← Chapters

ကျောက်ယွင်ရှန်း၏ ကွဲပြားသော ကိုယ်ရည်ကိုယ်သွေး

Vol. 4 Ch. 55

ကျောက်ယွင်ရှန်း၏ ကွဲပြားသော ကိုယ်ရည်ကိုယ်သွေး

Vol. 4 Ch. 55

ကျောက်ယွင်ရှန်းသည် အပေါ်ယံတွင် နှိမ့်ချ၍ ဖော်ရွေပုံရသော်ငြား တကယ်တမ်း၌ သူ့စိတ်သည် စိတ်ကူးမယဉ်နိုင်လောက်သော အတိုင်းအတာအထိ ခေါင်းကြောမောပေသည်။

ဂိုဏ်း၏နံပါတ်တစ်ပါရမီရှင်၊ ဂိုဏ်းခေါင်းဆောင် ရာထူး။ ထိုအရာများသည် သူ၏စွဲလမ်းမှုများ၊ သို့မဟုတ် ငယ်စဉ်ကတည်းက သူ့စိတ်ထဲသို့ သွတ်သွင်းခံထားရသော အယူအဆများ ဖြစ်ပေ၏။

သူသည် 'ဂုဏ်'အတွက် အရာအားလုံးစွန့်လွှတ်နိုင်သည်။ သူ တခြားလူများကို ငဲ့ညာကယ်တင်ပေးနိုင်၏။ သို့သော်… သူ့ဂုဏ်ပုဒ်ကိုမူ မည်သူ့ကိုမှ ယူဆောင်သွားခွင့် မပြုနိုင်ပေ။

ထိုကဲ့သို့ အတွေးအခေါ်ဖြင့် သူသည် သူ၏ချစ်လှစွာသော ချင်ကျီရှစ်တိအပေါ်၌ အာဃာတတစ်မျိုးကို တဖြည်းဖြည်း မွေးမြူခဲ့မိသည်။

ဒါက မမှန်ကန်ဘူးဆိုတာကို သူ သိသော်လည်း သူ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူ၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု နှင့် ခံစားချက်များကို မထိန်းချုပ်နိုင်သကဲ့သို့ပင်။

သူ့နှလုံးသားက တကယ်ကို ထူးဆန်း၏။

သူ သိသည်မှာ ချင်ကျီသာ သူ့ကိုရှုံးခဲ့လျှင် သို့မဟုတ် သူ့အောက်တစ်ဆင့်နိမ့်နေခဲ့လျှင် သူ ချင်ကျီကို သူ၏ ချစ်လှစွာသော ရှစ်တိအဖြစ် ဆက်လက်သတ်မှတ်နေဦးမည်ပင်။

စစ်မှန်သောကြင်နာမှုကိုပင် ပေးနိုင်လိမ့်မည်။

သို့သော်ငြား ချင်ကျီသာ သူ့ကိုကျော်လွန်သွားခဲ့လျှင် ပြန်လည်သင့်မြတ်နိုင်တော့မည်မဟုတ်ဘဲ သူတို့က ပြိုင်ဘက်များသာ ဖြစ်လာလိမ့်မည်။

…

ဒီနေ့မှာတော့ သူတို့၏ရင်ဆိုင်မှုက စတင်ခဲ့သည်။

သေမင်းတမန်ချောက်ကမ်းပါး စစ်ဆေးမှု။

၎င်းသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက အဓိကစစ်ဆေးပွဲများထဲမှ တစ်ခုဖြစ်ပြီး တပည့်များ၏ စွမ်းအားကို တိကျစွာ တိုင်းတာနိုင်လေ၏။ ထို့အပြင် နှစ်စဉ်နှစ်တိုင်းနီးပါး ကျင်းပလေ့ရှိသည်။

သေမင်းတမန်ချောက်ကမ်းပါးကို အဆင့်(၂၃)ဆင့် ခွဲခြားထားပြီး တစ်ဆင့်ချင်းစီ ပိုမိုဝင်ရောက်နိုင်လေ စက်ယန္တရားများနှင့် ရုပ်သေးစစ်သည်များက ပို၍အားကောင်းလာလေဖြစ်၏။

