လောကကြီးက သိပ်ကိုကျယ်ပြန့်တယ်၊ သူ ဒါကို မြင်ချင်မိတယ်
Vol. 4 Ch. 57
ချောက်ကမ်းပါးဘေး၊ ကောက်ကွေးနေသောထင်းရှူးပင်အောက်တွင် ရှေးဟောင်းကျောက်စားပွဲ တစ်လုံးနှင့် ကျောက်ထိုင်ခုံ နှစ်လုံး ရှိသည်။
ကျောက်စားပွဲပေါ်တွင် ရေနွေးငွေ့ထွက်နေသောလက်ဖက်ရည်အိုးတစ်လုံး ရှိနေပြီး အထဲ၌ အညိုဖျော့ရောင်လက်ဖက်ခြောက် အနည်းငယ်က လှုပ်ခါလျက်ရှိ၏။
ကျောက်ယွင်ရှန်းသည် ကျောက်ထိုင်ခုံများထဲမှ တစ်ခု ပေါ်တွင် ထိုင်လျက် ချင်ကျီရောက်လာသည့်အချိန်ကို စောင့်ဆိုင်းနေသည်။
"ကျောက်ရှစ်ရှုန်း အစ်ကို ကျွန်တော့်ကို ရှာနေတာလား"
နောက်ဆုံးတွင် ရွှင်လန်းနေသောအသံတစ်ခု ထွက်ပေါ် လာလေ၏။
ကျောက်ယွင်ရှန်းမှ သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ ချင်ကျီသည် နေရောင်ခြည်ကဲ့သို့ ပြုံးလျက် အားကောင်းကာ ယုံကြည်မှုရှိသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
ယုံကြည်မှုအပြည့်ပင်။
ကျောက်ယွင်ရှန်းသည် ထိုကဲ့သို့ချင်ကျီအား ကြည့်၍ တိတ်ဆိတ်စွာ အသက်ပြင်းပြင်းရှူလိုက်မိ၏။ ထို့အပြင် သူ့နှလုံးသားထဲ၌ ပို၍လေးလံလာသည်ကို ခံစားနေရသည်။
သူ ကျောက်ထိုင်ခုံမှ ထရပ်ကာ ပြုံး၍ ပြောလိုက်၏။
"အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ် တက်လှမ်းနိုင်ခဲ့တာကို ဂုဏ်ပြုပါတယ် ရှစ်တိ၊ မင်းက ငါတို့ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ တပည့်တွေကြားမှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကို တက်လှမ်းနိုင်တဲ့ ပထမဆုံးလူပဲ၊ ဒါက ရှားပါးတဲ့ အောင်မြင်မှုပဲ"
“ဟားဟား ကံကောင်းသွားလို့ပါဗျာ၊ ဂိုဏ်းကသာ ရက်ရက်ရောရောနဲ့ အသစ်တစ်ဖန်မွေးဖွားခြင်းရေကန်ထဲ ဝင်ခွင့်မပြုခဲ့ဘူးဆိုရင် ဘယ်လောက်ထိကြာဦးမလဲ မသိဘူး"
ချင်ကျီသည် နှိမ့်ချစွာ ရယ်မောလိုက်သည်။
"ဒါက မင်းရဲ့ခွန်အားနဲ့ ရရှိခဲ့တာပါ၊ မင်းမှာသာ စွမ်းအားမရှိဘူးဆိုရင် ဒီလိုအခွင့်အရေးမျိုးက ဒီတစ်သက်တာမှာ ပေါ်လာမှာ မဟုတ်ဘူးလေ"
ကျောက်ယွင်ရှန်းက ပြော၏။
"အဟွတ်! အဟွတ်!"
