ဒီကံကောင်းလှသူက ဘယ်သူလဲ
Vol. 4 Ch. 58
ရက်အနည်းငယ်အကြာတွင် ကျောက်ယွင်ရှန်း နေထိုင်ရာ တောင်ထိပ်ပေါ်၌ ရွှေရောင်အလင်းတန်း တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားကာ ၎င်း၏အော်ရာသည် သက်တန့်ကိုပင် ထိုးဖောက်သွားလေသည်။
သူသည်လည်း အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့၏။
ထို့နောက် ဂိုဏ်း၏ ရာထူးကြီးအကြီးအကဲများအားလုံး၏အရှေ့တွင် ဂိုဏ်းမှထွက်ခွာ၍ သိုင်းလေ့ကျင့်ရေးခရီးကို စတင်နိုင်ရန် သူ ခွင့်ပြုချက်တောင်းခံခဲ့သည်။
ထိုဆုံးဖြတ်ချက်က လူများစွာကို အံ့အားသင့်စေခဲ့၏။
သေချာပေါက်ပင် မြေခွေးကဲ့သို့ ဉာဏ်နီဉာဏ်နက်ရှိ သော အကြီးအကဲများသည် သူ့အကြောင်းပြချက်ကို လျင်မြန်စွာ နားလည်ခဲ့ကြသည်။
စကားပုံအရ တောင်တစ်လုံးက ကျားနှစ်ကောင်စလုံးကို နေရာမပေးနိုင်ပေ။
ယခု ချင်ကျီက အလင်းရောင်ထဲ ရောက်နေချိန်တွင် ကျောက်ယွင်ရှန်းအနေဖြင့် သူ့အရိပ်အောက်မှာ အသက်ရှူကျပ်စွာ နေရသည်မှာ တကယ်ပင် မနှစ်မြို့စရာ ကောင်းပေ၏။
ခရီးသွားခြင်းက မျှော်လင့်ချက်အသစ်များကို ဖွင့်လှစ် ပေးနိုင်သည်။ သိုင်းပညာရှင်များစွာသည် သူတို့၏စိတ်အစဥ် ရှုပ်ထွေးနေချိန်မှာ ခရီးထွက်ရန် ရွေးချယ်ခဲ့ကြ၏။
တကယ်တော့ သိုင်းပညာရှင်မျိုးနွယ်စုများ၏ အကြီးအကဲများစွာသည်လည်း မိသားစုရေးရာကိစ္စများကို ကိုင်တွယ်ပြီးသည်နှင့် ခရီးထွက်ကြသည်။
သူတို့က သက်တမ်းဆုံးတော့မည့်အချိန် နီးကပ်လာသောအခါ မြေကြီးထဲသို့ တိတ်တဆိတ်ဝင်ရန် မလို လားဘဲ နောက်ဆုံးအခွင့်အရေး တစ်ခုရရန်၊ ကောင်းကင်ဘုံကို ဆန့်ကျင်၍ အောင်မြင်မှုရရှိရန် လိုချင်ကြ၏။
အောင်မြင်သွားခဲ့လျှင် သူတို့က သဘာဝကျစွာပင် ဘုန်းမာန်ကြီးစွာ ပြန်လာကြပြီး မျိုးနွယ်စုကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ကြလိမ့်မည်။ မအောင်မြင်ခဲ့လျှင် သူတို့က ရပ်ခြားနယ်မြေတွင် သေဆုံးတတ်ကြပေသည်။