ယေဘုယျအားဖြင့်ပြောရလျှင် အဆင့်(၁၃)ဆင့်ကို ကျော်ဖြတ်နိုင်ခြင်းသည် တော်တော်လေးကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။ ထို့အပြင် ဂိုဏ်းတပည့်များ၏ အသန်မာဆုံးအသုတ်သည် အဆင့်(၁၅)အထိ ပျမ်းမျှရောက်ရှိနိုင်ကြ၏။

သို့သော်ငြား ပြီးခဲ့သောနှစ်တွင် ကျောက်ယွင်ရှန်းသည် အဆင့်(၁၇)ဆင့် အထိ ရောက်ရှိခဲ့လေသည်။

တကယ်တမ်း၌ နှစ်ပေါင်းများစွာပင် ကျောက်ယွင်ရှန်းက ဆက်တိုက် အရှေ့ကို အများကြီးရောက်နေခဲ့ပြီး ဂိုဏ်း၏နံပါတ်တစ်ပါရမီရှင်နေရာကို ခိုင်ခိုင်မာမာ သိမ်းပိုက်ထားနိုင်ခဲ့၏။

သို့သော် ဒီနှစ်ကတော့ မတူနိုင်ပေ။

"ဘုန်း ဘုန်း ဘုန်း!"

"အား!!"

"ငါ့ခါးတော့ ကျိုးပြီ!"

"ငါ ဆက်မသွားနိုင်တော့ဘူး၊ ငါထွက်တော့မယ်!"

"ငါအရှုံးပေးတယ်!"

အမျိုးမျိုးသောအသံများက သေမင်းတမန်ချောက်ကမ်းပါးထဲမှ ထွက်ပေါ်လာသည်။ တိုက်ခိုက်သံများ၊ စက်ယန္တရား ပေါက်ကွဲသံများအပြင် ပြင်းပြင်းထန်ထန်ငိုကြွေးသံများအထိ အမျိုးမျိုးရှိပေ၏။

သေမင်းတမန်ချောက်ကမ်းပါး၏ အဆင့်တိုင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော လူများစွာရှိသည်။ မခံမရပ်နိုင်တော့သော တပည့်များကို ချောက်ကမ်းပါးထဲမှ ထုတ်ယူပေးရန် အဆင်သင့် ရှိနေကြ၏။

များစွာသောတပည့်များသည် ဒဏ်ရာများရခဲ့ကြသော်လည်း သေဆုံးသူမှာ နည်းပါးခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သေမင်းတမန်ချောက်ကမ်းပါးမှ သယ်ထုတ်ခံရသော တပည့်များက ပို၍များလာပြီး တစ်ဦးချင်းစီတွင် တံဆိပ်တစ်ခုစီ ဆွဲ ထားလေ၏။

ထိုတံဆိပ်များအပေါ်တွင် နံပါတ်တစ်ခု ထွင်းထုထားပြီး သူတို့၏ရမှတ်ကို ကိုယ်စားပြုလေသည်။

"ဟားဟားဟား နောက်ဆုံးတော့ ဒီနှစ်မှာ (၁၀)ဆင့်အထိ ရောက်နိုင်ခဲ့ပြီပဲ၊ အတွင်းစည်းတပည့်ထဲ ဝင်နိုင်ဖို့ မျှော်လင့်ချက်ရှိတယ် ထင်တယ်"

"ဟဲဟဲ ပြီးခဲ့တဲ့နှစ်က အတွင်းစည်းတပည့်ထဲ ဝင်ရောက်ခဲ့တယ်၊ ဒီနှစ်မှာတော့ ငါ အဆင့်(၂)ဆင့် ပို ပြီး ကျော်ဖြတ်နိုင်ခဲ့ပြီ!"

"ဟွမ်ရှစ်မေ့က အဆင်မပြေပုံပဲ...မင်းရဲ့ခါးက အဆင်ပြေရဲ့လား"

"အင်း… တကယ်ပြောရရင် ကျွန်မရဲ့ခါးက ကျွန်မကို စိတ်ပျက်စေခဲ့တာပဲ၊ မနေ့ညကသာ အဆစ်မလွဲခဲ့ဘူးဆိုရင် ကျွန်မ နောက်တစ်ဆင့်လောက် ကျော်ဖြတ်နိုင်ခဲ့မှာ"

တပည့်တချို့က ဆွေးနွေးနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့မျက်လုံးများ က သေမင်းတမန်ချောက်ကမ်းပါး၏ ထွက်ပေါက်ဆီသို့ စူးစိုက်ကြည့်နေကြ၏။ ထူးချွန်သောပါရမီရှင်များ၏ရမှတ်များကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပုံရသည်။

