ယင်ယန်ပြောင်းပြန် ခန္ဓာပြုပြင်ဆေးလုံး
Vol. 50 Ch. 736
ဖန်လင်းဝူသည် ကြောက်မက်ဖွယ်မကောင်းလှပေ။
သူသည် လူငယ်ပါရမီရှင်တစ်ယောက်ဟု နာမည်ကြီးသော်လည်း အမှန်မှာ ရွှေအင်မော်တယ် ထက်ဝက်အဆင့်သာရှိသော ကျင့်ကြံသူဖြစ်သည်။
အဓိကမှာ သူ့နောက်ကွယ်ရှိ မိသားစုဖြစ်သည်။
ဝူရီမြို့ရှိ ဖန်မိသားစုသည် ကွေ့ရီအရှေ့နယ်တစ်ခုလုံးတွင် ထိပ်တန်းအဆင့်ရှိသည့် ဩဇာကြီးမြတ်သော အိမ်တော်တစ်ခုဖြစ်သည်။ ထို့အပြင် ဖန်လင်းဝူမှာ ဖန်မိသားစု ဘိုးဘေးကြီး၏ အချစ်ဆုံးမြေးတော်ဖြစ်သည်။ ယခုအခါ သူသေသွားသောကြောင့် ဖန်မိသားစု မည်မျှပင် ဒေါသထွက်နေမည်ဆိုတာ တွေးကြည့်လို့ပင်ရနိုင်သည်။
ဖန်လင်းဝူကို သတ်ခဲ့သောလူသည် အရှေ့ဒေသမှ မဟုတ်သည့် နာမည်မရှိသော လူငယ်ကျင့်ကြံသူလည်းဖြစ်နေပြင်သည်။
ထိုမှမကသေး ဤကိစ္စတွင် စစ်ဟွာမြို့လည်း ပါဝင်ပတ်သက်နေသည်။
ကျင့်ကြံသူအများအပြားမှာ ဤနှစ်၏ ဆေးဖော်ပွဲတော်သည် မရိုးရှင်းလောက်ဘူးဟု ကြိုတင်တွေးဆနေကြသည်။ ဤသို့အခြေအနေမျိုးတွင် ရွှယ်အန်းတို့ တည်းခိုနေသော တည်းခိုခန်းမှာ ကျင့်ကြံသူအများအပြား၏ အာရုံစိုက်ရာနေရာ ဖြစ်လာခဲ့သည်။
ညအချိန်တွင် ဖူရှင်းယန်နှင့် စုရှောင်မုတို့ နှစ်ယောက်စလုံးသည် ၎င်းတို့ အခန်းကိုယ်ဆီကို အိပ်ရန် ပြန်သွားကြသည်။
ရွှယ်အန်းသည်လည်း သူ့သမီးနှစ်ယောက်ကို ချော့သိပ်နေသည်။
ထိုစဉ် အန်းယန်မှ ခပ်တိုးတိုး ခေါ်လိုက်သည်။
"ယောင်္ကျား"
"ဟင်"
"ယောင်္ကျားက အဲ့စစ်ဟွာမြို့က လူတွေနဲ့ သိတာလား"
ရွှယ်အန်းသည် အန်းယန်အား အံ့ဩစွာ ကြည့်လိုက်သည်။
"မင်းဘယ်လိုသိသွားတာလဲ"
အန်းယန်က တခစ်ခစ်ရယ်လာသည်။
"ယောင်္ကျားက အဲ့ကောင်မလေးနှစ်ယောက် သိုင်းကွက်တွေ သုံးတာကို မြင်လိုက်တုန်းက တအံ့တဩဖြစ်တဲ့ အသံတောင် ထွက်သွားတယ်လေ၊ ကျွန်မ အဲ့လောက်တော့ သတိထားမိပါတယ်"
၎င်းတို့နှစ်ယောက် အတူတူ အကြာကြီး နေလာသဖြင့် တစ်ယောက်စိတ်ကို တစ်ယောက်နားလည်လာနိုင်ပြီး မည်သည့်ထူးခြားမှုမျိုးကိုမဆို အာရုံခံနိုင်သည်။ အန်းယန်သည်လည်း ထိုသို့ပင်ဖြစ်သည်။ ရွှယ်အန်း၏ မျက်နှာအမူအရာမှာ သိပ်မသိသာသော်လည်း သူမသည် သတိထားမိနေဆဲဖြစ်သည်။
ရွှယ်အန်းသည် ပြုံးလျက် အန်းယန်၏ ဆံပင်လေးများကို ဖွလိုက်သည်။
"ဟုတ်တယ်၊ အဲ့တုန်းက အဲ့ကောင်မလေးနှစ်ယောက် သုံးသွားတဲ့ သိုင်းကွက်တွေက ကိုယ် နည်းနည်း ရင်းနှီးသလို ခံစားရတယ်"
