ချင်ကျီက ပြန်ပေးဆွဲသမား ဖြစ်သွားတယ်
Vol. 4 Ch. 46
"ကျည်...ကျည်...ကျည်"
ရုတ်ချည်းပင် တောက်ပသော အလင်းရောင်တစ်ခုက ထိုးထွက်လာပြီး မှောင်မိုက်သောဂူအား မျက်စိကျိန်းစရာကောင်းလောက်အောင် လင်းထိန်သွားစေခဲ့သည်။
လူအုပ်ကြီးမှာ အံ့အားသင့်စွာ အသက်ရှူသွင်းမိကြ၏။
ဂူကြီး၏အလယ်ဗဟိုတွင် အောက်မြေကြီးက ရုတ်တရက် နှစ်ဖက်ကွဲထွက်သွားပြီး ကိုးဆင့်ပါသောလှေကားတစ်ခုက မြေအောက်မှ ဖြည်းညင်းစွာပေါ်ထွက်လာခဲ့သည်။
"ဘုန်း!"
အလွန့်အလွန်အားကောင်းသော စွမ်းအင်တစ်ခုသည် လှိုင်းတွန့်များပမာ ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး လူများစွာကို လေထဲ လွင့်ပျံစေခဲ့၏။
"ငါ့ရဲ့ ဂူဗိမာန်မှ ကြိုဆိုပါတယ်"
ဩဇာရှိကာ အေးစက်သော အသံတစ်ခုက ပဲ့တင်သံထပ်လာလေသည်။ ထိုအသံမှာ အနည်းငယ်ဟိတ်ဟန်ပါသလို အနည်းငယ်လည်း ချောက်ချားစရာကောင်း၏။
"ဂူထဲမှာ လူအများကြီး ရှိနေမယ်လို့ ထင်ပေမယ့် တစ်ယောက်ပဲရှိနေတာလည်း ဖြစ်နိုင်ပါတယ်"
"ဒါပေမယ့် မင်းတို့တွေ ဘယ်လောက်ပဲ လူများများ၊ လူဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ၊ ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါက သေပြီးသား ဖြစ်နေလို့ပဲ"
"အဓိကအချက်ကို ပြောရရင် ငါ့ဘဝတစ်လျှောက် စည်းစိမ်တွေနဲ့ အမွေအနှစ်တွေအားလုံးက ဒီလှေကားကိုးဆင့်ရဲ့ထိပ်ဆုံးမှာ ရှိတယ်၊ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်အောက်က ဘယ်သူမဆို ဒီအဆင့်ထိ တက်လှမ်းနိုင်ရင် ငါ ချန်ထားခဲ့သမျှ ရတနာအားလုံးကို ရရှိနိုင်လိမ့်မယ်"
"သတိပြုပါ...ဒါက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်အောက်က လူတွေအတွက်ပဲ၊ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က တစ်ယောက်ယောက်ကများ ယူဖို့ကြိုးစားခဲ့ရင် သေချာပေါက် သေဆုံးလိမ့်မယ်၊ ကောင်းကင်တက်လှမ်းအဆင့်က လူဆိုရင်တော့... ဟဲဟဲ သူကတော့ မသေနိုင်လောက်ပေမယ့် လှေကားက သူ့ဘာသာသူပျက်စီးသွားမှာဖြစ်ပြီး မင်းတို့ ဘာမှရရှိတော့မှာ မဟုတ်ဘူး"
"ကောင်းပြီ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆက်လုပ်ကြပါတော့"
ထိုစကားနှင့်အတူ အသံက ပျောက်ကွယ်သွားလေသည်။ ထိုအသံမှာ လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိ လာပြီး တော်တော်လေး ချောက်ချားစရာကောင်းသော်လည်း နောက်ဆုံးမှာတော့ ဟာသရောနှောကာဖြင့် ရှောင်ထွက်သွားလေ၏။
"ဖျစ်! ဖျစ်! ဘန်း"
