သူရဲကောင်းတစ်ယောက်က ပေါက်ကွဲမှုကို ဘယ်တော့မှ လှည့်မကြည့်
Vol. 4 Ch. 52
မင်းသမီးချူယွင်သည် အဖေဖြစ်သူက ဒီလိုခက်ခဲသောမေးခွန်းကို မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်ငြား သူမ ရိုးသားစွာပြန်ဖြေခဲ့သည်။
"လုပ်ကြံသတ်ဖြတ်သူတွေဆီကနေ လွတ်မြောက်ပြီးနောက်မှာ သမီးက အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ သူက သမီးကို တိုက်ခိုက်ခဲ့လို့ သတိလစ်သွားခဲ့တယ်"
"သမီး သတိပြန်လည်လာတော့ မြစ်ငယ်လေးတစ်ခုရဲ့အနားမှာ လဲနေခဲ့တာ၊ အနက်ရောင်ဝတ်ရုံဝတ်လူဆီကနေ သမီးကို ကယ်တင်ခဲ့တဲ့လူက တစ်ကိုယ်တော်ဓားသမားတစ်ယောက်ပဲ"
"အဲ့ဒီဓားသမားက နာမည်မချန်ထားခဲ့ဘူး၊ မတရားမှု ကို မြင်လို့ ကူညီဖို့ရောက်လာတဲ့ အမည်မသိပုဂ္ဂိုလ် တစ်ယောက်သက်သက်ပါပဲလို့ ပြောခဲ့တယ်"
"အဲ့ဒီဓားသမားကို နှုတ်ဆက်ပြီး ပြန်လာခဲ့တော့ အဖေက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို တပ်တွေ စေလွှတ် ထားတယ်ဆိုတဲ့ သတင်းကို သမီး ကြားလိုက်ရတယ်၊ ဒါကြောင့် သမီး အဖေ့ကို တားဖို့ အမြန်ရောက်လာခဲ့တာ"
ထိုအချိန်၌ သူမက စိုးရိမ်တကြီးပြောလာသည်။
"အားလုံးက နားလည်မှုလွဲနေတာပါ၊ ချင်ကျီက လူဆိုးမဟုတ်ပါဘူး၊ သူက သမီးရဲ့ကျေးဇူးရှင်ပါ!"
ချက်ချင်းပင် ပတ်ဝန်းကျင်က ထပ်မံတိတ်ဆိတ်သွားပြန်၏။
မတိုင်ခင်က ရန်လိုခဲ့သော ယန်ထူပင်လျှင် သူ၏ခိုင်မာသောအမူအရာကို ဆက်လက်ထိန်းသိမ်း နိုင်စွမ်း မရှိတော့ဘဲ နှင်းထိခံထားရသော ခရမ်းချဉ်သီးကဲ့သို့ ညှိုးနွမ်းသွားလေသည်။
သူ့အမူအရာမှာ တောင့်တင်းနေပြီး ငြိမ်သက်နေပုံရ သော်လည်း သူ့စိတ်ထဲမှာတော့ လေပြင်းမုန်တိုင်း တိုက်ခတ်နေလေ၏။ ၎င်းမှာ မိုးကောင်းကင်၏ ပြစ်ဒဏ်ချမှတ်ခြင်းအား လက်ခံလိုက်ရသကဲ့သို့ပင်။
အကြံအစည်မျိုးစုံက သူ၏ မကြီးမားသော ဦးနှောက် ထဲသို့ ချက်ချင်းပင် တိုးဝင်လာပြီး သူ့ခေါင်းအား ပရမ်းပတာ ဖြစ်စေခဲ့သည်။
ငါ အမှား လုပ်မိသွားတာလား။
ချင်ကျီက ရန်သူမဟုတ်ဘဲ ကျေးဇူးရှင် ဖြစ်နေတာလား။
ဒီအဖြစ်အပျက်အားလုံး ပြီးသွားသည့်နောက်မှာ သူသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၌ ရှုံးနိမ့်ခဲ့ရုံသာမက သူ့ကိုယ်သူလည်း အရှက်ရစေခဲ့၏။
မျက်နှာလည်း ပျက်၊ တိုက်ပွဲလည်း ရှုံးပင်။
ထို့အပြင် အရေးကြီးဆုံးကတော့ သူ့သမီး ပြောခဲ့သော စကားကသာ မှန်နေလျှင် ချင်ချွမ်း ယခင်ကပြောခဲ့သည့်စကားက မှန်ကန်နေကြောင်း သက်သေပြပြီးသားဖြစ်သွားလိမ့်မည်။ ဆိုလိုသည်မှာ သူနှင့် အသက်တူရွယ်တူလောက်ရှိသော ဒီလူက တကယ် သူ့ဦးလေးဖြစ်နေသည်ပင်။
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး"
သူ့လက်အကျကို မကျေမနပ် ခါလိုက်မိသည်။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ...