ချင်ကျီ ခြောက်ကပ်စွာ ချောင်းဆိုးလိုက်မိသည်။ ထို့နောက် သူ တိတ်တဆိတ် နေလိုက်၏။
အခုလိုအချိန်မျိုး၌ သူ မာနကြီးလွန်းနေလို့လည်း မဖြစ်သလို နှိမ့်ချလွန်းနေလို့လည်း မဖြစ်ပေ။ အကြောင်းမှာ ကျောက်ရှစ်ရှုန်းကို မတော်တဆ စိတ်ဆိုးမိစေမှာကို စိုးရိမ်သောကြောင့်ပင်။
သူ၏စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်က မနိမ့်ပါးပေ။ ကျောက်ရှစ်ရှုန်းက စိတ်ထားကောင်းသည်ဟု လူသိများသော်လည်း ဂိုဏ်း၏ထိပ်တန်းပါရမီရှင်အဖြစ် ထိုနေရာတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီးနောက် ရုတ်တရက် ယူဆောင်သွားခံရသည်။ ဒါကြောင့် သူ့စိတ်ထဲ၌ မသက်မသာခံစားနေရမှာ သေချာ၏။
"ထိုင်ပါ"
ကျောက်ယွင်ရှန်းသည် ချင်ကျီကို ထိုင်ရန် အမူအရာပြ လိုက်သည်။ ထို့နောက် မီးဖိုကို ကြည့်ကာ သူ ပြောလိုက်၏။
"မကြာသေးခင်က ချိုင့်ဝှမ်းတစ်ခုမှာ ရှားပါးတဲ့လက်ဖက်ပင်တစ်ပင်ကို ငါ တွေ့ခဲ့တယ်၊ သက်တမ်းနှစ်ရာကျော် ရှိနေပြီ၊ ဒူးလောက်ပဲ မြင့်ပေမယ့် လက်ဖက်ရွက် ရာပေါင်းများစွာ ထွက်နိုင်တယ်"
"ဒီလိုရတနာမျိုးက ရဖို့ခက်တယ်၊ ငါ ဒီအတိုင်းထား လိုက်ရင် နောက်ကျမှ တစ်ယောက်ယောက်က ခူးသွား နိုင်တယ်လို့ တွေးခဲ့မိတယ်"
"ဒါကြောင့် ငါ ခိုင်ခိုင်မာမာဆုံးဖြတ်ပြီး သက်တမ်းနှစ်ရာကျော် လက်ဖက်ပင်ကို တစ်ရွက်တောင် မချန်ဘဲ ခူးလိုက်တယ် ဟားဟားဟား!"
"ငါ အကုန်ခူးခဲ့ပေမယ့် လက်ဖက်ခြောက်ရွက်တွေက နှစ်ပေါင်တောင် မရှိဘူး၊ ငါက လက်ဖက်ရည်လုပ်နည်းကိုလည်း နားမလည်ဘူးလေ၊ ဒါကို သိမ်းထားတာက အလဟဿဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် နူးညံ့တဲ့အရွက်တွေကိုတော့ ငါ့အဘိုးကို ပေးပြီး ငါ့အတွက် အရွက်ဟောင်းတချို့ပဲ ထားခဲ့တယ်"
"ဒီအရွက်ဟောင်းတွေက နည်းနည်းမာတယ်လေ၊ ရေနွေးပူပူလောင်းထည့်ရင် သူတို့ရဲ့အနှစ်သာရကို မရနိုင်ဘူး၊ သူတို့ကို လက်ဖက်ရည်အိုးထဲမှာ ပြုတ်ဖို့ လိုတယ်"
"အင်း...သောက်လို့ ရနေပြီ"
ကျောက်ယွင်ရှန်းသည် ပြောပြီးသည်နှင့် လက်ဖက်ရည်အိုး၏ လက်ကိုင်ကို ဆုပ်ကိုင်ကာ သူ့အတွက်နှင့် ချင်ကျီအတွက် တစ်ခွက်စီ လောင်းထည့်လိုက်သည်။
