← Chapters

အဖေ့နှလုံးသားထဲကနာကျင်မှုကို ဘယ်သူမှ နားမလည်နိုင်ဘူး

Vol. 4 Ch. 60

အဖေ့နှလုံးသားထဲကနာကျင်မှုကို ဘယ်သူမှ နားမလည်နိုင်ဘူး

Vol. 4 Ch. 60

ရွှေ့ချင်းရို၏ လျှို့ဝှက်ဆန်းကြယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ နိုးထလာပြီး အန္တိမအဆင့်အကြီးအကဲ၏ တပည့်ဖြစ်သွားခဲ့ခြင်းက ဂိုဏ်းထဲတွင် တော်တော် လေး ဂယက်ထခဲ့သည်။

ရွှေ့ချင်းရိုက သုခဘုံကို ချက်ချင်းလက်ငင်း ရောက်ရှိသွားခဲ့သည့်အတွက် လူပေါင်းများစွာသည် သူမအပေါ်၌ မနာလိုမှုများ၊ အာဃာတများ ထားလာခဲ့ကြ၏။

ထို့အပြင် အစက မလှမပဖြစ်ခဲ့သော ထိုအမျိုးသမီးသည် သူမ၏ဖွဲ့စည်းပုံ နိုးထလာပြီးနောက် ကောင်းကင်ဘုံမှ နတ်သမီးကဲ့သို့ လှပသူအဖြစ် ပြောင်းလဲသွားခဲ့ကာ ထူးခြားသော အော်ရာကိုပင် ထုတ်လွှတ်နေသည်ဟု ဆိုကြသည်။

ရုပ်ဆိုးသောဘဲကလေးက အဖြူရောင်ဟင်္သာအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

အမျိုးသမီးတပည့်ပေါင်းများစွာသည် သူတို့၏ရင်ဘတ်များက နာကျင်စွာ အရိုက်ခံနေရသလို ခံစားခဲ့ကြရ၏။ ဘာကြောင့်များ သူတို့က ဒီလိုကောင်းမွန်သော ကံကြမ္မာမျိုးနှင့် မတွေ့ကြုံခဲ့ရသနည်းဟု တွေးနေကြသည်။ ကောင်းကင်ဘုံ၏ တရားမမျှတမှုကို မြည်တမ်းနေကြ၏။

ထိုကိစ္စက ချင်ချွမ်း၏အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့သည်။

"ဟားဟား ငါ့သားရဲ့ဇနီးအုပ်စုကြီးထဲက တစ်ယောက်ဖြစ်နိုင်တဲ့ ဒီမိန်းကလေးက နောက်ဆုံးတော့ နိုးထလာပြီပဲ၊ အခု ငါလည်း လှုပ်ရှားလို့ရပြီ"

ချင်ချွမ်းသည် သူ့မျက်လုံးများကို မှေးစင်းလိုက်မိ၏။ သမိုင်းအရ လှပသောအမျိုးသမီးများသည် မကြာခဏပင် ပြဿနာများ၏အရိပ်များ ဖြစ်ခဲ့ကြသည်။ အထူးသဖြင့် တကယ့်ဇာတ်လိုက်၏ ချစ်သူများသည် သူတို့သွားရာ နေရာတိုင်း၌ ဘေးအန္တရာယ် ကို ယူဆောင်လာကြ၏။

ထိုကဲ့သို့သော မိန်းကလေးများသည် အပြင်ထွက်ဈေးဝယ်နေချိန်မှာတောင် လူမိုက်များ၏ နှောင့်ယှက်ခြင်းကို ခံရနိုင်သည်။ ထို့အပြင် သူတို့ကို မြင်တွေ့သော မည်သည့်ဗီလိန်ငယ်လေးများမဆို အသိတရားများလုံးဝ ပျောက်ဆုံး၍ သူတို့၏ မိသားစု၊ အနာဂတ်နှင့် အသက်များကို စိတ်ထဲ မထည့်ကြတော့ပေ။