"သွားကြစို့!"
ထိုသို့ပြောပြီးနောက် သူ ချက်ချင်းလှည့်ကာ သူတို့လာရာ လမ်းကြောင်းဆီသို့ ပျံသန်းသွားခဲ့၏။ သူ့စစ်တပ်ကလည်း ပြန်လည်ဆုတ်ခွာလျက် ဆူညံစွာထွက်ခွာသွားခဲ့ကြသည်။
"အဖေ!"
မင်းသမီးချူယွင်က လှမ်းခေါ်လိုက်သော်လည်း ပုံမှန်ဆိုလျှင် သူမကို အမြဲချစ်ခင်တတ်သော သူမအဖေ က ဒီတစ်ခါမှာ သူမကို လျစ်လျူရှုထားလေ၏။
ထိုကြောင့် သူမ ချင်ချွမ်းအား နေရခက်စွာ ပြုံးပြလျက် အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်သည်။
"စိတ်ချပါ၊ ချင်ကျီကို ရှာပေးဖို့ အဖေ့ကို တိုက်တွန်းလိုက်ပါ့မယ်... အဘိုးချင်"
ထိုကဲ့သို့သော အခေါ်အဝေါ်မှာ အနည်းငယ် ကိုးရိုးကားရား နိုင်လှ၏။
ထိုစဥ် အဝေးသို့ ပျံသန်းသွားသော ယန်ထူသည် ရုတ်တရက် တောင့်တင်းသွားကာ သူ့နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားတော့သည်။
…
မကြာခင်မှာပင် မင်းသားနန်စံအိမ်မှ လူတိုင်းက ထွက်ခွာသွားခဲ့ကြ၏။
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏အပြင်ဘက်ကောင်းကင်ယံတွင် ချင်ချွမ်း၊ အကြီးအကဲချုပ်ကျားထျန်းဟယ် နှင့် ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံတို့သာ ကျန်ရှိခဲ့သည်။
"ကျုပ်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေက ဂိုဏ်းကို ဒုက္ခပေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်"
ချင်ချွမ်းသည် သူ့လက်များကို ယှက်၍ တောင်းပန် စကားဆိုလိုက်၏။
"မင်းကလည်း ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦးပဲလေ၊ ဒါကြောင့် မင်းရဲ့ကိစ္စတွေက ကျုပ်တို့ရဲ့ကိစ္စတွေပါပဲ"
ကျောက်ဖန်လုံသည် သူ့မျက်နှာပေါ်တွင် အပြုံးခပ်သေးသေးကို ဖော်ပြထားလေသည်။
ကျားထျန်းဟယ်မှာ အနည်းငယ် အံ့သြသွားခဲ့ရ၏။ အကြောင်းမှာ ဂိုဏ်းခေါင်းဆောင်သည် ဘယ်သူ့အပေါ်မှာဖြစ်စေ ပြုံးရယ်ပြခြင်း နည်းပါးခဲ့သောကြောင့်ပင်။
"ဟူး~ ကျေးဇူးတင်ပါတယ်"
ချင်ချွမ်းကတော့ ရှည်လျားသောသက်ပြင်းကိုချလျက် ခါးသီးစွာ ပြုံး၍ ပြောခဲ့လေသည်။ အနည်းငယ်မျှ စိတ်ထဲထိရှမိခဲ့ကြောင်း ဝန်ခံရမည်ပင်။
"ချင်ကျီကို ရှာဖို့ ဂိုဏ်းက ကူညီပေးဖို့ လိုသေးလား"
ကျောက်ဖန်လုံက မေး၏။
"မလိုတော့ပါဘူး၊ ကျုပ် အဲ့ဒီကလေးပေါ်မှာ တစ်စုံတစ်ခု ချန်ထားခဲ့တယ်၊ ဒါကြောင့် သူ့ကိုရှာဖို့က မခက်ခဲ့ပါဘူး၊ ကျုပ် အရင်သွားလိုက်ပါဦးမယ်"
ချင်ချွမ်း ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။ ထို့နောက် လမ်းကြောင်းတစ်ခုဆီသို့ ပျံသန်း ထွက်ခွာလာခဲ့ပြီး မကြာခင်မှာပင် ကောင်းကင်ယံထက် ပျောက်ကွယ်သွားခဲ့၏။
"ဂိုဏ်းခေါင်းဆောင်…"
ကျားထျန်းဟယ်က ကျောက်ဖန်လုံကို ကြည့်လာသည်။ သူက ချင်ချွမ်း ပျောက်ကွယ်သွားသော လမ်းကြောင်းကို ကြည့်နေပြီး သူ့မျက်လုံးများက လင်းလိုက်မှိန်လိုက် ဖြစ်နေလေ၏။ ထို့နောက် တည်ငြိမ်စွာပင်...
