← Chapters

အဖေ ရောက်လာပြီ

Vol. 4 Ch. 53

အဖေ ရောက်လာပြီ

Vol. 4 Ch. 53

"ဘုန်း!"

ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ ပူပြင်းသောလှိုင်းတစ်ခုက ချင်ကျီ၏ကျောကို ရိုက်ခတ်လာသည်။ သူ၏ ထွက်ပြေးမှု အမြန်နှုန်းကိုလည်း နောက်တစ်ကြိမ် ထပ်မြှင့်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ အနည်းငယ်မျှ လုံခြုံသလို ခံစားလိုက်ရသည်။ ထိုကဲ့သို့သောပေါက်ကွဲမှုသည် ပြိုင်ဘက်အား ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေနိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကို ခဏတာမျှ နှောင့်နှေးစေနိုင်လိမ့်မယ်လို့ သူယူဆထားခဲ့၏။

သို့သော်ငြား လက်တွေ့အဖြစ်က ရက်စက်ပေသည်။

"ဖောက်!"

မည်းနက်သော အငွေ့တစ်ခုသည် သူ၏ညာဘက်ပခုံးရိုးအား အနောက်ကနေ ဖြောင့်တန်းစွာ ထိုးဖောက်လာလေ၏။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ချင်ကျီမှာ လုံးဝထိတ်လန့်သွားရသည်။ တစ်ချိန်တည်း မှာပင် သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်လာသော ထုံကျင်စေသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ၎င်းက သူ့တစ်ကိုယ်လုံးအား အားနည်းသွားစေခဲ့၏။

သူ့ဆရာဆီမှ စွမ်းအားများသည်လည်း လျင်မြန်စွာမှေးမှိန်သွားကာ သူ၏ရွှေရောင်ဆံပင်လည်း မြန်ဆန်စွာပင် အနက်ရောင်သို့ ပြောင်းလဲသွားခဲ့ပြီး ပြန်တိုသွားခဲ့သည်။

"ဟဲဟဲ ငါ့ဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေတာလား"

လှောင်ပြောင်နေသော အသံတစ်ခုက သူ့အနောက်မှ ထွက်ပေါ်လာလေ၏။ ချင်ကျီသည် စိတ်ပျက်စွာပင် သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ အဘိုးအိုက မီးလျှံများကြားမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူ့ပတ်ပတ်လည်တွင်လည်း ထူထဲသော မြူခိုးနက်များက လေထန်နေသည်မှာ မှောင်မိုက်သောတိမ်တိုက်တစ်ခုက လက်ရှိနေရာအား ဖြည်းဖြည်းချင်းဖုံးလွှမ်းနေသကဲ့သို့ပင်။

"ဆရာ ကျွန်တော် ဘာလုပ်ရမလဲ!"

ချင်ကျီသည် သူ့စိတ်ထဲ၌ စိုးရိမ်တကြီး မေးမိ၏။

"တိုက်!!"

ဆံပင်ရွှေရောင်နှင့်အမျိုးသမီးက ပြတ်ပြတ်သားသားပြောလာသည်။ ထို့နောက် သူမ၏နတ်ဘုရားဝိညာဉ်စွမ်းအားကို ပြင်းထန်စွာ လောင်ကျွမ်းစေခဲ့သောကြောင့် ချင်ကျီ ၏ခန္ဓာကိုယ်ထဲတွင် သူမ၏စွမ်းအားများ တစ်ဖန်ပြန်ပြည့်သွားခဲ့၏။

"ရှဲ ရှဲ ရှဲ"

ချင်ကျီ၏ခန္ဓာကိုယ်ထဲကို ကျူးကျော်ခဲ့သော မြူခိုးနက်များသည် အမြန်ပင် အငွေ့ပျံသွားခဲ့ပြီး ချင်ကျီ၏ဆံပင်သည်လည်း ချက်ချင်းပင် အရိုင်းဆန်စွာ ပြန်လည်ရှည်ထွက်လာခဲ့သည်။