ကြွယ်ဝသောစွမ်းအားများ၏ အမွေဆက်ခံသူများပင်လျှင် တော်ဝင်အမိန့်ဖြင့် မိန်းကလေးများကို လိုက်တတ်ကြ၏။ သူတို့၏မိသားစုအတွက် အဆုံးမဲ့အလားအလာရှိသော ချွေးမကို လုံခြုံစေရန် ကူညီ ခြင်းပင်။

ရွှေချင်းရိုသည် သူမ၏ လျှို့ဝှက်ဆန်းကြယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံ နိုးထလာပြီးနောက် လူကြိုက်များသော ကုန်ပစ္စည်း ဖြစ်လာသကဲ့သို့ သို့မဟုတ် ပူပြင်းသော အာလူးတစ်လုံး ဖြစ်လာသကဲ့သို့ ကျော်ကြားလာခဲ့သည်။

ထို့အပြင် ချင်ချွမ်း စိတ်ဝင်စားသည်မှာ သူမ၏ 'ပူပြင်းသောအာလူး' သဘာဝကိုပင်။

ငါ့သားသာ သူမကို မြတ်နိုးသွားရင် မီးထလောင်ဖို့ အသေအချာပဲ!

ထိုအခါကျ ပဋိပက္ခမျိုးစုံက ထွက်ပေါ်လာလိမ့်မည်။

ငါ့သားက ရွှေချင်းရိုကို ချစ်မြတ်နိုးအောင် ဘယ်လိုလုပ်ရမလဲ။

ထိုကိစ္စမှာ သူ့အတွက် စိုးရိမ်စရာမရှိပေ။

ကံကြမ္မာသားတော်နှင့် haremကြားက ဆက်သွယ်မှုသည် မွေးရာပါကံကြမ္မာ ဖြစ်သောကြောင့် သူတို့ကို ခွဲထုတ်ချင်လျှင်တောင် မလွယ်ပေ။ မမျှော်လင့်ထားသောအရာများ မဖြစ်ခဲ့ဘူးဆိုလျှင် ထိုနှစ်ဦးက နောက်ဆုံးအထိ အတူတကွ ရှိလိမ့်မည်။ အချိန်သာ လိုအပ်နေခြင်းပင်။

ထို့အပြင် ချင်ချွမ်း၏ရှုထောင့်အရ ထိုအချိန်ကို တိုတောင်းစေချင်သည်မှာ သဘာဝပင်။

ငါ ငါ့သားကို အခုချက်ချင်းပဲ ဆောင်ရွက်စေချင်တယ်!

၎င်းက ဈေးတက်လာရန် သေချာသော စတော့ရှယ်ယာပင်။

စောစောရင်းနှီးမြှုပ်နှံ၍ စောစောရယူပါ!

"ငါ့သားနဲ့ အဲ့ဒီမိန်းကလေးကြားမှာ ဖြတ်တောက်လို့ မရတဲ့ နှောင်ကြိုးက ရှိနေပြီးသား၊ သူစိမ်းတွေနဲ့ နှိုင်းယှဉ်ရင် သူတို့က နည်းနည်းလေး ပိုနီးစပ်ကြတယ်"

"ငါ့သားက သူမကို အရင်တုန်းက မနှစ်သက်ခဲ့တာက အဓိကအားဖြင့်တော့ သူမက ရုပ်ဆိုးတယ်လို့ ထင်ခဲ့မိလို့ပဲ"

"အခုတော့ ရွှေချင်းရိုက ဒီလောက်ထိ လှလာတာ၊ သူမကိုမြင်တာနဲ့ ငါ့သားရဲ့ ခံစားချက်တွေက သဘာဝကျကျ ပြောင်းလဲသွားလိမ့်မယ်"

