← Chapters

ဘယ်သူက ဘယ်သူ့ကို မြှောက်ပင့်ရမှာလဲ

Vol. 4 Ch. 48

ဘယ်သူက ဘယ်သူ့ကို မြှောက်ပင့်ရမှာလဲ

Vol. 4 Ch. 48

တောင်တန်းများက အဆုံးအစမရှိ ရှည်လျားကာ စိမ်းလန်းစိုပြေနေလေသည်။

၎င်းတို့ထဲတွင် ထင်ပေါ်ခြင်းမရှိ၊ ငြိမ်သက်အေးချမ်းနေသော တောင်ကြားငယ်တစ်ခုအတွင်းသို့ ဖရိုဖရဲ ပုံသဏ္ဌာန်နှစ်ခု ဝင်ရောက်လာသည်ကို တွေ့ရလိမ့်မည်။

"ပွက်!"

မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် ချင်ကျီသည် နောက်ထပ် သွေးတစ်ပွက်အား ချောင်းဆိုးကာ အန်ထုတ်လိုက်ပြီး သူ့မျက်နှာမှာ အလွန်ဖြူဖျော့လျက် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကျသွားလေသည်။

"အဆင်ပြေရဲ့လား"

မင်းသမီးချူယွင်မှာ သူ့ဘေးနားတွင် ရပ်၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေလေ၏။

"အတွင်းဒဏ်ရာနည်းနည်းလောက်ပဲ၊ ခဏလောက် နားလိုက်ရင် ပျောက်သွားလိမ့်မယ်"

ချင်ကျီ ပြန်ဖြေလိုက်သည်။

ထို့နောက် သူ ကြိုးစားကာ ထရပ်လိုက်၏။ သူ့ညာဘက်လက်တွင်မူ မီးတောက်တစ်ခုရှိနေပြီး အရှေ့၌ မားမားမတ်မတ်ရပ်တည်နေသော ကျောက်နံရံကို တွန်းလိုက်သည်။

ခိုင်မာသော ကျောက်နံရံသည် ပြင်းထန်သောအပူရှိန်အောက်တွင် ချိစ်ကဲ့သို့ အရည်ပျော်သွားခဲ့ပြီး ဂူတစ်ခုအား လျင်မြန်စွာ ဖြစ်ပေါ်စေခဲ့၏။

"အထဲကို သွားကြစို့"

ချင်ကျီက ခြေထော့နင်းလျက် ဝင်သွားခဲ့သည်။ မင်းသမီးချူယွင်လည်း ခဏတာ တုံ့ဆိုင်းပြီးနောက် လိုက်ပါသွားခဲ့၏။

ချင်ကျီ ခြေချိတ်ထိုင်လိုက်ပြီး မိမိကိုယ်တိုင် ဖော်စပ်ထားသော ဒဏ်ရာပျောက်ဆေးရည်တစ်ဝက် ကို သောက်သုံး၍ သူ့ကျင့်စဉ်ဖြင့် ဒဏ်ရာများကို ကုသရန် စတင်လိုက်သည်။

ထိုအချိန်တွင် မင်းသမီးချူယွင်ကတော့ သူ့ဘေးနားတွင် စောင့်ပေးနေ၏။

သူမ ဘာမှမပြောဘဲ ချင်ကျီအား သိချင်စိတ်ပြင်းစွာ ကြည့်နေမိသည်။ သူမ၏စိတ်ထဲ၌ မေးခွန်းများစွာ ရှိ နေသော်လည်း သူ ဒဏ်ရာကုသနေသည့်အချိန်အား မနှောင့်ယှက်ရဲပေ။

နှစ်နာရီ ကြာသွားခဲ့၏။

နောက်ဆုံးတွင် ချင်ကျီ၏ဒဏ်ရာကုသမှုက ပြီးဆုံးသွားခဲ့သည်။ သူ၏ဖြူဖျော့နေသော မျက်နှာက ခပ်ရဲရဲ ဖြစ်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ အားကောင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ သူ့ခွန်အားက အဆင့်တက်သွားသည့်အလားပင်။