ရွှေရောင်အလင်းတန်းများက ချင်ကျီ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ထိုကဲ့သို့ မြင့်မြတ်ကာ ခမ်းနားသော အရှိန်အဝါက သူ့ကို လူ့လောကဆီသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်စေလေ၏။

"ဒါက… နတ်ဘုရားခန္ဓာကိုယ်"

အဘိုးအို၏ မျက်လုံးများက ရုတ်ချည်းပင် ပြူးကျယ်သွားခဲ့ကာ ကြီးမားသောထိတ်လန့်မှုဖြင့် ထိမှန်ခံလိုက်ရသကဲ့သို့ ခဏတာမျှ မလှုပ်မယှက်ရပ်နေလေသည်။

"ဓားတစ်သောင်းအတိဒုက္ခ!"

ထိုအခွင့်အရေးကို ယူလျက် ချင်ကျီသည် သူ့ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့ ပြတ်သားသော အရှိန်အဝါကို ထုတ်လွှတ်လျက် ၎င်းကို ဆယ်မီတာရှည်လျားသော ရွှေရောင်ဓားကြီးအဖြစ် ပြောင်းလဲလိုက်လေ၏။ထို့နောက် ကြောက်မက်ဖွယ်ကောင်းစွာပင် အဘိုးအို ထံသို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

သူ့မျက်လုံးများက ရွှေရောင်အဖြစ်သို့ လုံးဝပြောင်းလဲသွားလေရာ ဆံပင်ရွှေရောင်နှင့်အမျိုးသမီးက သူ့ခန္ဓာကိုယ် ကို ထိန်းချုပ်နေကြောင်း ဖော်ပြနေလေ၏။ ထို့အပြင် ဤဓားတာအိုနတ်ဘုရားသိုင်းပညာကလည်း သူမ အတွက် ထူးခြားပေသည်။

ဓားတစ်သောင်းအတိဒုက္ခ!

၎င်းသည် သိုင်းအင်ပါယာ တစ်ဦးမှ ဖန်တီးခဲ့သော အထူးနတ်ဘုရားသိုင်းကျမ်း ဖြစ်ပြီး မပျက်စီးနိုင်လုနီးပါး ခမ်းနားထည်ဝါသောစွမ်းအားကို ပိုင်ဆိုင်ထား၏။

ထို့အပြင် ၎င်းက မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်သည်။

"မကောင်းတော့ဘူး"

အဘိုးအိုသည် နတ်ဘုရားခန္ဓာကိုယ်အား ထိတ်လန့်နေခြင်းကနေ အမြန်နိုးထလာလေ၏။ သို့သော်ငြား ရှောင်ရှားရန် နောက်ကျသွားလေပြီ။

ရွှေရောင်ဓားကြီးက ထိုးဖောက်သွားကာ အနက်ရောင်သွေးများ ပန်းထွက်လာပြီးနောက် အဘိုးအို၏ ပုံရိပ်မှာလည်း ခဲသွားလေသည်။

အဘိုးအို၏ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးနောက် ရွှေရောင်ဓားကြီးသည် နေရာမှာတင် မပျက်စီးသွားခင် ဆယ်မီတာမျှ ဆက်လက်ပျံသန်းနေခဲ့၏။

"ဟူး! ဟူး!"

ချင်ကျီလည်း အမောတကြီး သက်ပြင်းရှူထုတ်နေကာ သူ့မျက်နှာမှာ အလွန်ဖြူဖျော့နေလေသည်။ ထိုလှုပ်ရှားမှုက သူ့ခန္ဓာကိုယ်ကို လုံးဝပင်ပန်းနွမ်းနယ်စေခဲ့၏။

သူ အနောက်ကို လှည့်ကြည့်ရန်ပင် အချိန်မရှိဘဲ ထပ်ပြီးထွက်ပြေးရန် ပြင်ဆင်ခဲ့သည်။ သို့သော်ငြား လေးလံသောစွမ်းအားတစ်ခုက သူ့အပေါ်သို့ ရုတ်တရက်ကြီး ကျရောက်လာခဲ့၏။

"ဘန်း!"

ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူ မြေကြီးပေါ်သို့ ခေါင်းစိုက်ကာ လဲကျသွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ မြေကြီးထဲသို့ မြှုပ်သွားသော 'T'ပုံသဏ္ဌာန်အလားပင်။

"ဟဲဟဲဟဲ… ကောင်စုတ်လေး ဘယ်လောက်တောင်မှ ဆိုးယုတ်တဲ့ လှုပ်ရှားမှုလဲ၊ ဒီအဘိုးကြီးရဲ့အသက်က ပါသွားလုနီးပါး ဖြစ်သွားရတယ်…"

အဘိုးအို၏ ထူးဆန်းသောရယ်သံက ပဲ့တင်သံထပ် လာသည်။

ချင်ကျီသည် ခေါင်းလှည့်ရန် ရုန်းကန်ခဲ့ရ၏။ အဘိုးအို ၏ခန္ဓာကိုယ်က ခါးမှာ ပြတ်တောက်နေသည်ကို တွေ့ လိုက်ရပြီး အောက်ပိုင်းကမူ မြေပြင်ပေါ်၌ ကျနေလေသည်။ အပေါ်ပိုင်းကတော့ မည်းနက်သောသွေးများ စီးကျနေပြီး မြေပြင်အပေါ် တစ်မီတာခန့်၌ ဖြည်းဖြည်းချင်း မျောပါလျက် သူ့ဆီကိုလာနေလေ၏။

"ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်၊ မင်းက ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်မှတော့ ငါ အသစ်တစ်ခုကို လဲလိုက်ရုံပဲ… ဒီနတ်ဘုရားခန္ဓာကိုယ်က နှစ်တစ်ထောင်မှာ တစ်ကြိမ် တွေ့နိုင်ဖို့တောင် ရှားပါးတဲ့အရာပဲ"

အဘိုးအိုသည် လောဘကြီးစွာ ရယ်မောနေရင်း ချဉ်းကပ်လာသည်။

"အခုမှလွတ်လွတ်လာချင်း ဒီလိုကံကြမ္မာကောင်းနဲ့ လာတိုက်ဆိုင်နေတယ်၊ ငါ့ကံက ပြောင်းလဲတော့မယ် ထင်တယ်"

"ခင်ဗျား ဘာလုပ်မလို့လဲ"

အဘိုးအို၏စကားများကို ကြားသောအခါ ချင်ကျီ သည် ကြောက်ရွံ့မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ၏။ ထို့နောက် အံကိုကြိတ်လျက် ခြိမ်းခြောက် လိုက်သည်။

"ခင်ဗျား ခင်ဗျား ကျုပ် ဘယ်သူလဲဆိုတာကို သိလား၊ ကျုပ် တစ်ခုခုဖြစ်ရင် ကျုပ်အဖေက ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး!"

ရွေးချယ်စရာမရှိတော့သည့်အတွက် သူ ဒီလိုသာ ခြိမ်းခြောက်နိုင်တော့၏။

"အိုး! သေခြင်းတရားကို ရင်ဆိုင်ရတော့မယ့်အချိန်မှာတောင် ငါ့ကို ခြိမ်းခြောက်ရဲသေးတာလား၊ ဒါဆို ပြောကြည့်စမ်းပါ... မင်းအဖေက ဘယ်သူလဲ... ငါ ကြားဖူးလား ကြည့်ရအောင်"

အဘိုးအိုက ဆက်လက်ချဉ်းကပ်လာနေပြီး သူ့မျက်နှာ ပေါ်၌ လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေသည်။ ထိုအပြုံးမှာ မထီမဲ့မြင်ပြုခြင်း နှင့် သရော်ခြင်းမှ တပါး တခြားမဟုတ်ပေ။

"ဒါက..."