"ဒါက တကယ်ကို လက်ဖက်ရည်ကောင်းပဲ"
ချင်ကျီသည် လက်ဖက်ရည်၏ လတ်ဆတ်ပြီး ထူးခြားသောရနံ့ကို အနံ့ခံ၍ ပြုံးကာ ချီးကျူးလိုက်၏။ ထို့နောက် သူ့လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။
သို့သော်ငြား သူ့နှုတ်ခမ်းနားသို့ ယူဆောင်လာချိန်တွင် သူ ရုတ်တရက် ရပ်တန့်သွားမိ၏။ သူ့အဖေ သူ့ကိုသင်ကြားခဲ့သော သင်ခန်းစာတစ်ခုကို သတိရလိုက်သောကြောင့်ပင်။
အခြားလူများပေးသော စားစရာသောက်စရာများကို ပေါ့ပေါ့တန်တန် မစားမသောက်ရပေ။
"ချင်ကျီရှစ်တိ ဘာဖြစ်လို့လဲ"
ကျောက်ယွင်ရှန်းသည် သူ့ခွက်ကို မြှောက်၍ ညင်သာစွာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်၌ နူးညံ့သောအပြုံးတစ်ခု ပေါ်လာလေ၏။
"အာ"
ချင်ကျီ သတိပြန်ဝင်လာပြီးနောက် ကိုးရိုးကားရားရယ်မော၍ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ရုတ်တရက်ကြီး တစ်ခုခုကို သတိရပြီး စိတ်ပျံ့သွားတာ"
"သြော် ဒီလိုကိုး"
ကျောက်ယွင်ရှန်း တိုးတိုးလေး ရယ်မောမိ၏။ ချင်ကျီက သူ့ခွက်ကို ချထားသည်ကို မြင်သောအခါ သူ မေးလိုက်သည်။
"ချင်ကျီရှစ်တိ ဘာလို့မသောက်တာလဲ၊ မင်းရဲ့ရှစ်ရှုန်း ပေးတဲ့ လက်ဖက်ခြောက်က မျိုချဖို့တောင် အရည်အသွေးအရမ်းညံ့တယ်လို့ ထင်မိလို့လား"
"လုံးဝမဟုတ်ပါဘူး လုံးဝမဟုတ်ပါဘူး"
ချင်ကျီ လျင်မြန်စွာ ချေပလိုက်၏။
"ဒါဆို ဘာလို့မသောက်တာလဲ၊ ငါ အဆိပ်ခတ်ထားတယ်လို့ သံသယဝင်နေတာလား"
ကျောက်ယွင်ရှန်းသည် ဟန်ဆောင်ဒေါသဖြင့် မေးလိုက်သည်။
ဟန်ဆောင်ဒေါသ။
၎င်းက မှော်ဆန်သော အမူအရာတစ်ခုပင်။ တစ်ဖက်လူက တကယ် ဒေါသထွက်နေတာလား၊ နောက်ပြောင်နေတာလားဆိုတာကို ဘယ်တော့မှမသိ နိုင်ပေ။
တစ်ခါတစ်ရံမှာ ထိုအရာက နောက်ပြောင်မှုသက်သက်ပင်။ တစ်ခါတစ်ရံမှာ တစ်ဝက်သာ နောက်ပြောင်နေခြင်းဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ သေလောက်အောင် အလေးအနက်ထားနေခြင်းဖြစ်ကာ နောက်တစ်ခဏအတွင်းတွင် ဒေါသတကြီးဖြစ်သွားလိမ့်မည်။
ကျောက်ယွင်ရှန်း၏အမူအရာနှင့် ရင်ဆိုင်လိုက်ရသောအခါ ချင်ကျီသည် ရုတ်ချည်းပင် စိတ်ပူပန်သွားရ၏။ သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။
