← Chapters

အန္တိမအဆင့်အကြီးအကဲက တပည့်လက်ခံတယ်

Vol. 4 Ch. 59

အန္တိမအဆင့်အကြီးအကဲက တပည့်လက်ခံတယ်

Vol. 4 Ch. 59

ညဘက်တွင် ရွှေ့ချင်းရိုသည် အိပ်ရာပေါ်တွင် လှဲလျောင်းလျက် ဆေးလုံးကို ချင်ကျီရှစ်ရှုန်းအား မည်သို့ပေးရမည်ကို စဉ်းစားနေခဲ့သည်။

တိုက်ရိုက်ပေးလိုက်လျှင် မြှောက်ပင့်၍ ချီးမွမ်းနေသကဲ့သို့ ဖြစ်နိုင်လေ၏။ ထို့အပြင် သူမကို ချင်ကျီရှစ် ရှုန်းက ရိုးရိုးသာမန်လူတစ်ယောက်ကဲ့သို့ သတ်မှတ်လိုက်နိုင်ပေသည်။

သို့သော်ငြား နာမည်မဖော်ဘဲ ပေးလိုက်လျှင် ချင်ကျီရှစ်ရှုန်းက ထိုဆေးလုံးသည် သူမဆီက လာမှန်း လုံးဝသိတော့မည်မဟုတ်တော့ပေ။ ထိုအရာက ကျေနပ်စရာမကောင်းပေ။

သူမအကြောက်ဆုံးအရာမှာ ကံကြမ္မာအလှည့်အပြောင်း တစ်ခုခုကြောင့် ချင်ကျီရှစ်ရှုန်းသည် တခြားမိန်းကလေးတစ်ယောက်ယောက်က ပို့ပေးခဲ့သည်ဟု မှားယွင်းစွာ ထင်မိပြီး ထိုမိန်းကလေးအား ချစ်မိသွားခဲ့လျှင်...

ထိုအခါကျ သူမ တကယ် ရင်ကွဲနာကျရလိမ့်မည်။

သူမက ရိုးသားသော မိန်းကလေးတစ်ယောက် ဖြစ်၏။ သို့သော်ငြား ရိုးသားခြင်း ဆိုသည်မှာ မဟာဗျူဟာမြောက်အောင် စဉ်းစားနိုင်သော စွမ်းရည်မရှိဘူးဟု မဆိုလိုသလို စိတ်ကူးစိတ်ဉာဏ်မရှိခြင်းကိုလည်း မဆိုလိုပေ။

ဟမ်းစတားတစ်ကောင်တောင်မှ သူ့တွင်းထဲ၌ ဘယ်လောက်ထိ သိုလှောင်ထားလဲဆိုတာကို ရေတွက်ရန် သိသေးသည်မဟုတ်ပါလော။

"အင်း ငါ တိတ်တဆိတ်ပေးသလို ဟန်ဆောင်ရမယ်၊ ဒါပေမဲ့ ငါ့ဆီက လာမှန်း သိအောင်လည်း မသိမသာနဲ့ သဲလွန်စတစ်ခုချန်ထားရမယ်"

သူမ လျှို့ဝှက်စွာ စဉ်းစားမိလေရာ သူမ၏နှလုံးသားထဲ၌ ကျေနပ်မှုကို ခံစားလိုက်ရသည်။

တဖြည်းဖြည်းနှင့် သူမ ကျယ်လောင်စွာ ရယ်မောမိတော့သည်။

"ရွှေ့ချင်းရို ဘာတွေရယ်နေတာလဲ၊ အချစ်အိပ်မက် မက်နေတာလား"

ထိုအချိန်၌ အခန်းတူသော ပြင်ပဂိုဏ်းတပည့်မ တစ်ဦးက အိပ်ရာပေါ် လှည့်၍ ညည်းညူလာလေ၏။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ၌ ပြင်ပဂိုဏ်းတပည့်များစွာရှိလေသည်။ အားလုံးက အတူတကွနေထိုင်ကြပြီး ပုံမှန်အားဖြင့် အခန်းတစ်ခန်းလျှင် လေးယောက် နေထိုင်ကြ၏။

