← Chapters

မဟာဘေးဥပဒ်ဆေး

Vol. 4 Ch. 56

မဟာဘေးဥပဒ်ဆေး

Vol. 4 Ch. 56

"သည်းခံဖို့ ခဲယဥ်းနေလား"

အပြာဝတ်ရုံဝတ် အဘိုးအိုသည် သူ့မြေးကို ကြည့်၍ တည်ငြိမ်စွာ မေးလာသည်။

ကျောက်ယွင်ရှန်းက ခေါင်းငုံ့၍ တိတ်ဆိတ်နေလေ၏။

သူ ပြန်ဖြေရန် ရှက်နေပေသည်။

အပြာဝတ်ရုံဝတ် အဘိုးအိုက ခေါင်းခါယမ်းလျက် ဆက်ပြောလာသည်။

"ရှုံးတာက ရှုံးတာပဲလေ၊ အလေးအနက်ထားစရာ မလိုဘူး၊ ဒီလောကကြီးက ကျယ်ပြန့်တယ်၊ မင်းထက် ပိုပြီးအားကောင်းတဲ့လူတွေက ရေတွက်လို့မရအောင်ရှိတယ်"

"တခြားနေရာတွေကို မပြောနဲ့ဦး၊ ဒီနေကိုးလုံးနယ်မြေထဲမှာတောင် မင်း အနိုင်ယူဖို့ ခက်ခဲတဲ့ လူငယ်ပါရမီရှင်တွေ ရှိတယ်၊ ဒါကို မင်းလည်း သေချာပေါက်သိမှာပါ"

"ဒီကိစ္စမှာလည်း တခြားလူက မင်းထက် ပိုအားကောင်းနေတာကို ဘာလို့ ပေကပ်နေရတာလဲ၊တောင်ကုန်းတွေကို ဖြတ်တိုက်သွားတဲ့ လေပြေလိုမျိုး သူ့ကို အားကောင်းခွင့်ပေးလိုက်စမ်းပါ"

ထိုစကားများကို ကြားသောအခါ ကျောက်ယွင်ရှန်းသည် သူ့လက်သီးများကို ဆုပ်လိုက်မိ၏။

သူ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက် ခေါင်းမော့ကာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

"ကျွန်တော် တခြားဘာကိုမှ စိတ်မဝင်စားဘူး၊ နယ်မြေမှာ ပထမဖြစ်ဖို့လည်း ဘယ်တော့မှမတွေးခဲ့ဖူးဘူး၊ ဒါပေမဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲမှာတော့ ကျွန်တော်က ပထမ ဖြစ်ကို ဖြစ်နေရမယ်! ဒါက ကျွန်တော့်ရဲ့စွဲလမ်းမှုပဲ!"

အပြာဝတ်ရုံဝတ် အဘိုးအိုသည်လည်း တိတ်ဆိတ်သွားခဲ့၏။

သူသည် ဝေးလံသောနေရာကို ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူ့မြေးကို ကြည့်၍ ပေါ့ပါးစွာ ပြောလိုက်၏။

"ဒါဆိုလည်း မင်းက ပထမနေရာကို တစ်ကယ်ရအောင် လုပ်ခဲ့သင့်တယ်"

ထိုစကားများက ကျောက်ယွင်ရှန်းကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့ပြီး သူ့မျက်နှာကို အရှက်တရားဖြင့် နီမြန်းစေခဲ့သည်။

မှန်ပေ၏။

မင်း ပထမရချင်ရင် ဆက်သွားပြီး ပထမရအောင်လုပ် လိုက်၊ ဘယ်သူကမှ မင်းကိုတားဆီးနေတာ မဟုတ်ဘူး၊ မင်း မလုပ်နိုင်ရင် ဘာလို့ ဒီနေရာမှာ လာအော်ဟစ်နေရတာလဲ။

သူ အံတင်းတင်းကြိတ်ကာ အသက်ရှူသံကို ထိန်းချုပ်ထားခဲ့၏။ သို့သော်ငြား နောက်ဆုံးမှာတော့ သူ မထိန်းနိုင်ခဲ့ဘဲ ကောင်းကင်ကို မော့၍ အော်ဟစ်ခဲ့သည်။

"အား!"

