စစ်မြင်းတွေက တိုက်ပွဲအတွက် အစွမ်းပြဖို့ ထွက်လာကြပြီ
Vol. 4 Ch. 49
မင်းသမီးချူယွင်သည် အချိန်အတော်ကြာ ပျံသန်းခဲ့ပြီးနောက် နောက်ဆုံးတွင် လူနေကင်းမဲ့သော တောင်များနှင့် တောများကို နောက်ချန်ထားနိုင်ခဲ့သည်။ အဝေး၌ မြို့တစ်မြို့ကို သူမ မြင်တွေ့လိုက်ရ၏။
"မြို့ထဲကို ဝင်လိုက်ရင် လူတွေအများကြီးရှိနေတဲ့အတွက် လုပ်ကြံသတ်ဖြတ်သူတွေ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး"
"ဘာလို့လဲဆိုတော့ မြို့ထဲမှာ သူတို့ ဘယ်လောက်ပဲ လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ပါစေ မလွဲမသွေ ခြေရာတွေကျန်ခဲ့မှာဖြစ်ပြီး ဖော်ထုတ်ခံရလိမ့်မယ်"
သူမ ထိုကဲ့သို့ တွေးလိုက်မိသည်။
သို့သော်ငြား ခဏအကြာတွင် ရုတ်တရက်ကြီး သူ ထိတ်လန့်သွားမိ၏။ ၎င်းမှာ သူမ၏ဦးခေါင်းခွံကို မ၍ ဆိုးဆိုးရွားရွား အေးခဲနေသော ရေခဲရေစည်တစ်စည်အား သူမ၏ဦးနှောက်ထဲသို့ လောင်းချလိုက်သည့်အလားပင်။
သူမ ရုတ်ချည်းပင် ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ၏အရှေ့တွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်တစ်ဦးက လေထဲတွင် တိတ်ဆိတ်စွာ ပျံသန်းနေသည်ကို တွေ့လိုက်ရ၏။
ထိုလူက ဘယ်အချိန်က ပေါ်လာမှန်း သူမ မသိခဲ့ပေ။ အသံလည်း လုံးဝမထွက်ခဲ့ရာ နဂိုကတည်းက ထိုနေရာတွင် ရှိနေခဲ့သည့်အလားပင်။
သို့သော်ငြား မတိုင်ခင်က ထိုနေရာ၌ ဘယ်သူမှ မရှိခဲ့ကြောင်း သေချာပေသည်။
"ရှင်… ရှင် ဘယ်သူလဲ!"
သူမ ယခင်က ဒီလောက်အထိ မကြောက်ခဲ့ဖူးပေ။ ထိုအနက်ရောင်ဝတ်ရုံဝတ်ထားသောလူက ပေးစွမ်းနေသည့် ခံစားချက်က အလွန်အန္တရာယ်များပေ၏။
ထိုနေရာ၌ ရပ်နေရုံနှင့်တင် သူမ၏စိတ်နှလုံးနှင့် စိတ်ဝိညာဉ် တုန်ယင်သွားမှုကို ခံစားရလေသည်။ ထိုလူသည် လူတစ်ဦး မဟုတ်ဘဲ အရာအားလုံးကို ဝါးမျိုနိုင်သော အမှောင်ထုကြီးကဲ့သို့ပင်။
အနက်ရောင်ဝတ်ရုံဝတ်ထားသူက စကားမပြောဘဲ သူ့ညာလက်ကို သူမဆီသို့ ဖြည်းညင်းစွာ မြှောက်လိုက်လေ၏။
"အား!"