သေချာပေါက် အချိန်အကြာကြီးကတည်းက အလားအလာ ကုန်ဆုံးနေပြီဖြစ်သော အကြီးအကဲများသည် ကောင်းကင်ဘုံ၏အံ့ဖွယ်ဖြစ်ရပ်ကို မတားဆီးဘဲ အိမ်နှင့်ဝေးရာ၌ သေဆုံးတတ်ကြ၏။ သူတို့၏မိသားစုဂူများဆိုလျှင် အများအားဖြင့် ဂူအလွတ်များ ဖြစ်လာကြသည်။
သို့သော်ငြား ပါရမီရှင်တစ်ဦးမှ ခရီးထွက်သွားခြင်းအတွက် တိုးတက်ရန် မျှော်လင့်ချက်သည် အကြီးအကဲများထက် အဆုံးမရှိကြီးမားကာ သိသိသာသာ ကွာခြားပေ၏။
ကောင်းကင်နှင့် ကမ္ဘာမြေကြား၌ ကံကြမ္မာအကြောင်းပြောစရာစကားများ တကယ်ရှိပုံ ရသည်။
ပါရမီရှင်တိုင်းက အလွန်ကောင်းသောကံကြမ္မာကို ပိုင်ဆိုင်ထားကြ၏။ သာမန်လူများထက် ကောင်းမွန်သည့် အခွင့်အရေးများကို တွေ့ကြုံရန် ပိုမိုမြင့်မားသော အခွင့်အလမ်းများ ရှိသည်။
ထို့အပြင် သူတို့က အရေးကြီးသောပုဂ္ဂိုလ်များ၏ သတိထားမိခြင်းကို အလွယ်တကူ ခံရနိုင်၏။ တပည့်များအဖြစ်ခေါ်ဆောင်ခံရခြင်း သို့မဟုတ် လက်ထပ်ပေးခံရခြင်း စသည့် ဖြစ်နိုင်ခြေများစွာ ရှိပေသည်။
ထို့ကြောင့် ဂိုဏ်း၏ ရာထူးကြီးအကြီးအကဲများလည်း သူ့တောင်းဆိုမှုကို သဘောတူပေးခဲ့ကြ၏။
ယနေ့တွင်...
ကျောက်ယွင်ရှန်းက ထွက်ခွာသွားခဲ့သည်။
လူများစွာက သူ့ကို လိုက်ပို့ရန် လာခဲ့ကြ၏။ တပည့်များ သာမက အကြီးအကဲများ၊ လူရှေ့သိပ်မထွက်သော သက်ကြီးအကြီးအကဲများတချို့ပင်လျှင် ပေါ်လာခဲ့သည်။
ပုံမှန်ဆိုလျှင် စည်းကမ်းတင်းကျပ်သော ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံသည်လည်း သူ့သားကို ညွှန်ကြားချက်များစွာ ပေးခဲ့ပြီး အသက်ကယ်ရတနာများနှင့် ဆေးလုံးများစွာကို ပေးကမ်းခဲ့လေ၏။
"ကျောက်ရှစ်ရှုန်း"
ချင်ကျီ၏မျက်နှာပေါ်တွင် နောင်တများဖြင့် ပြည့်နှက်နေကာ ခပ်တိုးတိုးလေး ပြောလာသည်။
"ဒါက ကျွန်တော့်အပြစ်ပါ၊ ကျွန်တော်သာ မရှိခဲ့ရင် အစ်ကို ဒီလိုလုပ်မှာ မဟုတ်ဘူး…"
"ဟားဟား ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အရေးကြီးတယ်လို့ မထင်နဲ့ကွ!"