အပြာဝတ်ရုံဝတ် အဘိုးအိုကမူ တိတ်ဆိတ်စွာ ကြည့် နေလေ၏။

သူသည် သူ့မြေး၏အတွေးများကို တကယ်တော့ နားလည်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အသက်တစ်ရာကျော် နေထိုင်ခဲ့ပြီး လူငယ်ပေါင်းများစွာကို ရေတွက်၍မရအောင် တွေ့မြင်ခဲ့ရ၏။

ထိုကဲ့သို့အတွေးများရှိသော လူငယ်များစွာရှိသည်။ ပြောရလျှင် သူ့သား ကျောက်ဖန်လုံကလည်း ထိုအချိန် တုန်းက အခုလိုမျိုး ဖြစ်ခဲ့သည်ပင်။

သို့သော်ငြား သူ့သားက ပိုကံကောင်းခဲ့ပြီး ထိုအချိန်တုန်းက အရှေ့ကို ဆက်ပြေးနေခဲ့ကာ ဂိုဏ်းအတွင်းမှာ လည်း ပြိုင်ဘက်မရှိခဲ့ပေ။

ရလဒ်အနေဖြင့် သူ့သားသည် အကောင်းမြင်တတ်သော အတွေးအခေါ်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ဤကဲ့သို့မှောင်မိုက်သောတစ်ဖက်ခြမ်းကို မပြသခဲ့ပေ။ သူ့ကျင့်ကြံမှုနှင့် အတွေ့အကြုံများ များပြားလာသည်နှင့်အမျှ ထိုအမှောင်ခြမ်းကလည်း လုံးဝပျောက်ကွယ်သွားခဲ့၏။

အချိန်ကြာမြင့်ပြီးနောက် ကျောက်ယွင်ရှန်းက ပြန်တည်ငြိမ်သွားခဲ့သည်။

ထို့နောက် အပြာဝတ်ရုံဝတ် အဘိုးအိုက ပြောလာလေ၏။

"ချင်ကျီရဲ့ ပါရမီက မင်းထက် ပိုမြင့်တာ မှန်တယ်၊ နည်းနည်းလေး ပိုမြင့်နေတာတောင် မဟုတ်ဘူး"

"မထင်မှတ်ထားတာတွေ မဖြစ်ခဲ့ဘူးဆိုရင် မင်း ဒီဘဝ မှာ သူ့ကိုကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူ့ရဲ့အရိပ်အောက်မှာပဲ နေရနိုင်တယ်"

ကျောက်ယွင်ရှန်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့သည်။ အပြာဝတ်ရုံဝတ် အဘိုးအိုက ဆက်ပြောလေ၏။

"မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်"

"မင်း သူ့ကို ယှဉ်ပြိုင်ချင်နေတဲ့ စိတ်ဆန္ဒကို လွှတ်ချ ပြီး ဂိုဏ်းရဲ့အင်အားကို ပြန်လည်ဖြည့်တင်းဖို့ ငြိမ်းငြိမ်းချမ်းချမ်း ကူညီမယ်"

"ဒါမှမဟုတ်… သူ့ကိုဖယ်ရှားမယ်!"

နောက်ဆုံးစကားလုံးများကို ပြောလိုက်သောအခါ အဘိုးအို၏ မျက်လုံးထဲ၌ အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။

"ဒါက…ရွေးချယ်စရာနှစ်ခုတည်းလား"

ကျောက်ယွင်ရှန်း အံကြိတ်မိသွားခဲ့၏။ သူ့စိတ်ထဲ၌ ပြင်းပြင်းထန်ထန် ရုန်းကန်နေရသည်။

သူ ချင်ကျီကို ရှုံးနိမ့်ရတာ မကျေနပ်သော်လည်း သူ့ကို သတ်ဖြတ်ရန်တော့ ဘယ်တော့မှ မတွေးခဲ့ဖူးပေ။ အကြောင်းမှာ သူ၏ စိတ်ဝိညာဉ်နက်ရှိုင်းသောတစ်နေရာတွင် သူ့ကိုယ်သူ လူဆိုးတစ်ယောက်ဟု မမြင်ခဲ့သောကြောင့်ပင်။