မင်းသမီးချူယွင် အော်ဟစ်လိုက်မိသည်။ သူမ ထွက်ပြေးချင်သော်လည်း သူမ၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအားဖြင့် ဖုံးလွှမ်းခံထားရပြီး လှုပ်ရှားလို့မရတော့ပေ။
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောလူက သူ့ညာဘက်လက်ကို ဖွင့်လိုက်ရာ ထိုလက်ချောင်းရှည်ငါးချောင်းသည် သူမ၏မြင်ကွင်းအတွင်း လျင်မြန်စွာ ကြီးမားလာပြီး သူမ မျက်လုံးတစ်ခုလုံးကို ဖုံးလွှမ်းလိုက်လေသည်။
သူမ၏အမြင်အာရုံမှာ မှောင်မိုက်သွားပြီး သတိလစ်သွားတော့၏။
…
မျက်တောင်တစ်ခတ်စာအတွင်းမှာပင် သုံးရက် ကုန်လွန်သွားခဲ့သည်။
ချင်ကျီက မင်းသမီးချူယွင်ကို ပြန်ပေးဆွဲခဲ့သော ဖြစ်ရပ်သည် နယ်မြေအများစုတွင် လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့ပြီး ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့၏။
သက်သေမရှိသော်လည်း မင်းသားနန်စံအိမ်ကဲ့သို့သော အင်အားကြီးအင်အားစုအတွက် ကောလာဟလက လုံလောက်ပေသည်။
"ဘုန်း!"
ယနေ့တွင် သံမဏိသွေးစစ်တပ်တစ်ခုက မင်းသားနန်စံအိမ်မှ ထွက်ခွာလာပြီး ရာပေါင်းများစွာသောမိုင် များကို ပြင်းထန်စွာ ချီတက်လျက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ဝန်းရံလာလေ၏။
စစ်သည်သောင်းပေါင်းများစွာက သူတို့၏မြင်းများကို စီးနင်းလျက် ထိုနေရာသို့ ရောက်ရှိလာကြသည်။
သူတို့သည် သာမန်မြင်းများကို အသုံးပြု၍ ချီတက်လာခြင်းမဟုတ်ပေ။ ၎င်းတို့သည် နတ်ဆိုးသားရဲ၏မျိုးရိုးပါရှိသော သွေးနှောမြင်းများ ဖြစ်ကြပြီး တပ်သားတိုင်းက မူလဒန်နယ်ပယ်ခွန်အားကို ပိုင်ဆိုင်ထား၏။ သူတို့၏ ခေါင်းဆောင်များမှာ သန့်စင်သောယန်နယ်ပယ်မှ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်အထိ ရှိကြသည်။
ထိုကဲ့သို့သော အင်အားသည် အဖွဲ့အစည်းများနှင့် အဆင့်အတန်းရှိမိသားစုများစွာကို သက်ရှိမကျန်ဘဲ ဖယ်ရှားပစ်ရန် လုံလောက်၏။
သေချာသည်မှာ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကဲ့သို့သော ကြီးမားသည့် အင်အားစုအတွက် ထိုစစ်တပ်စေလွှတ်ခြင်းမှာ တကယ်တမ်းတော့ အဓိပ္ပာယ်မရှိပေ။
စစ်တပ်ကို ခေါ်ဆောင်လာရသည့် အကြောင်းရင်းမှာ အရှိန်အဝါပြရန်ဖြစ်ပြီး သူတို့၏ သဘောထားနှင့် ဆုံးဖြတ်ချက်ကို ပြသရန် ဖြစ်သည်။