"ဒီလောက် အားကောင်းတာလား"

ချင်ကျီ၏ ကျင့်ကြံမှုက သန့်စင်သောယန်နယ်ပယ် တွင် ဆက်လက်တည်ရှိနေသော်လည်း ထိုစွမ်းအင်မှာအသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်နှင့် တကယ်ပင် ယှဉ်ပြိုင်နိုင်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

ဒီလူက တစ်ကယ်ပဲ ဘယ်သူလဲ။

သူ့ပါရမီက ကြောက်စရာကောင်းလောက်အောင် အားကောင်းပေ၏။

အချိန်အတော်ကြာ သူမ၏အတွေးများနှင့် ရုန်းကန်နေခဲ့ရပြီးနောက် မျက်နှာနီမြန်းကာ မေးလိုက်မိသည်။

"ရှင်က ဘယ်သူလဲ၊ ပြီးတော့ ဘာလို့… ကျွန်မကို ကယ်ခဲ့တာလဲ"

တကယ်တော့ သူမ အဖြေကို ခန့်မှန်းမိပြီးသားပင်။ ထို့ကြောင့် သူမ၏မျက်နှာမှာ နီမြန်းလာပြီး ရင်ခုန်သံ မြန်ဆန်လာလေ၏။ အနည်းငယ်သော စိုးရိမ်ပူပန်မှုပါ ပါဝင်နေလေသည်။

ချင်ကျီသည် သူမကို ကြည့်၍ ရိုးရိုးသားသား ပြန်ဖြေ လိုက်၏။

"ကျုပ်နာမည်က ချင်ကျီ၊ ပြီးတော့ ကျုပ်အဖေက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ ချင်ချွမ်းပါ"

"သိပါပြီ"

မင်းသမီးချူယွင်လည်း ခေါင်းညိတ်လိုက်သည်။မင်းသားနန်စံအိမ်ကလည်း ထိုအကြီးအကဲ၏ ရာထူးခန့်အပ်ပွဲအား ဂုဏ်ပြုရန်အတွက် လူတစ်ယောက်ကို စေလွှတ်ခဲ့ဖူးတာကြောင့် သူမ ချင်ချွမ်းကို သိ၏။

သို့သော်...

"ဒါဆို ကျွန်မကို ဘာလို့ ကယ်ခဲ့တာလဲ"

မင်းသမီးက ရှက်ရွံ့စွာ မေးလေသည်။

"ကျုပ်အဖေက မင်းကို ကာကွယ်ပေးဖို့ ညွှန်ကြားခဲ့လို့"

ချင်ကျီက ရိုးသားစွာ ပြန်ဖြေ၏။ မလိုအပ်ဘဲ ဧည့်ဝတ်ကျေပွန်ခြင်းက သစ္စာဖောက်လိုခြင်း သို့မဟုတ် ခိုးယူလိုခြင်းကို ညွှန်ပြနေမှန်း သူ ကောင်းကောင်းသိသည်။

အမှန်အတိုင်း ပြောလိုက်ခြင်းက ပိုကောင်းလိမ့်မည်။

သူ မင်းသမီးချူယွင်အပေါ်၌ တခြားရည်ရွယ်ချက်များ မရှိသောကြောင့် ရည်ရွယ်ချက်ရှိရှိမျက်နှာချိုသွေးရန်လည်း မလိုအပ်ပေ။

"ရှင့်ရဲ့အဖေလား...ကျွန်မ သူ့ကို မသိပါဘူး၊ ဒါဆို ဘာလို့များ သူက ကျွန်မကို ကာကွယ်ဖို့ ရှင့်ကို ခိုင်းခဲ့တာလဲ"

မင်းသမီးချူယွင်က မျက်မှောင်ကြုတ်လျက် မေးလာသည်။

"ကျုပ်အဖေနဲ့ မင်းရဲ့အဘိုးက အသက်ကွာခြားမှု ရှိပေမယ့် မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ်လို့ ပြောတယ်"

