မိမိကိုယ်ကို ဘယ်တော့မှ အန္တရာယ်မဖြစ်စေရ၊ ဆရာသခင်ဝမ်လျူ၏လိုဏ်ဂူ
Vol. 9 Ch. 127
"အပြင်ထွက် စွန့်စားတဲ့အခါ သတိထားဖို့ လိုတယ်…"
"ဒီလုယက်သတ်ဖြတ်တဲ့ ကျင့်ကြံသူတွေအားလုံးက ရက်စက်ကြမ်းကြုတ်ပြီး လှည့်ဖြားတတ်ကြတယ်.. တစ်ယောက်ချင်းစီမှာ လျှို့ဝှက်လှည့်ကွက်တွေ အများကြီးရှိတယ်…"
"မင်းသာ သတိတစ်ချက် လျှော့လိုက်တာနဲ့.. သူတို့ဝှက်ဖဲတွေရဲ့ သားကောင် ဖြစ်သွားနိုင်တယ်…"
"ဒါကြောင့် အနာဂတ်မှာ တိုက်ခိုက်တဲ့အခါ ဒါကို မှတ်ထား… ဖြစ်နိုင်သမျှ နည်းဗျူဟာပိုင်းဆိုင်ရာ အားသာချက်တိုင်းကို ယူ… လုပ်နိုင်ရင် သူတို့ကို အလစ်အငိုက် တိုက်ခိုက်ပါ.. ဖြစ်နိုင်ရင် အဝေးကနေဘဲ တိုက်ခိုက်ပါ…"
"အရူးတွေလို ထိပ်တိုက်ရင်ဆိုင် မတိုက်နဲ့… အဲ့တာက အမှားလုပ်မိတာနဲ့ မင်းအသက် ဆုံးရှုံးသွားနိုင်တယ်…"
"ငါတို့ ကျင့်ကြံသူတွေဆိုတာ အင်မော်တယ်အဖြစ်ကို ရရှိဖို့ ကြိုးစားနေတာ.. ငါတို့ရဲ့ ခွန်အားကို ကြွားဝါဖို့ မဟုတ်ဘူး…"
ကျိုးစွေ့သည် သူ၏လက်များကို နောက်ပစ်ကာ ရပ်နေပြီး၊ လန်ယွဲ့ရှီအား နှစ်ပေါင်းများစွာ ကျင့်ကြံမှု အတွေ့အကြုံများကို မျှဝေနေသည်။
သူသည် သူ၏ကန့်သတ်ချက်များကို ကောင်းစွာ သိရှိသည်။ သူသည် ယခင်ဘဝတွင် သာမန်အိမ်တွင်းပုန်းတစ်ဦးသာ ဖြစ်သည်။ တိုက်ခိုက်ရေးကျွမ်းကျင်မှုများ၊ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များ နှင့် ပတ်သက်လာလျှင် သူသည် ဤဝါရင့်တိုက်ခိုက်ရေးသမားများနှင့် မယှဉ်နိုင်ပေ။
သို့သော် သူ၌ အားသာချက်တစ်ခု ရှိသည်။ ၎င်းက သတိထားခြင်းပင် ဖြစ်သည်။ သူသည် မိမိ၏လုံခြုံရေးကို ဘယ်တော့မှ အန္တရာယ်အဖြစ်မခံပေ။
သူသာ လောဘမကြီး၊ ပေါ့ဆမှုမရှိသရွေ့ မည်သည့်ပြဿနာမျှ ကြုံတွေ့ရမည်မဟုတ်ပေ။
ထို့ကြောင့် သူသည် သူ၏ကိုယ်ပွားကိုသာ အမြဲတစေ တိုက်ပွဲသို့ စေလွှတ်သည်။ ရန်သူ၌ နည်းဗျူဟာ ရာပေါင်းများစွာ ရှိနေလျှင်ပင်၊ သို့မဟုတ် သူတို့က ၎င်းအား အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့လျှင်ပင် သူသည် ကိုယ်ပွားတစ်ဦးကိုသာ ဆုံးရှုံးရမည်ဖြစ်ပြီး ကြောက်ရွံ့စရာကိစ္စမဟုတ်ချေ။
အစကတည်းက သူသည် မရှုံးနိမ့်နိုင်သော အခြေအနေတွင် ရှိ၏။
"ငါ့ယောက်ျားလို့ မပြောရဘူး… ရှင့်က တကယ့်ကို တိုက်ပွဲအတွေ့အကြုံများတာပဲ…"
"ကျွန်မသာ အဲ့ဒီတုန်းက ရှင့်လောက် သတိကြီးခဲ့ရင်.. တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ထောင်ချောက်ထဲကို ကျရောက်ခဲ့မှာ မဟုတ်ဘူး…"