ထိုကဲ့သို့ စိတ်မသက်မသာဖြစ်မှုက ကျောက်ရှစ်ရှုန်းအပေါ်၌ ထားရှိသော သူ၏သံယောဇဉ်ကြောင့်ပင်။ သူ ထိုကဲ့သို့ မိတ်ဆွေမျိုးကို မဆုံးရှုံးချင်ပေ။
ကောင်းကင်မျက်လုံးတောင်တွင် တခြားလူများ၏မေးခွန်းထုတ်မှုကို ဆန့်ကျင်ရင်း သူ့အတွက် ရပ်တည်ပေးခဲ့သော ကျောက်ယွင်ရှန်း၏ ကူညီထောက်ပံ့မှုအား သူ ကြားသိခဲ့ရ၏။ ၎င်းသည် ကျောက်ရှစ်ရှုန်းက ကောင်းမွန်သောဂိုဏ်းတူအစ်ကိုဖြစ်ကြောင်း ပြသနေပေသည်။
သူ စိတ်ပူမိ၍သာ အာရုံကြောများ တင်းမာနေခဲ့ခြင်းပင်။
အကယ်၍ သူ မကြိုက်သော တခြားလူတစ်ယောက်က ထိုကဲ့သို့မေးခွန်းကို မေးလာလျှင် 'ဟားဟား မင်း ငါ့ကိုသံသယဝင်ရင် ငါလည်း မင်းကို သံသယဝင်မယ်...ဘာဖြစ်လဲ!!' ဟု ပြန်ပြောမိလိမ့်မည်။
"အဟွတ်! အဟွတ်! ကျောက်ရှစ်ရှုန်း ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲ့ဒီလိုစဉ်းစားနိုင်မှာလဲ၊ ကျွန်တော်က ကျောက်ရှစ်ရှုန်းရဲ့စိတ်ထားကို ယုံကြည်ပါတယ်"
ချင်ကျီ ရယ်မောလိုက်သည်။ ထို့နောက် သူ့လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်းမော့သောက်ခဲ့ပေ၏။
ထိုခဏတာအတွင်းတွင် သူသည် သူ၏ ရွေးချယ်စရာများကို ချိန်ဆပြီးသား ဖြစ်လေသည်။ ကျောက်ယွင်ရှန်းက သူ့ကို အန္တရာယ်ပြု၊ မပြုကို အသာထား၊ သူ့ကိုသတ်ချင်လျှင်တောင် ဒီလောက်အထိ ရဲတင်းစွာဖြင့် ဂိုဏ်းထဲမှာ လူသိရှင်ကြား အဆိပ်ခတ်လောက်မည် မဟုတ်ပေ။
ဘယ်သူက ဒီလောက်မိုက်မဲမည်နည်း။
ထို့အပြင် သူ့ဆရာကိုလည်း လျှို့ဝှက်စွာ စစ်ဆေးခိုင်းခဲ့လေ၏။ လက်ဖက်ရည်က တကယ်ကို ကောင်းမွန်သည်။ ထို့အပြင် တစ်ခုခုဖြစ်လာခဲ့လျှင်တောင်မှ သူ့အဖေ ရှိနေသေး၏။
သို့သော်ငြား လောင်းကြေးထပ်ထားရတုန်းပင်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူက တကယ်ပင် သူ မထင်မှတ်ထားသောလုပ်ရပ်ကို လုပ်ချင်လုပ်လိမ့်မည်။ သူ့ကို အဆိပ်ခတ်ချင်ခတ်ထားလိမ့်မည်။ ထို့အပြင် သူ့ဆရာတောင်မတွေ့နိုင်သော အဆိပ်တစ်မျိုးမျိုးကို ထည့်ချင်ထည့်ထားလိမ့်မည်။
သို့သော်ငြား...