သူသည် ဂိုဏ်း၏ထိပ်တန်းပါရမီရှင်အဖြစ် ဂုဏ်ယူစွာဖြစ်ချင်ခဲ့ပြီး လေးစားခံရသော ဂိုဏ်းခေါင်းဆောင် ဖြစ်ချင်ခဲ့လေ၏။

သူ့တာဝန်သိစိတ်အပေါ်၌ အမြဲရိုးသားရန် မျှော်လင့်ထားခဲ့သည်။

ထိုအခါမှသာ သူ ဂိုဏ်းခေါင်းဆောင်နေရာကို တက်လှမ်းသည့်အချိန်၌ ရှက်ရွံ့မှုများဖြင့် မဟုတ်ဘဲ သြဇာကြီးမှုကို ခံစားရလိမ့်မည်။

"ရွေးချယ်စရာနှစ်ခုရှိနေတာကပဲ တော်တော်လေး ကောင်းနေပြီ၊ ဒါက ငါ့ရဲ့ခွန်အားက လုံလုံလောက်လောက်ကောင်းနေတဲ့အတွက်ကြောင့်အပြင်ကို မင်းအဖေ ရှိနေတဲ့အတွက်ကြောင့်ပဲ၊ ဒါကြောင့် မင်းမှာ ရွေးချယ်ခွင့်နှစ်ခုရှိနေတာ"

အပြာဝတ်ရုံဝတ် အဘိုးအိုက တည်ငြိမ်စွာ ပြော၏။

"မင်းကသာ နောက်ခံမရှိတဲ့ သာမန်တပည့်လေးတစ်ယောက်ဆိုရင် သေချာပေါက် ရွေးချယ်စရာမရှိဘူး၊ မင်း ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ၊ မင်း သည်းခံရလိမ့်မယ်၊ မင်း မခံနိုင်လို့တန်ပြန်လုပ်ခဲ့ရင်လည်း အသတ်ခံရနိုင်တယ်"

ကျောက်ယွင်ရှန်းမှာ စကားမပြောနိုင် ဖြစ်သွားရသည်။

တကယ်ကို ရွေးချယ်စရာရှိတာကပင် တော်တော်ကောင်းနေလေပြီ။ ရွေးချယ်စရာများကို အပြစ်တင်နေတာက ကျေးဇူးကန်းရာ ရောက်ပေ၏။

သူ ခဏလောက် စဉ်းစားကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒါပေမဲ့ အကယ်၍များ ဂိုဏ်းဝင်အချင်းချင်း ထိခိုက်အောင်လုပ်တဲ့ကိစ္စက ပေါ်သွားခဲ့ရင် ကျွန်တော်တို့မိသားစုက အမုန်းခံရနိုင်တယ်၊ ပြီးတော့ အကြီးအကဲချင်ချွမ်းကလည်း…ကိုင်တွယ်ဖို့ မလွယ်ကူဘူး ထင်တယ်"

သူ့စိတ်ထဲ၌ အနည်းငယ် ခုခံမှုရှိနေဆဲပင်။

ဤအကြောင်းပြချက်က သူ့အဘိုးကို ပြန်လည်စဉ်းစားစေပြီး ထိုအကြံအား ပယ်ဖျက်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ ဒါဆိုလျှင် သူက အရင်ငြင်းပယ်ခဲ့ခြင်း မဟုတ်တော့ပေ။

"ဟဲဟဲ ငါက သူ့ကို သတ်ချင်နေတယ်လို့ မင်း ထင်နေတာလား"

အပြာဝတ်ရုံဝတ် အဘိုးအိုသည် တိုးတိုးလေးရယ်မော လျက် အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

"လူသတ်မှုက အရမ်းရက်စက်တယ်ဆိုတာကို မျက်လုံးရှိတဲ့လူတိုင်း ချက်ချင်းသိမြင်နိုင်တယ်"

"ငါ သူ့ကို ဖယ်ရှားမယ်လို့ ပြောတာက ပါရမီအရ ဖယ်ရှားတာကို ဆိုလိုတာ၊ ဒါဆို သူက မင်းနဲ့ယှဉ်ပြိုင်ဖို့ အရည်အချင်းမရှိတော့ဘူး"