လန်ယွဲ့ရှီက ကျိုးစွေ့ကို လေးစားစွာ ကြည့်လိုက်သည်။
သူမသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး၊ သူမ၏ရှေ့မှ ယောက်ျားမှာမူ ချီကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်ကိုပင် သူမ မေ့လျော့နေခဲ့သည်။
ပုံမှန်အားဖြင့် အခြေတည်အဆင့် ကျင့်ကြံသူက ချီကျင့်ကြံသူကို လမ်းညွှန်ပြသရမည်ဖြစ်သော်လည်း၊ ဤနေရာတွင်မူ အခန်းကဏ္ဍများမှာ ပြောင်းပြန်ဖြစ်နေသည်။
သို့သော် ၎င်းက အနည်းငယ်ပြောရခက်သည်။
သူမ၏ ပါရမီမှာ အံ့ဩဖွယ်ကောင်းပြီး ကျင့်ကြံမှုမှာ အံ့ဩဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သော်လည်း၊ လွန်ခဲ့သော နှစ်၈၀၏ အချိန်အများစုကို ဂိုဏ်းအတွင်း၌ သူမ၏ကျင့်ကြံမှုတွင်သာ နက်ရှိုင်းစွာ နစ်မြုပ်ရင်း ကုန်ဆုံးခဲ့သည်။
ထို့အပြင် သူမ၏မြင့်မြတ်သော အဆင့်အတန်း၊ ဂိုဏ်းချုပ်၏ သမီးတော်ဖြစ်ခြင်းနှင့် သူမ၏ မြင့်မားသော ရာထူးတို့ကြောင့် သူမတွင် ထူးထူးခြားခြား ကြုံတွေ့ရသည့်အခြေအနေ ဆိုသည်မှာ ရှားပါးလှသည်။
သူမ၏ပတ်ဝန်းကျင်ရှိ လူတိုင်းက လေးစားကြပြီး၊ သူတို့ထဲမှ မည်သူမျှ သူမအပေါ် ကောက်ကျစ်စဉ်းလဲသော နည်းဗျူဟာများကို အသုံးပြုဝံ့ခြင်းမရှိဘဲ သူတို့အားလုံးမှာ သူမကို မြှောက်ပင့်ရန်သာ ကြိုးစားကြသည်။
ဤအကြောင်းကြောင့်ပင် သူမသည် သတိဝီရိယ လျော့နည်းခဲ့ပြီး၊ ၎င်းက တစ္ဆေမိစ္ဆာဂိုဏ်း၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည်ထဲသို့ ကျရောက်သွားစေသည်။
သူမအတွက် ကံကောင်းသည်မှာ၊ သူမ၏အန္တရာယ်ကို ကံကောင်းခြင်းသို့ ပြောင်းလဲပေးနိုင်သည့် သူမ၏ယောက်ျားနှင့် ဆုံတွေခဲ့ရသည့် ကံကြမ္မာကောင်းကို ရရှိခဲ့ခြင်းပင်။
ဤသို့စဉ်းစားရင်း ကျိုးစွေ့ကို ကြည့်နေသော သူမ၏လှပသောမျက်ဝန်းများထဲတွင် အချစ်စိတ်များက ပို၍ပင် ပြည့်လျှံလာသည်။
"ကဲပါလေ.. ဘာမှ စိုးရိမ်မနေနဲ့.. မင်းဘေးမှာ ငါရှိနေပေးမယ်.. မင်းကို အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေ ဒုက္ခပေးလို့ မရစေရဘူး…”
"အနာဂတ်မှာ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းကိုတောင် သုတ်သင်ပစ်ပြီး.. မင်းရဲ့ မကျေနပ်ချက်တွေအတွက် လက်စားချေနိုင်စေရမယ်…"
ကျိုးစွေ့သည် လက်သီးကိုဆုပ်ရင်း သူ၏ပြင်းပြသော ရည်မှန်းချက်ကြီးများကို စိတ်အားထက်သန်စွာ ထုတ်ဖော်ပြောကြားလိုက်သည်။
"ကျေးဇူးတင်ပါတယ် ယောက်ျား.."
