အလယ်အလတ်တန်းစား စိတ်ဝိညာဉ်အမြစ်၏စွမ်းရည်၊ တိမ်မြူခိုးတောင်တန်း၏ သားရဲလှိုင်း
Vol. 9 Ch. 132
"ဒါက ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်အမြစ်.. အလယ်အလတ်တန်းစား စိတ်ဝိညာဉ်အမြစ်ရဲ့ အစွမ်းလား..."
ကျိုးစွေ့က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဤအံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုကို သူချက်ချင်း ခံစားလိုက်ရသည်။ သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်နှင့် ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ်တို့သည် အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ခြားနားချက်က ကြီးမားလှသည်။
၎င်းသည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်နှင့် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်အမြစ်ကြားက ကွာခြားချက်ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ်အဆင့်သို့ ရောက်ရှိပါက သူတို့သည် ဂိုဏ်းတစ်ခု၏တံခါးဝသို့ ဝင်ရောက်နိုင်သည်။ ယေဘုယျအားဖြင့် သူတို့သည် ဂိုဏ်းမှ လက်ခံခြင်းခံရမည်ဖြစ်ပြီး၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏အဆင့်အတန်းကို ကျော်ဖြတ်နိုင်မည့် အာမခံချက်ဖြစ်သည်။
သူသာ အစကတည်းက ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ်ပင်ကိုပါရမီ ရှိခဲ့ပါက၊ ယခုအခါ သူသည် ဂိုဏ်းတပည့်တစ်ဦး ဖြစ်နေနိုင်ပေသည်။
မီယွင်မြို့တွင် ရုန်းကန်နေရန် သူ့အတွက် လိုအပ်မည်မဟုတ်ပေ။
"ငါ့ရဲ့ နားလည်နိုင်စွမ်း တိုးတက်လာရုံတင်မကဘူး.. ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းကလည်း နှစ်ဆတိုးလာတယ်..."
ကျိုးစွေ့ အသက်ပြင်းပြင်းရှူလိုက်သည်။
'ကူနတ်ဘုရားကျင့်စဉ်'ကို အနည်းငယ် လှည့်ပတ်လိုက်သည်နှင့် ကြီးမားသော သဘာဝဝိညာဉ်စွမ်းအင်များ စုဝေးလာပြီး၊ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အစစ်အမှန်ချီအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
သဘာဝဝိညာဉ်စွမ်းအင်များကို စုပ်ယူရာတွင် ဤသို့သော ထိရောက်မှုကြောင့် သူ့အား မယုံနိုင်လောက်အောင် လန်းဆန်းစေသည်။
စွမ်းဆောင်ရည်တိုးမြှင့်မှုသည် နှစ်ဆမျှသာဖြစ်သော်လည်း၊ ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာတွင်မူ ဤသို့သော စွမ်းဆောင်ရည်သည် သိသာထင်ရှားသော ကွာဟချက်တစ်ခုကို ဖန်တီးပေလိမ့်မည်။
တစ်စုံတစ်ယောက်သည် မိမိဘာသာ ကျင့်ကြံအားထုတ်မည်ဆိုလျှင်ပင်၊ ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူတစ်ဦးသည် အသက်ခြောက်ဆယ်မတိုင်မီ ချီသန့်စင်ခြင်းအဆင့်(၉)၏ ပြီးပြည့်စုံသောနယ်ပယ်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် အခြေတည်အဆင့်အတွက် အခွင့်အရေးအနည်းငယ် ရှိသည်။
သို့သော် သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်မှာမူ၊ ချီသန့်စင်ခြင်းအဆင့်(၉)၏ ပြီးပြည့်စုံသောနယ်ပယ်ကို တက်လှမ်းနိုင်ရန်ပင် အနည်းဆုံး အသက်ရှစ်ဆယ်၊ ကိုးဆယ်ခန့်ထိ စောင့်ဆိုင်းရပေမည်။
ထိုအခါတွင် သူတို့အတွက် အခြေတည်အဆင့်ကို မျှော်မှန်းဖို့ရာ လက်တွေ့တွင် မဖြစ်နိုင်တော့ပေ။
အခြေတည်ဆေးလုံးတစ်လုံး ရနိုင်လျှင်ပင်၊ ခန္ဓာကိုယ် ယိုယွင်းမှုကြောင့် အခြေတည်အုတ်မြစ်ကို တည်ထောင်ရန် ကျရှုံးနေဦးမည်ဖြစ်၏။
"ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ်က တော်တော်ကောင်းပေမဲ့.. ငါသာ တတိယအဆင့်စိတ်ဝိညာဉ်အမြစ် ဒါမှမဟုတ်.. ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သာ ရှိခဲ့ရင် ဒါက ပိုလို့တောင် ကောင်းဦးမှာ..."