ကျောက်ယွင်ရှန်းက ချင်ကျီ၏ခေါင်းကို မထီမဲ့မြင်ဖြင့် ပုတ်လိုက်လေ၏။
"မင်းက ငါ့ကို မောင်းထုတ်ခဲ့မိတယ်လို့ ထင်နေတာလား၊ စိတ်ကူးမယဉ်နေနဲ့...မင်းက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှာဖြစ်ပြီး ငါလည်း ထပ်တူပဲ၊ ငါက မင်းကို ကြောက်နေရမှာလား"
"မင်းရဲ့ရှစ်ရှုန်းက ဒီအတိုင်း စူးစမ်းလေ့လာချင်ရုံပဲ၊ အပြင်လောကကြီးက အရမ်းကျယ်ပြန့်တယ်၊ ငါက ကြည့်ချင်ရုံပါပဲ...ဒါပဲ"
ထိုသို့ဖြင့် သူ မသိမသာ လှည့်ထွက်လာခဲ့သည်။ ထို့အပြင် ချင်ကျီကို ပေါ့ပေါ့ပါးပါး နောက်ပြောင်ခဲ့သေး၏။
"သနားစရာရှစ်တိလေး ငါကတော့ အပြင်ထွက်ပြီး လောကကြီးကို ကြည့်တော့မယ်၊ ဒါပေမဲ့ မင်းကတော့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းလေးမှာ ပိတ်မိနေတုန်းပဲ၊ အင်း… ဒါက ငါတို့ကြားက ကွာခြားချက်ပဲ၊ ဒီကွာခြားချက်က သိပ်ကိုကြီးတယ်"
သူပြောခဲ့သော နောက်ဆုံးဝါကျက ဒေသိယလေယူလေသိမ်းတစ်မျိုးကိုပင် အသုံးပြုခဲ့ရာ 'သိပ်ကို' ဟူသည့် စကားလုံးကို ဆွဲပြောထားလေသည်။
နောက်ပြောင်သံများ ပဲ့တင်သံထပ်နေချိန်တွင် ကျောက်ယွင်ရှန်း၏ပုံသဏ္ဌာန်က တံခါးအရှေ့၌ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
အရှေ့မှာ တောင်ကုန်းများက သူ့အရိပ်ကို ပိတ်ဆို့ထားလေသည်။ ထို့အပြင် ကွေ့ကောက်နေသောလမ်းကို ဖုံးကွယ်ထားပေး၏။ သူ ဘယ်ကိုသွားမလဲဆိုတာကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။
ချင်ကျီသည် ကျောက်ယွန်းရှန် ထွက်ခွာသွားရာ လမ်းကြောင်းကို တွေဝေစွာ စိုက်ကြည့်နေခဲ့ပြီး သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်မိသည်။
အကြောင်းအရင်းမဲ့စွာပင် သူ ပိုပြီးနောင်တရနေသလို ခံစားနေရ၏။
လူတိုင်းက ခါးသီးမှုကို ရင်ဆိုင်ကြရသည်။ ထို့အပြင် အခြားလူများနှင့် မျှဝေရန်လည်း မလိုလားသောအခါ သူတို့ကိုယ်တိုင်ကသာ ပို၍ထမ်းပိုးကြလေ၏။
သူ တကယ်တမ်းလိုချင်သည်မှာ ကျောက်ရှစ်ရှုန်းက သူ့ကို ထိုးကာ ဆဲဆိုလျက် ထွက်သွားခြင်းပင်။ ထိုအရာက ပေါ့ပေါ့ပါးပါး ဖြစ်သယောင်နှင့် လေးလံသောဝန်ထုပ်ဝန်ပိုးကို ထမ်းလျက် ထွက်ခွာသွားသည်ထက် ပိုကောင်းသည်။
"စဉ်းစားမနေနဲ့တော့၊ ဒါက အကောင်းဆုံးရလဒ်ပဲ"
ချင်ချွမ်းက သူ့သား၏ပခုံးကို ပုတ်လာခဲ့၏။
တကယ်တော့ သူလည်းပဲ ကျောက်ယွင်ရှန်း၏ ရွေးချယ်မှုကို အံ့အားသင့်နေခဲ့ပြီး ရှားရှားပါးပါးပင် လေးစားမိပေသည်။
သူ့ရှုထောင့်မှ ကြည့်လျှင်။
ကျောက်ယွင်ရှန်း၏ဝိသေသလက္ခဏာ၊ နောက်ခံ နှင့် ကိုယ်ရည်ကိုယ်သွေးက သူ့သားဖြစ်သူနှင့် ဆန့်ကျင်ဘက်ရပ်တည်ရန် ကံကြမ္မာစီရင်ပြီးသားပင်။ နောက်ဆုံးတွင် ကျောက်ယွင်ရှန်းသည် ဇာတ်လိုက်၏အော်ရာအောက်၌ အပိုင်းအစများအဖြစ် ချေမှုန်းခံရလိမ့်မည်။
သို့သော်...