လန်ယွဲ့ရှီ၏ ရင်ထဲတွင် ချက်ချင်းပင် နွေးထွေးသွားသည်။
"လောလောဆယ်တော့ မင်း ဒီမှာပဲ နေသင့်တယ်… ထောင်ချောက်တစ်ခုခု ရှိမရှိ စစ်ဆေးဖို့ ငါ့ရဲ့ ကိုယ်ပွားကိုပဲ အရင်လွတ်လိုက်မယ်…"
"ထောင်ချောက်မရှိဘူးဆိုတာ အတည်ပြုပြီးတာနဲ့ မင်း လှုပ်ရှားလို့ရပြီ…"
ဝှစ်ကနဲအသံနှင့်အတူ ကျိုးစွေ့၏ ကိုယ်ပွား ပျံသန်းသွားသည်။ သူသည် အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်ရာ၊ အခြေတည်အဆင့် ကျင့်ကြံသူလေးဦး၏ အလောင်းများမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီအား တွေ့လိုက်ရသည်။
ဝူးရှ်…။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့သည် 'အိပ်မက်ဝိညာဉ်ကူ'ကို အသက်သွင်းလိုက်သည်။ အခြေတည်အဆင့် ကျင့်ကြံသူလေးဦး၏ ဝိညာဉ်များ အပြီးတိုင်မပျောက်ကွယ်သွားမီ၊ သူတို့၏ဝိညာဉ်များကို လျင်မြန်စွာ ဝါးမျိုပြီး အတွင်းမှ မှတ်ဉာဏ်များကို စူးစမ်းရှာဖွေလိုက်သည်။
ထိုအခါမှသာ သူ၏သတိအား လျော့ချလိုက်တော့သည်။
'အိပ်မက်ဝိညာဉ်ကူ'သည် သူတို့၏ဝိညာဉ်များကို ဝါးမျိုခဲ့ပြီဖြစ်သဖြင့်၊ သူတို့သည် သေချာပေါက် လုံးဝ သေဆုံးသွားကြပြီဖြစ်သည်။
နောက်ကွယ်တွင် မည်သည့်ထောင်ချောက်မျှ ချန်ထားခဲ့ရန် အခွင့်အရေးမရှိပေ။
"ဒီလိုကိုး…"
တစ်ခဏအကြာတွင် ကျိုးစွေ့၏ မျက်နှာပေါ်တွင် ဉာဏ်အလင်းပွင့်သွားသည့် အမူအရာတစ်ခု ပေါ်လာသည်။ အခြေတည်အဆင့် ကျင့်ကြံသူလေးဦး၏ မှတ်ဉာဏ်များမှတဆင့်၊ သူသည် အခြေအနေ၏ အကြောင်းစုံအပြင် သူတို့၏ တကယ့်အထောက်အထားများကိုပါ နားလည်သွားသည်။
ဤလေးဦးမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော "တိမ်မြူခိုးမိစ္ဆာလေးကောင်" ဖြစ်ကြသည်။
သူတို့သည် တိမ်မြူခိုးတောင်တန်းတွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြပြီး သူတို့၏ဂုဏ်သတင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
မူလက သူတို့သည် ဤနေရာတွင် မနေထိုင်ဘဲ တိမ်မြူခိုးတောင်တန်း၏ အခြားအစိတ်အပိုင်းတစ်ခုတွင် နေထိုင်ကြသည်။
ဤတိမ်မြူခိုးမိစ္ဆာလေးကောင်ကို ရှန်၊ ရှောင်နှင့် မုအခြေတည်အဆင့် မိသားစုများက ဤနေရာသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားသည်။
တိမ်မြူခိုးမိစ္ဆာလေးကောင်အပြင် အခြားအခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ရှိသေးသည်။
အားလုံးမှာ ရွှေအမြုတေ ဂူဟောင်းစံအိမ်တစ်ခုကို တူးဖော်ရန် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။
တိမ်မြူခိုးမိစ္ဆာလေးကောင်သည် သူတို့၏လောဘကြောင့် မိမိတို့အား ကိုင်တွယ်လိုသော်လည်း၊ အဆုံးသတ်ရလဒ်မှာ မကောင်းသောရည်ရွယ်ချက်များရှိသော ကျင့်ကြံသူမိသားစုသုံးခုက မီးမွှေးပေးခဲ့ခြင်း ဖြစ်သည်။