"အများပြောသလိုပဲ တန်ဖိုးဆိုတာ ရုပ်ရည်ကို ကြည့်တယ်၊ ပြီးတော့ ရွှေချင်းရိုက ငါ့သားကို စိတ်ဝင်စားနေပြီးသား၊ ကောင်မလေးကသာ ကောင်လေးကို လိုက်ရင် ပါးလွှာတဲ့ပိုးသားအလွှာလေးလိုမျိုး အကောင်အထည်ဖော်ဖို့ မြန်တယ်"

ချင်ချွမ်းသည် သူ့ညာဘက်လက်ဖြင့် မေးစေ့ကို ထိကာ စဉ်းစားလိုက်သည်။

"ဒါ့အပြင် ငါ့ရဲ့လေ့လာတွေ့ရှိချက်အရ ငါ့သားက တကယ်တော့ အဖေချစ်ပဲ"

"ဒါကြောင့် ငါ့ရဲ့ထင်မြင်ချက်က ငါ့သားအတွက် အရမ်းအရေးကြီးနေတယ်၊ ငါ့ထောက်ခံမှုကို သူ့ကို ပြသနိုင်ခဲ့ရင် ငါ့သားရဲ့ ဓားဆွဲထုတ်တဲ့ အမြန်နှုန်းက အနည်းဆုံး ၃၀% တိုးလာလိမ့်မယ်..."

ထိုကဲ့သို့ ဆုံးဖြတ်ချက်ချပြီးနောက် သူ့သားကို ရှာရန် ထွက်လာခဲ့သည်။ သူသည် သူ့သားက ချောက်ကမ်းပါးဘေး၌ လေ့ကျင့်နေသည်ကို သိထား၏။

မကြာခင်မှာပင် သူ ချင်ကျီကို တွေ့လိုက်ရသည်။

"အဖေ ဘာများပြောစရာရှိလို့လဲ"

ချင်ကျီ ထရပ်ကာ မေးလိုက်၏။

"ရွှေချင်းရိုက အန္တိမအဆင့်အကြီးအကဲရဲ့ တိုက်ရိုက်တပည့် ဖြစ်သွားပြီ၊ ပြီးတော့ မင်းတို့နှစ်ယောက်က အရင်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြတာပဲ၊ မင်း သူမဆီ သွားပြီး ဂုဏ်ပြုပေးသင့်တယ်"

ချင်ချွမ်း အပြုံးဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့…"

ချင်ကျီသည် တွန့်ဆုတ်ဆုတ် ပြောလိုက်မိ၏။

"ဒါပေမဲ့ ဒီရက်ပိုင်းမှာ လူတွေအများကြီးက သူမကိုဂုဏ်ပြုပေးနေကြတယ်၊ ကျွန်တော် အခု သွားလိုက်ရင် မြှောက်ပင့်ဖို့ ကြိုးစားနေသလိုမျိုး မဖြစ်သွားဘူးလား၊ ဒါ့အပြင်...သူ့ကို ကျွန်တော်ကိုယ်တိုင် ဂုဏ်ပြုပေးဖို့အထိ မလိုအပ်ပါဘူး…"

"ဟားဟား လူတွေအများကြီး သူမဆီ သွားရောက်လည်ပတ်ကြပေမယ့် မင်းက တခြားလူတွေနဲ့ ယှဉ်ရင် သူမရဲ့စိတ်ထဲမှာ ကွဲပြားနိုင်တယ်"

ချင်ချွမ်းသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

"အာ..."

ချင်ကျီသည် ယခင်က ရုပ်ဆိုးသောရှစ်မေ့၏ အကြည့်ကို သတိရမိသွားကာ အနည်းငယ်မျှ စိတ်မသက်မသာ ခံစားလိုက်ရ၏။

သူ မတိုင်ခင်ကတည်းက ခံစားမိခဲ့သည်။ သို့သော်ငြား ထိုရှစ်မေ့၏ မာနကို မထိခိုက်စေချင်သောကြောင့် မသိချင်ယောင်ဆောင်ထားခဲ့သည်။

အခု တော့…

ချင်ချွမ်းက...