သူသည် စွန့်စားကြည့်ရန် ဆန္ဒရှိပေသည်။
ကျောက်ရှစ်ရှုန်းက လောင်းကြေးထပ်ကြည့်ရန်ထိုက်တန်ပေ၏။
ကျောက်ယွင်ရှန်းက ချင်ကျီကို အနီးကပ် ကြည့်နေသည်။ ချင်ကျီ၏အမူအရာများအတွင်း သိမ်မွေ့သော ပြောင်းလဲမှုတိုင်းကို လေ့လာနေခဲ့၏။
သူသည် ရှစ်တိ၏မျက်လုံးထဲ၌ မရေမရာဖြစ်မှု၊ ရုန်းကန်မှု၊ ဆုံးဖြတ်နိုင်ခြင်းမရှိမှုများကို မြင်တွေ့ခဲ့ရသည်။ နောက်ဆုံးတွင်မူ ယုံကြည်မှုဖြင့် သူ့လက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့ချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
ထိုအခိုက်အတန့်တွင် သူ့နှလုံးသားက ပြင်းထန်စွာ ကျုံ့သွားပြီး သူ့လက်အကျအတွင်းမှ ညာလက်ကို တင်းကျပ်စွာ ဆုပ်လိုက်မိသည်။
ထို့နောက် ဖြည်းညှင်းစွာ ဖြေလျှော့၍ ပေါ့ပါးသော သက်ပြင်းကို ချလိုက်လေ၏။ သူသည် ဝန်ထုပ်ဝန်ပိုးတစ်ခုမှ လွတ်မြောက်သွားခြင်းကို ခံစားလိုက်ရသည်။ ထို့နောက် သူ ပြုံးကာ မေးလိုက်၏။
"လက်ဖက်ရည် ဘယ်လိုနေလဲ...ကောင်းလား"
"အင်း...စစချင်းမှာ နည်းနည်းခါးပေမယ့် နောက်တော့ ချိုသွားတယ်၊ နောက်ဆုံးမှာ မွှေးရနံ့ နည်းနည်းက ကျန်ရစ်ခဲ့တယ်"
ချင်ကျီသည် သူ့နှုတ်ခမ်းများကို သပ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"ဟားဟား...မင်း ကြိုက်မှတော့ ကျန်နေသေးတဲ့လက်ဖက်ခြောက်ရွက်တွေကို မင်း အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးလိုက်မယ်"
ကျောက်ယွင်ရှန်းသည် စိတ်အားထက်သန်စွာ ပြောလိုက်၏။ ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ စက္ကူအိတ်လေးတစ်ခုကို ထုတ်ယူကာ ချင်ကျီကို လှမ်းပေးလိုက်သည်။
လက်ရှိအခိုက်အတန့်တွင် ကျောက်ယွင်ရှန်းသည် မတိုင်ခင်ကနှင့် လုံးဝမတူတော့ပေ။ လေးလံသောဝန်ထုပ်ဝန်ပိုးကို ဖျောက်ဖျက်လိုက်သကဲ့သို့ သူ့စိတ်တစ်ခုလုံးက ပြေလျော့သွားပုံရ၏။
"ဒါက… မသင့်တော်ဘူး ထင်တယ်"
ချင်ကျီသည် ကသိကအောင့်ဖြစ်စွာ ငြင်းဆိုလိုက်သည်။
"ဘာက မသင့်တော်ရမှာလဲ၊ ငါက ပေးတယ်ဆိုရင် ယူ လိုက်ပေါ့ကွာ ဟားဟား… တစ်ကယ်လို့ ဒီလက်ဖက်ပင် ကို တခြားသူတွေ မတွေ့လို့ မခူးရသေးဘူးဆိုရင် ငါ နောက်နှစ်မှာလည်း နောက်တစ်ခါသွားပြီး တစ်ရွက်မချန်အကုန်ခူးဦးမှာ၊ နောက်ထပ်တစ်ပေါင် ဒါမှမဟုတ် နှစ်ပေါင်လောက် ရိတ်သိမ်းရတာပေါ့"
ကျောက်ယွင်ရှန်းက ကြီးမားသော အပြုံးဖြင့် ပြော၏။
"ကောင်းပါပြီ… ဒါဆို ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း"
ခဏတာ တုံ့ဆိုင်းပြီးနောက် ချင်ကျီလည်း ခေါင်းညိတ် လိုက်သည်။ လက်ဖက်ခြောက်ရွက်များက တကယ် ကို ကောင်းမွန်ပေ၏။ သူ့အဖေ စမ်းသောက်နိုင်ရန် ပြန်ယူသွားနိုင်သည်။
"ဟားဟား ညီအစ်ကိုတွေကြား ကျေးဇူးတင်စရာ မလိုပါဘူး"