ချင်ကျီသည် သူမ၏မျက်လုံးများကို ရိုးသားစွာ စိုက်ကြည့်၍ ပြောလိုက်၏။

"သဘောပေါက်ပြီ…"

မင်းသမီးချူယွင်သည် ရုတ်တရက် နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူမ၏လှပသောမျက်လုံးထဲ၌ သတိထားနေသည့် အရိပ်အယောင် တစ်ခု လက်ခနဲ ပေါ်သွားခဲ့၏။

သူမ ဘာမှမသိသည် မဟုတ်ပေ။

တော်ဝင်မိသားစု၏ အခွဲတစ်ခုအနေဖြင့် မင်းသားနန်စံအိမ်သည် ကြီးမားသောစွမ်းအားကို ကိုင်စွဲထားလေသည်။ မြှောက်ပင့်ချီးကျူးလိုသူများ သို့မဟုတ် အဆက်အသွယ်တည်ဆောက်လိုသူများကို ဆွဲဆောင်ထားနိုင်ခဲ့၏။

သူမ၏အဘိုးက နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်ခဲ့ပြီးပြီဖြစ်ရာ ရုတ်တရက်ကြီး မိတ်ဆွေဟောင်း ဖြစ်ပါသည်ဟု ပြောဆိုမှုကို သူမ တစ်ကယ် မယုံကြည်နိုင်ပေ။

လိုက်လံဖမ်းဆီးခြင်းဇာတ်လမ်းတစ်ခုလုံးက သူမအရှေ့မှ ဒီလူနှင့် သူ့အဖေတို့ ပူးပေါင်းဖန်တီးထားသော လှည့်ဖြားမှုသက်သက် ဖြစ်နေနိုင်သည်။

သို့သော် သူမ သံသယဝင်နေသော်လည်း ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ နောက်ဆုံးမှာတော့ သူမ၏ ခန့်မှန်းချက်က လုံးဝမသေချာသေးပေ။ ချင်ကျီက အမှန်ပြောနေတာလည်း ဖြစ်နိုင်၏။

ထို့ကြောင့် သူမ ပြုံးကာ...

"ကျွန်မရဲ့အဘိုးက အသက်အရွယ် ဒါမှမဟုတ် ဝါစဉ်တွေ မခွဲခြားဘဲ မိတ်ဆွေဖွဲ့ရတာကို တကယ် နှစ်သက်ခဲ့တယ်၊ ဒါကြောင့် ဒီလိုမျိုး မိတ်ဆွေဟောင်းတွေ ရှိနေတာတော့ အမှန်ပဲ၊ ရှင့်အဖေနဲ့ ကျွန်မအဘိုးတို့က ဘယ်လို သိကျွမ်းခဲ့ကြတာလဲ"

"အဲ့ဒါတော့ ကျုပ်လည်း တကယ်မသိဘူး၊ ဘာလို့လဲဆိုတော့ ကျုပ်အဖေက အရင်ကိစ္စတွေကို သိပ်မပြောပြခဲ့ဘူး"

ချင်ကျီသည် ခါးသက်စွာ ပြုံးလျက် ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ မင်းသမီးချူယွင်သည် သူမ၏မျက်ခုံးများကို တွန့်ချလိုက်မိ၏။ ထို အသေးစိတ်အပြုအမူအား ချင်ကျီလည်း သတိပြုခဲ့မိသည်။

ချက်ချင်းပင် သူ့အမူအရာက မှောင်မိုက်သွားပြီး မင်းသမီးကို ကြည့်ကာ အသံခပ်နက်နက်ဖြင့် မေးလိုက်၏။

"မင်း ကျုပ်ကို သံသယဝင်နေတာလား"

"မဟုတ်ပါဘူး လုံးဝမဟုတ်ပါဘူး!"