ထောင့်တစ်နေရာမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မီးပွားများက ပတ်ပတ်လည်သို့ လွင့်စင်သွားခဲ့သည်။ ထို့နောက် မီးခိုးများထွက်နေသော သံအကာတစ်ခု ထွက်ပေါ်လာကာ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်ခန့် လူးလှိမ့်သွားလေ၏။
"အာ...ဒါက"
လူအုပ်ကြီးသည် မြေပြင်ပေါ်ရှိ သံအကာအား ကြောင်ငေးစွာ စိုက်ကြည့်နေကြသည်။ သူတို့တစ်ဦးချင်းစီထံ၌ ထူးဆန်းသောမျက်နှာပေးများ ရှိနေလေ၏။ ထိုအကြီးအကဲအပေါ်၌ သူတို့ခံစားခဲ့ရသော လေးစားမှုအများစုမှာ ပျောက်ကွယ်သွားရသည်။
သို့သော်ငြား မကြာခင်မှာပင် သတိပြန်ဝင်လာပြီး သူတို့၏အကြည့်များက ပူပြင်းလာကာ လှေကားကိုးဆင့်၏ထိပ်ကို ကြည့်နေကြ၏။
ထိုလှေကားမှာ အလွန်မမြင့်ဘဲ ကိုးဆင့်သာ ရှိပြီး ခြေလှမ်းကိုးလှမ်းဖြင့် ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
သို့သော်ငြား လှေကားတစ်ဆင့်တိုင်းက ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး လေးလံလှသောဖိနှိပ်ခြင်းအား ထုတ်လွှတ်နေလေ၏။
လူတိုင်းမှာ စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေသော်လည်း မလွယ်ကူသလို ခံစားမိနေကြသည်။ ထို့ကြောင့် ဘယ်သူကမှ မလှုပ်ရှားရဲဘဲ အချင်းချင်းသာ ကြည့်နေကြ၏။
"ချွဲ့ရီဓါးဂိုဏ်းက အရင်စမ်းကြည့်မယ်!"
နောက်ဆုံး၌ လူငယ်တစ်ဦးက ခြေလှမ်းလှမ်းလာသည်။ သူ့ပုံစံမှာ ခွန်အားများ၊ အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး လေမတိုက်သော်လည်းပဲ သူ့အဝတ်အစားများက လွင့်နေကာ သူ့ဆံပင်များက လေထဲ၌ ယိမ်းနွဲ့နေလေ၏။
"ချွဲ့ရီဓါးဂိုဏ်းက ဂုဏ်ထူးဆောင်တပည့်ပဲ"
"နင်ဟန်ရဲ့သိုင်းပညာတွေက ထူးခြားတယ်လို့ ကြားဖူးတယ်၊ ချွဲ့ရီဓါးဂိုဏ်းရဲ့လူငယ်မျိုးဆက်ထဲမှာဆိုရင် သူ က ထိပ်တန်းပါရမီရှင်တွေထဲက တစ်ဦးလို့ ပြောလို့ရတယ်"
"အခု သူ ခြေလှမ်းစလှမ်းလိုက်ပြီ...သူ အောင်မြင်..."
သူတို့၏ချီးကျူးစကားများ မဆုံးခင်မှာပင် အရိပ်ပုံသဏ္ဍာန်တစ်ခုက နောက်ပြန်လွင့်လာခဲ့သည်။
ထိုလူက နင်ဟန်ပင်။
ချက်ချင်းပင် လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့် လာကြ၏။
ဒီလောက်ပဲလား။
သုံးစက္ကန့်တောင် မကြာလိုက်ဘဲ ဤအရာများက ဖြစ်ပျက်သွားခြင်းပင်။ နိဒါန်းတောင် မပျိုးလိုက်ရဘဲ အဆုံးသတ်သွားခြင်းဖြစ်ကာ စိတ်မချမ်းမြေ့စရာလည်း ကောင်းသလို ရှက်ရွံ့စရာလည်း ကောင်းသည်။
"ကျုပ်...ကျုပ် ပေါ့ဆမိသွားတယ်"
နင်ဟန်က ရှက်ရွံ့မှုအပြည့်ဖြင့် တိုးတိုးလေး ရှင်းပြနေလေ၏။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံကြိုးစားခဲ့သည်။