"မင်းသားနန်ဝမ် အခုလိုလုပ်ဖို့ လိုအပ်လို့လား"
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ အကြီးအကဲတစ်ဦးက ပျံသန်းကာ ထွက်လာလေ၏။ သူက အကြီးအကဲချုပ် ကျားထျန်းဟယ်ပင်။ သူသည် ခြိမ်းခြောက်နိုင်စွမ်းရှိသော စစ်တပ်ဖွဲ့စည်းမှုကို ခါးသက်စွာ ပြုံးလျက် ကြည့်လိုက်မိသည်။
"ဟမ့်! ကျုပ်ရဲ့သမီးက ပြန်ပေးဆွဲခံထားရတယ်"
အေးစက်၍ သြဇာအာဏာရှိသော အသံတစ်ခု ထွက်ပေါ်လာလေ၏။
စစ်သည်များ သပ်ရပ်စွာ စီစဉ်ထားသော ဖွဲ့စည်းမှုက ဘေးဘက်သို့ ကွဲထွက်သွားလေသည်။ ရွှေရောင်ရထားတစ်စီးအား အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ နတ်ဆိုးသားရဲသုံးကောင်က ဖြည်းညင်းစွာ ဆွဲယူလာ၏။
ရထားပေါ်တွင်မူ ရွှေရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားသော ခန့်ညားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသား တစ်ဦးက ထိုင်နေသည်။ ထိုလူက နန်ဝမ် (ခ) ယန်ထူမှလွဲ၍ တခြားမဖြစ်နိုင်ပေ။
(T/N - နန်ဝမ်က ဘွဲ့နာမည်၊ ယန်ထူက နာမည်အရင်း)
"မင်းသားနန်ဝမ် ဒီကိစ္စမှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို မတရားစွပ်စွဲနေတာ ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက တပည့်တွေက ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကို ဘယ်တော့မှမလုပ်ပါဘူး"
ကျားထျန်းဟယ်သည် ခါးသက်စွာ ပြုံးလျက် ပြောမိ၏။
"ဟက်! ဒါဆို ချင်ကျီကို ခေါ်ထုတ်ပြီး ကျုပ်နဲ့ လာရင်ဆိုင်ခိုင်းလိုက်၊ အမှန်လား အမှားလား ဆိုတာ ကျုပ်ကိုယ်တိုင် ဆုံးဖြတ်မယ်!"
နန်ဝမ်က နှာမှုတ်၏။
"ဒါက..."
ကျားထျန်းဟယ်၏ အိုမင်းသောမျက်နှာမှာ အနည်းငယ် တောင့်တင်းသွားခဲ့ပြီး ပြောလိုက်မိသည်။
"ချင်ကျီက လက်ရှိ ဂိုဏ်းထဲမှာ မရှိပါဘူး"
"ကောင်းကင်မျက်လုံးတောင်ကို သွားပြီး မပြန်လာသေးတာမလား"
နန်ဝမ်က အေးစက်စွာ ပြော၏။
"မင်းသားနန်ဝမ် နားလည်မှုလွဲနေပါတယ်၊ ချင်ကျီက ကောင်းကင်မျက်လုံးတောင်ကို မသွားခဲ့ပါဘူး၊ သူက တခြားနေရာတစ်ခုကို လေ့ကျင့်ဖို့အတွက် သွားခဲ့တာပါ၊ ကျွန်တော်တို့လည်း နေရာအတိအကျ မသိပါဘူး"
လက်ရှိအချိန်မှာ ကျားထျန်းဟယ်သည် မလွှဲမရှောင်သာ လိမ်ရတော့မည်ပင်။ မဟုတ်လျှင် သူတို့ ကြီးမားသည့် ဒုက္ခနှင့် ရင်ဆိုင်ရလိမ့်မည်။
"ဒီလိုလား"
ယန်ထူက လှောင်ပြောင်လျက်...