ဤမိသားစုသုံးစုတွင် သူတို့၏အိမ်နီးချင်း အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် ပတ်သက်၍ အကြံအစည်အချို့ ရှိနေသည်မှာ ရှင်းလင်းလှသည်။
သူတို့သည် မည်သည့်အရာကိုမျှ ဖော်ထုတ်ရန် မဝံ့ရဲသဖြင့်၊ စမ်းသပ်ရန် တိမ်မြူခိုးမိစ္ဆာလေးကောင်ကို အသုံးပြုရန် စဉ်းစားခဲ့ကြခြင်း ဖြစ်၏။
သို့သော် ထိုအခြေတည်အဆင့် မိသားစုသုံးစုသည် တိမ်မြူခိုးမိစ္ဆာလေးကောင် လှုပ်ရှားမှုမပြုလုပ်မီမှာပင် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု မျှော်လင့်ထားကြမည်မဟုတ်ပေ။
ဤသို့စဉ်းစားရင်း ကျိုးစွေ့သည် ဤအခြေတည်အဆင့် ကျင့်ကြံသူများ၏ မှတ်ဉာဏ်များမှ သတင်းအချက်အလက်များကို လန်ယွဲ့ရှီအား မျှဝေလိုက်သည်။
"ယောက်ျား.. ရှင်ပြောတာ ရှန်မိသားစုနဲ့ တခြားမိသားစုနှစ်စု တူးဖော်နေတဲ့ ရွှေအမြုတေ ဂူဟောင်းစံအိမ်က.. ဆရာသခင်ဝမ်လျူလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ ဂူဟောင်းစံအိမ် ဟုတ်လား…" လန်ယွဲ့ရှီ၏ မျက်လုံးများ တောက်ပသွားသည်။
"ဟုတ်တယ်.. မင်း ဒီဆရာသခင်ဝမ်လျူကို သိနေတာလား…"
ကျိုးစွေ့က စိတ်ဝင်တစား မေးလိုက်သည်။
အခြေတည်အဆင့် ကျင့်ကြံသူများ၏မှတ်ဉာဏ်များမှ ဆရာသခင်ဝမ်လျူသည် အလွန်ကျော်ကြားပုံရသည်ကို သူတွေ့ရှိခဲ့ရသော်လည်း၊ ဤတစ်ကိုယ်တော်ကျင့်ကြံသူများတွင် အသေးစိတ်အချက်အလက်များ မပါဝင်ချေ။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများသာဖြစ်ပြီး၊ သူတို့ရရှိထားသော သတင်းအချက်အလက်များမှာ ဂိုဏ်းကျင့်ကြံသူများနှင့် သဘာဝအတိုင်း နှိုင်းယှဉ်၍မရပေ။
"ဟုတ်တယ်…"
လန်ယွဲ့ရှီက ခေါင်းညိတ်သည်။
"လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က ဒီဆရာသခင်ဝမ်လျူက သူ့ရဲ့ အထွတ်အထိပ်အချိန်မှာ ရှိခဲ့တယ်… သူက နိုင်ငံခြားသား ရွှေအမြုတေဆရာသခင်တစ်ယောက်ဖြစ်ပြီး… ငါတို့ဒေသကို ရောက်လာပြီးနောက်မှာ.. ရွှေအမြုတေအဆင့်ပုဂ္ဂိုလ်အားလုံးကို မရှုံးနိမ့်ဘဲ တိုက်ခိုက်ခဲ့ဖူးတယ်…"
"ငါတို့ အင်မော်တယ်ရှားဂိုဏ်းဘိုးဘေးတွေဆို အစတုန်းက ဆရာသခင်ဝမ်လျူ ဒီမှာ သူ့ရဲ့တာအိုမျိုးရိုးကို တည်ထောင်ပြီး… ရွှေအမြုတေဂိုဏ်းအသစ်တစ်ခု ဖွင့်ချင်တယ်လို့ ထင်ခဲ့ကြတယ်.. အံ့ဩစရာကောင်းတာက သူ့မှာ ဒီလိုရည်ရွယ်ချက်တွေ မရှိခဲ့ဘူး…"