သို့သော်ငြား သူ လှေကားပေါ်သို့ လျှောက်လှမ်းရန် ပြင်လိုက်စဥ်မှာ သူ ကြားဖြတ်ခံရပြီး အနောက်ကို တွန်းပို့ခံလိုက်ရ၏။
"မလုပ်နိုင်ရင် ဘေးဖယ်နေ"
သာမန်မဟုတ်သည့် အရှိန်အဝါရှိသော ရွှေရောင်ဝတ်စုံ နှင့် လူငယ်လေးတစ်ယောက်က နင်ဟန်ကို ငုံ့ကြည့်၍ ဘွင်းဘွင်းရှင်းရှင်း ပြောသည်။
"အချိန်ဖြုန်းမနေနဲ့ မင်းပြီးမှာကို ဘယ်သူမှ မစောင့်နေချင်ဘူး"
"ဘယ်သူက မလုပ်နိုင်ဘူးလို့ ပြောလဲ"
နင်ဟန်၏မျက်နှာက ရုတ်ချည်းပင် အေးစက်သွားခဲ့၏။ သူ့ကိုယ်ဟန်အနေအထားတစ်ခုလုံးက ပြောင်းလဲသွားကာ ချွန်ထက်ပြီး ထက်ရှနေသော အဖိုးတန်ဓားတစ်လက်ကဲ့သို့ ဖြစ်သွားလေသည်။
"မကျေနပ်ဘူးလား၊ မင်းကို ကိုင်တွယ်ဖို့က ငါ့လက်တစ်ဖက်ပဲ လိုတယ်"
ရွှေရောင်ဝတ်စုံနှင့်လူငယ်က သူ့ညာဘက်လက်ကို ပေါ့ပါးစွာ ဆန့်ထုတ်လိုက်လေ၏။ ထိုလက်မှ ထွက်ပေါ်လာသော စွမ်းအားက တစ်စုံတစ်ယောက်အား ဆံပင်များ ထောင်မတ်စေရန် လုံလောက်သည်။
၎င်းက သေချာပေါက်ကို သန့်စင်သောယန်နယ်ပယ်၊ထိပ်ဆုံးအဆင့်ပင်။ သာမန်သန့်စင်သောယန်နယ်ပယ်မှ သိုင်းပညာရှင်များထက် ကျော်လွန်နေလေ၏။
"စိတ်ကြီးဝင်နေတာ!"
နင်ဟန်ကလည်း အသံတိုးတိုး ဟိန်းဟောက်လျက် သူ့ဓားကို ထုတ်လိုက်လေသည်။ ချွဲ့ရီဓါးဂိုဏ်းမှ ပါရမီရှင်တစ်ဦးအနေဖြင့် စောင့်ကြည့်နေကြသော မျက်လုံးများအောက်တွင် သူက ဘယ်လိုလုပ် ကြောက်ရွံ့နေနိုင်မည်နည်း။
အင်အားချင်းမမျှတသော်လည်း စိတ်ဓာတ်ခိုင်မာမှုကိုတော့ ပြသပေးရမည်ပင်။ အဆုံးမှာ တစ်ဖက်လူကလည်း သူ့ကို သတ်ရဲမည်မဟုတ်ပေ။
"နင်ဟန်ရှစ်ရှုန်း"
ထိုအချိန်၌ ချွဲ့ရီဓါးဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးက ပြေးထွက်လာသည်။ သူမက နင်ဟန်ကို တားဆီး၍ တိုးတိုးလေး ပြော၏။
"ရှစ်ရှုန်း အလျင်စလို မလုပ်ပါနဲ့၊ သူက မင်းသား'သုန်း'စံအိမ်က ဆက်ခံသူမင်းသား ယန်ဟုန်ပဲ၊ သူက ကျွန်မတို့တွေ လွယ်လွယ်ကူကူနဲ့ ရန်စလို့မရတဲ့လူ"
နင်ဟန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။
မင်းသားသုန်းစံအိမ်၏ ဆက်ခံသူမင်းသား၊ တော်ဝင်မျိုးနွယ်၏ အရေးပါပုဂ္ဂိုလ်။
ထိုလူက သူ လက်လှမ်းမမီနိုင်သည့် အဆင့်မှာ ရှိနေလေ၏။
သူ့စိတ်ထဲ၌ ချက်ချင်းပင် ပြတ်သားစွာ လက်လျှော့လိုက်သည်။ သို့သော်ငြား သတ္တိရှိသော မျက်နှာအမူအရာကိုမူ ဆက်လက်ထားရှိ၍ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ငါ့ရဲ့ရှစ်မေ့က မင်းအစား တောင်းပန်လာတဲ့အတွက် ဒီနေ့တော့ မင်းကို ဒုက္ခမပေးတော့ဘူး၊ နောက်မှ ထပ်တွေ့ကြတာပေါ့!"
