← Chapters

စတင်လှုပ်ရှားခြင်း

Vol. 29 Ch. 430

စတင်လှုပ်ရှားခြင်း

Vol. 29 Ch. 430

နတ်ဆိုးကမ္ဘာအရှင်၏ တပည့်လက်ခံမှု စံသတ်မှတ်ချက်သည် သဘာဝအတိုင်း အတော်လေး တင်းကျပ်လှပါသည်။ ယခင်တုန်းက ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် မိုးမြေမဟာတာအိုကို နားလည်ဆင်ခြင်ခဲ့ပြီး မဟာတာအိုကျင့်ကြံခြင်း အဆင့်၌ ရှိခဲ့သည်။ သူသည် နတ်ဆိုးကမ္ဘာအရှင်၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေမဲ့ သူသည် အမည်ခံတပည့်အဖြစ်ကသာ စတင်ခဲ့ခြင်း ဖြစ်ပါ၏။

မရေမတွက်နိုင်သော ခေတ်များ ကုန်ဆုံးသွားခဲ့၏။

နတ်ဆိုးကမ္ဘာအရှင်သည် တပည့်များစွာ လက်မခံခဲ့ပေ။

သေချာသည်ကတော့ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အခြေအနေ အတိအကျနှင့် အရေအတွက် အတိအကျကို မသိခဲ့ပေ။

သူသည် အပြင်စည်းတပည့်မျှသာ ဖြစ်ပြီး နတ်ဆိုးကမ္ဘာအရှင် တပည့်အဖြစ် တရားဝင် ဖြစ်လာရုံသာ ရှိပါသေး၏။ သူသည် နတ်ဆိုးကမ္ဘာအရှင်ထံမှ တရားဝင်တောင် ဆင့်ခေါ်မခံရသေးပေ။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်၏လက်ထဲက တိုကင်သည် အမည်ခံတပည့်အဆင့်မှ အပြင်စည်းတပည့်အဖြစ် အလိုအလျောက် အဆင့်တိုးမြှင့် သွားခဲ့၏။ နတ်ဆိုးကမ္ဘာအရှင်သည် ထိုသတင်းကို အလိုအလျောက် လက်ခံရရှိလိုက်၏။

"အရှင် ကျွန်တော်တို့ အရင်သွားလိုက်ပါ ဦးမယ်။" နတ်ဆိုးကြာပန်းစစ်တပ်၏ခေါင်းဆောင်သည် ပြောလိုက်၏။

"ဟုတ်ပြီ။” ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခေါင်းညိတ်၏။

နတ်ဆိုးကြာပန်းစစ်တပ် ခေါင်းဆောင်သည် သူ၏ စစ်သားများကို ဦးဆောင်လျက် အလျင်အမြန် ထွက်ခွာသွားတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့သည် အတော်ဝေးဝေးသို့ ပျောက်ကွယ်သွားကာ ချီမင်တို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

"ငါ့ နောက်ကလိုက်ခဲ့။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ရှေ့မှ သီးခြားခြံဝန်းဆီသို့ ဦးတည် လျှောက်သွားလိုက်ပြီး သူ၏ အပြင်စည်းတပည့်တိုကင်ကို ထုတ်ယူ၏။ အလင်းတစ်ချက် လက်သွားပြီး သီးခြားခြံဝန်း၏ တံခါးသည် အလိုအလျောက် ပွင့်သွားတော့သည်။ သူ၏မျက်စိထဲသို့ အတွင်းဘက် မြင်ကွင်းများ ပေါ်လာတော့သည်။

ပထမဆုံး သီးခြားခြံဝန်း၏ နေရာလွတ်သည် မသေးငယ်ပါပေ။ ထိုအထဲတွင် ဟင်းလင်းပြင်အစီအရင်ပင် တည်ဆောက်ထားသေးသည်။ ထို့ကြောင် အပြင်ဘက်ကကြည့်လျှင် သီးခြားခြံဝန်းတစ်ခုလုံးသည် သာမန်ခြံဝန်းလေးတစ်ခုနှင့် ဆင်တူပေမဲ့ တကယ်တော့ အတွင်းပိုင်းသည် အတော်လေး ကျယ်ပြန့်ပါသည်။