ထိုကဲ့သို့ ပြောပြီးနောက် သူ ကျောက်ယွင်ရှန်း၏အရှေ့မှာ ချက်ချင်း ပေါ်လာပြီး သူ့ညာလက်ကို ဆန့် ထုတ်ကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူ၏ ကြမ်းတမ်းကာ အမာရွတ်များရှိသော လက်ဖဝါးထဲတွင် အပြာရင့်ရင့်ဆေးလုံးတစ်လုံး ရှိနေလေ၏။ ၎င်း၏မျက်နှာပြင်ပေါ်၌ လျှို့ဝှက်ဆန်းကြယ်သောပုံစံခြောက်မျိုးရှိနေပြီး မကောင်းဆိုးဝါးဆန်သော အလင်း ရောင်ဖြင့် တောက်ပနေကာ လူတစ်ယောက်ကို ကျက်သီးထစေသည်။

"ဒါက ဘာလဲ"

ကျောက်ယွင်ရှန်း၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့၏။ ဤအရာမှာ ဝံပုလွေ သို့မဟုတ် ကျားကဲ့သို့ အရာမျိုး ဖြစ်သည်ဟု ခံစားနေရသည်။ ၎င်းက လူတစ်ဦး၏စိတ်အစဥ်ကိုပင် ချိုးဖျက်နိုင်စွမ်း ရှိပြီး ထိတွေ့ရန် မပြောနှင့်၊ တွေးတောင် မတွေးရဲပေ။

"ဒါက အဆင့်ခြောက်ဆေးလုံးဖြစ်တဲ့ မဟာဘေးဥပဒ်ဆေးပဲ၊ တစ်ခါသောက်မိသွားရင် သောက်သုံးသူရဲ့ပါရမီကို ဖြည်းဖြည်းချင်း တိုက်စား သွားပြီး နောက်ဆုံးမှာ တခြားသာမာန်လူတွေလို ဖြစ်သွားစေတယ်"

"ဒါကို အဆင့်ခြောက်လို့ သတ်မှတ်ထားတယ်၊ ပြီးတော့ သူ့ရဲ့ထူးခြားမှုက နာတာရှည် ဖြစ်တာပဲ၊ နှစ်နှစ် ကနေ သုံးနှစ်ကြာမှ အကျိုးသက်ရောက်တယ်၊ ပြီးတော့ တစ်ခါသောက်ပြီးရင် ခန္ဓာကိုယ်ထဲမှာ လုံးဝ ပေါင်းစပ်သွားပြီး ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘူး"

အဘိုးအိုက နက်နက်ရှိုင်းရှိုင်း ပြောလာသည်။

"မင်း ဒီဆေးကို လက်ဖက်ရည်ထဲမှာ စိမ်ပြီး ချင်ကျီ ကို သောက်ခိုင်းဖို့ လိုအပ်တယ်၊ ပြီးတာနဲ့ မင်းကို ခြိမ်းခြောက်နေတဲ့ကိစ္စကို ကိုင်တွယ်ပြီးသား ဖြစ်သွားလိမ့်မယ်"

ကျောက်ယွင်ရှန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ ထို့နောက် တုန်ယင်နေသော သူ့လက်များ ကို ဆန့်ထုတ်လျက် ထိုမကောင်းဆိုးဝါးဆန်သောဆေးလုံးကို ယူဆောင်လိုက်သည်။

"သွား ချင်ကျီကို လက်ဖက်ရည်တိုက်ဖို့ အခွင့်အရေး ရှာလာခဲ့"

အပြာဝတ်ရုံဝတ် အဘိုးအိုက တည်ငြိမ်စွာ ပြော၏။

"ဟုတ်ကဲ့"

ကျောက်ယွင်ရှန်း ခေါင်းညိတ်ကာ တိတ်တဆိတ် ထွက်သွားလိုက်သည်။

အပြာဝတ်ရုံဝတ် အဘိုးအိုသည် ငြိမ်ငြိမ်လေး ရပ်နေပြီး သူ့မြေးကို ကြည့်နေလေ၏။ သူ့ပုံစံမှာ ပူပင်သောကရောက်နေပုံရပြီး သက်ပြင်းချလိုက်လေသည်။