မင်းသမီး၏ခန္ဓာကိုယ်မှာ ရုတ်ချည်းပင် တောင့်တင်းသွားလေသည်။ သူမ ရှောင်တိမ်းလိုသော ရည်ရွယ်ချက်ဖြင့် ပြုံးပြကာ မသိစိတ်မှအလိုလိုပင် အနည်းငယ် နောက်ဆုတ်လိုက်မိ၏။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ချင်ကျီလည်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဒီမိန်းမက သူ့ကို တကယ်သံသယဝင်နေ၏။

သူ၏ကောင်းမွန်သောစိတ်ဆန္ဒမှာ မြည်း၏ အသည်းနှင့် အဆုတ်အား ထုတ်ယူခံလိုက်ရသကဲ့သို့ ခံစားမိပြီး ဒေါသပိုထွက်သွားခဲ့သည်။ သူ့အဖေအတွက် မထိုက်တန်သလို ခံစားလိုက်ရ၏။

သူ့အဖေက ဘယ်အဆင့်အတန်းမှာ ရှိနေသော ပုဂ္ဂိုလ် ဖြစ်သနည်း။

ထိုကာလတုန်းက သူ့အဖေသည် သူ့အဆင့်သူ နှိမ့်ချ၍ ဘုရင်ဟောင်းနှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ယခု အတိတ်က ဆက်ဆံရေးကို လေးစားသည့်အနေဖြင့် အဖေသည် ဘုရင်ဟောင်း၏သားမြေးများကို ဂရုစိုက်ပေးလေ၏။ ဒါကို မင်းသားနန်စံအိမ်နှင့် မျက်နှာချိုသွေးရန် ရည်ရွယ်နေသည်ဟု ဒီမိန်းမက သံသယဝင်နေသည်။

အဓိပ္ပာယ်မရှိချက်!

ကျေးဇူးမသိတတ်တဲ့သူ!

မျက်နှာချိုသွေးရင်တောင်မှ မင်းသားနန်စံအိမ်က ငါ့အဖေကို မြှောက်ပင့်ရမှာ! မဟုတ်သေး...မင်းသားနန်စံအိမ်က ငါ့အဖေရဲ့ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန် ဘူး!

"ဟက်! မင်းဘာတွေးနေလဲဆိုတာကို မင်း ကောင်းကောင်းသိပါတယ်၊ ကျုပ်ကို သံသယဝင်ရင် ထွက်သွားလိုက်ပါ၊ ကျုပ် မတားဘူး"

ချင်ကျီသည် စဉ်းစားလေ ဒေါသထွက်လေ ဖြစ်လာသောကြောင့် အေးစက်စွာ ပြောလိုက်သည်။

"မင်းသားနန်စံအိမ်က သိပ်ကို ကြီးကျယ်ခမ်းနားနေလို့ လူတိုင်းက မင်းတို့နဲ့ ဆက်ဆံချင်နေတယ်လို့ မထင်နဲ့၊ ဒီလောကကြီးမှာ နေကိုးလုံးနယ်မြေတစ်ခုတည်းရှိတာမဟုတ်ဘူး၊ တချို့အဖွဲ့အစည်းတွေဆိုရင် မင်းတို့ရဲ့ မင်းသားနန်စံအိမ်ကတောင် မမီဘူး!"

"ရှင်… ရှင်!"

မင်းသမီးချူယွင်၏ဘဝတွင် အခုလိုမေးခွန်းထုတ်ခံရတာမျိုး တစ်ခါမှ မရှိဖူးပေ။ သူမ ဒေါသပေါက်ကွဲကာ ချင်ကျီအား ဒေါသတကြီး လက်ညှိုးထိုးလျက် တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။

ဒေါသ! တုန်ယင်ခြင်း! အေးစက်စက်နိုင်ခြင်း!