ချင်ကျီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူ့အဖေက ဒီကမ္ဘာမှာ နာမည်မကြီးပေ။ ထို့ကြောင့် ပြောဆိုရန် မလွယ်ကူပေ။

သူ ပြောလိုက်သော်ငြား တစ်ဖက်လူက မသိလျှင် သူက ဖန်တီးပြောဆိုနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။ သူပင်လျှင် ယုံကြည်ချက် မရှိသည်ကို ခံစားနေရသည်။

သို့သော်ငြား သူ့မျက်လုံးများက ပြူးကျယ်သွားကာ...

"ခင်ဗျားက ကျုပ်အဖေရဲ့ကြီးမြတ်တဲ့နာမည်ကို ကြားဖူးမှာ မဟုတ်ဘူး၊ ခင်ဗျားဆိုတဲ့အဘိုးကြီးက ရေတွင်းထဲကဖားတစ်ကောင်ပဲဟာ...စစ်မှန်တဲ့စွမ်းအားကို ဘယ်လိုလုပ်သိမှာလဲ"

"ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ထိရဲရင် ကျုပ်အဖေက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ခင်ဗျားက သိုင်းအင်ပါယာဖြစ်လာခဲ့ရင်တောင် သေခြင်းတရား ကနေ မလွတ်မြောက်နိုင်ဘူး!"

ယခုအချိန်တွင် သူသည် ချက်ပြုတ်ပြီးသားဘဲ တစ်ကောင်နီးပါး ဖြစ်နေလေပြီ။ သူလုပ်နိုင်သည်မှာ မာကျောသောပုံစံကို ဆက်လက်ထိန်းသိမ်းထားရန်ပင်။

"အိပ်ပျော်နေလို့များ အဓိပ္ပာယ်မရှိတာတွေပြောနေတာလား"

အဘိုးအိုက မထီမဲ့မြင်ပြုစွာ လှောင်ပြောင်လျက် ပေါ့ပါးစွာ ပြောလာခဲ့၏။

"မင်းမှာ အဲ့ဒီလိုအဖေရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ၊ အေး...ရှိခဲ့ရင်တောင်မှ သူ ငါ့ရှေ့မှာ ပေါ်လာရဲရင် ငါ လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးပေးနိုင်တယ်!"

သူ့ခန္ဓာကိုယ်တစ်ဝက်က ရပ်ဆိုင်းသွားကာ သူ့လက်များကို နောက်မှာထားလျက် နေရာမှာ ရပ်နေလေသည်။ ထို့နောက် သူ့နဖူး၏ဗဟိုချက်ကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဘုန်းအာနုဘော်နှင့် မာနတရားကို ထုတ်လွှတ်နေလေ၏။

"အိုး! တကယ်လား"

ထိုအချိန်၌ နောက်ပြောင်လိုသောအသံတစ်ခု ထွက်ပေါ်လာပြီး လှောင်ပြောင်နေပုံရသော်လည်း အနည်းငယ် အေးစက်နေလေသည်။

"မင်း!"

အဘိုးအို၏ မျက်ဆံများက ရုတ်တရက် ကျုံ့ဝင်သွားလေ၏။ သူ ခေါင်းလှည့်ကြည့်ချင်သော်လည်း လက်တစ်ဖက်က သူ့ခေါင်းကို ဖိထားပြီးသား ဖြစ် နေကာ ကြီးမားသောစွမ်းအားတစ်ခုကလည်း အနောက်က လိုက်ပါလာသည်။

"ဘုန်း!!"

ကမ္ဘာကြီးက လည်ထွက်သွားသည်ကို သူ ခံစားလိုက်ရပြီး သူ့ခေါင်းတစ်ဝက်မှာလည်း မြေကြီးထဲသို့ တိုက်ရိုက်ဖိထားခြင်း ခံခဲ့ရကာ ရွှံ့ထဲ၌ နှစ်မြုပ်သွားခဲ့၏။

"အဖေ!"