၎င်းက အိမ်ရာရှားပါးမှုကြောင့် မဟုတ်ပေ။ အဓိကအားဖြင့် စီမံခန့်ခွဲမှုမှာ အဆင်ပြေစေရန် ဖြစ်သည်။

"ဟဲဟဲ အလှလေးရွှေ့ကို အရင်က ချင်ကျီရှစ်ရှုန်းက ကယ်တင်ခဲ့တယ်၊ ဒါကြောင့် သူ့ဆီမှာ တံငါနားနီး တံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသလိုမျိုး အကျိုးခံစားနိုင်ဖို့ အတွေးရှိနေတာက ပုံမှန်ပါပဲ"

တခြားမိန်းကလေးတပည့်တစ်ဦးက လှောင်ပြောင်လာ၏။

"အကျိုးခံစားတာလား၊ သူက ချင်ကျီရှစ်ရှုန်းကို ရည်းစားစကားပြောရဲလို့လား၊ အခွင့်အရေးကို အခမဲ့ပေးလိုက်ရင်တောင် သူ့အနေနဲ့ ထိုက်တန်တယ်လို့ မယူဆသင့်ဘူးလေ"

တတိယမြောက်မိန်းကလေးတပည့်က ဝင်ပြောလာသည်။

"ဟားဟားဟား အဲ့ဒီလိုမပြောပါနဲ့၊ ချင်းရိုရှစ်မေ့က နောက်ဆုံးကျတော့ ချင်ကျီရှစ်ရှုန်းဆီကနေ ကယ်တင် ခံခဲ့ရတာပဲ၊ ဒါကြောင့် သူတို့က အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် မြင်ဖူးကြတယ်လေ"

"သွားစမ်းပါ၊ တစ်ယောက်နဲ့တစ်ယောက်မြင်ဖူးကြတယ် ဟုတ်လား၊ သူ့မျက်နှာနဲ့ဆိုရင် ချင်ကျီရှစ်ရှုန်းက သူ့ကို ကယ်လည်းကယ်ခဲ့ပြီးရော ရွံလွန်းလို့ ရက်ပေါင်းများစွာ အိပ်နိုင်ခဲ့မှာမဟုတ်ဘူး"

အခန်းဖော်သုံးယောက်သည် လက်ရှိအချိန်တွင် စကားပြောရာ၌ ပြတ်သားနေကြ၏။

သူတို့က အန္တရာယ်ပေးနေတာတော့ မဟုတ်ပေ။ သို့သော်ငြား ရိုးရိုးရှင်းရှင်းပင် မနာလိုဖြစ်နေကြခြင်းဖြစ်သည်။ ထိုအပြုအမူက သူတို့ကို အရုပ်ဆိုးစေ၏။

ရွှေ့ချင်းရိုသည် ထိုစကားများကို နားထောင်ပြီးသည်နှင့် သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်ထားကာ ပြန်လည်ချေပခြင်းမရှိခဲ့ပေ။

ဖြစ်နိုင်သည်မှာ သူမသည် ငယ်စဉ်ကလေးဘဝမှ လူကြီးဖြစ်သည်အထိ အလားတူလှောင်ပြောင်မှုများ ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသောကြောင့် တိတ်ဆိတ်နေခြင်းကို အလိုလို သင်ယူခဲ့ရ၏။

သို့သော်ငြားလည်း သူမ၏ မတိုင်ခင်က ပျော်ရွှင်နေခဲ့သော စိတ်ခံစားချက်များမှာ တစ်စက်မှမကျန် ပျောက်ကွယ်သွားခဲ့ရသည်။ သူမ၏စိတ်နှလုံးသားအတွင်း နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သော နိမ့်ကျသလိုခံစားရသည့် စိတ်ခံစားမှုများက ပျံ့နှံ့သွားခဲ့သည်။