ထိုကောင်လေး၏စိတ်ထားပြောင်းလဲမှုသည် ရုတ်ချည်းပင် သူ့လမ်းကြောင်းကို ချဲ့ထွင်လိုက်နိုင်ခဲ့၏။ ၎င်းက ကံကြမ္မာစီရင်ထားသော ဘေးဥပဒ်ကို မထိမိအောင် ရှောင်ရှားလိုက်နိုင်ခဲ့သကဲ့သို့ ခံစားရပေသည်။
…
ကျောက်ယွင်ရှန်း ထွက်ခွာသွားပြီးနောက် ချင်ကျီသည် သဘာဝကျစွာပင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ဖြစ်လာပေ၏။
သူ့ထက်အသက်ကြီးသော တပည့်များပင်လျှင် သူ့ကိုမြင်သောအခါ လေးစားစွာဖြင့် 'ချင်ရှစ်ရှုန်း' ဟု ခေါ်ဝေါ်ကြသည်။
တပည့်များကြားတွင် ချင်ကျီက အထူးလေးစားခံရလေ၏။ အထူးသဖြင့် အမျိုးသမီးတပည့်များက ပြင်းပြင်းထန်ထန် စိတ်အားထက်သန်နေကြသည်။ အမျိုးသမီးတပည့်တိုင်းနီးပါးသည် ချင်ကျီကို မြင် သောအခါ စကားလာပြောတတ်ကြ၏။ သို့သော်ငြား ချွင်းချက်တစ်ခုတော့ ရှိပေသည်။
သူမကတော့ ရွှေ့ချင်းရိုပင်။ မျက်နှာပေါ်တွင် နက်ပြာရောင်မွေးရာပါအမှတ်ပါရှိသော မိန်းကလေး ဖြစ်ပြီး ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်ရှိသူဟု ထင်မှတ်ခံထားရသူဖြစ်၏။
ယခင်က ချင်ကျီသည် သူမအတွက် ရပ်တည်ပေးခဲ့ဖူးသည်။ ချင်ကျီက အကြီးအကဲဝူ၏မြေး၊ ဝူရှို့ကို မသန်မစွမ်းဖြစ်စေခဲ့၍ တော်တော်လေး ဂယက်ထခဲ့သေး၏။
ယနေ့တွင် သူမသည် တောင်ကုန်းငယ်လေး နောက်ကွယ်၌ ပုန်းအောင်းနေကာ မြက်ပင်များနှင့် ကျောက်တုံးများကြားကနေ ချင်ကျီ ဖြတ်သွားသည်ကို ချောင်းကြည့်နေလေသည်။
သူမ သိသည်မှာ ချင်ကျီရှစ်ရှုန်းသည် ခန္ဓာကိုယ်အားဖြည့်ရန်အတွက် ဂိုဏ်း၏ သဘာဝမီးရေကန်ဆီသို့ ဒီနေရာမှ နေ့စဥ်ဖြတ်သန်းသွားတတ်၏။ ထိုရေကန်က ချင်ကျီအတွက် ထူးခြားသော အခွင့်အရေး ဖြစ်သည်။
ထို့ပြင် သူမကလည်း ဒီနေရာကနေ မှန်ကန်သောအချိန်၌ ချင်ကျီကို အဝေးမှ ကြည့်နေခဲ့ရ၏။ ထိုအရာက သူမကို တစ်နေကုန် ပျော်ရွှင်စေလေသည်။
ချင်ကျီရှစ်ရှုန်းက သူမနှင့် အဆင့်မတူဘူးဟု ယုံကြည်ထားခဲ့သော်လည်း သူ့ကို နေ့စဉ်တိုင်း မြင်ချင်လိုစိတ်အား မတားဆီးနိုင်ခဲ့ပေ။
အကြောင်းမှာ ဤနှစ်ပေါင်းများစွာအတွင်းတွင် ချင်ကျီရှစ်ရှုန်းသည် သူမ၏ဘဝကို နက်နက်ရှိုင်းရှိုင်း ထိတွေ့ခဲ့ဖူးသည့် တစ်ခုတည်းသော အလင်းတန်းတစ်ခု ဖြစ်သောကြောင့်ပင်။ သူက အလွန်တောက်ပ သော်လည်း ချဉ်းကပ်ရလွယ်ကူပေ၏။ သူသည် သူမ ၏ရုပ်ရည်ကို ဘယ်တော့မှ အကဲဖြတ်ခြင်းမရှိဘဲ နွေးထွေးမှုနှင့် ဂရုစိုက်မှုများကို ပေးအပ်ခဲ့သည်။