အထဲတွင် သီးခြားအခန်းများစွာ ရှိသေးသည်။

သီးခြားခြံဝန်းတစ်ခုလုံးသည် သိပ်သည်းသည့် ဖရိုဖရဲချီတို့ ဖုံးအုပ်နေပြီး တာအိုစာလုံးများနှင့် ပြည့်နှက်နေ၏။ ဤနေရာ၌ ကျင့်ကြံခြင်းသည် တစ်ဝက်အားစိုက်ရုံဖြင့် ရလဒ် နှစ်ဆ ရလေသည်။ တကယ့်ကိုမဆိုးပါပေ။

သေးငယ်သည့် သီးခြားခြံဝန်းလေးသည် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်၏ ကမ္ဘာဦးတာအိုနန်းတော်ထက် မညံ့ဖျင်း သောကြောင့် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။၎င်းက ပိုပြီးတောင် သာနိုင်ပါသည်။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အတော်လေးလည်း အံ့ဩသွားပါ၏။

"ဒီနေရာပဲ..."

"သိပ်သည်းလိုက်တဲ့ ဖရိုဖရဲချီနဲ့ ထူထပ်တဲ့ တာအိုစာလုံးတွေ။"

"အရေးကြီးဆုံးကတော့ ဒီဖရိုဖရဲချီတွေထဲက မသန့်စင်မှုတွေကို ဖယ်ထားတာပဲ။ တာအိုမူလအစကနေ ဖယ်ထုတ်ထားတဲ့အတိုင်းပဲ အတော်လေးကို သန့်စင်တယ်။"

"မယုံနိုင်စရာပဲ။"

"ဒီသီးခြားခြံဝန်းက အပြင်စည်းအပိုင်းပဲရှိသေးတယ်။ အတွင်းစည်းအပိုင်းထဲက ကောင်းချီးမြေတွေဆို ဘယ်လိုနေမလဲ။ အမွေခံအပိုင်းနဲ့ ကိုယ်ပိုင်တပည့်အပိုင်းတွေဆို ဘယ်လိုများ ဖြစ်နေမလဲ။"

"စိတ်ကူးတောင် မကြည့်နိုင်ဘူး။"

“…”

ဝါနက်ကောင်းကင်အရှင်နှင့် ကျန်သောသူများသည် အံ့ဩသွားတော့သည်။

"ကောင်းပြီ"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် လက်ဝေ့ယမ်းလျက် စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူသည် ပြော၏။" ဒီခြံဝန်းထဲမှာ အခန်းတွေ အများကြီး ရှိတယ်။ အခန်းတစ်ခု ရှာပြီး နေလိုက်ကြ။ ဒီမှာ ဘာပြဿနာမှ မရှာမိစေနဲ့။ နတ်ဆိုးကမ္ဘာစုဝေးပွဲက သုံးနှစ်နေရင် စမှာ။စောင့်နေကြ။"

"ဟုတ်ပြီ။"

" ကျွန်တော် မှတ်သားထားပါ့မယ်။"

“…”

ဝါနက်ကောင်းကင်အရှင်နှင့် ကျန်သောသူများသည် ညီညာစွာ ပြော၏။

"နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ အထက်ကမ္ဘာကိုးကမ္ဘာရဲ့ ကျွမ်းကျင်သူတွေ အများကြီး စုဝေးလာကြတယ်။ ကောင်းကင်အရှင်တွေ အများကြီးနဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေတောင် ဒီအင်မော်တယ်မြို့တော်ကိုးမြို့မှာ အရောင်းအဝယ် လုပ်ကြတယ်။ မင်းလိုချင်တဲ့ ဘာမဆို လန်ယာ့အင်မော်တယ်မြို့ထဲမှာ သွားရှာနိုင်တယ်။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ဆက်ပြော၏။

“…”

ဝါနက်ကောင်းကင်အရှင်နှင့် ကျန်သောသူတို့သည် ခေါင်းညိတ်လိုက်ပါ၏။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ရှေ့က အဓိကအခန်းထဲသို့ ဝင်သွား၏။ ချီမင်သည် မူလက အခန်းတစ်ခန်းကို ကျပန်းရွေးချယ်လိုက်ချင်သည်။သို့သော် သူသည် စီနီယာအစ်ကို အစ်မတို့၏ စိတ်အားထက်သန်မှုကို မရပ်တန့်နိုင်ပေ။ထို့ကြောင့် တုံ့ဆိုင်းနေပြီးနောက် သူသည် အဓိကအခန်းနှင့် အနီးကပ်ဆုံး အခန်းကို ရွေးချယ်လိုက်တော့၏။