"ဝူဆန်း (၁၈)ဆင့်"

"ဝူရှို့ (၁၇)ဆင့်"

"လုချူန်း (၁၇)ဆင့်"

"ကျိုးရွှမ် (၁၈)ဆင့်"

…

ပါရမီရှင်များ ဆက်လက်ထွက်ပေါ်လာသည်နှင့်အမျှ မျှော်လင့်ချက်များက ပို၍အားကောင်းလာသည်။ ဒီနှစ်၏ စိတ်ဝင်စားခံရဆုံးကတော့ ကျောက်ယွင်ရှန်းရှစ်ရှုန်းနှင့် ချင်ကျီရှစ်ရှုန်းတို့ ဖြစ်ကြ၏။

တချို့ဆိုလျှင် သီးသန့်လောင်းကစားများပင် လုပ်ခဲ့ကြသည်။

ကျောက်ယွင်ရှန်းရှစ်ရှုန်းက သူ့နေရာကို ဆက်ပြီးထိန်းသိမ်းနိုင်မလား သို့မဟုတ် ချင်ကျီရှစ်ရှုန်းက ယူဆောင်သွားမလားဆိုသည့်အချက်ကို သူတို့ သိရှိနိုင်ရန် စောင့်ဆိုင်းခဲ့ကြ၏။

"သူ လာပြီ! ကျောက်ယွင်ရှန်း ထွက်လာနေပြီ"

နောက်ဆုံးမှာ လူပုံသဏ္ဌာန်တစ်ခုက ဖြည်းဖြည်းချင်းထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ သူက သူ့ညာဘက်လက်ဖြင့် သူ့ဓားကို မှီထားလေ၏။ ထို့အပြင် သူ့ခန္ဓာကိုယ်မှာလည်း သွေးစွန်းနေဆဲပင်။

သူ့ခြေလှမ်းများက အနည်းငယ် ယိမ်းယိုင်နေသောကြောင့် သူ့လည်ပင်းမှာ ချိတ်ဆွဲထားသည့် တံဆိပ်ကို ဘေးတိုက်ယိမ်းနွဲ့စေခဲ့သည်။ လူအုပ်ကြီးက စူးစူးစိုက်စိုက်ပင် စောင်းငဲ့ကြည့်လိုက်ရာ တံဆိပ် ပေါ်မှ နံပါတ်ကို အနည်းငယ် မြင်နိုင်ခဲ့၏။

၂၁!

"(၂၁)ဆင့်!"

"ကျောက်ယွင်ရှန်းရှစ်ရှုန်းက (၂၁)ဆင့်ထိ ရောက်ရှိခဲ့တာပဲ!"

"ငါကြားခဲ့တာက အဆင့်(၂၀)ဆိုတာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ ပထမအဆင့်စွမ်းအားနဲ့ ညီတယ်၊ ပြီးတော့ (၂၁)ဆင့်ဆိုတာက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ ဒုတိယအဆင့်နဲ့ ညီမျှတယ်!"

"သူက သန့်စင်သောယန်နယ်ပယ်နဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကြားက ကြီးမားတဲ့ချောက်ကမ်းပါးကြီးကို ကျော်ဖြတ်ပြီး နောက်ထပ်ခြေလှမ်းတစ်လှမ်းတောင် ထပ်လှမ်းနိုင်ခဲ့တယ်!"

"တကယ် ကြောက်စရာပဲ!"

"ဒီတစ်ခါ ပထမနေရာအတွက်က စိတ်လှုပ်ရှားစရာ မရှိတော့ဘူးလို့ ထင်တယ်၊ ကျောက်ရှစ်ရှုန်းက သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်"

လူအုပ်ကြီး စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း ဆွေးနွေးနေကြသည်။

ထိုကဲ့သို့ ကိုးကွယ်မှုအပြည့်ပါသော အကြည့်များက ကျောက်ယွင်ရှန်းကို အလိုလို ပြုံးစေ၏။