ထိုသို့ ပြောရင်း သူ့ရှစ်မေ့နှင့်အတူ ဂူအပြင်ဘက်သို့ လျှောက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ့အနေဖြင့် အမွေအနှစ်ရရှိနိုင်ခွင့် မရှိတော့ပေ။ ထို့အပြင် ရရှိခဲ့လျှင်တောင် ထိန်းထားနိုင်စွမ်း မရှိပေ။ ဒါဆို ဘာကြောင့်များ ဤနေရာ၌ ဆက်နေ၍ အရှက်ရစရာ အလုပ်များ လုပ်ရမည်နည်း"
"ဟက်!"
ယန်ဟုန်၏ မျက်နှာပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ပေါ်လာလေ၏။ အချို့သောလူ များသည် ပုရွက်ဆိတ်များသာဖြစ်သော်လည်း အမြဲတစေ ထိုကဲ့သို့ ခေါင်းမာတတ်ကြသည်။
ဒီလိုဟန်ဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာက အဓိပ္ပာယ်ရှိလို့လား။
သူ ပြုံးကာ ခေါင်းခါယမ်းမိ၏။ ထို့နောက် လှေကားကိုးဆင့်ပေါ်သို့ လျှောက်သွားလိုက်သည်။ သူ့ပတ်ပတ်လည်၌ တောက်ပသော အနီရောင်အလင်းများ ဝန်းရံနေကာ တောက်လောင်နေသည့် မီးလျှံများ ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေလေသည်။
"ဘုန်း!"
သူ လှေကားပေါ်သို့ ခြေတစ်လှမ်း တက်လိုက်၏။ချက်ချင်းပင် အားကောင်းသော ဖိအားတစ်ခုက ကမ်းခြေကို ရိုက်ခတ်နေသော လှိုင်းလုံးများကဲ့သို့ သူ့အပေါ်သို့ သက်ရောက်လာသည်။
သို့သော်ငြား သူ့ခန္ဓာကိုယ်ပေါ်တွင် အနီရောင်မီးလျှံများ ပေါက်ကွဲထွက်လာပြီးနောက် သူသည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်ပင် ရှိနေကာ တစ်ဆင့်ချင်းစီဖြင့် အပေါ်သို့ တက်လှမ်းလိုက်၏။
"ဘုန်း! ဘုန်း! ဘုန်း!"
သူ လျင်မြန်စွာ ရွေ့လျားခဲ့သော်လည်း ငါးဆင့်မြောက်သို့ ရောက်ရှိသောအခါ တဖြည်းဖြည်းနှေးသွားခဲ့သည်။
သူ့လှုပ်ရှားမှုများက အဆပေါင်းများစွာ နှေးကွေးသွားခဲ့ပြီး ရွှံ့နွံ ထဲတွင် ပိတ်မိနေသော လူတစ်ဦးကဲ့သို့ ဖြည်းညင်းစွာ ရွေ့လျားနေရ၏။
သို့သော်ငြား သူ့မျက်လုံးထဲမှ တိုက်ခိုက်လိုစိတ်များက မမှေးမှိန်သွားဘဲ တောက်လောင်နေလျက်ရှိကာ သူ့စွမ်းအားများကလည်း ဆက်တိုက် မြင့်တက်နေလေသည်။
"ငါ မစောင့်နိုင်တော့ဘူး!"
"သွားကြမယ်!"
ပတ်ဝန်းကျင်မှ လူအုပ်ကြီးလည်း ထိုမြင်ကွင်းကို မြင်ကြလေ၏။ သဘာဝကျစွာပင် ယန်ဟုန်၏ အောင်မြင်ခြင်းကို လက်မခံနိုင်သော ပါရမီရှင်များလည်း ရှိနေသည်။ ထို့ကြောင့် သူတို့လည်း စတင်လှုပ်ရှားလာကြ၏။
ယန်ဟုန်က အားကောင်းသော်ငြားလည်း သူတို့ကိုယ်သူတို့ အမွေအနှစ်ကို ဆက်ခံရန် ပို၍အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ကြသူများလည်း ရှိသည်။
လူများစွာက ရုတ်ချည်း ပြေးဝင်သွားကြသော်လည်းတချို့မှာ နှစ်ဆင့်လောက်သာ တက်နိုင်ခဲ့ပြီး နောက်ပြန်လွင့်သွားခဲ့ကြ၏။ တစ်ဆင့်တည်းသာ တက်နိုင်ပြီး အကွာအဝေးသိသိသာသာသို့ လွင့်စဉ်ခဲ့သူများက ပို၍ပင် များပြားလှသည်။
"ဘုန်း! ဘုန်း! ဘုန်း!"