"လူတွေကို အမြင်ဟောင်းနဲ့ လိုက်မကြည့်နဲ့တော့၊ သူမ က အရင်ကနဲ့ လုံးဝမတူတော့ဘူး၊ အခု အရမ်းလှနေပြီ…"

ချင်ချွမ်းသည် ဖြည်းဖြည်းချင်း တစ်ဖက်ကို လှည့် လိုက်၏။ ထို့နောက် သူ့လက်များကို အနောက်တွင် ထားလျက် ရပ်ကာ အဝေးကို စူးစိုက်ကြည့်၍ တီးတိုးရေရွတ်လိုက်မိသည်။

"အရင်က မင်းအမေရဲ့အတိုင်းပဲ အရမ်းလှတယ်..."

ချင်ကျီသည် ပြင်းထန်စွာ တုန်ယင်သွားခဲ့လေ၏။ စကားများက ဒီအဆင့်ထိ ရောက်ရှိလာပြီဖြစ်ရာ သူက ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။ သူ့အဖေက သူ့ကို တာဝန်ပေးအပ်နေတာ သိသာပေသည်။

သူ့အဖေက ထိုမိန်းကလေးကို အလွန်သဘောကျပြီး သူမကို ပိုးပန်းခိုင်းချင်နေ၏။ ၎င်းက သူမသည် အခြေခံအားဖြင့် သူ့အဖေ စီစဉ်ထားသော ချွေးမပင်။

သူ့ဆရာ၏စကားများကို ရုတ်တရက် သတိရမိသွားကာ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ထို့နောက် သူ့အဖေ၏ ကျောပြင်ကို ကြည့်၍ မေးလိုက်၏။

"အဲဲ့ဒါက သူမဆီမှာ ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်ရှိနေလို့လား"

သူ့လေသံထဲ၌ အနည်းငယ် စိတ်ပူပန်မှုများ ပါဝင် နေသည်။ သူ ယုံကြည်ထားခဲ့သောလူက သူ့ကို သစ္စာဖောက်လိုက်သကဲ့သို့ ခံစားနေရ၏။ သူ၏ချစ်ခြင်းမေတ္တာက အကျိုးစီးပွားအဖြစ် ပြောင်းလဲသွားသည်ဟု သူ ခံစားရသည်။

ချင်ချွမ်းက ဖြည်းဖြည်းချင်း လှည့်လာလေ၏။

သူ့အကြည့်က နက်ရှိုင်းကာ ဝမ်းနည်းပူဆွေးများ ပြည့်နေလေသည်။ သူ သူ့သား၏မျက်လုံးများကို ကြည့်ကာ ပြန်မေးလိုက်လေ၏။

"ငါက ဒီရိုးရိုးသာမန် ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်ကို ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား"

ချင်ကျီ၏နှလုံးသားက အနည်းငယ် တုန်ယင်သွားကာ ပြင်းထန်သော အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။

ငါ ဘာတွေ လိုက်စဉ်းစားနေတာလဲ...ငါ့ဖခင်က ဘယ်လိုလုပ် အဲ့ဒီလိုလူမျိုး ဖြစ်ရမှာလဲ။

ထိုအခိုက်အတန့်တွင် ချင်ချွမ်းက ပြုံးကာ ခေါင်းခါယမ်း၍ ပြောလေ၏။

"သူမက မင်းအမေနဲ့ အရမ်းတူတယ်လို့ပဲ ပြောခဲ့တာ၊ မင်း သူမအပေါ် ဘာပဲခံစားရခံစားရ ငါ ဝင်မရှုပ်ဘူး၊ အရာရာတိုင်းကို မင်း ဆုံးဖြတ်နိုင်တယ်"

သူ အရှေ့ကို တစ်လှမ်းတိုးကာ သူ့သား၏ခေါင်းကို ပုတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ပြောနေသကဲ့သို့ တိုးတိုးလေး ပြောလာ၏။