ကျိုးစွေ့ လက်သီးကိုဆုပ်လိုက်သည်။
ယခုအခါ သူသည် ‘ရလေ လိုလေ’ ဖြစ်နေချေသည်။ ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ်၏ အကျိုးကျေးဇူးများကို မြည်းစမ်းပြီးဖြစ်သောကြောင့်၊ သူသည် သူ၏ပင်ကိုပါရမီကို ထပ်မံတိုးတက်စေလိုသည်မှာ သဘာဝပင်ဖြစ်သည်။
လန်ယွဲ့ရှီ၏ ပထမအဆင့်စိတ်ဝိညာဉ်အမြစ်ကဲ့သို့သော ပါရမီကိုသာ ပိုင်ဆိုင်ခဲ့ပါက သူ၏လမ်းကြောင်းမှာ ပို၍ ချောမွေ့နိုင်ပေသည်။
သို့သော် ၎င်းသည် အချိန်အတိုင်းအတာတစ်ခုသာ လိုပေမည်။
'ချစ်ခြင်းမေတ္တာကူ'သာ ထပ်မံတိုးတက်နိုင်ပြီး တာအိုလက်တွဲဖော်များ၏ ကျင့်ကြံမှုမှာလည်း တိုးတက်ခဲ့ပါက၊ သူ၏ စိတ်ဝိညာဉ်အမြစ် ဆင့်ကဲပြောင်းလဲမှုအရှိန်မှာ ပို၍မြန်ဆန်နိုင်ပေသည်။
မကြာလှသော အနာဂတ်တွင် သူသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ်၊ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကိုပင် ပိုင်ဆိုင်ပေလိမ့်မည်။
...
ရက်အနည်းငယ်ကြာပြီးနောက်။
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာပြီးနောက်၊ ကျိုးစွေ့သည် သူ၏ဇနီးများနှင့် နေ့စဉ်တူနှစ်ကိုယ်ကျင့်ကြံခြင်း နေ့ရက်များကို ပြန်လည်စတင်ခဲ့သည်။ ယခုအခါ အပိုထပ်ဆောင်းဇနီးတစ်ဦးဖြစ်သော လန်ယွဲ့ရှီပါ ပါဝင်နေပြီ ဖြစ်သည်။
သူတို့ငါးဦးစလုံးမှာ စည်းလုံးပျော်ရွှင်သောဘဝအား စံစားနေသည်။
၎င်းမှာ ရှားပါးသော ငြိမ်းချမ်းမှုအချိန်အခါတစ်ခု ဖြစ်သည်။
သူ၏ကျင့်ကြံမှုမှာလည်း တည်ငြိမ်စွာ တိုးတက်နေသည်။ များမကြာမီတွင် သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းအဆင့်(၉)၏ ပြီးပြည့်စုံသောအခြေအနေသို့ တက်လှမ်းနိုင်တော့မည်ဖြစ်ပြီး၊ ထိုအခါ သူသည် အခြေတည်အဆင့်ကို ကြိုးစားနိုင်ပေလိမ့်မည်။
သူသာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ သူ၏ကျင့်ကြံမှုနှင့် သက်တမ်းတို့မှာ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပေလိမ့်မည်။
ဤသည်မှာ ကျင့်ကြံခြင်းလောကတွင် မိမိကိုယ်ကို ကာကွယ်နိုင်သည့် ကနဦးစွမ်းအားအဖြစ်လည်း ယူဆနိုင်သည်။
တာအိုလက်တွဲဖော်များသည် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသော်လည်း သူကိုယ်တိုင်မှာမူ မဖြစ်သေးပေ။
မည်သည့်ရှုထောင့်မှဖြစ်စေ၊ အကြီးမားဆုံးသောလုံခြုံမှုသည် ကိုယ်ပိုင်ခွန်အားပေါ်တွင်သာ ရှိ၏။
ဝုန်း..ဝုန်း…။
ထိုအခိုက်အတန့်တွင် ပြင်းထန်သော မြေငလျင်တစ်ခုက ပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာကို တိုက်ခတ်သွားသည်။ မြေကြီးမှာ ကွဲအက်သွားပြီး တုန်ခါမှုဖြင့် မြည်ဟည်းနေသည်။
"ဘာတွေဖြစ်နေတာလဲ...”