"ဖွီး!"
"အား!"
နာကျင်နေသော အော်ဟစ်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေကာ ရှုပ်ထွေးပွေလီလှသော မြင်ကွင်းတစ်ခုပင်။
"ရှစ်တိတို့ ငါတို့လည်း စမ်းကြည့်ကြစို့"
ချင်ကျီ၏ဘေးနားမှာ ရပ်နေသော ကျောက်ယွင်ရှန်းက အပြုံးဖြင့် ပြောလာ၏။ သူ့လေသံက တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ပင်။
"ရှစ်ရှုန်းတို့ပဲ သွားကြပါ...ကျွန်တော်ကတော့ မစမ်းတော့ဘူး"
ချင်ကျီသည် မင်းသမီးချူယွင်အား မျက်ခြည်မပြတ်စောင့်ကြည့်လျက် စိတ်မပါတပါ ပြောလိုက်သည်။ ထိုမိန်းကလေးကလည်း အံ့သြစရာကောင်း လောက်အောင် လှေကားပေါ်သို့ မတက်သေးသည်ကို သူ သတိပြုမိ၏။
သူမ၏ ဂါဝန်ကြောင့် ဖြစ်ပုံရသည်။ ထိုလှေကားပေါ်ရှိ ဖိအားသည် အားကောင်းသော လေပြင်းကို ဖြစ်ပေါ် စေ၏။ အမျိုးသားများအတွက်တော့ အဝတ်အစား များ ပျံ့လွင့်၍ ခန့်ညားပုံပေါ်နိုင်သော်လည်း သူမ၏ နန်းတွင်းဝတ်စုံကမူ...
"ကောင်းပြီ ဝူရှစ်တိနဲ့ ငါတို့ သွားကြမယ်"
ကျောက်ယွင်ရှန်းကမူ အဓိပ္ပာယ်ရှိစွာ ရယ်မောလျက် ဝူစန်းနှင့်အတူ လှေကားကိုးဆင့်ဆီသို့ လျှောက်သွားလေသည်။ သူတို့၏နောက်ကျောများမှာ အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။
ကျောက်ယွင်ရှန်းကတကယ်ပင် အားကောင်းပေသည်။
သူ့အမြန်နှုန်းက လျင်မြန်ကာ လှေကားခုနစ်ဆင့်ပေါ်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ပြီး ရှေ့ဆုံးအတန်းသို့ ရောက်ရှိခဲ့လေ၏။
ရှေ့ဆုံးအတန်း၌ ယန်ဟုန်က ဦးဆောင်နေပြီး အခြားလူအနည်းငယ်မှာ အနောက်ကနေ လှေကားအဆင့်တစ်ဝက်ခန့်ခွာလျက် လိုက်ပါနေသည်။
ထို့အပြင် ထိုအဆင့်၌ သူတို့၏အမြန်နှုန်းက အဆပေါင်းများစွာ နှေးကွေးသွားသောကြောင့် လူငယ်ပါရမီရှင်များကြားမှ ယှဉ်ပြိုင်မှုက အထူးပင် စိတ်လှုပ်ရှားစရာ ကောင်းလာ၏။
သူတို့တစ်ဦးချင်းစီတိုင်းက စွမ်းအင်များ တိုးမြှင့်ကာ ထုတ်ဖော်လျက်ရှိပြီး မျက်နှာများက နီမြန်းနေလေသည်။ သူတို့၏အမူအရာများက အထူးပြင်းထန်လှပြီး ယန်ဟုန်ပင်လျှင် ခြွင်းချက်မရှိပေ။
"အား!"
"ငါ ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး!"
"အမွေအနှစ်က ငါ့ဟာပဲ!!"