အဓိက အခန်းနှင့် ပိုနီးကပ်လေ ပါဝင်သော ဖရိုဖရဲချီသည် ပိုသန်မာလေသည်။

" စီနီယာအစ်ကိုနဲ့ အစ်မတို့ကို ကျေးဇူးတင်ပါတယ်" ချီမင်က လက်နှစ်ဖက်ကိုစုဖွဲ့လိုက်ကာ ဆိုသည်။

"ဂျူနီယာညီလေး ရပါတယ်။"

"ရတယ်။ ရတယ်ဟေ့"

" ဂျူနီယာညီလေးကို ဂရုစိုက်ပေးရမှာပေါ့။"

"ဟုတ်တယ်။ဟုတ်တယ်။"

"အခန်းထဲမှာ အေးအေးချမ်းချမ်း အနားယူ"

"ကောင်းကောင်း အနားယူပါ။"

“…”

စီနီယာအစ်ကို အစ်မတို့က ဆိုသည်။

“…”

ချီမင်သည် သက်ပြင်းချလိုက်ပေမဲ့ ဘာမှတော့ ထပ်မပြောပေ။

တံခါးသည် ပိတ်ဆို့သွား၏။

ချီမင်သည် ထိုအခန်းကို စတင်လေ့လာတော့သည်။ အခန်းက ရိုးရိုးရှင်းရှင်းနှင့် အလှမဆင်ထားပေ။ မျက်စိကျိန်းဖွယ် တောက်ပသည့် အပြင်အဆင်များ မရှိပေ။ စားပွဲခုံတစ်ခု၊ ထိုင်ခုံအနည်းငယ်၊ အိပ်ရာကုတင်တစ်ခုနှင့် သစ်သားပရိဘောဂ အချို့သာ ရှိပါသည်။

သာမန် အခန်းလေးတစ်ခု အလားပင်။

ချီမင်သည် နေရာအနှံ့ ပေါကြွယ်ဝလှသည့် ဖရိုဖရဲချီများကို ခံစားနိုင်၏။ သူသည် အသက်ပြင်းပြင်းရှုလျက် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော ဖရိုဖရဲချီများကို သန့်စင်လိုက်သည်။

"ငါ ဘာဆက်လုပ်ရမလဲ။"

ချီမင်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ချိတ်ထိုင်လျက် စဉ်းစားလိုက်၏။ " ပထမဆုံး ငါ့လက်ထဲမှာ နတ်ဆိုးဘုရားမူဇာစ်မြစ်သုံးခု ရှိတယ်။ ငါ ဒါတွေကိုအဆင့်ချိုးဖြတ်ဖို့အတွက် စုပ်ယူနိုင်တယ်။"

" ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်နဲ့ ကမ္ဘာဦးကျမ်းလည်း ရှိတယ်။ သူတို့ကိုတော့ ကျင့်ကြံရမယ်။"

"ပြီးတော့..."

ချီမင်သည် ခဏလောက်တွေးတောကာ ဆိုသည်။" ငါ အရင်ဆုံး တာအိုမူလအစတွေ အများကြီး လိုတယ်။ တာအိုမူလအစသာ လုံလောက်နေသရွေ့ ငါ အချိန်တိုလေးအတွင်း အဆင့်တက်နိုင်တယ်။ ဆရာ ပြောတာကတော့ လန်ယာ့အင်မော်တယ်မြို့တော်ထဲမှာ ဖလှယ်ရေးဈေးကွက် ရှိတယ်။"

" ငါ တစ်ချက်လောက်သွား ကြည့်ရဦးမယ်။"

အတွေးတစ်ချက်ဖြင့် ချီမင်သည် ကမ္ဘာဦးကျမ်းနှင့် ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ကို ထုတ်ယူ၏။

ချီမင်သည် အဆင့်နိမ့် တာအိုမူလအစတို့ကို ထည့်သွင်းကာ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ကို စတင်ကျင့်ကြံကာ ကမ္ဘာဦးကျမ်းကို နားလည်ဆင်ခြင်တော့၏။ သူသည် ကမ္ဘာဦးကျမ်း၏ ဆန်းကြယ်မှုတို့ကို သုံးလျက် ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်တော့၏။

ချီမင်သည် ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို ကျင့်ကြံခဲ့ပြီးနောက်မှာ သူသည် တာအိုသစ်သီးအခန်း၏ နောက်တစ်ခန်းကို တွက်ချက်ကြည့်ရန် ကြိုးစားသော်လည်း သူ့တွင် တိုးတက်လာဖို့ မည်သည့်သဲလွန်စမှ မရှိပေ။

ယခုတွင်တော့...