ကျိုးစွေ့၊ ကျိပင်းယွီနှင့် အခြားသူများလည်း သူတို့၏ကျင့်ကြံမှုမှ ရုတ်တရက် လန့်နိုးလာကြသည်။ သူတို့သည် မည်သည့်အရာ ဖြစ်ပွားခဲ့သည်ကို မသိဘဲ ရှုပ်ထွေးမှုဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
“ဟင်..”
ထိုအချိန်တွင် ကျိုးစွေ့၏စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူ၏ကိုယ်ပွားများမှာ ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထားပြီး၊ တိမ်မြူခိုးတောင်တန်းများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
ယခုအခါ သူ၏ကိုယ်ပွားများသည် တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာမှ သားရဲအမြောက်အမြား ထွက်ပြေးလာသည်ကို အာရုံခံမိလိုက်သည်။ အရပ်မျက်နှာအရပ်ရပ်ကို တိုက်ခတ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲလှိုင်းတစ်ခုကို ဖန်တီးနေကြသည်။
လူတိုင်း အာရုံခံနိုင်လောက်အောင် ထင်ရှားသည့် တောင်တန်းများ၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာများမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
အဆင့်သုံး ယောင်သားရဲ။
၎င်းမှာ ရွှေအမြုတေဆရာသခင်တစ်ဦး၏ ခွန်အားနှင့် နှိုင်းယှဉ်နိုင်သော အဆင့်သုံး ယောင်သားရဲတစ်ကောင်၏ အရှိန်အဝါဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ မိစ္ဆာချီသည် ကီလိုမီတာ ဆယ်ဂဏန်းများစွာရှိသော ဧရိယာကို လွှမ်းခြုံထားပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့အပြင်၊ မြေငလျင်၏ဗဟိုချက်မှာ ရှန်၊ မုနှင့် ရှောင်မိသားစုများကဲ့သို့သော အခြေတည်အဆင့် မိသားစုများ တည်ရှိရာမှ ဖြစ်သည်။
"ချီး.. အဲ့ဒီ အခြေတည်အဆင့် မိသားစုတွေပဲ.. သူတို့တွေ တိမ်မြူခိုးတောင်းတန်းထဲက အဆင့်သုံးယောင်သားရဲတွေကို ဒေါသထွက်အောင် တစ်ခုခုလုပ်လိုက်ကြပြီ.. အခု တိမ်မြူခိုးတောင်တန်းတွေထဲက သားရဲအားလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေပြီ..."
ကျိုးစွေ့၏ မျက်နှာမှာ လေးနက်သွားသည်။
"ဘာ... အဆင့်သုံး ယောင်သားရဲ ဟုတ်လား... ဒါက ရွှေအမြုတေဆရာသခင်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်မလား... ငါတို့ အခု ဘာလုပ်ကြမလဲ...."
ထိုစကားကို ကြားသောအခါ ကျိပင်းယွီနှင့် အခြားသူများ ဖြူဖျော့သွားကြသည်။ ဤသို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြချေ။
သူတို့၏ကျင့်ကြံမှုမှာ အခြေတည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ ရွှေအမြုတေနယ်ပယ် အဆင့်သုံး ယောင်သားရဲများနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။
သူတို့သာ အဆင့်သုံး ယောင်သားရဲတစ်ကောင်နှင့် ကြုံတွေ့ခဲ့ပါက ၎င်းမှာ သေချာပေါက် သေမင်းနှင့်ပက်ပင်းတိုးခြင်းပင် ဖြစ်သည်။
"စိတ်မပူပါနဲ့.. ငါမြေအောက် မီတာရာချီမှာ စခန်းတစ်ခု ဆောက်ထားတယ်..."
"ငါတို့သာ မြေအောက်စခန်းထဲမှာ ပုန်းနေသရွေ့ ဒီသားရဲလှိုင်းကို ရှောင်တိမ်းနိုင်တယ်..."