"ဟင်း~"

ဂိုဏ်း၏ဝါရင့်လူကြီးတစ်ဦးအနေဖြင့် သူသည် သူ့မြေး က ဂိုဏ်းခေါင်းဆောင်ဖြစ်လာစေရန် ဂိုဏ်း၏ လူငယ်မျိုးဆက်ကို ထိခိုက်စေခဲ့၏။

သူက ဒီလောက်အထိ စည်းမဲ့ကမ်းမဲ့ဖြစ်နေပြီလော။

တကယ်တော့ သူ့လုပ်ရပ်များသည် ကူကယ်ရာမဲ့မှု ကြောင့် ဖြစ်ခဲ့ရခြင်းပင်။

သူ ဝေးလံစွာ မြင်မိသောကြောင့် ဖြစ်သည်။

သူသည် သူ့မြေးက ဘယ်လိုလူမျိုးလဲဆိုတာကို ကောင်းကောင်းသိပေ၏။ သူ့မြေးက ချင်ကျီကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။ သူက အခြားလူများ၏ အောက်တွင် ရှိနေရခြင်းကိုလည်း မလိုလားပေ။

သူ့မြေး၏မွေးရာပါခေါင်းမာမှုသည် အချိန်ကြာလာသည်နှင့်အမျှ အမြစ်တွယ်လာပြီး ပြောင်းလဲ၍မရနိုင်တော့ပေ။

ထို့ကြောင့် လက်ရှိပြိုင်ဘက်၏ လမ်းပိတ်ဆို့မှုသာ ဆက်ရှိနေမည်ဆိုလျှင် သူ့မြေးနှင့် ချင်ကျီကြားမှ ပဋိပက္ခက ပို၍ကြီးထွားလာမည် ဖြစ်ပြီး နောက်ဆုံး မှာ သူ့မြေးက ချင်ကျီ၏လက်ချက်နှင့် သေဆုံး နိုင်ချေများသည်။

သူ ထိုကဲ့သို့ ဥပမာများစွာကို မြင်တွေ့ခဲ့ဖူး၏။

ထို့ကြောင့် သူ့မြေးနှင့်ချင်ကျီကြားမှာ သူ တစ်ယောက် ကိုသာ ရွေးချယ်နိုင်သည်။

လူတိုင်းက ကိုယ်ပိုင်အတ္တများ ရှိကြပြီး သူ့အတွက်တော့ သူ့မြေးကို ရွေးချယ်မည်မှာ အသေအချာပင်။

"မဟာဘေးဥပဒ်ဆေးရဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်ဖို့က အချိန်အနည်းငယ် ကြာဦးမယ်၊ ချင်ကျီမှာ အချိန် နှစ်နှစ်ကနေ သုံးနှစ် ကျန်သေးတယ်၊ သူ့ပါရမီကို ထောက်ရှုပြီး ငါ တိတ်တဆိတ် တွန်းအား ပေးမယ်ဆိုရင် သူက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိနိုင်လိမ့်မယ်၊ ဒါက ဂိုဏ်းအကြီးအကဲဖြစ်ဖို့ အရည်အချင်းပြည့်မီတော့ လျော်ကြေးနည်းနည်းပေးနိုင်တာပေါ့"

သူ တွေးတောနေခဲ့၏။

…

နောက်တစ်နေ့တွင်

ချင်ကျီသည် မမျှော်လင့်ထားဘဲ ဝမ်းသာစရာတစ်ခုကို ရရှိခဲ့သည်။

သူ (၂၃)ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် အကြီးအကဲတချို့သည် အထူးခွင့်ပြုချက်ဖြင့် သူ့ကို အသစ်တစ်ဖန်မွေးဖွားခြင်းရေကန်ထဲသို့ တစ်ကြိမ်ဝင် ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြ၏။