ထို့အပြင် ထိုနိမ့်ကျသောစိတ်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် သူမသည် 'အစွန်းရောက်' ခံစားချက်တချို့ကိုပင်လျှင် မွေးမြူခဲ့မိ၏။

၎င်းမှာ လောကကြီးမှ စွန့်ပစ်ခံရသော လူတစ်ယောက်၊ ဘာမှမကျန်တော့သော လူတစ်ယောက်က ရုတ်တရက်ပင် လောကကြီးအား ဆန့်ကျင်ရန် သတ္တိရှိလာသကဲ့သို့ပင်။

"ဟုတ်တယ် ငါက တကယ်ကို အသုံးမကျတဲ့ ရုပ်ဆိုးမပဲ"

"ဆေးလုံးပို့မယ်ဟုတ်လား... ငါ ပို့လိုက်ရင်ရော ဘာဖြစ်လာမှာလဲ၊ ချင်ကျီရှစ်ရှုန်းက ငါ့ကိုသတိထားမိရင် တောင် ငါက သူ့အတွက် လုံးဝမထိုက်တန်ဘူး!"

"ဒီလိုဆိုမှတော့ ငါ ဘာကို မျှော်လင့်နေသေးတာလဲ"

သူမ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ ထို့နောက် သူမ၏ရင်ဘက်ထဲသို့ လက်လှမ်းကာ သူမ၏ခန္ဓာကိုယ်အပူဖြင့် နွေးထွေးနေသော အပြာရောင်ဆေးလုံးကို ဆွဲထုတ်လိုက်၏။

"ဒီနှစ်ပေါင်းများစွာမှာ ငါ မသက်မသာနေထိုင်ခဲ့ရတယ်၊ ပြီးတော့ သေဖို့ကိုလည်း အရမ်းကြောက်ခဲ့တယ်၊ ဒါက ရိုးရိုးရှင်းရှင်း သေခြင်းတရားကို ကြောက် တာပဲလား ဒါမှမဟုတ် မျှော်လင့်ချက်တစ်ခုခုကိုပဲ ဆက်ပြီး ဆုပ်ကိုင်ထားချင်နေတာလားဆိုတာကို ငါ မသိတော့ဘူး"

"ဒီနေ့တော့ ငါ ထပ်ပြီး တွန့်ဆုတ်နေတော့မှာ မဟုတ်ဘူး!"

"ဒီဆေးက ဘယ်လိုဆေးလုံးပဲ ဖြစ်စေ၊ ငါ ဒီနေ့ ဆုံးဖြတ်ချက်ချမယ်၊ မင်းက အဆိပ်ဆေးလုံးဆိုရင် ငါ့ကို သေခွင့်ပြုလိုက်! မဟုတ်ရင်တော့ ငါ့ကို အသစ်တစ်ဖန်မွေးဖွားဖို့ ကူညီချေ!"

"အဆင့်ခြောက်ဆေးလုံး ငါ့ကို စိတ်မပျက်ပါစေနဲ့!"

ထိုဆုံးဖြတ်ချက်ဖြင့် သူမသည် မဟာဘေးဥပဒ်ဆေးလုံးကို တစ်ကျိုက်တည်း မျိုချလိုက်လေသည်။

"အား!!"