သူမ ဒီလောကကြီးအကြောင်းကို သိပ်မသိပေ။ နိယာမများကိုလည်း သိပ်နားမလည်ပေ။ သို့သော်ငြား ထိုအရာကပင် သူမ၏ခံစားချက်များကို ပို၍စင်ကြယ်စေလေ၏။
သူမအတွက် တစ်စုံတစ်ယောက်ကို ကြိုက်ခြင်းသည် ရိုးရှင်းစွာ ကြိုက်နှစ်သက်ခြင်းကို ဆိုလိုသည်။ မည်သည့်အညစ်အကြေးမှမရှိဘဲ တိတ်တဆိတ် ကြိုက်နေခြင်းပင် ။
"ချင်ကျီရှစ်ရှုန်း လာပြီ"
နောက်ဆုံးတွင် ချင်ကျီက အဝေးမှ ချဉ်းကပ်လာလေ၏။
သူက ဂုဏ်ထူးဆောင်တပည့်များအတွက် သီးသန့်ဖန်တီးထားသော အဆင့်မြင့်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူက ကျောက်ပြားပေါ်တွင် လမ်းလျှောက် နေပြီး သူ့မျက်နှာပေါ်တွင်မူ နူးညံ့သော အပြုံးတစ်ခု ရှိနေလေ၏။
ကျက်သရေရှိကာ ယုံကြည်ချက်များ ပြည့်နှက်နေသည်။
ထိုကဲ့သို့ချင်ကျီကို ကြည့်နေရင်း ရွှေ့ချင်းရို၏မွေးရာပါအမှတ်ပါရှိသော မျက်နှာပေါ်တွင် အပြုံးလေး တစ်ခုက အလိုလို ပေါ်ပေါက်လာ၏။
တကယ်ကို ချင်ကျီရှစ်ရှုန်းပင်။
ကျောက်ရှစ်ရှုန်း ထွက်ခွာသွားပြီးကတည်းက ဂိုဏ်း၏ လူငယ်မျိုးဆက်များကြားမှာ ချင်ကျီရှစ်ရှုန်း၏ဩဇာက နေ့တိုင်း ကြီးထွားလျက်ရှိသည်။ ထို့အပြင် သူ့ခွန်အားကလည်း ပိုပြီးနားမလည်နိုင်အောင် ဖြစ်လာခဲ့၏။
ထိုကဲ့သို့ ဆွဲဆောင်မှုမျိုးက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာပင်။
ရုတ်တရက်!
ရွှေ့ချင်းရိုသည် သူမ၏မျက်ခုံးများကို မြှင့်ကာ သူမ၏နှုတ်ခမ်းများကို စူလိုက်မိသည်။
ထူးခြားသောစိတ်နေသဘောထားများရှိသည့် လှပသောအမျိုးသမီးတပည့်များစွာက ချင်ကျီဆီသို့ ချဉ်းကပ်လာကြကာ ပန်းများကဲ့သို့ ပြုံးဝေနေကြ၏။
"ချင်ကျီရှစ်ရှုန်း ကျွန်မက…"
"ချင်ကျီရှစ်ရှုန်း ပြီးခဲ့တဲ့တစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်…"
"ချင်ကျီရှစ်ရှုန်း ဒီညအားလား"
ထိုကဲ့သို့ အရှက်မရှိသော အမူအရာများကို ပြသနေကြသည့် အဓိကတပည့်များကိုကြည့်ရင်း ရွှေ့ချင်းရိုတစ်ယောက် သွားကြိတ်လိုက်မိသည်။
"ဟွန်း! မြေခွေးမတွေ!"