"အထဲပြန်ဝင်ကြစို့"
ထိုသို့ ပြောပြီးနောက် သူသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အတွင်းဘက်သို့ ပျံသန်းသွားခဲ့သည်။ ချင်ချွမ်း အပေါ်၌ သူ၏စိတ်ဝင်စားမှုက ပို၍နက်ရှိုင်းလာခဲ့ပေ၏။
သူတို့၏ ဤအကြီးအကဲအသစ်မှာ လွန်လွန်ကျူးကျူးပင် လျှို့ဝှက်ဆန်းကြယ်လှသည်။
…
လူသူကင်းမဲ့သော တောင်များကြားတွင်။
လူမြင်ကွင်းမှ ဖုံးကွယ်ထားသော ဂူတစ်ခုထဲ၌ မီးတောက်များ ဟုန်းဟုန်းတောက်လောင်နေပြီး ပြင်းထန်သော သွေးနံ့ကလည်း လေထဲ၌ စိမ့်ဝင်နေလေ၏။
"ရှဲ! ရှဲ! ရှဲ!"
အဝတ်မဲ့လူတစ်ယောက်က ခြေချိတ်လျက် ထိုင်နေပြီး ထူးဆန်းသော အနီရင့်ရောင်မီးလျှံတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်၌ လောင်ကျွမ်းနေလေသည်။
မီးလျှံလောင်ကျွမ်းနေစဉ်မှာ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး သွေးများစွာက အငွေ့ပျံသွားလေ၏။ ထို့နောက် သူ့ချွေးပေါက်များမှ ပန်းထွက်လာသော သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းက သူ့ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကျိုးပဲ့နေသောအရိုးများကိုလည်း လောင်ကျွမ်းစေပြီး ထိုသက်ဝင်လှုပ်ရှားနေသော မီးလျှံ၏ လှုံ့ဆော်မှုအောက်တွင် အရိုးအသစ်များက ပြန်လည်ကြီးထွားလာကြ၏။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ လည်ပတ်နေသည့်အလားပင်။
အသက်တစ်ဝက်နီးပါးကို ဆုံးရှုံးစေခဲ့သော ဒဏ်ရာများသည် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့ရုံသာမက သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာလည်း တိုးတက်လာခဲ့သည်။
အချိန်ဘယ်လောက်ကြာသွားသည်ကို ဘယ်သူမှ မသိခဲ့ပေ။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အနီရင့်ရောင်မီးလျှံများက ငြိမ်းသွားခဲ့ပြီး လောင်ကျွမ်းနေခြင်းကြောင့် သံပူကဲ့သို့ နီရဲနေသော အရေပြားသည်လည်း ပုံမှန်အရောင်အဖြစ်သို့ ပြန်ရောက်သွားခဲ့လေ၏။
"ဟူး~ နောက်ဆုံးတော့ ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ"
ချင်ကျီမှာ သက်ပြင်းမောတစ်ချက် ချမိသည်။ လုပ်ကြံသတ်ဖြတ်သူငါးဦးနှင့် ယခင်က တိုက်ခဲ့သော တိုက်ပွဲသည် သူ့ကို အကြီးအကျယ်ဆုံးရှုံးစေခဲ့ပြီး သူ့ကို သေလုနီးပါး ဖြစ်စေခဲ့၏။
ကံကောင်းစွာဖြင့် သူ့ဆရာ သင်ကြားပေးခဲ့သော အသက်ကယ်ခြင်းလျှို့ဝှက်သိုင်းကျမ်းတစ်ခု ရှိနေခဲ့သည်။ ၎င်းက အလွန်နာကျင်လှသော်လည်း ကောင်းမွန်သောရလဒ်ကို ရရှိစေ၏။
"မင်းက အရမ်းကိုစိတ်မြန်လက်မြန်ရှိတယ်၊ မင်း သူတို့နဲ့ တိုက်ရိုက်မရင်ဆိုင်ခဲ့ဘူးဆိုရင် ဒီလိုမျိုး ဒုက္ခရောက်မှာ မဟုတ်ဘူး"