တစ်ချိန်တည်းမှာပင် ချင်ကျီသည် သူတို့၏ ရုန်းကန်လှုပ်ရှားမှုများကို ပျော်ရွှင်စွာ ခံစားကြည့်ရှုနေရင်း မင်းသမီးချူယွင်ကိုလည်း သတိထားစောင့်ကြည့်နေလေ၏။ သူ့စိတ်ထဲတွင်မူ ကျောက်ရှစ်ရှုန်း၏ ခွန်အားကို လေးစားနေမိသည်။
"အခြားလူတွေလည်း အားကောင်းပါတယ်၊ ဒါပေမယ့် ကျောက်ရှစ်ရှုန်းက သိသိသာသာသာ ခွန်အားပိုကောင်းနေပြီး အမွေအနှစ်ကို သိမ်းပိုက်နိုင်လိမ့်မယ်"
ချင်ကျီက သူ့စိတ်ထဲ၌ တွက်ချက်နေလေ၏။
သူ မင်းသမီးချူယွင်ဘက်သို့ မတော်တဆ မျက်လုံးဝေ့ကြည့်မိရာ သူ့မျက်လုံးများက ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။
အကြောင်းမှာ သူမမြင်ဖူးသော လူအနည်းငယ်က မင်းသမီးချူယွင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်နေကြပြီး မသိသာသော ဖွဲ့စည်းမှုတစ်ခုအား ပြုလုပ်နေသည်ကို သူသတိပြုမိသွားလေ၏။
သူတို့၏အင်္ကျီလက်ဖျားများတွင် အေးစက်ပုံပေါ်သောအလင်းတန်းတစ်ခုက တဖျတ်ဖျတ် လင်းနေလေသည်။
"သတိထား!!"
ချင်ကျီသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာပင် အပြေးအလွှားသွားလျက် မင်းသမီးချူယွင်၏ ခါးကို သူ့လက်မောင်းများဖြင့် ဖက်တွယ်လိုက်၏။
သူ့တုံ့ပြန်မှုက လျင်မြန်သည်။ လျှို့ဝှက်စွာ ပျံသန်းလာသောမြှားကို ရှောင်တိမ်းရန်အတွက် သူမအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ခန္ဓာကိုယ်ကို လည်လိုက်သည်။ ထို့နောက် ဂူဝင်ပေါက်ဆီသို့ ပျံသန်းသွားခဲ့၏။
"ရှင်!"
လုပ်ကြံသတ်ဖြတ်သူများကို သတိမထားမိခဲ့သော မင်းသမီးချူယွင်သည် သတ်ဖြတ်လိုစိတ်ကိုလည်း မခံစားခဲ့ရပေ။ ထို့ကြောင့် မမျှော်လင့်ထားစွာပင် ရုတ်တရက်ကြီး ပွေ့ဖက်ခံလိုက်ရသောအခါ ထိတ်လန့်ပြီး မျက်နှာပင် ဖြူဖျော့သွားခဲ့သည်။
"တစ်ယောက်ယောက်က မင်းကို သတ်ဖို့ ကြိုးစားနေတယ်!"
ချင်ကျီက လေးနက်စွာ ပြော၏။
"ရှင်! စိတ်ကြီးဝင်နေတာလား!"
မင်းသမီးချူယွင်သည် ခဏတာမျှ ကြက်သေသေ သွားပြီးနောက် ဒေါသထွက်သွားခဲ့သည်။ သူမ ရှက်ရွံ့ကာ ဒေါသထွက်နေပေသည်။ ဒီလူက မသင့်လျော်သော အပြုအမူမျိုးကို ပြုလုပ်၍ ထိုကဲ့သို့သော အဓိပ္ပာယ်မရှိသည့် လိမ်ညာမှုမျိုးကို ဖန်တီး နေသည်ဟု သူမ ထင်နေလေ၏။
သူမ၏လက်ကို မြှောက်၍ ချင်ကျီ၏ ရင်ဘတ်ကို ရိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ချင်ကျီက သူမ၏ နူးညံ့သောလက်ကို ဖမ်းဆုပ်၍ အားပြင်းပြင်း ဆွဲလိုက်ရာ သူမ၏ခန္ဓာကိုယ်လည်း တစ်ဖက်ကို လည်သွားခဲ့၏။ ထို့နောက် သူက သူမကို အနောက်မှ ပွေ့ဖက်ကာ...
"ရှင်းပြဖို့ အချိန်မရှိဘူး...သွားမယ်!"
ချင်ကျီသည် သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာဂူအပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားခဲ့သည်။
"အာ...ဒါက"
ထိုမြင်ကွင်းကို မြင်လိုက်သော မျက်မြင်သက်သေအနည်းငယ်မှာလည်း ခေတ္တ ကြောင်အနေကြလေ၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူတို့ သတိပြန်ဝင်လာကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တစ်ယောက်ယောက်က မင်းသမီးချူယွင်ကို ပြန်ပေးဆွဲသွားပြီ!!"
*****************