ချင်ကျီသည် ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။ သူ မတိုင်ခင်က မယှဉ်နိုင်သော အဘိုးအိုကို မြေပြင်ပေါ်၌ ဖိထားသည့် အဖြူရောင်ဝတ်ရုံဝတ် လူပုံသဏ္ဌာန်ကို သူ ကြည့်နေခဲ့သည်။

လက်ရှိအချိန်တွင် သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် မျက်ရည်ကျလုနီးပါးပင် ဖြစ်ခဲ့ရ၏။

သူ့အဖေ ပေါ်လာသည့် အခိုက်အတန့်တွင် ယခင်ကစိတ်ပျက်အားငယ်နေခဲ့ရသော သူ၏စိတ်အစဥ်မှာချက်ချင်းပင် ငြိမ်သက်သွားရပြီး အဆုံးမရှိသော လုံခြုံမှုကို အပြည့်အဝခံစားလိုက်ရသည်။

သူ့အဖေ ဒီမှာရှိနေမှတော့ ဘယ်သူက သူ့ကို ထိရဲမည်နည်း။

ထို့အပြင် လက်စွပ်အတွင်းမှာရှိသည့် သူမ၏နတ်ဘုရားဝိညာဉ်စွမ်းအားကို လောင်ကျွမ်းစေခဲ့သော ဆံပင်ရွှေရောင်နှင့်အမျိုးသမီးသည်လည်း သတိဝင်တစ်ချက်မဝင်တစ်ချက်ဖြစ်နေသော်ငြား ထိုအဖြူရောင်ဝတ်ရုံဝတ် ပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေါ်၌ စိတ်သက်သာရာရသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ဒီလူက နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့လေပြီ။

ဘယ်လောက်ပင် အားကောင်းသောရန်သူဖြစ်နေပါစေ သူ့ခြေဖဝါးအောက်၌ နင်းခြေခံရလိမ့်မည် သို့မဟုတ်… ရွှံ့ထဲသို့ ဖိထားခြင်း ခံရလိမ့်မည်။

"မင်းက တစ်ကယ် နေရာရွေးတတ်တာပဲ၊ နေရာတွေအများကြီးထဲကမှ မင်းက နတ်ဆိုးတစ်ကောင်ကို ပိတ်လှောင်ထားတဲ့ နေရာကို ရွေးချယ်ခဲ့တယ်"

ချင်ချွမ်းသည် သူ့သားကို စနောက်လိုက်လေသည်။

"ကျွန်တော်…ကျွန်တော်လည်း မသိခဲ့ပါဘူးဗျာ၊ ကျွန်တော်က ရိုးရိုးဂူတစ်ခုပဲလို့ ထင်ခဲ့တာ၊ ဒါကြောင့် အထဲဝင်ပြီး ဒဏ်ရာကုနေခဲ့တာ...နတ်ဆိုးရှိနေမယ်လို့ ဘယ်သူထင်ထားမှာလဲ"

ချင်ကျီသည် ကိုးရိုးကားရားဖြင့် သူ့ခေါင်းကို ကုတ်နေလေ၏။

ထိုစဉ် ပြင်းထန်သော ရွှေရောင်အလင်းတန်းတစ်ခုက မြေပြင်ပေါ်မှ ပျံ့နှံ့လာပြီးနောက် ထိုရွှေရောင်အလင်းတန်းသည် ရွှေရောင်ရေခွက်ကဲ့သို့ ပတ်ဝန်းကျင် မီတာတစ်ရာလောက်ကို ချက်ချင်းပင် ဖုံးလွှမ်းသွားလေသည်။

ချင်ကျီသည် ကြီးမားသောဖိအားတစ်ခုက ထပ်မံကျရောက်လာသည်ကို ခံစားလိုက်ရကာ နေရာမှာတင် အသက်ရှူကျပ်လုနီးပါး ဖြစ်သွားခဲ့၏။

"နတ်ဘုရားဝိညာဉ်စွမ်းအား!"