ဆံပင်ရွှေရောင်နှင့်အမျိုးသမီး၏အသံထဲတွင် အပြစ်တင်ဆုံးမလိုမှုများ ပြည့်နှက်နေသည်။
"ဟဲဟဲ ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့တယ်မဟုတ်ဘူးလား၊ ပြီးတော့ ကျွန်တော် ပိုပြီးအဆင့်တက်သွားပြီ၊ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကို ချိုးဖောက် နိုင်တော့မယ်"
ချင်ကျီက ရှက်ရယ်ရယ်နေ၏။
"ဒီတစ်ခါ ကံကောင်းသွားရုံသက်သက်ပဲ၊ မင်း ဒီထက်နည်းနည်းလေးပိုပြီး ဒဏ်ရာရခဲ့ရင်တောင် ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူး၊ မင်း အမြဲတမ်း ကံ ပေါ်မှာပဲ အားကိုးနေလို့ မရဘူး"
ဆံပင်ရွှေရောင်နှင့်အမျိုးသမီးက တင်းတင်းကျပ်ကျပ် ဆုံးမလာသည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီဗျာ"
သူ့ဆရာနှင့် ရေရှည်ဆက်ဆံပြီးနောက်မှာ သူမနှင့်စကားများခြင်းသည် ပညာရှိရာ မရောက်ကြောင်း သူ နားလည်ထားခဲ့၏။
သူ လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည် ဖြစ်စေ အရင်ဆုံး သဘောတူလိုက်ရုံပင်။
"သွားကြစို့ ငါတို့ ပြန်သွားရမယ်၊ မင်း ဒီလောက်အကြာကြီး အိမ်မပြန်လာသေးတော့ မင်းအဖေ စိတ်ပူနေလိမ့်မယ်"
ဆံပင်ရွှေရောင်နှင့်အမျိုးသမီးသည် သူမတပည့်က ဟန်ဆောင်ခေါင်းညိတ်နေသည်ကို သိသော်လည်း သူမထံ၌ ရွေးချယ်စရာမရှိသောကြောင့် သက်ပြင်းချလျက် အိမ်ပြန်ရန်သာ ပြောလိုက်တော့သည်။
"ဟုတ်ကဲ့"
သူမ၏စကားကို ကြားသောအခါ ချင်ကျီလည်း ခေါင်းညိတ်၍ ထရပ်လိုက်၏။ ထို့နောက် သူ မတော်တဆရှာဖွေတွေ့ရှိခဲ့သော ဂူထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော်ငြား ထိုအချိန်၌ ဆိုးယုတ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဟားဟားဟား! ငါ့လိုအဘိုးကြီးတစ်ယောက်အတွက် မမျှော်လင့်ဘဲရလိုက်တဲ့ ကံကောင်းမှုပဲ၊ လွတ်မြောက်လာပြီးတော့မှ ငါ စားသုံးဖို့ သွေးသားလတ်လတ်ဆတ်ဆတ်နဲ့ လာတွေ့နေတယ်"
ချင်ကျီ၏မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူ့ခေါင်းကို ရုတ်တရက် လှည့် ကြည့်လိုက်သောအခါ ဂူ၏အနက်ရှိုင်းဆုံးနေရာမှ ကျောက်နံရံတစ်ခုက ရုတ်တရက် ကွဲအက်သွားသည်ကို တွေ့ လိုက်ရ၏။
မည်းနက်သော အက်ကွဲကြောင်းများက ပင့်ကူမျှင်များကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် ထူထဲသော အနက်ရောင်မြူခိုးတစ်ခုက အက်ကွဲကြောင်းများထဲမှ စိမ့်ထွက်လာလေ၏။
"မကောင်းတော့ဘူး ပြေး!"
ဆံပင်ရွှေရောင်နှင့်အမျိုးသမီး၏ အသံက ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ချက်ချင်းပင် 'တစ္ဆေထိန်းချုပ်ခြင်း' သိုင်းအတတ်ကို အသက်သွင်း၍ ချင်ကျီ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
သို့သော်ငြား နောက်ကျသွားခဲ့လေပြီ။
"ဘုန်း!!"