"ကျုပ် ကြားခဲ့တာကတော့ ခင်ဗျားတို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ကောင်းကင်မျက်လုံးတောင်ကို စုစုပေါင်း လူသုံးယောက် သွားခဲ့ကြတယ်တဲ့၊ ဟဲဟဲ...ခင်ဗျား ပြောသလို နှစ်ယောက်ပဲ သွားတယ်ဆိုလည်း အဲ့ဒီနှစ်ယောက်ကို ကျုပ် တွေ့ချင်တယ်"
ကျားထျန်းဟယ်မှ အကြောင်းပြချက် မပေးနိုင်ခင် သူ ဆက်ပြောလိုက်သည်။
"သူတို့လည်း တံခါးပိတ်ကျင့်ကြံနေတယ်လို့ မပြောနဲ့၊ ကျုပ်ကိုယ်တိုင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို လာခဲ့တာ...ကလေးနှစ်ယောက်ကတောင် ကျုပ်ကို ထွက်တွေ့ဖို့ ဆန္ဒမရှိရင် ဒါက လွန်သွားပြီ"
သူသည် 'တွေ့ဆုံခွင့်တောင်းခံခြင်း'ဟူသော စကားလုံး ကိုပင် အသုံးပြုခဲ့၏။
၎င်းက တစ်ဖက်အား လှောင်ပြောင်ခြင်း ဖြစ်သလို သူတို့၏အဆင့်အတန်းကိုလည်း မြှင့်တင်သည့် နည်းလမ်း ဖြစ်သည်။ ကျားထျန်းဟယ်ကိုလည်း ငြင်းဆန်နိုင်ခွင့် မပေးထားခဲ့ပေ။ ပွင့်ပွင့်လင်းလင်းပြောရပါက သူတို့အနေဖြင့် တကယ် တံခါးပိတ်ကျင့်ကြံနေခဲ့လျှင်တောင် ခေါ်ထုတ်ပေးသင့်၏။
"ဒါ...ကောင်းပါပြီ"
ကျားထျန်းဟယ်သည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
"သူတို့က တကယ်ကို တံခါးပိတ်ကျင့်ကြံနေတာပါ၊ ဒါပေမယ့် မင်းသားနန်ဝမ်က သူတို့ကို တွေ့ချင်နေတာ ဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ် ငြင်းဆန််နိုင်မှာလဲ၊ ကျွန်တော် ချက်ချင်းပဲ ခေါ်လိုက်ပါ့မယ်"
သို့နှင့် သူ ဂိုဏ်းထဲသို့ အော်ဟစ်လိုက်၏။
"ကျောက်ယွင်ရှန်း နဲ့ ဝူစန်းတို့ကို ထွက်လာခိုင်းလိုက်၊ မင်းသားနန်ဝမ်က သူတို့ကို တွေ့ချင်နေတယ်"
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ နေရာအသီးသီးမှ တီးတိုးသံများ ထွက်ပေါ်လာလေသည်။ မကြာခင်မှာပင် လူနှစ်ဦးက ပျံသန်းကာ ထွက်လာ၏။
သူတို့က ကျောက်ယွင်ရှန်းနှင့် ဝူစန်းတို့ ဖြစ်ကြသည်။
"မင်းသားနန်ဝမ်ကို အရိုအသေပေးပါတယ်"
"မင်းသားနန်ဝမ်ကို အရိုအသေပေးပါတယ်"
နှစ်ဦးစလုံးက ခါးညွှတ်၍ တစ်ပြိုင်နက် လေးနက်စွာ နှုတ်ဆက်လာကြ၏။ ကျောက်ယွင်ရှန်းက ဦးဆောင် လာပြီး ဝူစန်းက ခြေတစ်လှမ်းအနောက်မှာ ရပ်နေသည်။
ယန်ထူ၏အကြည့်က သူတို့အပေါ် ပြင်းထန်စွာကျရောက်လာသောကြောင့် ကျောက်ယွင်ရှန်းနှင့် ဝူစန်းတို့မှာ အေးစက်သောဖိအားကို ခံစားလိုက်ရ၏။ ၎င်းမှာ ကြီးမားသောပုဆိန်ဖြင့် ခုတ်ချခံလိုက်ရသကဲ့သို့ပင် ဖြစ်ပြီး သူတို့၏နှလုံးသားများက ပြင်းထန်စွာတုန်ယင်သွားခဲ့သည်။
"ချင်ကျီက မင်းတို့နဲ့အတူ ကောင်းကင်မျက်လုံးတောင် ကို သွားခဲ့လား"
သူက သူတို့ကို စိုက်ကြည့်၍ မေးလေ၏။
"မသွားခဲ့ပါဘူး"
ကျောက်ယွင်ရှန်း ပြန်ဖြေလေသည်။
"ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြန်ဖြေ!"