"စိတ်ချပါ ငါ မင်းရဲ့ခံစားချက်တွေကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး၊ မင်းရဲ့စိတ်ခံစားမှုဆိုင်ရာကိစ္စတွေမှာ တခြားလူတစ်ဦးဦးကိုလည်း ဝင်ရောက်စွက်ဖက်ဖို့ ခွင့်မပြုဘူး"

သူသည် မိမိကိုယ်ကိုယ် လှောင်ပြောင်နေသကဲ့သို့ ခပ်တိုးတိုး ရယ်မောလာလေသည်။ သူ့အသံထဲ၌ ဝမ်းနည်းမှု၊ သူရဲကောင်းဆန်မှုများ ရောထွေးနေ၏။

"ငါက အသုံးမကျတဲ့ လူတစ်ယောက်၊ ငါ့ရဲ့ကိုယ်ပိုင်အချစ်နဲ့ ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့… မင်းကိုတော့ ငါ့ရဲ့လမ်းဟောင်းကို ဘယ်တော့မှ လိုက်ခွင့်ပြုမှာ မဟုတ်ဘူး"

"ဘုန်း!"

ထိုအခိုက်အတန့်တွင် ပြင်းထန်သောအော်ရာတစ်ခုက ကောင်းကင်ထိ တည့်တည့် ထိုးတက်သွားကာ တောင်ထိပ်တစ်ခုလုံးကိုပင် တုန်ခါစေခဲ့သည်။ ထို့နောက် ထိုစွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

ချင်ကျီ သတိပြန်ဝင်လာချိန်တွင် သူ့အဖေက တစ်ဖက်ကို လှည့်ပြီး အဝေးသို့ ယိုင်တိုင်တိုင်ဖြင့် ထွက်သွားသည်ကို တွေ့လိုက်ရသည်။

ချင်ကျီ သတိထားမိလိုက်သည်မှာ ထိုအဖြူရောင်ပုံရိပ်သည် အလွန်အားကောင်းသလို တစ်ချိန်တည်းမှာ ပင် အလွန်ပါးလွှာကာ ပျက်စီးလွယ်ပြီး ရင်နာစရာ ကောင်း၏။

မသိစိတ်မှအလိုလိုပင် သူ့နှာခေါင်းက ကျဉ်တက်လာသည်။

သူ ရုတ်တရက် သဘောပေါက်လိုက်မိသည်မှာ သူ့အဖေက မယှဉ်သာနိုင်သော သိုင်းပညာရှင်ဖြစ်သော်ငြားလည်း သနားစရာကောင်းသည့် လူတစ်ဦးပင်။ သူသည် သူ့သားကို ဥပဒေမဲ့ ကာကွယ်ပေးခဲ့၏။ သို့သော်ငြား သူ့အပိုင်ဇနီးကိုမူ မကာကွယ်နိုင်ခဲ့ပေ။

သူ့အဖေစိတ်ထဲရှိ နာကျင်မှုကို ဘယ်သူက နားလည်နိုင်မည်နည်း။

ဘယ်သူကမှ နားမလည်နိုင်ပေ။

သူ နားမလည်နိုင်သလို သူ့ဆရာလည်း နားမလည်နိုင်ပေ။ တခြားသူများက ပို၍တောင် နားမလည်နိုင်ပေ။

သူ့အဖေက အစွမ်းထက်သည်။ သို့သော်ငြား အထီးကျန်နေကာ စိတ်ထဲ၌ များစွာသောအရာများကို ထမ်းပိုးထားရ၏။ ဒါတောင်မှ တောင်တစ်လုံးကဲ့သို့ ရပ်တည်နေဆဲပင်။ သူ့အတွက်ဆိုလျှင် ကောင်းကင်ကိုပင် ပင့်မထားပေးလေသည်။

"အဖေ…"

သူ့နှုတ်ခမ်းများက တုန်ယင်လာပြီး နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာခဲ့၏။

သိပ်မကြာလိုက်ခင်မှာပင် သူ့မျက်ရည်များကို သုတ်ပစ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ့လက်သီးများကို ဆုပ်လိုက်မိ၏။

"ဟားဟား သူမက ငါ့အမေနဲ့တူတယ်ဆိုရင်လည်း မဆိုးပါဘူး၊ အခု အဲ့ဒီရှစ်မေ့က ဘယ်လောက်ထိ လှနေပြီလဲဆိုတာကို ငါ ကြည့်ရမယ်!"