နောက်တစ်ခဏတွင် ပြင်းထန်သောနာကျင်မှုက သူမ၏ခန္ဓာကိုယ်တစ်လျှောက် လှိုင်းလုံးများကဲ့သို့ ဖြတ်သန်းသွားခဲ့၏။ ရေခဲရေထဲမှာ စိမ်နေရသကဲ့သို့၊ အပ်များဖြင့် ထိုးခံနေရသကဲ့သို့ပင်။

သူမ၏မျက်နှာမှာလည်း တွန့်လိမ်သွားကာ ဝေဒနာကြီးစွာဖြင့် အိပ်ရာပေါ်မှ လူးလဲကျသွားခဲ့သည်။ သူမ မြေပြင်ပေါ်တွင် ကွေးကာ နာကျင်မှုကြောင့် အော်ဟစ် လိုက်၏။

"ရွှေ့ချင်းရို နင်...နင် ငါတို့ကို နောက်နေတာ မလား! ငါတို့က နောက်ပြောင်ရုံပါပဲ... ငါတို့မှာ နင့်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး"

မိန်းကလေးတပည့်များထဲမှ တစ်ဦးက ထိတ်လန့်သွားလေသည်။ တခြားမိန်းကလေးတပည့်တစ်ဦးကလည်း အိပ်ရာမှ အမြန် ကုန်းထလာပြီး အင်္ကျီတောင်မဝတ်အားဘဲ ရွှေ့ချင်းရိုဆီသို့ တိုက်ရိုက်ပြေးသွားခဲ့၏။

သူမ ရွှေချင်းရိုကို ကူညီ၍ ထူပေးရန် ရည်ရွယ်ခဲ့ခြင်းပင်။ သို့သော်ငြား သူမ ထိတွေ့လိုက်သည်နှင့် သူမ၏ညာဘက်လက်ကို ချက်ချင်း ပြန်ရုတ်လိုက်မိသည်။

"အား! အရမ်းပူတယ်! မဟုတ်...မဟုတ် အေးခဲနေတဲ့ခံစားချက်ပဲ၊ ကြောက်စရာကောင်းလိုက်တဲ့ အအေးဓာတ်!"

မိန်းကလေးတပည့်က အော်နေလေ၏။

ထိုအခိုက်အတန့်တွင် ရွှေချင်းရို၏ခန္ဓာကိုယ်ထဲမှ အဖြူရောင်အခိုးအငွေ့များ စတင်ထွက်လာသည်။ ထို့နောက် လူများကို အေးခဲစေသော အသက်ရှူထုတ်ခြင်းက အခန်းတစ်ခုလုံးကို ပျံ့နှံ့လာခဲ့သည်။

"ဒါက… သူ အဆိပ်မိနေတာလား"

"မြန်မြန်! ဂိုဏ်းကို အကြောင်းကြားလိုက်ကြ!"

မိန်းကလေးတပည့်များသည် လက်ရှိအခြေအနေ၏ အရေးကြီးမှုကို သိနေကြဆဲပင်။ ထို့ကြောင့် သူမကို အရင်ကယ်တင်ရန် ချက်ချင်း ဆုံးဖြတ်ခဲ့ကြ၏။

မိန်းကလေးတစ်ဦးကမူ အကူအညီတောင်းရန် ခြေဗလာ ဖြင့် ပြေးထွက်သွားခဲ့သည်။

မိန်းကလေးတပည့်တစ်ယောက်က သန်းခေါင်ယံမှာ နာကျင်စွာ လူးလဲနေတာလား?

သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အအေးဓာတ်ထုတ်လွှတ် နေတာလား။

ထိုကဲ့သို့ သတင်းများက လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့ရာ ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများကို အလန့်တကြား ဖြစ်စေခဲ့၏။ မကြာခင်မှာပင် အကြီးအကဲတစ်ဦးက ကြီးကြပ်သူတစ်စုကို ခေါ်ဆောင်၍ ရောက်လာခဲ့သည်။

ထိုအချိန်တွင် အခန်းတစ်ခုလုံးက နှင်းခဲများဖြင့်ဖုံးလွှမ်းနေကာ အခန်းပတ်ပတ်လည်၌ အဖြူရောင်အအေးဓာတ်များ ပျံ့လွင့်နေလေ၏။