ယန်ထူက ဆူပူလာ၏။
ကျောက်ယွင်ရှန်း၏လက်အကျထဲမှ လက်ကအနည်းငယ်တုန်ယင်သွားခဲ့ပြီး သူ့အာရုံကြောများက ချက်ချင်းပင် တင်းကျပ်သွားလေသည်။ ထို့နောက် သူ ဖြည်းညင်းစွာ ခေါင်းမော့လိုက်၏။
သူ ယန်ထူ၏ ပြင်းထန်သော အကြည့်ကို မကြောက်မရွံ့ ရင်ဆိုင်လျက် ပြောလိုက်သည်။
"အရှင်မင်းသား ချင်ကျီက ကောင်းကင်မျက်လုံးတောင်ကို မသွားခဲ့ပါဘူး"
သူ့ပုံစံမှာ တည်ငြိမ်နေပုံ ရသော်လည်း တစ်ကယ်တမ်းတွင် သူ့အာရုံကြောများက တင်းမာလျက်ရှိ၏။ တစ်စုံတစ်ယောက်က ရယ်ချင်စိတ်ကို ထိန်းထား သည့်အခါ အသက်အောင့်ထားသောကြောင့် ဝမ်းဗိုက်ကြွက်သားများ တင်းမာနေသည်နှင့် တူသည်။
ယန်ထူလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ ဘယ်လိုပင် ကြည့်ပါစေ ဤကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ထံမှ ဘာမှခွဲခြမ်းစိတ်ဖြာလို့ မရခဲ့ပေ။
ခဏအကြာတွင် သူ ရုတ်တရက် ရယ်မောလိုက်လေသည်။
"ဟားဟားဟား! ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်၊ နာမည်ကောင်းနဲ့ တကယ်ပဲ ထိုက်တန်တယ်၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာ ဆက်ခံသူ ရှိလာပြီပဲ"
ကျောက်ယွင်ရှန်း၏လုပ်ဆောင်မှုက ဟာကွက်မရှိသော်လည်း ထိုဟာကွက် မရှိတာကြောင့်ပင် အကြီးမားဆုံးဟာကွက် ဖြစ်ခဲ့၏။
အကြောင်းမှာ အင်အားကြီးပုဂ္ဂိုလ်တစ်ဦး၏ သံသယနှင့် မေးခွန်းထုတ်မှုကို ရင်ဆိုင်ရသောအခါ ဖြူစင်သူပင်လျှင် အနည်းငယ်အပြစ်ရှိလာသလို ခံစားရလိမ့်မည်။
သို့သော်ငြား ထိုလူငယ်၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ မရှိခဲ့ပေ။ ဆိုလိုသည်မှာ ထိုလူငယ်သည် သူ၏ စစ်မှန်သောခံစားချက်များကို ဖိနှိပ်ထားခြင်း ဖြစ်သည်။
ထိုအသိတရားနှင့်အတူ ယန်ထူသည် ကျောက်ယွင်ရှန်း၏ အနောက်မှ ဝူစန်းကို အနည်းငယ်ပြုံးလျက် ကြည့်လိုက်၏။
"မင်းရော ငါ့ကိုကြည့်ပြီး ဖြေ"
ဝူစန်း၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားခဲ့သည်။ သူ အသက်ပြင်းပြင်းရှူသွင်းကာ ယန်ထူကို မော့ကြည့်၍ ပြောလိုက်၏။
"ချင်ကျီက ကောင်းကင်မျက်လုံးတောင်ကို မသွားခဲ့ပါဘူး"
"တကယ် မသွားခဲ့ဘူးလား"
ယန်ထူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။ သူ ပစ်သွင်းလိုက်သော အေးစက်သည့် အကြည့်က ကျောချမ်းစရာကောင်းလှ၏။
"မသွားခဲ့ပါဘူး"
ဝူစန်း အံကြိတ်၍ ပြောလိုက်သည်။
"သွားလား မသွားခဲ့ဘူးလား!"