ငယ်စဉ်ကတည်းက သူမသည် အမြဲတစေ တန်ဖိုးထားခံရသော မင်းသမီးလေးတစ်ပါး ဖြစ်ခဲ့သည်။ ဤကဲ့သို့ပြစ်တင်ရှုတ်ချမှုမျိုးကို တစ်ခါမှ မခံခဲ့ရဖူးပေ။ သူမ လုံးဝ မခံစားနိုင်ပေ။

နောက်ဆုံးမှာတော့ သူမ၏ လက်များကို ဝှေ့ယမ်းလျက် သူမဂါဝန်၏အနားသတ်ကို လက်နှစ်ဖက်ဖြင့် မ ကာ ဂူဝင်ပေါက်ဆီသို့ ဒေါသတကြီး လျှောက်သွားလိုက်၏။

"ဟမ့်! ဘယ်သူကရော မသွားချင်လို့လဲ၊ ကျွန်မက ရှင် နဲ့ အတူနေချင်တယ်လို့များ ထင်နေလား၊ စိတ်ချပါ...ကျွန်မ ပြန်ရောက်တဲ့အခါကျရင် ကျေးဇူးတင်ကြောင်းလက်ဆောင် ပို့လိုက်မယ်၊ အဲ့တာက ရှင် အသက်ကယ်ပေးတဲ့အတွက်လား ဒါမှမဟုတ် ရှင့်ကို မသတ်ဘဲ လွှတ်ပေးလိုက်တဲ့ သနားညှာတာမှုလားဆိုတာကို ရှင် သိရမှာပေါ့"

ထိုကဲ့သို့ ကြမ်းတမ်းသောစကားများကို ပြောချပြီးနောက် သူမ ထွက်သွားလိုက်သည်။

ချင်ကျီကတော့ လှောင်ပြောင်ရယ်မောလျက် သူ့ခေါင်းကို ဘေးလှည့်လိုက်လေ၏။

"ဟက်! သူ့ရုပ်ရည်ကြောင့် ငါက သူ့ကို လိုချင်နေတယ်လို့ ထင်နေတာလား၊ ငါ သူ့ကို ဆက်ပြီး မခစားနိုင်တော့ဘူး"

"အား!"

ထိုအချိန် အပြင်ဘက်တွင် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုနှင့်အတူ နားကွဲစရာကောင်းသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး!"

ချင်ကျီ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားလေ၏။ သူ ချက်ချင်းပင် အပြင်ဘက်ကို အပြေးအလွှား သွားလိုက်သည်။

ထိုမိန်းမကို ဂရုမစိုက်သော်လည်း သူမသာ အသတ်ခံ ရလျှင် ပြန်ရောက်သည့်အခါ သူ့အဖေကို ဘယ်လိုရှင်းပြရမည်နည်း။

ချင်ကျီသည် ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘဲ ဘဝကို ဖြတ်သန်းနေထိုင်ခဲ့၏။ သို့သော်ငြား သူ့အဖေ၏စကားများက ဘာမဆိုထက် ပိုအရေးကြီးလေသည်။

ဝှစ်!

လေကဲ့သို့ လျင်မြန်စွာပင် အသံထွက်ရာ အရပ်ဆီသို့ သူ သွားလိုက်၏။ မကြာလိုက်ပေ...ဒုက္ခရောက်နေသော မင်းသမီးချူယွင်ကို တွေ့လိုက်ရသည်။

"ဘုန်း! ဘုန်း! ဘုန်း!"

တိုက်ခိုက်မှုက တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားလေ၏။ မင်းသမီးချူယွင် ပတ်ပတ်လည်ရှိ ကျောက်ဆောင် များနှင့် သစ်ပင်များသည် ပုံသဏ္ဌာန်တစ်ခုကို ပုံကြမ်းဆွဲနေသကဲ့သို့ ဆက်တိုက် ပေါက်ကွဲနေလေသည်။

တိုက်ခိုက်မှုများက သူမကို တိုက်ရိုက်မထိသော်ငြားလည်း ပေါက်ကွဲမှုများ၏ နောက်ဆက်တွဲများက သူမအား လွင့်ပျံစေဆဲဖြစ်ကာ သူမ၏သွေးများကို ဆူပွက်စေပြီး မျက်နှာကို ဖြူဖျော့စေလေ၏။

သူမ၏ ခမ်းနားလှပသောဂါဝန်ပင်လျှင် နေရာတချို့က စုတ်ပြဲနေပြီး မီးလောင်ကျွမ်းနေသည်။ တချို့နေရာများတွင် အပျက်အစီးများ ထိမှန်ခဲ့သည့် သွေးများပင် ရှိနေလေ၏။

သိပ်မဝေးသော နေရာတွင် လုပ်ကြံသတ်ဖြတ်သူငါးဦး က လေထဲ၌ ပျံဝဲနေကြသည်။ ကြောင်များက ကြွက်များကို နောက်ပြောင်သကဲ့သို့ ပေါ့ပါးစွာ တိုက်ခိုက်နေကြ၏။

"ဝှစ်!"

လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏လက်က ခဏတာ တုန်ယင်သွားခဲ့သည်။ သူ့သိုင်းကျင့်စဉ်အား ပြီးပြည့်စုံစွာ မထိန်းချုပ်နိုင်သည့်ပုံရကာ ရွှေရောင်အလင်းတန်းတစ်ခုက မင်းသမီးချူယွင်ဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေ၏။

"ဒါက..."

လုပ်ကြံသတ်ဖြတ်သူများ၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် နောက်တစ်ခဏတွင် လူပုံစံတစ်ခုက မင်းသမီးချူယွင်၏ အရှေ့၌ ရပ်တန့်သွား၏။

အသံခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်လာသည်။ သိပ်မဝေးသော်လည်း မင်းသမီးချူယွင်၏ မျက်နှာကို ပေကျံရန် လုံလောက်လေ၏။

"ဒါ…"

မင်းသမီးချူယွင်သည် ပခုံးတွင် ရွှေရောင်အလင်းတန်းဖြင့် ထိုးဖောက်ခံထားရသော လူအား ကြည့်လိုက်မိသည်။ အခြေအနေတစ်ခုလုံးက သူမအား အံ့သြမှင်သက်စေပြီး သူမမျက်လုံးများမှာ ကြောင်အတွေဝေနေလေ၏။

"ဘာရပ်လုပ်နေတာလဲ ထွက်သွား!!"

ချင်ကျီ သူ့ခေါင်းကို လှည့်ကာ အော်ပြောလိုက်သည်။ သူ၏ဖြူဖျော့နေသောမျက်နှာမှာ သွေးများဖြင့် စွန်းထင်းနေပြီး ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ပုံရ၏။

"မင်းကို ကပ်ဖားချင်နေတယ်လို့ မထင်နဲ့! မင်းသားနန်စံအိမ်က ဘယ်လောက်ပဲ ကြွယ်ဝပါစေ ကျုပ်နဲ့ ကျုပ်အဖေရဲ့ချင်မိသားစုက ဒီဘဝမှာ မင်းတို့နဲ့ နောက်ထပ်ဆက်ဆံရေးမလုပ်တော့ဘူး! ထွက်သွား!"

ထိုကဲ့သို့ပြောပြီးနောက် သူမအား သူ့ညာဘက်လက် ဖြင့် တွန်းလိုက်သည်။ နူးညံ့သော်လည်း အားပြင်း သော စွမ်းအင်တစ်ခုက သူမအား အဝေးသို့ လွင့်စဉ်သွားစေခဲ့၏။

ချင်ကျီသည် သူ့ကိုယ်သူအတွက်မူ အသံတိုးတိုးဖြင့် အော်ဟစ်လျက် သူ့ပတ်ပတ်လည်၌ မီးလျှံများ ထုတ်လွှတ်ကာ လုပ်ကြံသတ်ဖြတ်သူငါးဦးကို တိုက်ခိုက်လိုက်သည်။

"ငရဲဲကြာပန်းနီ!"

သူ့လက်ကို မြှောက်၍ သူ့အဖေ သင်ကြားပေးခဲ့သော အားကောင်းသည့် နတ်ဘုရားကျင့်စဉ်ကို ထုတ်လွှတ် ခဲ့လေ၏။ သူ တစ်စိတ်တစ်ပိုင်းသာ သင်ယူထားခဲ့သော်လည်း ၎င်း၏စွမ်းအားကို မလျှော့တွက်သင့်ပေ။

"ဘုန်း!"