ချီမင်သည် ကမ္ဘာဦးကျမ်းကို ရသွားတော့သည်။ ၎င်းက ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ကျင့်ကြံသည့် နည်းစနစ်ဖြစ်ကာ ၎င်းတွင် သူ၏ မိုးမြေမဟာတာအိုနားလည်မှုများ ပါဝင်လေသည်။

ချီမင်၏ ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်ဖို့အတွက် ၎င်းက အတော်လေး အကျိုးရှိပါသည်။ တွက်ချက်ခြင်းဖြစ်စဉ်သည် နောက်ဆုံး၌ စတင် တိုးမြှင့်လာခဲ့သည်။

သတင်းကောင်းပါပေ။

"ဆက်တွက်ချက်မယ်။"

အတွေးတစ်ချက်ဖြင့် ချီမင်သည် သူ၏ ပစ္စည်းစာရင်းကို ဖွင့်လိုက်သည်။ အဆင့်နိမ့်တာအိုမူလအစများစွာ မကျန်တော့သောကြောင့် နတ်ဆိုးဘုရားမူဇာစ်မြစ်ကို သန့်စင်ဖို့ မလုံလောက်တော့ပေ။

ချီမင်သည် အသက်ပြင်းပြင်းရှုလျက် တွေးတောနေလျက် တံခါးမှ ထွက်လာလိုက်သည်။ သူသည် လန်ယာ့အင်မော်တယ်မြို့တော်ကို ပတ်သွားပြီး သူ၏ ပစ္စည်းစာရင်းထဲက အရာအားလုံးကို ရောင်းချကာ တာအိုမူလအစမည်မျှ ရနိုင်မလဲဆိုတာ ကြည့်ရှုဖို့ စီစဉ်ထားပါ၏။

ပြောရမည်ဆိုလျှင်။

ဤနှစ်များတစ်လျှောက် ချီမင်သည် မရေမတွက်နိုင်သော ဂိမ်းမြေအောက်စခန်းများကို ရှင်းလင်းခဲ့ပြီး ပစ္စည်းများစွာ ရခဲ့သည်။ သူ၏ ပစ္စည်းစာရင်းထဲ၌ ထိုပစ္စည်းများစွာ ကျန်နေသေးသည်။ လီထျန်းရှန်းတို့ကို သွားရောင်းခိုင်းသည်က တစ်ပိုင်းလောက်သာပင်။

ချီမင်၏ ပစ္စည်းစာရင်းထဲ၌ များစွာ ကျန်နေသေးသည် ဆိုသော်လည်း အများစုသည် ကောင်းကင်အရှင် အဆင့်အောက်သာ ဖြစ်သည်။ ကောင်းကင်အရှင်အဆင့် ရတနာများစွာ မရှိပေ။

ချီမင်သည် ထိုအရာများကို ရောင်းရာမှ တာအိုမူလအစများစွာ ရမည်ဟုတော့ မတွေးထားချေ။

"ဂျူနီယာမောင်လေး နင် အပြင်ကို ဘာကိစ္စရှိလို့ သွားချင်တာလဲ။"

ကောင်းကင်အရှင် ယွီလင်းသည် ချီမင် သူ၏အခန်းထဲက ထွက်လာတာကိုမြင်လိုက်သည်။ ထို့ကြောင့် သူမသည် အနည်းငယ် စပ်စုချင်သွား၍ တိုက်ရိုက်မေးလိုက်သည်။

"ဒုတိယ စီနီယာအစ်မကို။"

ချီမင်သည် သတိပြန်ဝင်လာကာ ဒုတိယစီနီယာအစ်မ၏ ကျက်သရေရှိသော မျက်နှာကို ကြည့်လိုက်သည်။" စီနီယာအစ်မ အပြင်သွားမလို့လား။ ကျွန်တော်လည်း လန်ယာ့အင်မော်တယ်မြို့တော်ထဲ ပတ်သွားပြီး ရောင်းစရာရှိလို့ပါ။"