သူ့စိတ်ထဲ၌ ထိတ်လန့်သွားရသည်။ ထိုစွမ်းအားမှာ ကောင်းကင်တက်လှမ်းနယ်ပယ်မှ အားကောင်းသည့် ပုဂ္ဂိုလ်များအတွက် ထူးခြားပေ၏။ စိတ်ဝိညာဉ်စွမ်းအားနှင့် ဆင်တူသော်လည်း ၎င်းက အများကြီးပိုအားကောင်းပေသည်။

နတ်ဘုရားဝိညာဉ်စွမ်းအားကို မမြင်တွေ့နိုင်သလို ၎င်းက ပုံသဏ္ဌာန်မရှိပေ။ သို့သော်ငြား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဆောင်ကျဉ်းထားကာ အတွေးတစ်ချက်တည်းနှင့်တင် ပင်လယ်များ ကို လှုပ်ရှားစေနိုင်၏။

"ဟားဟား ထပ်ပြီးတော့ မဆင်မခြင်ပြုမူနေတုန်းပဲ"

ချင်ချွမ်းသည် သူ ဖိထားသော ခေါင်းအား ငုံ့ကြည့် လိုက်သည်။ ၎င်းမှာ အရိုးစုအလား ပိန်ချုံးနေသော ဦးခေါင်းခွံနှင့် ဆင်တူလှပြီး ရွှေရောင်မီးလျှံများလောင်ကျွမ်းနေသကဲ့သို့ ရွှေရောင်အလင်းများ ထုတ်လွှတ်နေလေ၏။

ချက်ချင်းပင် သူသည်လည်း သူ့နဖူးထက်မှ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ ဘုန်းတန်ခိုးကြီး၍ အဘိုးအို ထုတ်လွှတ် ခဲ့သော ရွှေရောင်အလင်းတန်းကို လျင်မြန်စွာ ပျက်စီးစေခဲ့၏။

ထို့နောက် သူ့ညာလက်ကို အားထည့်လိုက်ရာ...

"ဘန်း!"

အဘိုးအို၏ ကျန်ရှိသော ခန္ဓာကိုယ်တစ်ဝက်မှာ ပေါက်ကွဲသွားခဲ့ပြီး ပူလောင်၍ ပြင်းထန်သောစွမ်းအားကြောင့် အငွေ့ပျံသွားခဲ့သည်။

"ဝှစ်!"

ရွှေရောင်အလင်းတန်းတစ်ခုက ထွက်သွားပြီး ထွက်ပြေးရန် ကြိုးစားနေလေ၏။ ပို၍အနီးကပ်ကြည့် ရှုလျှင် ၎င်းသည် အဘိုးအို၏ ပြီးပြည့်စုံသော တစ္ဆေပုံရိပ်ဖြစ်နေလေသည်။

၎င်းက နတ်ဘုရားဝိညာဉ်ပင်။

အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်သို့ ရောက်ရှိ၍ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကိုယ်ကို ကျင့်ကြံ ပြီးနောက်မှာ မိမိ၏စိတ်ဝိညာဉ်အား စဉ်ဆက်မပြတ် အာဟာရဖြည့်ပေးပါက နောက်ဆုံးတွင် စိတ်ဝိညာဉ် အား နတ်ဘုရားဝိညာဉ်အဖြစ်သို့ ပြောင်းလဲနိုင်ပေ၏။

နတ်ဘုရားဝိညာဉ်သည် ခိုင်မာသောနတ်ဘုရားဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက ခန္ဓာကိုယ် မှ လွတ်လပ်စွာ ထွက်နိုင်ပြီး အခြားလူများ၏ ခန္ဓာကိုယ်များကို သိမ်းယူနိုင်သည်။

"မင်း ထွက်သွားလို့ရတယ်လို့ ငါ ပြောမိလို့လား"