မီးလျှံများက မီတာရာပေါင်းများစွာအထိ ဖုံးလွှမ်းသွားလေသည်။ အားကောင်းသော တုန်ခါမှုလှိုင်းများက သစ်ပင်ကြီးများကို ကျိုးပဲ့စေပြီး အမြစ်ပါ ကျွတ်ထွက်စေခဲ့၏။

ထိုတိုက်ခိုက်မှုသည် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ကျင့်ကြံသူငါးဦးစလုံးကို ချေမှုန်းရန် မလုံလောက်ပေ။ သို့သော်ငြား ထိုလှုပ်ရှားမှုမှ ဖန်တီးခဲ့သော တောက်ပသည့်အလင်းနှင့် တုန်ခါမှုလှိုင်းများက လုပ်ကြံသတ်ဖြတ်သူများ၏ အမြင်ကို ဖုံးကွယ်ရန် လုံလောက်ပေသည်။ ထိုဖြစ်ရပ်က မင်းသမီးချူယွင် ထွက်ပြေးရန် အချိန်ရစေ၏။

အဝေးတွင် မင်းသမီးချူယွင်သည် တောက်ပနေသောမီးလျှံအလင်းနှင့် ၎င်းအရှေ့မှ သေးငယ်သော ပုံရိပ်ကို ကြည့်မိရာ ရုတ်ချည်းပင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

သူမ သူ့ကို မှားယွင်းစွာ မှတ်ထင်ခဲ့မိကြောင်း သိ၏။

သူသာ သူမအရှေ့၌ ခုနက မရပ်နေခဲ့ဘူးဆိုလျှင် သူမ အခုအချိန်၌ သေနေလေပြီ။ သို့မဟုတ် ဒဏ်ရာရနေလောက်ပြီဖြစ်သည်။ ထိုလုပ်ကြံသတ်ဖြတ်သူများက ဟန်ပြရုံသက်သက် ရောက်လာခြင်း မဟုတ်ပေ။

သူတို့က သူမကို တကယ် သတ်ရန် ရည်ရွယ်ထားခဲ့ကြ၏။ သူမကို မကြင်မနာဘဲ ကြမ်းတမ်းစွာ ဆူပူခဲ့သော ထိုလူငယ်သည် သူမကို ကာကွယ်ရန်အတွက် သူ့အသက်ကို တကယ်ပင် စွန့်စားခဲ့သည်။

"ငါ သူ့ကို မကူညီနိုင်ဘူး၊ ပြန်သွားရင်လည်း သူ့အတွက် အနှောင့်အယှက် ဖြစ်စေလိမ့်မယ်၊ သူ့စိုးရိမ်မှုတွေ လျော့သွားအောင်ပဲဖြစ်ဖြစ် ငါ မြန်မြန် ထွက်ပြေး ရမယ်!"

မင်းသမီးသည် သူမ၏နှုတ်ခမ်းကို ကိုက်လျက် အရှိန်မြှင့်ကာ အဝေးသို့ ပျံသန်းသွားခဲ့၏။

"ဒုန်း!"

"ဘုန်း!!"

အနောက်မှာ ချင်ကျီနှင့် လုပ်ကြံသတ်ဖြတ်သူငါးဦး တို့သည် ပြင်းထန်သောတိုက်ပွဲအတွင်း ပိတ်မိနေကြပြီး အပျက်အစီးများ ပျံသန်းနေကာ မြေကြီးက တုန်ခါနေလေသည်။

သန့်စင်သောယန်နယ်ပယ်မှ ကျင့်ကြံသူတစ်ယောက်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ကျင့်ကြံသူငါးဦးကို ရင်ဆိုင်ရခြင်းသည် ကောင်းကင် ဘုံသို့ တက်ရသည့်အလား ခက်ခဲပေ၏။

ငါးယောက်တစ်ယောက် ရင်ဆိုင်နေရခြင်းက ပို၍ပင် ခဲယဥ်းလေသည်။ ဤတိုက်ပွဲသည် သေချာပေါက်ကို အလွန်ပြင်းထန်မည်ပင်။

***********************

All Chapters