"အချိန်အတော်ကြာတော့ ဒီဆရာသခင်ဝမ်လျူက ခြေရာကောက်လို့မရအောင် ပျောက်ကွယ်သွားခဲ့တယ်… ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတွေတောင် သူ့တည်နေရာကို ရှာမတွေ့နိုင်ခဲ့ဘူး… အစက သူတခြားတစ်နေရာကို ထွက်ခွာသွားပြီလို့ ထင်ခဲ့ကြပေမဲ့.. သူက နောက်ဆုံးမှာ တိမ်မြူခိုးတောင်တန်းမှာသေဆုံးသွားပြီး.. သူ့ရဲ့ဂူဟောင်းစံအိမ်ကို ချန်ထားခဲ့လိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ ထင်မှာမဟုတ်ဘူး…”
"ဒါဆို ငါတို့သာ ဆရာသခင်ဝမ်လျူရဲ့ ဂူဟောင်းစံအိမ်ကို တကယ်ပဲ ဖွင့်နိုင်ခဲ့ရင် ကြီးမားတဲ့ဆုလာဘ်တစ်ခု ဖြစ်လိမ့်မယ်…"
ကျိုးစွေ့သည် ရှန်မိသားစုနှင့် အခြားသူများ ဤရွှေအမြုတေ ဂူဟောင်းစံအိမ်အပေါ် အဘယ်ကြောင့် ဤမျှ အလေးထားသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ ထင်ရှားသည်မှာ ဆရာသခင်ဝမ်လျူ၏ အမည်မှာ ကြီးမားသော အလေးချိန်ရှိပြီး၊ သူ၏အမွေအနှစ်ကိုသာ ရရှိနိုင်ခဲ့ပါက အကျိုးကျေးဇူးများမှာ မယုံနိုင်လောက်အောင် သိသာထင်ရှားပေလိမ့်မည်။
သူတို့သည် မူလက အတွင်းရှိ ရတနာများကို ၎င်းတို့ဘာသာ သိမ်းပိုက်ရန်စီစဉ်ထားခဲ့သော်လည်း၊ နောက်ပိုင်းတွင် ရွှေအမြုတေ ဂူဟောင်းစံအိမ်ရှိ တားမြစ်အစီအရင်မှာ ၎င်းတို့တတ်နိုင်သည်ထက် ပိုမိုအားကောင်းနေသည်အား တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် သူတို့သည် ဤရွှေအမြုတေစံအိမ်၏အစီအရင်ကို ပူးပေါင်းချိုးဖျက်နိုင်ရန်၊ အခြေတည်အဆင့် တာအိုမိတ်ဆွေအချို့ကို စတင်ဖိတ်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။
"အဲ့ဒီလို ပြောလို့ရတယ်.. ငါတို့ အင်မော်တယ်ရှားဂိုဏ်း.. ချင်းမုဂိုဏ်းနဲ့ တခြားဂိုဏ်းတွေသာ ဒီသတင်းကို သိသွားလို့ကတော့.. ရွှေအမြုတေဆရာသခင်တွေတောင် အရေးယူဆောင်ရွက်ပြီး ဒီကျင့်ကြံသူတွေအတွက် ဘာအခွင့်အရေးမှ ချန်ထားမှာမဟုတ်ဘူး…"
"သူတို့က ဒီလောက်ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခုကို သတင်းပေါက်ကြားပြီး.. တခြားဂိုဏ်းတွေသိသွားမှာကို မကြောက်ကြဘူးလား…"
"ဒါဆိုရင် သူတို့ အရာအားလုံး ဆုံးရှုံးသွားမှာပေါ့…"
လန်ယွဲ့ရှီက အံ့ဩတကြီး မှတ်ချက်ချသည်။
"အင်း.. သူတို့ရဲ့မှတ်ဉာဏ်တွေအရဆိုရင် ဒီအခြေတည်အဆင့် ကျင့်ကြံသူတွေအားလုံး သတင်းမပေါက်ကြားစေဖို့ နှလုံးသားမိစ္ဆာသစ္စာဆိုထားကြတယ်…"
"ဒါ့အပြင် ဂူဟောင်းစံအိမ်ထဲက တားမြစ်အစီအရင်က ကျိုးပေါက်ခါနီးဖြစ်နေပြီ.. တစ်လကျော်အတွင်းမှာ လုံးဝ ကျိုးပေါက်သွားလိမ့်မယ်.. ဒါကြောင့် သတင်းပေါက်ကြားသွားခဲ့ရင်တောင် အဲ့ဒီအခါကျရင်.. သူတို့က ဂူဟောင်းစံအိမ်ရဲ့ ရတနာအားလုံးကို ယူဆောင်သွားပြီး ဖြစ်နေမှာကိုတောင် ငါစိုးရိမ်မိတယ်…”
၎င်းကို စဉ်းစားကြည့်ရင်း ကျိုးစွေ့သည် ရှန်မိသားစုနှင့် အခြားသူများ၏ အစီအစဉ်ကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။