အန်းယန်က ရွှယ်အန်း ဖွလိုက်သောကြောင့် ရှုပ်ပွသွားသော ဆံပင်များကို ပြန်သပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။
"ဟုတ်တယ်၊ ပြီးတော့ နာမည်ကလည်း ထူးဆန်းတယ်၊ ဘာတဲ့ စစ်ဟွာမြို့တဲ့... လူသားမျိုးနွယ်ကို လွမ်းတယ်ဆိုတဲ့ အဓိပ္ပာယ်မလား"
အန်းယန်သည် ထက်မြက်လွန်းသူဖြစ်ခြင်းကြောင့် ပုံမှန်မဟုတ်သည်ကို သိလိုက်သည်။
ရွှယ်အန်းသည် သက်ပြင်းဖွဖွချလိုက်သည်။
"ကဲပါ သွားနားတော့၊ အချိန်တန်ရင် ဟုတ်မဟုတ် သိရမှာပေါ့"
"အွန်း"
ထိုသို့နှင့် အန်းယန်လည်း အိပ်သွားသည်။
ရွှယ်အန်းသည် ပြတင်းပေါက်အပြင်ဘက်ရှိ လရောင်ကို ကြည့်လျက် အတွေးနယ်ချဲ့နေမိသည်။
သူ တကယ်ပဲ အဲ့ကောင်မလေးနှစ်ယောက် သုံးသွားတဲ့ သိုင်းကွက်တွေကို ရင်းနှီးနေခဲ့သည်။ အဘယ့်ကြောင့်ဆို သူ့အား လိပ်ခွံက ဖန်ဆင်းပြခဲ့သော ပုံရိပ်ယောင်တွေထဲတွင် ထိုသို့မြင်ကွင်းမျိုး တွေ့ခဲ့ဖူးလို့ဖြစ်သည်။
ထိုသည်သာမက...
ဖူရှင်းယန်သည် 'နက်နဲသော ယင်ကျင့်စဉ်' အား သုံးလိုက်သောအခါ သူ့တွင် ထူးဆန်းသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။
ဤသို့တုန်ခါမှုမျိုးသည် လူသားမျိုးနွယ်များဆီ၌သာ ပေါ်လာဖူးသလိုပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်...
သူ ကိုယ်တိုင်ပဲ စစ်ဟွာမြို့ကို သွားကြည့်ရမယ်
လူအတော်များများ အံ့ဩသွားရလောက်အောင် ဤညသည် ဘာထူးခြားမှုမှမရှိဘဲ အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။
နောက်တစ်နေ့တွင်...
ဖူရှင်းယန်နှင့် စုရှောင်မုတို့သည် မနက်စောစောထကာ ပစ္စည်းပစ္စယများကို ထုပ်ပိုးပြီး၊ နတ်ဆေးဆရာလေး ရှောင်တန်ချန်၏ နေအိမ်ဆီကို ထွက်ခွာလာခဲ့ကြသည်။
နတ်ဆေးဆရာလေးဟု သိကြသော ရှောင်တန်ချန်ဆိုသူသည် ရှန်ယိုမြို့၏ အနောက်မြောက်ထောင့်တွင် နေထိုင်ပြီး မြို့ရဲ့ တစ်ဝက်လောက်သည် သူ၏ ပိုင်နက်ဖြစ်ကာ ဆေးဖော်ရန် အသုံးပြုသော အဆောက်အဦ အမျိုးမျိုးကို ထိုနေရာတွင် ဆောက်လုပ်ထားသည်။ ဖူရှင်းယန် ရောက်သွားသောအခါ ရှောင်မိသားစု၏ ဂိတ်ပေါက်အရှေ့ ရင်ပြင်တွင် နေရာအသီးသီးမှ ကျင့်ကြံသူများကြောင့် ပြည့်ကျပ်နေသည်။
ဖူရှင်းယန်တို့အား မြင်လိုက်ရသောအခါ လူအုပ်ကြီးအား အကြည့်သည် တမျိုးထူးဆန်းသွားပြီး သူတို့အတွက် လမ်းကို အလိုအလျောက် ဖယ်ပေးကြသည်။
ဖူရှင်းယန် စိတ်ထဲတွင် တစ်ခုခုတော့ လွဲနေပြီဆိုကာ ခံစားမိသွားပြီး လေးလံသွားသော်လည်း သူမသည် ရှေ့ကိုသာဆက်တိုးကာ ရင်ပြင်ထဲကို လျှောက်ဝင်လာခဲ့သည်။