ထိုအရာမှာ သူ လိုချင်သော ခံစားချက်ပင်။

သူ သေမင်းတမန်ချောက်ကမ်းပါးကို ပြန်ကြည့်၍ တွေးမိသည်။

ချင်ကျီက သူ့ထက်ပိုပြီး ဝေးဝေးမရောက်သင့်ဘူး မဟုတ်လား။

ချင်ကျီက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ သိုင်းကျင့်ကြံသူငါးဦးဆီကနေ ထွက်ပြေးခဲ့ဖူးသည်ဟု သူ ယခင်က ကြားသိခဲ့ရသော်လည်း ၎င်းမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရုံမျှသာ ဖြစ်၏။

ဘယ်သူကများ အသက်ကယ်နိုင်မည့် ကတ်တချို့ကို လက်ထဲ မထည့်ထားမည်နည်း။

ထွက်ပြေးခြင်းက တိုက်ခိုက်နိုင်သည်ဟု မဆိုလိုပေ။

ထို့အပြင် ထိုအသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ငါးဦး က အတွေ့အကြုံမရှိသူများ ဖြစ်နိုင်ပြီး အလွန်ကြောက်စရာကောင်းခဲ့ခြင်း မဖြစ်နိုင်ပေ။

ထိုကဲ့သို့ စဉ်းစားမိသောအခါ ချင်ကျီအပေါ်၌ သူ၏ အာဃာတများက လျော့နည်းသွားခဲ့သည်။ ထို့အပြင် သူ့စိတ်နှလုံးထဲ၌ ချင်ကျီကို ခေါ်ဝေါ်သည့်အခါမှာလည်း "ရှစ်တိ"ဟူသော စကားလုံးကို တစ်ဖန်ထည့်သွင်းခဲ့လေ၏။

"ချင်ကျီရှစ်တိက တော်တော်လေး ပင်ပန်းရလိမ့်မယ် ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါက သူ့ရဲ့ပထမဆုံးအကြိမ် ပဲလေ၊ ဖြစ်နိုင်တာက (၁၉)ဆင့်မှာ ပိတ်မိပြီး အချိန်ဖြုန်းနေတာ ဖြစ်မယ်…"

"သူ ထွက်လာတဲ့အခါကျရင် ငါ ဘယ်လိုနှစ်သိမ့်ပေးရမလဲ၊ အင်း...သူ့ကို အသက်ငယ်သေးတာပဲ...အလျင်စလိုလုပ်ဖို့ မလိုဘူးလို့ ပြောနိုင်တယ်...ဟမ်"

သူ့မျက်ခုံးများက ရုတ်တရတ် ကျုံ့သွားခဲ့သည်။

အလွန် ငယ်သေးတာလား။

စဉ်းစားကြည့်ပါက ချင်ကျီသည် ဆယ့်ရှစ်နှစ်သာ ရှိ သေးပုံရ၏။ သူကတော့ အသက်နှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ရာ နှစ်နှစ်နီးပါး ကွာခြားနေလေသည်။

ဒါဆို အသက်တူသောအခါ ချင်ကျီသည် သူ့ကိုကျော်လွန်သွားခဲ့လေပြီ...တော်တော်လေး ကျော်လွန်သွားခဲ့လေပြီ။

အချိန်အတော်ကြာမှ သူ အသက်ပြင်းပြင်း ရှူသွင်းကာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။

"အဆင်ပြေပါတယ်...အခု ငါက သူ့ထက် နှစ်နှစ်ကြီး တယ်၊ ပြီးတော့ အနာဂတ်မှာလည်း သူ့ထက်နှစ်နှစ်ကြီးနေဦးမှာပဲ...ငါက တစ်သက်လုံး သူ့ထက် နှစ်နှစ်ကြီးနေဦးမှာ!"

"ငါ့ရဲ့အလုံးစုံခွန်အားက သူ့ထက်ပိုကြီးမားနေသရွေ့ သူ ငါ့ကိုမီဖို့ မဖြစ်နိုင်ဘူး၊ ပြောစရာမလိုအောင် ငါက အရင်ရင့်ကျက်ပြီးအရွယ်ရောက်ထားတဲ့လူပဲ"

သူသည် သူ့စိတ်ထဲက အမှောင်ဘက်ခြမ်းကို ထိန်းချုပ် ရန် အကောင်းဆုံးကြိုးစားနေလေသည်။

သူသည်လည်း အမှောင်ဘက်ခြမ်းကို တစ်ကယ် မပြောင်းချင်ခဲ့ပေ။

ဘယ်သူကများ ပွင့်လင်းကာ ဖြောင့်မတ်၍၊ စည်းလုံး ကာ ဖော်ရွေသော၊ အပြစ်ကင်းကာ လေးစားခံရသည့် လူတစ်ယောက် မဖြစ်ချင်ဘဲ ရှိမည်နည်း။

"မြန်မြန်ကြည့်လိုက် ချင်ကျီ ထွက်လာနေပြီ"

"သူ့တံဆိပ်ကို ကြည့်လိုက်!"