ပင့်ကူမျှင်များ ဖုံးလွှမ်းနေသော ကျောက်နံရံက ရုတ်တရက် ကွဲကြေသွားကာ အနက်ရောင်မြူခိုးကြီးသည် ရေလွှမ်းမိုးသကဲ့သို့ အရှေ့ကို ပြင်းထန်စွာ တိုးဝင်လာလေသည်။
ချက်ချင်းပင် ချင်ကျီ၏ခန္ဓာကိုယ်က အနက်ရောင်မြူခိုးဖြင့် လွှမ်းမိုးခံရကာ အပြင်သို့ လွင့်စဉ်သွားခဲ့၏။
ချင်ကျီသည် ဂူအပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်သို့ ကျဆင်းသွားကာ ဒူးတစ်ဖက် ထောက်၍ ထိုင်ချလိုက်ရသည်။ သူ့ပါးစပ်ထဲမှ သွေးများ စီးကျနေလေ၏။
သူနှင့်မျက်နှာချင်းဆိုင်တွင်မူ ထူထဲလှသော အနက်ရောင်မြူခိုးများက ဆက်လက်စုဝေးနေလေသည်။ ၎င်းက သိပ်သည်းလာပြီး နောက်ဆုံးတွင်မူ ဆိုးယုတ်ကာ နွမ်းနယ်ပုံပေါ်နေသော အဘိုးကြီး တစ်ဦး ဖြစ်သွားခဲ့၏။
ထိုလူ၏ ခန္ဓာကိုယ်က ပိန်ချုံးနေပြီး အရေပြားက မီးခိုးရောင် ဖြစ်နေကာ ပါးလျသော ဆံပင်ဖြူများဆိုလျှင် လုံးဝနီးပါး မရှိသလောက်ပင်။ သင်္ချိုင်းကနေ လောလောလတ်လတ် တူးဖော်ခဲ့သော ရုပ်အလောင်းနှင့်ပင် ဆင်တူပေသည်။
"ဘယ်သူလဲ"
ချင်ကျီသည် အဘိုးအိုအား လေးနက်စွာ ကြည့်လိုက်မိ၏။ ထို့နောက် မရည်ရွယ်ဘဲ သတိပြုမိခဲ့သည်မှာ အဘိုးအို၏အနောက်မှ ဂူ၏အနက်ရှိုင်းဆုံးနေရာတွင် ပိုမိုနက်ရှိုင်းသော ဂူတစ်ခု ထွက်ပေါ်လာနေပုံရသည်။ ၎င်းမှာ ငရဲသွားရာ ဝင်ပေါက်ကဲ့သို့ပင်။
"ငါ့ရဲ့အရသာရှိတဲ့ သွေးအစာလေး မင်းအနေနဲ့ ငါဘယ်သူလဲဆိုတာကို သိဖို့ မလိုဘူး၊ ငါ မျိုချမှာကို အလိမ္မာနဲ့ လက်ခံလိုက်ရုံပဲ"
အဘိုးအိုသည် ဆိုးယုတ်သော အပြုံးဖြင့် ချင်ကျီဆီသို့ လမ်းလျှောက်လာ၍ ပြောလေ၏။
"ငါ့ရဲ့အခုလို မြေမြှုပ်ခံထားရတဲ့ပုံစံကို စိတ်ထဲမထား နဲ့၊ ငါ မင်းကို စားသုံးပြီးတော့ မူလစွမ်းအင်တချို့ ပြန်ရသွားတာနဲ့ မင်းထက်တောင် ပိုချောလာဦးမှာ!"
"ခင်ဗျားရဲ့ အိပ်မက်ထဲမှာသာ ဖြစ်နိုင်လိမ့်မယ်!"
ချင်ကျီက အေးစက်စွာ နှာမှုတ်လိုက်လေသည်။ သူ့ဆံပင်များက လျင်မြန်စွာပင် ရွှေရောင်သို့ ပြောင်းလဲ ကာ ရှည်လျားလာခဲ့၏။
ရွှေရောင်မီးလျှံတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်စွာပေါက်ကွဲထွက်လာပြီး သူ့အရှိန်အဝါသည် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် သို့ တိုက်ရိုက်ထိုးတက်သွားခဲ့သည်။
"သတ်!!"