"မမ... အဲ့လူတွေက ညီမတို့အကြောင်း ပြောနေကြသလိုပဲ"
စုရှောင်မုသည် ခပ်တိုးတိုးလေး ပြောလိုက်သည်။
သူတို့နှစ်ယောက် ရင်ပြင်၏ ထောင့်တစ်နေရာတွင် ရပ်နေကြချိန် အဝေးရှိ လူတော်တော်များများသည် သူတို့ကို လက်ညှိုးထိုးကာ တစ်ခုခုကို တီးတိုးပြောနေကြသလိုထင်ရသည်။
ဖူရှင်းယန်၏ မျက်နှာသည် ရေပမာ တည်ငြိမ်နေသည်။
"သူတို့ကို ဂရုမစိုက်နဲ့၊ မမြင်ချင်ယောင်ဆောင်နေလိုက်"
"ဟုတ်ကဲ့"
စုရှောင်မုသည် သူမ၏ ဆရာတူအစ်မ စကားကို နာခံလိုက်သည်။ သူတို့ နာရီဝက်ကျော်လောက် စောင့်ဆိုင်းခဲ့ရသည်။ ရုတ်တရက်ဆိုသလို ကျောက်စိမ်းခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာပြီး ရင်ပြင်ထဲရှိ လူအုပ်ကြီးကိုလည လှုပ်ရှားသွားစေသည်။
"သူ ထွက်လာပြီ"
"အကြီးအကဲရှောင် ထွက်လာပြီဟေ့"
လူအများအပြားသည် ရှေ့ကို တိုးဝှေ့လာကြသော်လည်း ရှောင်မိသားစုရှိ အစောင့်များသည် ဝင်ပေါက်ကို တင်းကြပ်စွာ ပိတ်ဆို့ထားကြသည်။
"မတိုးကြပါနဲ့၊ ကျွန်တော်တို့ရဲ့ မိသားစုက ခေါင်းဆောင် မကြာခင် ထွက်လာပါလိမ့်မယ်"
၎င်း ပြောနေစဉ်ပဂ် လူငယ်တစ်ယောက်လို မျက်နှာသွင်ပြင်နှင့် အဘိုးကြီးတစ်ယောက်သည် တည်ငြိမ်သော ခြေလှမ်းများနှင့်အတူ ရင်ပြင်ရှိ မြင့်မားသော စင်မြင့်ပေါ်တွင် ပေါ်လာခဲ့သည်။
"အကြီးအကဲရှောင်"
"နတ်ဆေးဆရာလေးကို ဂါ၀ရပြုပါတယ်"
"အကြီးအကဲရှောင်၊ ကျွန်တော်က ကျို့လော့မြို့ကလာတာပါ၊ နတ်ဘုရားဆေးလုံးအတွက် လာတာပါ၊ ကျွန်တော် ကျောက်စိမ်းပုံဆောင်ခဲ တစ်သိန်း ပေးပါ့မယ်"
ဤကွေ့ရီနယ်ပယ်တွင် ကျောက်စိမ်းပုံဆောင်ခဲများကို ကျင့်ကြံဖို့သာမက ငွေကြေးအဖြစ်ပါ သုံးနိုင်သည်။
ထိုကျောက်စိမ်းပုံဆောင်ခဲ တစ်သိန်းဆိုသည်မှာ အမှန်ပင် များပြားလှသော ပမာဏတစ်ခုဖြစ်သည်။
လူအုပ်ကြီးသည် စကားပြောလိုက်သော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဆီကို လှည့်ကြည့်လိုက်ကြသည်။
၎င်းကို သိသူတိုင်းသည် တီးတိုးပြောမိလိုက်ကြသည်။
"သူက ကျို့လော့မြို့က ကျို့လော့အကြီးအကဲပဲမဟုတ်လား၊ သူက အခုဆို ရွှေအင်မော်တယ် အလယ်ပိုင်းအဆင့်ကိုတောင် ရောက်နေပြီ၊ ရွှေအင်မော်တယ်အထွတ်အထိပ်ကို တက်လှမ်းဖို့ တစ်လှမ်းပဲ လိုတော့တယ်လို့ ပြောကြတယ်၊ သူက ဒီ နတ်ဘုရားဆေးလုံကို သူ့ရဲ့ အဆင့်တက်ဖို့အတွက် လိုအပ်တာ ဖြစ်နိုင်တယ်"