"ဟား! ဒါ… ဒါက…"

"မဖြစ်နိုင်ဘူး ဒါ မဖြစ်နိုင်ဘူး!!"

လူအုပ်ကြီး၏ မယုံနိုင်ဖြစ်နေသော အသံများ ထွက်ပေါ်လာခဲ့၏။

ကျောက်ယွင်ရှန်း၏နှလုံးသားလည်း ဒိန်းကနဲဖြစ်သွားရသည်။ ရုတ်ချည်းပင် မကောင်းသော ခံစားချက်တစ်ခုက ထွက်ပေါ်လာပြီး သူ အသက်ပြင်းပြင်းရှူသွင်းကာ ဖြည်းဖြည်းချင်း ခေါင်းလှည့်၍ ကြည့်လိုက်၏။

ချင်ကျီက သေမင်းတမန်ချောက်ကမ်းပါးကနေ ခြေထော့နင်းလျက် ထွက်လာသည်ကို သူ မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာလည်း သွေးများဖုံးလွှမ်းနေပြီးသူ့လည်ပင်း ပတ်ပတ်လည်ရှိ တံဆိပ်က ပြောနေသည်မှာ...

၂၃!

ထိုအခိုက်အတန့်တွင် ကျောက်ယွင်ရှန်းသည် စိတ်လွတ်သွားရပြီး လျှပ်စီးဖြင့် ထိမှန်ခဲ့လိုက်သကဲ့သို့ ဖြစ် သွားခဲ့၏။ မကြုံစဖူး အရှက်ရသောခံစားချက်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

သူ ခေါင်းငုံ့ကာ သူ့ကိုယ်ပိုင်တံဆိပ်ကို ကြည့်လိုက်မိ၏။ ရွှေရောင် '၂၁'ဂဏန်းက အထူးပင် ထင်ရှားနေသည်။

(၂၁)ဆင့်ကို ကျော်ဖြတ်နိုင်ခြင်းသည် ဂုဏ်ယူဖွယ်ရာအောင်မြင်မှု ဖြစ်ခဲ့သော်လည်း လက်ရှိအခိုက်အတန့်တွင်မူ သူ့ကို အလွန်အရှက်ရစေခဲ့၏။

သူ ချင်ကျီကို ရှုံးခဲ့သည်။ ထို့အပြင် လုံးလုံးလျားလျားရှုံးခဲ့ခြင်းပင်။

သူ့မျက်လုံးများက နီရဲလာပြီး ပူလောင်မှုကို ခံစားနေရသည်။ သွေးများ ယိုစိမ့်တော့မတတ်ပင်။ မျက်ရည်များပင်လျှင် ထွက်ကျရန် အဆင်သင့်ရှိနေလေ၏။

သို့သော်ငြား သူ အံကြိတ်၍ ထိန်းထားလိုက်သည်။

သူ စိတ်ထိန်းထားရမည်။ အောင်မြင်မှု ကျရှုံးခဲ့လျှင်တောင် လူအများအရှေ့၌ သူ့တည်ငြိမ်မှုကို မဆုံးရှုံးစေရပေ။

"ချင်ကျီရှစ်တိ ဂုဏ်ပြုပါတယ်၊ မင်းက (၂၃)ဆင့်လုံး ကျော်ဖြတ်နိုင်ခဲ့တယ်၊ ဂိုဏ်းက အထူးဆုလာဘ် ပေး မယ်လို့ ငါ ကြားတယ်"

ကျောက်ယွင်ရှန်းက ပြုံးကာဖြင့် ချင်ကျီဆီ လမ်းလျှောက်လာသည်။

"အာ...တကယ်လား၊ ကျွန်တော်မသိခဲ့ဘူး"

ချင်ကျီသည် သူ့ခေါင်းကို ကုတ်လိုက်မိကာ ကိုးရိုးကားရား ရယ်မောလျက်...