ချင်ချွမ်းသည် ပေါ့တန်တန် ပြောလျက် သူ့နဖူးကနေ ပြင်းထန်သော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ရာ မီးလျှံများထက် ပိုပူလောင်သော အမျှင်ထောင်ပေါင်းများစွာ ဖြစ်သွားခဲ့လေ၏။

"ဝီ ဝီ ဝီ"

ထိုပြင်းထန်သောနတ်ဘုရားဝိညာဉ်စွမ်းအားသည် လေထဲတွင် လျင်မြန်စွာ ရက်လုပ်လျက် နတ်ဘုရားမီးပြင်းဖိုအရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားမီးပြင်းဖို၏အရိပ် ပုံပေါ်သွားသည်နှင့် ကြီးမားသောဆွဲငင်အားက ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ယံရှိ မိုးတိမ်များကို လှုပ်ရှားစေခဲ့၏။ ထို့နောက် နတ်ဘုရားမီးပြင်းဆီသို့ လေဝဲများစီးဆင်းလာသည်မှာ ကောင်းကင်ကို စားသုံးနေသကဲ့သို့ပင်။

"နတ်ဘုရားဝိညာဉ်မီးပြင်းဖို! မင်းက ကောင်းကင်တက်လှမ်းနယ်ပယ်ရဲ့တတိယအဆင့်မှာပဲ ရှိသေးတာလေ၊ နတ်ဘုရားဝိညာဉ်မီးပြင်းဖိုကို ဘယ်လိုလုပ် စုစည်းနိုင်မှာလဲ! ဒါ မဖြစ်နိုင်ဘူး!!"

အဘိုးအိုက ထိတ်လန့်စွာ အော်ဟစ်လာသည်။ ထို့နောက် သူ၏နတ်ဘုရားဝိညာဉ်သည် ဆွဲငင်အား အောက်တွင် ဆွဲဆန့်ပြီး ဆွဲဖြဲခံရသကဲ့သို့ ပြဲထွက်သွားခဲ့ပြီး နတ်ဘုရားမီးပြင်းဖို၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ချင်ချွမ်း၏ နတ်ဘုရားဝိညာဉ်မီးပြင်းဖိုသည် ပို၍ တောက်ပလာခဲ့ပြီး သူ့နဖူးထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။

"အဖေ!"

ချင်ကျီသည် မြေပြင်ပေါ်မှ လျင်မြန်စွာ ထရပ်ပြီးနောက် သူ့အဖေရှေ့ကို ရောက်သွားလေသည်။ သူသည် စိတ်ဝင်စားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့အဖေကို မေးလိုက်သည်မှာ...

"ဒါက ဘယ်လို နတ်ဘုရားသိုင်းမျိုးလဲ"

"ဟားဟား ဒါက နတ်ဘုရားသိုင်းကျမ်း မဟုတ်ဘူး၊ ကောင်းကင်တက်လှမ်းနယ်ပယ်ရဲ့ သာမန်အတတ်ပညာလေးတစ်ခုပါပဲ၊ မင်း ကောင်းကင်တက်လှမ်းနယ်ပယ်ကို ရောက်တာနဲ့ မင်းလည်း ရရှိမှာပါ"

ချင်ချွမ်းက ပေါ့ပါးစွာ ရယ်မောလျက် ပြောလာခဲ့၏။

"အိုး!"

ချင်ကျီကလည်း ယုံယုံကြည်ကြည် ခေါင်းညိတ်လေသည်။

သူ့အဖေ ပြောခဲ့သော သာမန်အတတ်ပညာဟု ခေါ် ဝေါ်သည့် ထိုအရာကို ကောင်းကင်တက်လှမ်းနယ်ပယ် ရှိ အားကောင်းသော ကျင့်ကြံသူအများစုအနေဖြင့် ဤတစ်သက်တာတွင် ဘယ်တော့မှမရရှိနိုင်ခဲ့ကြောင်း သူ မသိရှိခဲ့ပေ။

***************

All Chapters