ထို့အပြင် မိန်းကလေးတပည့်သုံးဦးသည် ရွှေချင်းရို အား စောင်များဖြင့် ကောက်ညှင်းထုတ်အလား ပတ် ထားလေသည်။ ထို့နောက် သူတို့သုံးဦးသည် ကောက်ညှင်းထုတ်၏ ပတ်ပတ်လည်တွင် စုဝေးနေကြပြီး အအေးဒဏ်ကြောင့် တုန်ယင်နေကြ၏။

"ဘေးဖယ်ကြ"

အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ထိပ်ဆုံးအဆင့် အကြီးအကဲသည် သူ့စိတ်ထဲ၌ အံ့အားသင့်နေသော်လည်း မျက်နှာကတော့ တည်ငြိမ်စွာ ရှိနေသည်။

ရိုးရိုးအအေးဓာတ်က ဘာဖြစ်သနည်း။

သူသည် ဂုဏ်သိက္ခာရှိသော အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ထိပ်ဆုံးအဆင့်ပင်။ သူ့ခန္ဓာကိုယ်ထဲမှာ ယန်စွမ်းအင်များက ဘယ်လောက်ထိ ပြင်းသနည်း။ ထိုအရာက မိန်းကလေးကို အတွင်းအပြင် နွေးထွေးစေရန် လုံလောက်၏။

မိန်းကလေးတပည့်သုံးဦးကလည်း ချက်ချင်း ဘေးဖယ်ပေးကြလေသည်။ ထို့နောက် စောင်များကို ဖယ်ရှားပေးကာ အကြီးအကဲ ဆောင်ရွက်ပေးနိုင်ရန် ဘေးမှာ ရပ်စောင့်နေကြ၏။

"အသစ်တစ်ဖန်မွေးဖွားခြင်းမီးလျှံ!"

အကြီးအကဲက သူ့ညာဘက်လက်ကို ရှေ့သို့ ထိုးလိုက်ရာ ချက်ချင်းပင် ပူလောင်သော ရွှေရောင်အလင်းလှိုင်းတစ်ခုက ရွှေ့ချင်းရိုကို ဖုံးလွှမ်းသွားခဲ့သည်။

အသစ်တစ်ဖန်မွေးဖွားခြင်းမီးလျှံက မယုံနိုင်စရာကောင်းလောက်အောင် ပူပြင်းသောစွမ်းအား ဖြစ်ပြီး အလွန်သန်မာကာ အဖိုဓာတ်လည်း ရှိ၏။ အလေးအနက်ထား၍ လုပ်ဆောင်လိုက်လျှင် သံမဏိကိုပင် ချက်ချင်း အရည်ပျော်စေရန် လုံလောက်သည်။

သို့သော်ငြား ရွှေရောင်မီးလျှံအောက်တွင် မိန်းကလေးက ဆက်လက်တုန်ယင်နေရှာပြီး သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေခဲပန်းများက ပိုထူထဲလာ၏။

ထို့အပြင် အအေးဓာတ်က အသစ်တစ်ဖန်မွေးဖွားခြင်းမီးလျှံကို ဖြတ်၍ ဆက်လက်စီးဝင်ကာ အပြင်သို့ပျံ့နှံ့နေလေသည်။ မီးတောက်ပင်လျှင် အေးခဲသွားမတတ်ပင်။

"ဒါက!"

အကြီးအကဲမှာ တုန်လှုပ်သွားရ၏။ ဒီတစ်ကြိမ်တော့ လူငယ်များအရှေ့၌ မျက်နှာပျက်ရတော့မည်ကို သူ သိလိုက်သည်။

သို့သော်ငြား ရွေးချယ်စရာမရှိပေ။ သူ အမြန်ပင် ဂိုဏ်းခေါင်းဆောင်ဆီ သတင်းပို့လိုက်၏။ ဒီလိုကိစ္စများအတွက် တင်းခံနေခြင်းက မကောင်းပေ။