ယန်ထူက ပြင်းထန်စွာ အော်ငေါက်လာ၏။
"မသွားခဲ့ပါဘူး"
ဝူစန်းက ခေါင်းမာစွာပင် ငြင်းဆိုနေသည်။
"သွားလား မသွားဘူးလား!!"
ယန်ထူက ရုတ်တရက် ထရပ်၍ ကောင်းကင်တက်လှမ်းနယ်ပယ်၏ ဖိအားကို ထုတ်လွှတ်လာ၏။ ၎င်းမှာ ကောင်းကင်ယံပေါ်၌ မိုးထစ်ခြုန်းသကဲ့သို့ပင်။
ရုတ်တရက် ဖိအားမြင့်တက်လာမှုက ဝူစန်းစိတ်ထဲရှိ အကာအကွယ်ကို ချိုးဖျက်လိုက်လေ၏။ သူ မထိန်းချုပ်နိုင်ခဲ့ပေ။
"သွားခဲ့ပါတယ်!!"
မသိစိတ်မှအလိုလိုပင် သူ တုံ့ပြန်လိုက်မိသည်။ သို့သော် ထိုစကားလုံးများ သူ့နှုတ်ကနေ ထွက်သွားသည်နှင့် သူ မှားယွင်းသွားကြောင်း သဘောပေါက်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့၏။
သို့သော်ငြား နောက်ကျသွားလေပြီ။
ထိုအချိန်တွင် ပတ်ဝန်းကျင်က ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အပူချိန်ကလည်း တဖြည်းဖြည်း အေးစက်လာခဲ့သည်။
"ဟင်း…"
အကြီးအကဲချုပ် ကျားထျန်းဟယ်မှာ ခါးသက်စွာပင် ရယ်မောမိတော့၏။ ရှောင်လွှဲ၍မရသောအရာကို ရှောင်လွှဲချင်လို့မရပေ။ နောက်ဆုံးမှာတော့ အမှန်တရားက ပေါ်ထွက်လာမည်ပင်။
ချင်ကျီက မင်းသမီးချူယွင်ကို ပြန်ပေးဆွဲခဲ့သည် ဖြစ်စေ၊ မဖြစ်စေ သူ မသေချာပေ။ သို့သော်ငြား ချင်ကျီက ကောင်းကင်မျက်လုံးတောင်သို့ သွားခဲ့သည့်အချက်မှာ ငြင်းမရသောအချက် ဖြစ်သည်။
"ဟက်! အကြီးအကဲချုပ် အခု ခင်ဗျားမှာ ဘာပြောစရာရှိသေးလဲ"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယန်ထူ က အေးစက်စွာပြုံးလျက် ပြောခဲ့၏။
"မင်းသားနန်ဝမ် ကျွန်တော်ဝန်ခံပါတယ်၊ ချင်ကျီက ကောင်းကင်မျက်လုံးတောင်ကို တကယ်ပဲ သွားခဲ့ပါတယ်၊ စစချင်းမှာ ပြဿနာမဖြစ်စေဖို့အတွက် ဒါက အကောင်းဆုံးဖြစ်မယ်ထင်ပြီး လိမ်ခဲ့မိတာပါ"
ကျားထျန်းဟယ်လည်း ရိုးသားစွာ ပြောလိုက်သည်။
"ဒါပေမယ့်လို့ ကျွန်တော်တို့တွေအနေနဲ့ ချင်ကျီ ကို ကာကွယ်ပေးနေတယ်လို့ မဆိုလိုပါဘူး၊ ဒါ့အပြင် သူ လုပ်ခဲ့တယ်ဆိုတာကို ထောက်ပြဖို့အတွက်လည်း သက်သေမရှိသေးဘူးလေ"
"ဒါဆို ကျုပ်သမီးက ချင်ကျီနဲ့အတူ ပျောက်သွားတဲ့ကိစ္စကို ခင်ဗျား ဘယ်လိုရှင်းပြမှာလဲ"