ရွှေ့ချင်းရိုသည် သူမလက်ထဲမှ တောမြက်များကို အားပြင်းပြင်း ဆွဲလိုက်ရာ ကျောက်နံရံရှိ ဖုန်များနှင့် ကျောက်တုံးများ ပြုတ်ကျလာခဲ့၏။
"ဘုတ်!"
ရုတ်တရက် တစ်စုံတစ်ခုက သူမ၏ခေါင်းအပေါ် ပြုတ်ကျလာပြီး ထိုအရာက သိပ်မကြီးသော်ငြား လုံးဝိုင်းနေသည်။
"ဒါက ဘာလဲ"
သူမ အောက်ကို ငုံ့ကြည့်လိုက်ရာ အပြာရောင် ဆေးလုံးတစ်ခုကို တွေ့လိုက်ရလေ၏။ သူမ ကုန်းကာ ကောက်ယူ၍ အနီးကပ် စစ်ဆေးလိုက်သည်။ ဆေးလုံး ပေါ်တွင် နက်ရှိုင်းသော ခြစ်ရာခြောက်ခုကို တွေ့ လိုက်ရ၏။
"ဒါက…အဆင့်ခြောက်ဆေးလုံးလား"
သူမ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူမ၏ရင်ဘတ်က ပြင်းထန်စွာ လှုပ်ရှားနေသောကြောင့် ပွယောင်းသောဝတ်စုံပင်လျှင် တင်းကျပ်သွားခဲ့၏။
အဆင့်ခြောက်ဆေးလုံး။
ထိုကဲ့သို့အဖိုးတန်ပစ္စည်းမျိုးသည် နေကိုးလုံးနယ်မြေတစ်လျှောက်မှာပင် အလွန်ရှားပါးပေသည်။
သူမ သတိထားလျက် ပတ်ဝန်းကျင်ကို ကြည့်ကာ သူမ၏အတွင်းအဝတ်အစားထဲ၌ မြန်မြန် ဖုံးထားလိုက်၏။ သူမထံ၌ သိုလှောင်လက်စွပ် မရှိလေရာ အိတ်ငယ်လေးလည်း မပါသောကြောင့် သူမ၏ခန္ဓာကိုယ်ပေါ်မှာသာ ထိုဆေးလုံးကို လုံခြုံစွာ ထိန်းထားနိုင်ပေသည်။
"ဒါပေမဲ့ ငါ ဒီဆေးလုံးကို ဘာလုပ်သင့်လဲ"
သူမ မျက်မှောင်ကြုတ်လိုက်မိ၏။ ဆေးလုံး၏ထူးဆန်းသောအရောင်က စိတ်မချမ်းမသာဖြစ်စေသောကြောင့် သူမ ပေါ့ပေါ့တန်တန် မစားရဲပေ။ တစ်ပါးလူကိုလည်း မမေးရဲပေ။
သူမက မူလဒန်နယ်ပယ်ကို အခုမှ တက်လှမ်းထားပြီးခဲ့ခြင်းပင်။ ဤအဆင့်ခြောက်ဆေးလုံးက အလွန်အဖိုးတန်သည်။ ၎င်းသာ ပေါ်ပေါက်သွားခဲ့လျှင် ဘေးဥပဒ်ကို ယူဆောင်လာနိုင်၏။
ရောင်းချခြင်းပင်လျှင် အန္တရာယ်ရှိနိုင်သည်။ ဝယ်သူကသာ ရက်စက်ရိုင်းစိုင်းသူဖြစ်လျှင် သူမသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်၏။
"ငါ ချင်ကျီရှစ်ရှုန်းကို တိတ်တိတ်လေး ပေးလိုက်သင့်လား”