အသစ်တစ်ဖန်မွေးဖွားခြင်းရေကန်။

၎င်းက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ရတနာဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအင်များပြည့်နှက် နေသော စမ်းရေကို အခြေခံထားရုံသာမက အဖိုးတန်ဆေးဘက်ဝင်အပင်ပေါင်းစုံလည်း ပါဝင်ပေ၏။

သန့်စင်သောယန်နယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးသာ ထိုထဲသို့ ဝင်ခဲ့ပါက သူတို့၏ပါရမီမှာ သိပ်မဆိုးသရွေ့ ကြီးမားသောအကျိုးကျေးဇူးများကို ရရှိနိုင်ပေသည်။ သူတို့အနေဖြင့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ရန် သေချာစေ၏။

ထို့အပြင် ၎င်းက ဘေးထွက်ဆိုးကျိုးများလည်း မရှိပေ။ ၎င်း၏ကုန်ကျစရိတ်မြင့်မားမှုကြောင့် ယေဘုယျအားဖြင့် ဂိုဏ်း အတွက် ကြီးမြတ်သောလုပ်ရပ်များ လုပ်ဆောင်ခဲ့ပေးသူ အတွက်သာ ဖွင့်လှစ်ပေးလေသည်။

ချင်ကျီသည် ထိုအခွင့်အရေးရရှိခဲ့ခြင်းကို အလွန်ဝမ်းသာခဲ့လေ၏။ ဆံပင်ရွှေရောင်နှင့်အမျိုးသမီးကတော့ သတိထားရန် ပြောခဲ့သည်။

ခြောက်သွေ့သွားသည်အထိ ကုန်ခမ်းအောင်မစုပ်ယူမိစေရန်ပင်။

ချင်ကျီသည် ရေကန်ထဲ၌ တစ်နေ့တာနှင့် တစ်ညလုံး နေခဲ့လေ၏။ နောက်ဆုံးတွင် သားရဲကဲ့သို့ ညည်းသံတစ်ခုက ရေကန်ထဲမှ ပေါက်ကွဲထွက်လာသည်။

"အား!!"

"ဘုန်း!"

နို့နှစ်ရောင်အလင်းတိုင်တစ်ခုသည် အသစ်တစ်ဖန်မွေးဖွားခြင်းရေကန်ရှိရာ ချိုင့်ဝှမ်းမှ ထွက်ပေါ်လာပြီး ကောင်းကင်ထိ ရောက်ရှိသွားခဲ့၏။

"အဲ့ဒီအလင်းတိုင်ကို ကြည့်လိုက်!"

"အရမ်းထူတယ်!"

"ချင်ကျီရှစ်ရှုန်းက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကို တက်လှမ်းသွားပြီ!"

"ဟမ်...အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့အလင်းတိုင်တွေက ရွှေရောင်မဟုတ်ဘူးလား၊ ချင်ကျီရှစ်ရှုန်းရဲ့အလင်းတိုင်က ဘာလို့ အဖြူရောင်ဖြစ်နေတာလဲ မသိဘူးနော်"

"အင်း...ဖြစ်နိုင်တာက တခြားအရာတွေနဲ့ ရောနေတာ ဖြစ်မယ်၊ ငါလည်း မသိဘူး...ငါ့ကို မမေးစမ်းပါနဲ့"

လူတိုင်းက အံ့အားသင့်စွာ ချီးမွမ်းနေကြသည်။ သူတို့၏အနောက်တွင် အငယ်တန်းတပည့်တစ်ဦးက လေးစားစွာ နှုတ်ဆက်လိုက်လေ၏။

"ကျောက်ရှစ်ရှုန်း"

ကျောက်ယွင်ရှန်းသည် အသက်ပြင်းပြင်းရှူသွင်းလျက် ခပ်တိုးတိုး ခေါ်လိုက်သည်။

"ရှောင်လု"

"ဟုတ်ကဲ့ ကျောက်ရှစ်ရှုန်း"

ကျောက်ယွင်ရှန်းသည် နောက်ထပ်အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။

"ငါ့အတွက် ချင်ကျီရှစ်တိကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ပေးပါဦး၊ ပြီးတော့ ဒီဖိတ်ခေါ်မှုက သူ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပေးချင်တာကြောင့်လို့ ပြောပေးပါ"

**********************

All Chapters