"ကျွန်တော် သိုင်းပညာတွေ ထုတ်သုံးနေတုန်း မေ့မြောနေတဲ့ အခြေအနေတစ်ခုထဲကို ကျရောက်သွားပြီးတော့ ရမ်းသမ်းပြီးအောင်မြင်သွားခဲ့တာ"

ကျောက်ယွင်ရှန်းသည် သူ့နှလုံးသားက ပြင်းထန်စွာကျုံ့သွားသည်ကို ခံစားလိုက်ရပြီး သွေးများက သူ့လည်ချောင်းဆီသို့ ပြောင်းပြန်စီးဆင်းလာလေ၏။ သူ့ပါးစပ်ထဲ၌ ချိုသော အရသာ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်ငြား သူ ပြန်မျိုချခဲ့ကာ...

"ဟားဟား ချင်ရှစ်တိက တကယ်ကို ဇွဲရှိတာပဲ၊ ကျော်ဖြတ်နိုင်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး၊ ရှစ်ရှုန်းကလည်း မင်းဆီကနေ သင်ယူသင့်တယ်"

ကျောက်ယွင်ရှန်းက ပြုံး၍ ပြောလေ၏။

"အဟွတ် အဟွတ်! ရှစ်ရှုန်းက ချီးမွမ်းလွန်းနေပြီ...ချီးမွမ်းလွန်းနေပါပြီ"

ချင်ကျီသည် နှစ်ချက်သုံးချက်မျှ ချောင်းဆိုးမိကာ အနည်းငယ်မျှ စိတ်မသက်မသာခံစားနေရသည်။ သူ၏အလိုလိုသိစိတ်က ယခုအချိန်သည် မာနကြီးနေရမယ့် အချိန်မဟုတ်မှန်း ပြောပြနေလေ၏။

"ငါ တိုက်ခိုက်နေတဲ့အချိန်မှာ ရုတ်တရက် ဉာဏ်အလင်းတစ်ခု ရခဲ့တယ်၊ ငါ အဲ့ဒါကို ပြန်ပြီးအာရုံစိုက် ဖို့ သွားလိုက်ဦးမယ်၊ မင်း ဆက်ကြိုးစားပါ"

ကျောက်ယွင်ရှန်းသည် ချင်ကျီ၏ပခုံးကို အပြုံးဖြင့် ပုတ်လျက် လှည့်ထွက်လာခဲ့သည်။

"ကျောက်ရှစ်ရှုန်း ဂရုတစိုက်သွားပါ"

ချင်ကျီလည်း အမြန် ပြောလိုက်၏။ ကျောက်ရှစ်ရှုန်းက သိပ်ပျော်နေတာ မဟုတ်ဘူးဆိုတာကို သူခံစား နိုင်ပေ၏။ ၎င်းကလည်း နားလည်နိုင်သော ကိစ္စဖြစ် သည်။

ဘယ်သူကမှ ရှုံးနိမ့်ခြင်းကို မပျော်ပေ။

သို့သော်ငြား ကျောက်ရှစ်ရှန်းက ဘယ်လောက်ထိ မပျော်နေဘူးလဲဆိုတာကိုတော့ သူ မသိပေ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်း၏အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် သည်းခံနိုင်မှုအဆင့်များက မတူညီကြပေ။

"ချင်ကျီရှစ်တိက ခန့်ညားလိုက်တာ"

"ချင်ရှစ်ရှုန်း ကျွန်မအတွက် လက်မှတ်ထိုးပေးပါဦး...ဒီနေရာလေးမှာ ရေးပေးပါ"

"ချင်ရှစ်တိက (၂၃)ဆင့်လုံးကို တကယ်ကျော်ဖြတ်နိုင်ခဲ့တယ်...မကြုံစဖူး ထူးခြားတာပဲ၊ ဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်က မင်းပဲ"

"အံ့ဩစရာဖြစ်ရပ်ပဲ ရိုးရိုးသားသားပြောရရင် စိတ်ကူးမယဉ်နိုင်လောက်အောင် အံ့သြစရာပဲ"

တပည့်အုပ်စုတစ်စုက ချင်ကျီကို ဝန်းရံလာကြသည်။ သူတို့က ချင်ကျီကို ချီးမွမ်းစကားများ ဆက်တိုက်ပြောနေကြကာ သူတို့၏ချီးကျူးမှုများက အဆုံးမရှိပေ။