ကောင်းကင်အရှင်ယွီလင်းသည် ပြုံးလိုက်၏။ သူမ၏မျက်နှာသည် ထူးခြားလှကာ အသားအရေမှာလည်း ကျောက်စိမ်းပမာ တင့်တယ်ပေသည်။ သူမတွင် မယှဉ်နိုင်လောက်သည့် အခြားကမ္ဘာမှလာသော အရှိန်အဝါမျိုး ရှိလေသည်။ သူမသည် အံ့ဩဖွယ်နတ်ဘုရားမတစ်ပါးအလားပင်။

"အဲဒီလိုကို..." ကောင်းကင်အရှင် ယွီလင်းသည် ခေါင်းညိတ်ကာ ဆိုသည်။" တိုက်ဆိုင်တာပဲ။ တို့လည်း လန်ယာ့အင်မော်တယ်မြို့တော်ကို ပတ်လျှောက်မလို့။ ဘာလို့ တို့နှစ်ယောက် အတူတူမသွားရမှာလဲ။"

ချီမင်သည် ခေါင်းညိတ်လျက် ဆိုလေသည်။" ကောင်းပါပြီဗျ။"

ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းသည် အတူတူယှဉ်တွဲကာ သီးခြားခြံဝန်းထဲက ထွက်ခွာသွားတော့သည်။ သူတို့သည် မြို့ထဲ၌ လမ်းလျှောက်ထွက်လျက် စကားလက်ဆုံကျ ပြောနေကြသည်။

"ဂျူနီယာမောင်လေးက တာအိုမူလအစတွေ ပြတ်လပ်နေလို့လား။" ကောင်းကင်အရှင်ယွီလင်းသည် မေးလိုက်၏။

ချီမင်သည် ခေါင်းညိတ်လျက် ပွင့်လင်းစွာ ပြောသည်။" ဟုတ်တယ်။ မဟုတ်ရင် ကျွန်တော် လန်ယာ့အင်မော်တယ်မြို့တော်ထဲမှာ ပစ္စည်းရောင်းဖို့ တွေးထားမှာ မဟုတ်ဘူး။"

"ဘယ်လိုများ ဖြစ်နေလို့လဲ။" ကောင်းကင်အရှင် ယွီလင်းသည် ခဏလောက်တွေးပြီး တိုက်ရိုက်ပြောလိုက်ပါ၏။" စီနီယာအစ်မက မင်းကို တာအိုမူလအစတွေ အများကြီး ချေးပေးနိုင်တယ်။"

"ဒါက..."

ချီမင်သည် ကြောင်အသွားခဲ့၏။ သူသည် စီနီယာအစ်မယွီလင်းက ထိုသို့ ပြောလာမည်ဟု မထင်ထားခဲ့ပေ။

"ကောင်းပါပြီ"

ကောင်းကင်အရှင် ယွီလင်းသည် သူမ၏လက်ကိုဝေ့ယမ်းလျက် သိုလှောင်လက်စွပ်ကို ထုတ်ကာ သူမသည် ချီမင်ထံသို့ လွှဲပေးလိုက်၏။"ဒီမှာ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သိန်း ရှိတယ်။ အစ်မ မင်းကို လောလောဆယ် ချေးပေးထားလို့ရတယ်။"

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။"

ချီမင်သည် အချိန်ကြာကြာ တုံ့ဆိုင်းမနေဘဲ ကောင်းကင်အရှင် ယွီလင်း၏သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်။ အထဲတွင် အဆင့်နိမ့် တာအိုမူလအစသန်းတစ်သိန်း ရှိလေသည်။

"ရပါတယ်။" ကောင်းကင်အရှင် ယွီလင်းသည် ပြုံးလိုက်၏။" မင်းရဲ့ စီနီယာအစ်မတစ်ယောက်အနေနဲ့ ကူညီခွင့် ရှိပါတယ်။"

ချီမင်က သက်ပြင်းချလိုက်ပြန်သည်။

မြင်ကွင်းက ပြောင်းလဲသွားသည်။

လန်ယာ့အင်မော်တယ်မြို့တော်၏ အနောက်တောင်ပိုင်းတွင်။

ခိုင်ယာ့နှင့် ကျန်သောသူတို့က စားသောက်ဆိုင်တစ်ခုတွင် ရှိနေ၏။

ဆလိုင်ယွန်တို့ ရှိနေသည့် အခန်းထဲသို့ လူရိပ်နှစ်ခုသည် အရိပ်နက်များသဖွယ် လျင်မြန်စွာ စိမ့်ဝင်လာပြီး ဒူးထောက်လိုက်ကြ၏။