ချင်ကျီသည် တိုက်ရိုက်တိုက်ခိုက်ရန် ရွေးချယ်ခဲ့လေ၏။ အကြောင်းမှာ သူ့အနေဖြင့် ထွက်ပြေးခဲ့လျှင် သူ့အား အနောက်မှ တိုက်ခိုက်နိုင်ရန်အတွက် အားနည်းချက် ဖော်ပြပေးသလို ဖြစ်သွားလိမ့်မည်။ သူ့အတွက်တော့ တိုက်ခိုက်ခြင်းကို ပိုနှစ်သက်သည်။
ရွှေရောင်ဓားရှည်တစ်လက်က သူ့လက်ထဲတွင် ပေါ်လာပြီး ထိုဓားသွားမှာ ဆယ်မီတာကျော် ရှည်လျားပေ၏။ သူ ထိုဓားအား အရှေ့ကို ဝှေ့ယမ်းလိုက်သည်။
"ချွမ်း!"
သို့သော်ငြား နွမ်းနယ်နေသော အဘိုးအိုသည် အရိုးစုလက်ချောင်းနှစ်ချောင်းကိုသာ ဆန့်ထုတ်၍ ဓား၏အလင်းတန်းကို တိုက်ရိုက်ညှပ်လာခဲ့၏။
"မင်းက ပိုပြီး ခုခံလေ ငါက ပိုပြီး စိတ်လှုပ်ရှားလေပဲ"
အဘိုးအိုက ရက်စက်စွာ ရယ်မောနေသည်။ ထို့နောက် အစုလိုက်အပုံလိုက်ရှိနေသော မြူခိုးနက်များသည် စပါးကြီးမြွေကဲ့သို့ ဓား၏အလင်းတန်းကို ရစ်ပတ်လျက် ချင်ကျီကို ဝါးမျိုရန် အမြန် သွားရောက်နေလေသည်။
"ချိုးစမ်း!"
ချင်ကျီသည် ပြင်းပြင်းထန်ထန် အော်ဟစ်လျက် ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ခဲ့ပြီး ဆယ်မီတာကျော် ရှည်လျားသော ဓားအလင်းတန်းကို ချက်ချင်းချိုးဖျက်ခဲ့ပေ၏။
ရစ်ပတ်နေသော မြူခိုးနက်များက ပြန့်ကျဲသွားခဲ့သည်။ ကွဲကြေသွားသော ဓားမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲမှုသည် အကာအကွယ်တစ်ခုကို ပေးစွမ်းနေလေ၏။
ထိုအခွင့်အရေးကို ယူလျက် ချင်ကျီသည် ဓားကို လက်နှစ်ဖက်စလုံးဖြင့် လွှတ်ချပြီးနောက် သူ့ညာဘက်ခြေဖဝါးဖြင့် ဓားရိုးကို ပြင်းထန်စွာ ကန် ထုတ်လိုက်သည်။
"ဝှစ်!"
ဓားရှည်က မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်း တန်းဖြင့် အဘိုးအိုဆီသို့ ပစ်ဝင်သွားခဲ့၏။ ချင်ကျီ ကတော့ နောက်ပြန်တွန်းကန်အားကို အသုံးပြုလျက် ဆယ်မီတာကျော်အထိ နောက်ပြန်ပျံသန်းလိုက်သည်။
ထို့နောက် သူ မရပ်မနားဘဲ လက်နှစ်ဖက်စလုံးကို မြှောက်ကာ အနီရောင်မီးလျှံ လှိုင်းလုံးတစ်ခုကို ဖန်တီး ၍ မီးကြာပန်းတစ်ခုကို ပုံဖော်လိုက်၏။
"ငရဲကြာပန်းနီ!"
သူ ဟိန်းဟောက်လျက် သူ၏အစွမ်းအထက်ဆုံး နတ်ဘုရားသိုင်းပညာကို ထုတ်သုံးကာ အရှေ့သို့ ပစ်ပေါက်ခဲ့သည်။ ထို့နောက် ၎င်း ပေါက်ကွဲမည့်အချိန်ကို မစောင့်တော့ဘဲ သူ ပြတ်သားစွာ လှည့်၍ အဝေးကို ပျံသန်းသွားခဲ့၏။
စစ်မှန်သောသူရဲကောင်းသည် ပေါက်ကွဲမှုကို ဘယ်တော့မှ ပြန်မလှည့်ကြည့်ပေ။
******************