ကျိုးစွေ့သည် ဤသို့သော အဖြစ်အပျက်များအတွက် ကောင်းစွာ ပြင်ဆင်ထားသည်။
တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ သူရောက်ရှိပြီး မကြာမီမှာပင် 'ရွှေစားကူ'ကို ကြီးမားသော မြေအောက်စခန်းတစ်ခု တူးဖော်ရန် အမိန့်ပေးခဲ့သည်။
၎င်းမှာ မီယွင်မြို့ရှိ မြေအောက်စခန်းနှင့် အခြေခံအားဖြင့် တူညီသည်။
ဤနည်းအားဖြင့် တိမ်မြူခိုးတောင်တန်းတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက၊ သူတို့သည် မြေအောက်စခန်းတွင် ပုန်းအောင်းနိုင်သည်။
သူတို့သည် မီယွင်မြို့သို့ ပြန်ရန် မြေအောက်ဥမင်လိုဏ်ခေါင်းကိုပင် အသုံးပြုနိုင်သည်။
ဉာဏ်ကောင်းသောယုန်တွင် ဂယ်ပေါက်သုံးခုရှိသည်ဟု ဆိုသည်။
"ယောက်ျား.. ရှင်ကတော့ တကယ့်လူပဲ.. တိမ်မြူခိုးတောင်တန်းကို ရောက်ပြီးနောက်မှာ ရှင် တွင်းတစ်တွင်း တူးလိမ့်ဦးမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..."
ရှားကျင်းယန်သည် ဤယောက်ျားကို လုံးဝ သဘောကျသွားသည်။ သူသည် အလွန်ပင် စေ့စပ်သေချာပြီး၊ ယခုအချိန်အထိ အလွန်သတိကြီးစွာဖြင့် ရှင်သန်ခဲ့ကာ သူသွားလေရာရာ၌ အရန်အစီအစဉ်တစ်ခုကို အမြဲတမ်း ပြင်ဆင်ထားသည်။
သူတို့သာ ဤသို့သော အရန်အစီအစဉ်တစ်ခု မရှိခဲ့ပါက၊ သူတို့သည် သေခြင်းတရားဖြင့် အဆုံးသတ်ရနိုင်ပေသည်။
"ဘာမှ ပြောမနေကြနဲ့တော့.. ပစ္စည်းတွေ ထုပ်ပိုးပြီး သွားကြစို့..."
ကျိုးစွေ့သည် ချက်ချင်းပင် ကျိပင်းယွီနှင့် အခြားသူများကို ချိုင့်ဝှမ်းရှိ လျှို့ဝှက်ဂူတစ်ခုသို့ ခေါ်ဆောင်သွားသည်။
များမကြာမီမှာပင် သူတို့သည် မြေအောက် မီတာရာပေါင်းများစွာနက်သော စခန်းတစ်ခုသို့ ရောက်ရှိသွားကြသည်။
ထို့နောက် သူသည် မူလဂူကို ပိတ်ရန် 'ရွှေစားကူ'ကို အမိန့်ပေးလိုက်သည်။
ဤနည်းအားဖြင့် မည်သူမျှ ဂူမှတစ်ဆင့် စခန်းထဲသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။
ချိုင့်ဝှမ်းရှိ အဆောက်အအုံအမျိုးမျိုးအတွက်မူ သူသည် ၎င်းတို့အားလုံးကို မစီမံနိုင်ပေ။
အဆောက်အအုံများမှာ သားရဲများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရလျှင်ပင်၊ သူတို့အတွက် ပြန်လည်တည်ဆောက်ရန်မှာ အလွန်လွယ်ကူသည်ဖြစ်ပြီး ကြီးကြီးမားမား ဆုံးရှုံးစရာမရှိချေ။
"ယောက်ျား.. ငါတို့ မြေအောက်စခန်းထဲမှာ တစ်နှစ်လောက် ထပ်ပြီး ပိတ်မိနေဦးမှာလား..."
မုဇီယန်က မေးလိုက်သည်။
"စိတ်မပူပါနဲ့.. သားရဲလှိုင်းက အချိန်အကြာကြီး ကြာမှာမဟုတ်ဘူး.. အများဆုံး တစ်လ နှစ်လလောက်ပဲ..."
"ပြီးတော့ အချိန်သာ တကယ် အကြာကြီးဖြစ်လာရင် ငါတို့ မီယွင်မြို့ကို ပြန်သွားလို့ရတယ်..."
"အခု တစ္ဆေမိစ္ဆာဂိုဏ်းက မီယွင်မြို့ကနေ ဆုတ်ခွာသွားပြီဆိုတော့ လောလောဆယ်တော့ အတော်လေး လုံခြုံမှာပါ..."
ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။
"ဒါဆိုရင် ကောင်းတာပေါ့..."
မုဇီယန်နှင့် အခြားသူများ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။