ယန်ထူက အေးစက်စွာ စစ်မေးနေ၏။
ကျားထျန်းဟယ်လည်း တိတ်ဆိတ်သွားရသည်။
တစ်ဖက်လူက ချင်ကျီ၏အပြစ်ရှိမှုကို သက်သေမပြ နိုင်ပေ။ အလားတူပင် သူကလည်း ချင်ကျီ၏ အပြစ်ကင်းမှုကို သက်သေမပြနိုင်ပေ။ ထို့အပြင် တစ်ဖက်လူက ပိုအားကောင်းနေသောကြောင့် ကိစ္စက မင်းသားနန်ဝမ်ဘက် အလေးသာနေလေ၏။
"မင်းသားနန်ဝမ်ကို ကျုပ်တို့ဘက်ကနေ ရှင်းပြနေဖို့ လိုအပ်လို့လား"
ထိုအချိန်တွင် သြဇာအာဏာပြည့်ဝနေသော အသံတစ်ခုက မြည်ဟိန်းလာသည်။ အလင်းတန်းတစ်ခုက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ပင်မတောင်ထိပ်ကနေ ထွက်ပေါ်လာလေ၏။
သူက အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။ အရပ်မြင့်မားကာ ပိန်သွယ်နေပြီး မည်းနက်သောဆံပင် နှင့် မေးစေ့ပေါ်တွင်လည်း အနက်ရောင်မုတ်ဆိတ်မွှေးများ ရှိနေလေ၏။
"ဂိုဏ်းခေါင်းဆောင်!!"
ထိုပုံရိပ်ကို မြင်သောအခါ ကိုယ်ခံပညာဂိုဏ်းမှ တပည့်များစွာသည် အာမေဋိတ်အသံကို ပြုလျက် ရိုသေလေးစားသော အမူအရာများကို ပြသလာကြသည်။
ရက်စက်၍ အာဏာရှင်ဆန်သော မင်းသားနန်ဝမ်ပင်လျှင် မျက်လုံးများက တလေးတနက်ဖြစ်လာပြီး လေးနက်စွာ ခေါ်လိုက်၏။
"ကျောက်ဖန်လုံ"
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကျောက်ဖန်လုံသည် လေထဲမှနေ၍ အနားကို ချဉ်းကပ် လာပြီး ယန်ထူကို တည်ငြိမ်စွာ ငုံ့ကြည့်လျက် ပေါ့ပါးစွာ ပြောလာခဲ့သည်။
"မင်းသမီးနဲ့ ချင်ကျီတို့က အတူတူ ပျောက်ကွယ်သွားတဲ့ကိစ္စမှာ မင်းသားနန်က ကျုပ်တို့ဆီက ရှင်းပြမှုကို လာတောင်းဆိုတယ်၊ ဒါက တော်တော်လေး ရယ်စရာကောင်းတယ်လို့ ကျုပ် ထင်တယ်"
"ဘာကို ဆိုလိုတာလဲ"
ယန်ထူက အေးစက်စက် မေးလေ၏။
ကျောက်ဖန်လုံက ပေါ့ပေါ့ပါးပါး ပြောလာသည်မှာ...
"ချင်ကျီနဲ့ မင်းသမီးက အတူတူပျောက်ကွယ်သွားလို့ ချင်ကျီက မင်းသမီးကို ပြန်ပေးဆွဲသွားတယ်ဆိုပြီး မင်းသားနန်က ယူဆခဲ့တယ်၊ ဒါပေမယ့် မင်းသမီးက ချင်ကျီကို ပြန်ပေးဆွဲသွားတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မစဉ်းစားခဲ့ဘူးလား"
***********