ညာဘက်မှ တစ်ယောက်က ပြောသည်။"ပစ်မှတ်က အပြင်စည်းအပိုင်းထဲကနေ ထွက်လာပြီး အခု လန်ယာ့အင်မော်တယ်မြို့တော်ကို သွားနေပါပြီ။ အခု လှုပ်ရှားလိုက်ရတော့မလား။"

"သူတို့ ထွက်လာတာ မြန်လှချည်လား။"

ဆလိုင်ယွန်သည် ကြောင်သွားတော့၏။ "ငါ အစက နတ်ဆိုးကမ္ဘာစုဝေးပွဲမစခင် အခွင့်အရေးမရှိလောက်ဘူးထင်ထားတာ။ နောက်ဆုံးတော့လည်း ချီမင်က ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ရဲ့ အပြင်စည်းသီးခြားခြံဝန်းထဲမှာ နေနေတာလေ။ ငါ သီးခြားခြံဝန်းတွေအထဲထိတော့ ခိုးဝင်ပြီး မတိုက်ခိုက်ရဲဘူး။"

"ငါ မထင်ထားဘူး။"

"ချီမင်က ဒီသီးခြားခြံဝန်းထဲမှာ ရက်နည်းနည်းပဲ နေရသေးတာကို ထွက်လာတာပဲ။ ပြီးတော့ သူက လန်ယာ့အင်မော်တယ်မြို့တော်ကို သွားချင်နေတယ်။ သူက တကယ့်ကို သေချင်နေတာပဲ။"

"သူက သေဖို့ကို ဆန္ဒရှိနေတာပဲ။"

ဆလိုင်ယွန်သည် မထူးမခြားနား ဆိုသည်။"တိုက်ခိုက်ဖို့ ပြင်ဆင်တော့။ မြန်မြန်လုပ်ကြ။ဘာခြေရာလက်ရာမှ ချန်မထားခဲ့နဲ့။ ကိစ္စရှင်းအောင်လုပ်ခဲ့။"

ဘယ်ဘက်က တစ်ယောက်က ပြောသည်။" ကောင်းကင်အရှင် ယွီလင်းက ပစ်မှတ်ဘေးမှာ ရှိပါတယ်။ သူမက ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ရဲ့ ဒုတိယမြောက်တပည့်ပါ။ စည်းမျဉ်းကောင်းကင်အရှင်ဖြစ်လာတာလည်း ကြာပါပြီ။"

ဆလိုင်ယွန်သည် ခဏလောက် တွေးတောနေ၏။ သူ၏ ညာဘက်လက်ကို ဝေ့ယမ်းလျက် တာအိုရတနာတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းက မွေးရာပါကောင်းကင်တာအိုရတနာထက်ကျော်သည့် ရတနာဖြစ်သည်။ ၎င်းကို စည်းမျဉ်းကောင်းကင်အရှင်များ သန့်စင်ထားခြင်းဖြစ်သည်။

ရတနာသည် ကြက်သွေးနက်ရောင် ခေါင်းလောင်းတစ်ခု ဖြစ်ပြီး မှော်စာလုံးများဖြင့် ဖုံးအုပ်ထားသည်။

"ဒီပစ္စည်းကို ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းလို့ခေါ်တယ်။"

ဆလိုင်ယွန်က ပြောသည်။" မင်း ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းကို ထုတ်သုံးလိုက်ရင် ကောင်းကင်အရှင်ယွီလင်းကို သုံးမိနစ်လောက် ချုပ်ထားနိုင်တယ်။ အဲဒီသုံးမိနစ်အတွင်းမှာ မင်းတို့ ချီမင်ကို အကြိမ်တစ်ထောင်သတ်နိုင်ဖို့ လုံလောက်တယ်။"

"ဟုတ်ကဲ့။"

ထိုနှစ်ယောက်သည် ဆလိုင်ယွန်ထံမှ ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းကို ယူ၍ အရိပ်နှစ်ခုသဖွယ် ပျောက်ကွယ်သွားတော့သည်။ သူတို့သည် ဆလိုင်ယွန်၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန် ထွက်သွားပါတော့၏။

တစ်ဖက်တွင်တော့ ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းသည် လန်ယာ့အင်မော်တယ်မြို့တော်သို့ ရောက်လာတော့သည်။

All Chapters