ထိုသို့ဖြင့် သူတို့နှစ်ဦးစလုံး လွတ်လွတ်လပ်လပ်စကားစမြည်ပြောဆိုခဲ့ကြ၏။
အချည်းနှီးဖြစ်သောစကားများကိုပင် ပြောဆိုခြင်း၊ အသေးအဖွဲ့ကိစ္စများ ဖလှယ်ခြင်းနှင့် သူတို့နှစ်ဦး စိမ်းသက်ခဲ့သော နှစ်များကိုပါ အတူတကွပေါင်းစည်းရန် ကြိုးစားနေပုံပင်။
အချိန်ကြာမြင့်ပြီးနောက် ချင်ကျီ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်မှာ ကောင်းကင်ကြီးက တဖြည်းဖြည်းနှင့် နေဝင်ချိန်သို့ ပြောင်းလဲနေလေ၏။ ကျောက်ယွင်ရှန်းသည် သူ တစ်ယောက်တည်း ချောက်ကမ်းပါးစွန်းမှာ ရပ်နေခဲ့သည်။
ကျောက်ယွင်ရှန်းက သူ့လက်များကို အနောက်မှာ ထားလျက် ရပ်နေလေ၏။ နေဝင်ချိန်နှင့် ပတ်ဝန်းကျင်ရှိ တောင်များ၏ ရွှေရောင်ပုံသဏ္ဌာန်များကို တိတ်ဆိတ်စွာ ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် သူ ပြုံးလိုက်၏။
ထိုအပြုံးသည် မိမိကိုယ်ကိုယ် လှောင်ပြောင်ခြင်းနှင့်အတူ စိတ်သက်သာရာရသောပုံစံကို ဖော်ဆောင်ထားလေသည်။ နောက်ဆုံးတွင် ခပ်တိုးတိုးရယ်မောသံအဖြစ် ပြောင်းလဲသွားလေ၏။
ထို့နောက် သူ့ညာဘက်လက်ထဲတွင်ရှိသော အပြာရောင်ဆေးလုံးတစ်လုံးကို နေမင်းရှိရာဆီသို့ အားပါးတရ ပစ်လိုက်ကာ အလင်းတန်းတစ်ခုအဖြစ် အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။
နောက်ဆုံးမှာတော့ သူ မလုပ်ရက်ခဲ့ပေ။
အထူးသဖြင့် ချင်ကျီက ထိုလက်ဖက်ရည်ခွက်ကို သောက်လိုက်သောအခါ သူ့နှလုံးသားသည် ကြီးမားသောစိတ်သက်သာရာရမှုဖြင့် ပြည့်နှက်သွားခဲ့ပြီး ကြောက်ရွံ့သောခံစားချက်သာလျှင် ကျန်ရစ်ခဲ့၏။
ကံကောင်းလို့... တကယ်ကို ကံကောင်းလို့ပေ။
ထိုမိုက်မဲသောရှစ်တိသည် သူ့အပေါ်၌ သံသယများ ရှိခဲ့သော်လည်း သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့ပြီး သူ့အသက်ကိုပင်လျှင် လောင်းကြေးထပ်ခဲ့သည်။
သူက ထိုကဲ့သို့သောယုံကြည်မှုမျိုးကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မည်နည်း။
"အဘိုး ပြောတာမှန်တယ်၊ ငါ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာပဲ ပထမရနေဖို့ တွယ်ကပ်နေတာမျိုး မဖြစ်သင့်ဘူး၊ လောကကြီးတစ်ခုလုံးနဲ့ နှိုင်းယှဉ်ရင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ဘာအရေးပါလို့လဲ၊ နေကိုးလုံးနယ်မြေကလည်း ဘာအရေးပါလို့လဲ"
သူ အသက်ပြင်းပြင်းရှူသွင်းကာ မီးကဲ့သို့ တောက်ပနေသော မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေခဲ့၏။ သူ၏ မှောင်မိုက်သော မျက်လုံးများထဲတွင် တစ်ခါမှမရှိခဲ့ဖူးသော ရည်မှန်းချက်နှင့် ဆုံးဖြတ်ချက်ချထားမှုများ ပြည့်နှက်နေခဲ့သည်။
"လောကကြီးက သိပ်ကိုကျယ်ပြန့်တယ်၊ ငါ အဲ့ဒါကို ကိုယ်တိုင် ကြည့်သင့်တယ်"
****************