အသက်ကယ်ခြင်းက အဓိကပင်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ၌ တပည့်များစွာ ရှိသည်။ အကဲဖြတ်ခြင်း သို့မဟုတ် စမ်းသပ်မှုတိုင်းမှာ အနည်းငယ်သေဆုံးတတ်ကြ၏။ သို့သော်ငြား ထိုအရာသည် ဂိုဏ်းက သူတို့၏အသက်များကို ဂရုမစိုက် ဘူးဟု မဆိုလိုပေ။

မကြာခင်မှာပင် ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံသည် အကြီးအကဲများစွာနှင့် အတူ အမြန်ရောက်လာခဲ့သည်။ ထိုထက်ပိုသည်မှာ အစိမ်းရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးပါ လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။

"အန္တိမအကြီးအကဲ ဘယ်လိုထင်မိလဲ"

ကျောက်ဖန်လုံသည် အစိမ်းရောင်ဝတ် အဘိုးအိုကို ကြည့်လိုက်သည်။ သူက သူ့ဖခင် ဖြစ်သော်လည်း လူအများရှေ့၌ ရာထူးဖြင့် ခေါ်ဝေါ်ခြင်းက ပိုသင့်တော်၏။

အစိမ်းရောင်ဝတ် အကြီးအကဲ ကျောက်ဖူလုံက အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။ သူ့အကြည့်က နက်နဲနေပြီး သူသည် တုန်ယင်နေသောရွှေချင်းရိုအား အချိန်ကြာမြင့်စွာ စူးစမ်းခဲ့၏။ ထို့နောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ဟားဟားဟား! သတင်းကောင်းပဲ! ဒီမိန်းကလေးတပည့်က ရှားပါးတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားတယ်၊ အဲ့ဒါက အခုမှ နိုးထလာတာပဲ"

ကျောက်ဖူလုံသည် ရွှေချင်းရိုကို လက်ညှိုးထိုး၍ ရယ်မောလိုက်၏။

"ကြည့်! သူမရဲ့မျက်နှာပေါ်က နက်ပြာရောင်အမှတ်တွေက ဖြည်းဖြည်းချင်း ပျော်ဝင်နေတယ်၊ သူမထဲမှာ ရှုပ်ထွေးနေတဲ့ မွေးရာပါစွမ်းအားတချို့က ပုံမှန် ပြန်ဖြစ်လာနေတယ်ဆိုတာကို ပြနေတာပဲ"

သူသည် အခန်းနံရံများပေါ်ရှိ နှင်းခဲပန်းများနှင့် ခဲနေသောမြေပြင်ကို ကြည့်ကာ အံ့သြတကြီး ပြောလိုက်မိသည်။

"ဒီလို ခန္ဓာကိုယ်ဖွဲ့စည်းပုံက တော်တော်လေး ထူးခြားပုံရတယ်၊ ငါတို့ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက တကယ်ကို ရတနာရှာတွေ့သွားပြီ"

ထိုစကားကို ကြားသောအခါ လူတိုင်းက စိတ်လှုပ်ရှားသွားကြလေ၏။

ရှားပါးတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံလား။

ဆိုလိုသည်မှာ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၌ ပါရမီရှင်နောက်တစ်ဦးရှိလာဦးမည်ပင်။

ချင်ကျီကိုတောင် ကျော်လွန်သွားမှာများလား။

"ဝှစ်! ဝှစ်! ဝှစ်!"

ချက်ချင်းပင် ဆံပင်အဖြူရောင်သန်းနေသော လူအိုကြီးများစွာက အခန်းအတွင်း ထွက်ပေါ်လာကြသည်။ တစ်ဦးစီ၏ ပုံစံများမှာ ကွဲပြားလှပြီး ထူးခြားသော အော်ရာများ ရှိကြ၏။

သူတို့ပေါ်လာသည်နှင့် ကျောက်ဖန်လုံနှင့် အကြီးအကဲများစွာသည် ဦးညွှတ်ကာ နှုတ်ဆက်ကြလေသည်။