ထို့အပြင် ထိုအသံများက အဝေးမရောက်သေးသော ကျောက်ယွင်ရှန်း၏နားထဲသို့ စကားလုံးတစ်လုံးချင်းစီ ရောက်ရှိလာပြီး သူ့ခြေလှမ်းများကို ပို၍မြန်ဆန်စေလေ၏။

သူ့ခြေလှမ်းများက ပို၍ပို၍မြန်လာသည်။

နောက်ဆုံးတွင် သူ ဘယ်သူမှ အာရုံမစိုက်သော နေရာ တစ်ခုသို့ လျှောက်လာပြီးနောက် လေထဲသို့ ခုန်တက်လိုက်၏။ ထို့နောက် လူသူကင်းမဲ့သော ချိုင့်ဝှမ်း တစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏နေရာမှာ အလွန်ကျယ်ပြန့်ပြီး ဤကဲ့သို့ သတိမထားမိနိုင်သော ချိုင့်ဝှမ်းများစွာရှိပေ၏။ စုံတွဲများအတွက်မူ မကြာခဏ ချိန်းတွေ့ရာနေရာများ ဖြစ်လာခဲ့သည်။

"အား! အား! အား! ငါက ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ၊ ငါ မကျေနပ်ဘူး!!"

သူ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့စွမ်းအားများက မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်လျှောက် ထုတ်လွှတ်လိုက်လေသည်။

ဘုန်း! ဘုန်း! ဘုန်း!

ဗွမ်း! ဗွမ်း!

နှစ်ဖက်စလုံးမှာရှိသော ကျောက်နံရံများက ဆက်လက်ပေါက်ကွဲနေပြီး ကျောက်တုံးများများ အစုလိုက်အပြုံလိုက်ဖြင့် အောက်သို့ လှိမ့်ဆင်းလာကြ၏။ ထို့နောက် ချိုင့်ဝှမ်း၏အလယ်ဗဟိုရှိ မြစ်ငယ်လေးထဲသို့ ပြုတ်ကျကာ လှိုင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။

သူ့စွမ်းအားများ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် ရေများက ပြင်းထန်စွာ ပေါက်ကွဲလာပြီး များပြားသော ရေနွေးငွေ့များကို ထုတ်လွှတ်လျက်ရှိ၏။

အချိန်အတော်ကြာ စိတ်ပေါက်ကွဲခြင်း ပြီးဆုံးသွားပြီးနောက်မှာ ကျောက်ယွင်ရှန်း၏ ဒူးများက မြေပြင်ပေါ်မှာ ရှိနေပြီး သူ့လက်ဖဝါးများကလည်း မြေကြီးပေါ်မှာ ထောက်လျက်ရှိသည်။

သူသည် အသက်ပြင်းစွာ ရှူသွင်းလျက်...

"ဘာလို့လဲ! ဘာလို့လဲ!!"

သူ ခပ်တိုးတိုး ရှိုက်လိုက်မိ၏။ မကျေနပ်မှုများပြည့်နှက်နေသလို အားနည်းသောခံစားချက်လည်း ရှိနေလေသည်။

"တော်လောက်ပြီ ရပ်ဖို့ အချိန်တန်ပြီ"

ထိုအချိန်တွင် တည်ငြိမ်ကာ အိုမင်းနေသော အသံ တစ်ခု ထွက်ပေါ်လာပြီး သက်ပြင်းချနေသော ခံစားချက်များဖြင့် ရောနှောနေလေ၏။

ကျောက်ယွင်ရှန်းသည် ဖြည်းဖြည်းချင်း ခေါင်းမော့ လျက် အရှေ့ကို ကြည့်လိုက်သည်။

သူ အပြာရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးကို တွေ့ လိုက်ရ၏။ ထိုလူ့ထံ၌ ထူးခြားသော ဟန်ပန်ရှိကာ လက်များကိုမူ အနောက်မှာ ထားလျက် မြစ်အလယ်ရှိ ထိုးထွက်နေသော ကျောက်တုံးပေါ်တွင် ရပ်နေလေသည်။

"အဘိုး"

ကျောက်ယွင်ရှန်းက သူ့နှုတ်ခမ်းများကို စေ့လျက် ညင်သာစွာ ခေါ်ခဲ့လေ၏။

******************

All Chapters