သူ ပြုံးကာ လက်ဆောင်တစ်ခုကို ရွေးချယ်၍ ရွှေ့ချင်းရို လက်ရှိနေထိုင်ရာ နေရာသို့ ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဝေး၌ ဝမ်းနည်းပူဆွေးသလို ဟန်ဆောင်နေခဲ့သော ချင်ချွမ်းသည် ထူးဆန်းသောအမူအရာဖြင့် မျက်ခုံးပင့်လိုက်လေ၏။

"ဒီတော့ အဲ့ဒီဖွဲ့စည်းပုံကို ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်လို့ ခေါ်တာလား၊ ဟမ်...သူ ငါ့ကို မပြောခဲ့လို့ ငါလည်း မသိခဲ့ဘူး၊ အင်း...ငါ့အသိပညာတွေက မကြွယ်ဝသေးဘူးပဲ"

သူ ထိုပြဿနာကို အလေးအနက်ထားမိသည်။ အတွေ့အကြုံမရှိခြင်းက ပြင်းထန်သော အားနည်းချက်ပင်။ ဆင်းရဲသားတစ်ဦးက သူဌေး ဟန်ဆောင်၍ "ဘုရင်မက ရွှေအိုးနဲ့ ပန်ကိတ်ဖုတ် တယ်၊ ဧကရာဇ်က ရွှေတိုင်လုံးနဲ့ ရေသယ်တယ်" ဟူသော ဇာတ်လမ်းများကို ပြောပြနေသည့်အလားပင်။

"မဖြစ်ဘူး! ငါ စာအုပ်တွေဖတ်ပြီး သင်ယူရမယ်!"

ထိုအတွေးဖြင့် ချင်ချွမ်းသည် ဂိုဏ်း၏ စာကြည့်တိုက်ထဲသို့ ပျံသန်းသွားကာ သူ့အသိပညာများကို ချဲ့ထွင်ရန်အတွက် အခြားစာအုပ်များကို ပိုမိုဖတ်ရှုရန် ဆုံးဖြတ်လိုက်လေ၏။

မည်သို့ပင်ဆိုစေကာမူ သူသည် သိုင်းပညာကို နေ့စဉ်လေ့ကျင့်ရန် မလိုအပ်ပေ။ အလုပ်မရှိဘဲ နေထိုင်နေခြင်းထက် စာအုပ်များပိုဖတ်လျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလိမ့်မည်။

နောက်ရက်များတွင်။

ချင်ချွမ်းသည် စာအုပ်အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုခဲ့သည်။

သူ ဒီလောက၏ အခြေခံအသိပညာများနှင့် ဖြစ်ရပ်များအကြောင်းကို များစွာသင်ယူခဲ့ရ၏။ ထို့အပြင် မမှန်ကန်သော ကျွမ်းကျင်မှုတချို့ကိုလည်း ရရှိ ခဲ့ကာ နောင်အခါ၌ လူများကို လှည့်ဖြားရန်အတွက် အရေးပါသော အချက်များကို သိရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌...

ရွှေချင်းရို၏အစ်ကိုဖြစ်သော ရွှေ့ချင်းဟန်သည် နာကျင်မှုအမျိုအစားတစ်ခုထဲ၌ ကျရောက်နေခဲ့ကာ သူ့နှလုံးသားထဲ၌ ပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့၏။

*********************

All Chapters