ ပြူးကျယ်နေပြီး ကြောက်ရွံ့မှု၊ မလိုလားမှုနှင့် မယုံကြည်နိုင်မှုတို့၏ အမူအရာများကို ပြသနေတော့သည်။

သူတို့သည် တိမ်မြူခိုးတောင်တန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့ကြပြီး၊ ချင်းမုဂိုဏ်းနှင့် အခြားရွှေအမြုတေဂိုဏ်းများကဲ့သို့သော ဂိုဏ်းများ၏လိုက်လံဖမ်းဆီးခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးနောက်တွင်ပင် ဆက်လက်အသက်ရှင်နိုင်ခဲ့ကြသည်။

သို့သော် ယခုမူ သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဤနေရာတွင် လဲကျသွားကြပြီး၊ မည်သည့်ခုခံမှုမျှပင်မလုပ်လိုက်နိုင်ဘဲ သေဆုံးခဲ့ရသည်။

"ယောက်ျား.. သူတို့အားလုံး သေသွားပြီ…"

လန်ယွဲ့ရှီက ကျိုးစွေ့ကို နူးညံ့စွာ ကြည့်လိုက်ပြီး သူမ၏နှလုံးသားထဲတွင် အလွန်ဝမ်းမြောက်နေသည်။ တိုက်ပွဲက ဤမျှ လွယ်ကူလိမ့်မည်ဟု သူမ အမှန်တကယ် မထင်ထားခဲ့ပေ။ အခြေတည်အဆင့် ကျင့်ကြံသူလေးဦးနှင့် ရင်ဆိုင်ရခြင်းက မမျှော်လင့်ထားသည်များ ဖြစ်ပွားခဲ့ပါက၊ ပြင်းထန်သော တိုက်ပွဲတစ်ခုသို့ ဦးတည်သွားနိုင်သည်ဟု မူလက ထင်ထားခဲ့သည်။

သို့သော် ဤအခြေတည်အဆင့် ကျင့်ကြံသူလေးဦးမှာ ပထမဆုံး တိုက်ကွက်တစ်ခုဖြင့်ပင် အလွယ်တကူ ပြိုလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူမချစ်ခင်ပွန်း၏ စိတ်ဝိညာဉ်တိုက်ကွက်အောက်တွင် သူတို့အားလုံးမှာ ချက်ချင်းပင် နေရာ၌ အေးခဲသွားပြီး မည်သည်ကိုမှ မလှုပ်ရှားနိုင်ခဲ့ချေ။

ထို့နောက် သူမ၏အသေသတ်ကွက်ကို အသုံးပြုပြီး အခြေတည်အဆင့် ကျင့်ကြံသူလေးဦးကို အလွယ်တကူ ချေမှုန်းလိုက်နိုင်သည်။

သူမ၏ဘဝတစ်လျှောက် ဤသို့သော လွယ်ကူသည့် တိုက်ပွဲမျိုးကို တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးပေ။ ၎င်းမှာ ရာနှုန်းပြည့် ချေမှုန်းခြင်းပင် ဖြစ်၏။

"သူတို့အနားကို မချဉ်းကပ်နဲ့ဦး.. သေဟန်ဆောင်နေနိုင်တယ်…"

"မီးလုံးပညာရပ်ကို သုံး.. သူတို့ရဲ့ခန္ဓာကိုယ်တွေကို မီးရှို့ပြီး ပြာအဖြစ် ပြောင်းလိုက်…"

ကျိုးစွေ့က အလွန်သတိကြီးစွာဖြင့် ပြောလိုက်သည်။

ဤကျင့်ကြံခြင်းလောကတွင် လျှို့ဝှက်နည်းစနစ်များ ပြည့်နှက်နေကြောင်း သူသိရှိသည်။ ထက်ပိုင်းဖြတ်တောက်ခံရခြင်းက သေချာပေါက် သေဆုံးသည်ဟု မဆိုလိုနိုင်ချေ။ ၎င်းမှာ သေဟန်ဆောင်ခြင်းလည်း ဖြစ်နိုင်သေးသည်။

အလွန်အန္တရာယ်များလှသော ဤလောကကြီးတွင် အရာရာ သတိထားခြင်းက အမြဲတစေ ပညာရှိသော ရွေးချယ်မှုတစ်ခုဖြစ်သည်။

"ကောင်းပါပြီ ယောက်ျား…”

လန်ယွဲ့ရှီက ခေါင်းညိတ်လိုက်ပြီး မီးလုံးပညာရပ်ကို ထုတ်ဖော်လိုက်ကာ မီးလုံးလေးလုံးကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။ ၎င်းတို့တစ်ခုချင်းစီမှာ အခြေတည်အဆင့် ကျင့်ကြံသူလေးဦး၏ ခန္ဓာကိုယ်များကို တိုက်ရိုက် ထိမှန်သွားပြီး မီးလောက်မှုကြီးတစ်ခု ချက်ချင်း ဖြစ်ပွားစေသည်။

"မဟုတ်ဘူး… မင်းတို့ ကြွက်သူခိုးတွေ… ငါသေရင်တောင် မင်းတို့ကို အလွတ်မပေးဘူး…အား…”

ထိုအချိန်တွင် အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၏အလောင်းမှာ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်သည်။ သူ၏အမူအရာမှာ တုန်လှုပ်ခြောက်ခြားမှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။ ၎င်းမှာ ချူဖူချိုင်မှလွဲ၍ အခြားသူမဟုတ်ချေ။