သိသာစွာပင် ထိုလူများသည် အန္တိမအဆင့်အကြီးအကဲများ ဖြစ်ကြ၏။

"ဟဲဟဲ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲမှာ ဒီလိုကောင်းမွန်တဲ့မျိုးစေ့ရှိနေတာ သဘာဝကျပါတယ်၊ ငါတို့တွေ ကောင်းကောင်းပျိုးထောင်ပေးရမယ်၊ ဒီအဘိုးကြီးက ဒီမိန်းကလေးနဲ့ ကံပါတယ်…"

"ဖယ်စမ်း! တစ္ဆေအဘိုးကြီးဝူ ပြီးခဲ့တဲ့တစ်ခေါက်မှာ ငါတို့အတူတူတွေ့ခဲ့တဲ့ ရတနာက မင်းအိတ်ကပ်ထဲ ရောက်သွားတယ်၊ ဒီတစ်ခါတော့ မင်း လိုချင်တာ ရမှာ မဟုတ်ဘူး!"

"အဘိုးကြီးဝူ လူတစ်ယောက်က ရောင့်ရဲတတ်ဖို့ သင်ယူရမယ်… ဒီမိန်းကလေးက ငါနဲ့ကံပါတာ သိသာနေတာပဲ၊ ကြည့်စမ်း...ဒီဆရာနဲ့ တပည့်ပုံစံကို..."

"ဖယ်စမ်းပါ အရှက်မရှိတဲ့ အဘိုးကြီး!"

"တကယ်တော့ ငါ့တပည့်အဖြစ်ခံယူလိုက်တာက အသင့်တော်ဆုံးပဲလို့ ငါထင်တယ်၊ ပြီးတော့ ငါက ရေခဲဒြပ်စင်စွမ်းအားတွေကို အဓိက ကျင့်ကြံတာလေ"

အဘိုးကြီးများသည် မျက်နှာမပူတတ်ကြသောကြောင့် ဘယ်သူမှ နောက်ဆုတ်ရန် မလိုလားကြပေ။

နောက်ဆုံးတွင် အစိမ်းရောင်ဝတ် အကြီးအကဲ ကျောက်ဖူလုံက ပြောလာသည်။

"ထပ်ပြီး မငြင်းခုံကြနဲ့တော့၊ ငါတို့ မဲနှိုက်ပြီး ဆုံးဖြတ် ကြရအောင်၊ ဒါက အမျှတဆုံးနည်းလမ်းပဲ"

"ကောင်းပြီ!"

"ငါသဘောတူတယ်!"

နောက်ဆုံးတွင် ထိုစွမ်းအားရှင်များသည် ရွှေချင်းရို၏ဆရာကို ဆုံးဖြတ်ရန်အတွက် မဲနှိုက်သောနည်းလမ်းကို အသုံးပြုခဲ့ကြ၏။

မဲပေါက်သူမှာ..

ကျောက်ဖူလုံ!

"ဟားဟားဟား အားလုံးကို ကျေးဇူးတင်ပါတယ်၊ ငါ မင်းတို့ရဲ့မျှော်လင့်ချက်တွေကို မပျက်စီးစေရပါဘူး၊ ဒီကောင်းမွန်တဲ့မျိုးစေ့လေးကို ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်အောင် သင်ကြားပေးလိုက်ပါမယ်!"

ကျောက်ဖူလုံသည် ရယ်မောကာဖြင့် တခြားလူများကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။

ထိုခဏတာတွင် ထိုလူများက မှင်သက်သွားကြ၏။ ထို့နောက် တစ်ခုခုမှားယွင်းနေသည်ကို ဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့ကာ ချက်ချင်းပင် အံတင်းတင်းကြိတ်လိုက်မိတော့သည်။ သို့သော်ငြား ဘာမှပြောလို့ မရတော့ပေ။

သောက်ကျိုးနည်း!

ဒီမြေခွေးလိုအဘိုးကြီးက ငါတို့ကို လှည့်စားသွားပြီ!

**********************

All Chapters