သူသည် မူလက လျှို့ဝှက်ဝိညာဉ်နည်းစနစ်တစ်ခုကို ကျင့်ကြံထားပြီး သူ၏ခန္ဓာကိုယ်ခုတ်ပိုင်းခံရလျှင်ပင် ထိုဝိညာဉ်နည်းစနစ်အားကိုးဖြင့်၊ သူ၏ဝိညာဉ်ကို ခန္ဓာကိုယ်နှင့် တွယ်ကပ်စေပြီး ခဏတာမျှ အသက်ရှင်သန်ခွင့် ရရှိစေနိုင်သည်။

ရန်သူ အနားသို့ကပ်လာသည်နှင့် သူသည် သေစေနိုင်သော တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ပြီး ရန်သူအား အပါခေါ်နိုင်မည်ဖြစ်သည်။

သို့သော် ဤယုတ်မာသောစုံတွဲသည် ဤမျှ သတိကြီးတတ်ပြီး ကောက်ကျစ်စဉ်းလဲလိမ့်မည်ဟု မည်သူက ကြိုတင်သိထားမည်နည်း။

သူတို့သည် အလောင်းအနားသို့ ချဉ်းကပ်ရန် ရည်ရွယ်ချက်မရှိဘဲ၊ ထိုအစား အဝေးမှ တိုက်ခိုက်ပြီး သူ၏အလောင်းကို မီးရှို့ခဲ့ကြသည်။

ဤသို့ဖြင့် သူ၏နည်းဗျူဟာများကို အသုံးပြုရန် အခွင့်အရေးမရှိတော့ပေ။

သို့သော် သူမည်မျှမလိုလားသည်ဖြစ်စေ၊ မည်မျှဒေါသထွက်နေသည်ဖြစ်စေ အသုံးမဝင်တော့ပေ။

ကျိုးစွေ့နှင့် လန်ယွဲ့ရှီတို့သည် ဘယ်တော့မှ အနားသို့ မချဉ်းကပ်ဘဲ အဝေးမှနေ၍ တည်ငြိမ်စွာ ကြည့်ရှုနေကြသည်။

အလောင်းလေးလောင်းက မီးတောက်များဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဝမ်းနည်းကြေကွဲဖွယ်အသံ လုံးဝ ပျောက်ကွယ်သွားမှသာ သူတို့ ရပ်တန့်ခဲ့ကြသည်။

"ယောက်ျား.. ရှင်ကအရမ်းတော်တာပဲ…. ရှင့်ရဲ့သတိထားမှုသာမရှိခဲ့ရင် ကျွန်မ ထောင်ချောက်ထဲ ကျသွားနိုင်တယ်…"

လန်ယွဲ့ရှီက ကျေးဇူးတင်စိတ်ဖြင့် ပြောလိုက်သည်။

ဤအခြေတည်အဆင့် ကျင့်ကြံသူများ မည်မျှ ကောက်ကျစ်စဉ်းလဲသည်ကို သူမ အမှန်တကယ် အံ့အားသင့်သွားသည်။ သေဆုံးသွားလျှင်ပင် သူတို့၌ အရန်အစီအစဉ်တစ်ခု ရှိနေသေးသည်။

ချစ်လှစွာသော ယောက်ျား၏ အကြံဉာဏ်ကို နားမထောင်ခဲ့ပါက၊ သူမသည် သူတို့၏ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်ပြီး၊ မည်သို့သေဆုံးသွားသည်ကိုပင် မသိလိုက်ဘဲ သေဆုံးသွားနိုင်ပေသည်။

ဤသို့သော ကောက်ကျစ်စဉ်းလဲသည့် တစ်ကိုယ်တော်ကျင့်ကြံသူများတွင် မရေမတွက်နိုင်သော ဝှက်ဖဲများ ပြင်ဆင်ထားနိုင်ပေသည်။ ယခင်က ချင်းမုဂိုဏ်းမှ ပင်မတပည့်တစ်ဦးသည် ဤနည်းလမ်းဖြင့် ချူဖူချိုင်၏ တိတ်တဆိတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ရေးအတွေ့အကြုံ၊ ကောက်ကျစ်စဉ်းလဲမှုနှင့် ပတ်သက်လာလျှင်၊ ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာသော ဂိုဏ်းတပည့်များသည် သေခြင်းရှင်ခြင်းကြားတွင် ကျင်လည်နေသော ဤတစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မည်သို့မျှ မယှဉ်နိုင်ပေ။

ပါရမီနည်းပါးခြင်း၊ ညံ့ဖျင်းသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ အဆင့်နိမ့် မှော်လက်နက်များကြောင့်သာ မဟုတ်ပါက၊ သူသည် အဆင့်တူ ဂိုဏ်းတပည့်သုံးဦးကို တိုက်ခိုက်အနိုင်ယူနိုင်ပေလိမ့်မည်။

[ T.N - လန်ယွဲ့ရှီရဲ့ လက်နက်ကို အရင်အပိုင်းမှာ spear နဲ့ shear ကို မှားပြီးတော့ ရွှေနဂါးလှံလို့ ပြန်ခဲ့မိပါတယ်ခင်ဗျ။ သွေ့ပုချိ ]

All Chapters