ရှောင်တန်ချန်သည် ကျို့လော့ အကြီးအကဲကို ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ နတ်ဆေးလုံးတစ်သုတ်အတွက် လက်ခံလိုက်ပြီ"
ထိုစကားကို ကြားလိုက်ချိန် ကျို့လော့အကြီးအကဲသည် ဝမ်းသာအားရ ဖြစ်သွားသည်။
"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲရှောင်"
ထို့နောက် ရှောင်မိသားစုဝင်တစ်ယောက်သည် ရှေ့ထွက်လာပြီး ကျို လော့အကြီးအကဲကို အတွင်းဆောင်ထဲကို ခေါ်ဆောင်သွားသည်။
ကျန်ရှိနေသော လူအုပ်ကြီး၏ အော်ဟစ်သံများသည် ပိုလို့တောင် ဆူညံလာသည်။
"အကြီးအကဲရှောင်၊ ကျွန်တော် ကျောက်စိမ်းပုံဆောင်ခဲ တစ်သိန်းတစ်သောင်းပေးပါမယ်၊ အဆုံးမဲ့ဆေးလုံး တစ်သုတ်စာကို လိုချင်ပါတယ်"
"ကျွန်တော်က..."
ထိုသို့အော်ဟစ်သံများကြားတွင် ရှောင်တန်ချန်၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် နီမြန်းလာပြီး ကမ်းလှမ်းမှုများကို လက်ခံရန် အခါအားလျော်စွာ ခေါင်းညိတ်နေခဲ့သည်။
သို့သော် မသင့်တော်ဘူးဟု ယူဆသော ကမ်းလှမ်းများကိုမူ တစ်ချက်တောင် လှည့်မကြည့်ချေ။
ထိုစဉ် အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
"ယင်ယန်ပြောင်းပြန်ဆေးလုံး တစ်သုတ်စာ၊ ဈေးက... စိတ်ကြည်လင် ဝိညာဉ်သစ်သီး တစ်လုံး"
ထိုစကားကြောင့် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။ လူအုပ်ကြီးသည် လှည့်ကြည့်လိုက်ကြသည်။ ဖူရှင်းယန်သည် ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး ရှောင်တန်ချန်ကို ဦးညွှတ် အရိုအသေပေးလိုက်သည်။
"အကြီးအကဲရှောင်... စစ်ဟွာမြို့က ဆရာတူအစ်မကြီး ဖူရှင်းယန်က အကြီးအကဲကို အရိုအသေပြုပါတယ်"
ဘန်း
လူအုပ်ကြီးကြားတွင် ပြင်းထန်သော ဆူညံသံများ ထွက်ပေါ်လာသည်။ လူတိုင်းသည်လည်း အချင်းချင်း ဆွေးနွေးနေကြသည်။
"ယင်ယန်ပြောင်းပြန်ဆေးလုံးဆိုတာ ဘာကြီးလဲ၊ ကြားရတာတော့ ထူးဆန်းသား"
"ဟားဟား နာမည်နဲ့တင် ဒါက ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ဆေးလုံးတစ်မျိုး ဖြစ်ရမယ်၊ ကောလာဟလတွေက အမှန်ပဲထင်တယ်၊ စစ်ဟွာမြို့က ဘိုးဘေးကြီးက သေခါနီးပြီတဲ့လေ၊ မဟုတ်ရင် အဲ့မိန်းကလေးက ဒီလောက် အလျင်လိုနေမှာ မဟုတ်ဘူး"
"ကျစ်ကျစ်၊ ဆုကြေးကတောင် စိတ်ကြည်လင် ဝိညာဉ်သစ်သီး တဲ့၊ အဲ့ဒီဆေးလုံးတစ်သုတ်က ဘယ်လောက်တောင် တန်ဖိုးကြီးမလဲ စဉ်းတောင်စဥ်းစားသာကြည့်တော့"
ဤသို့ဆွေးနွေးသံကြားတွင် ရှောင်တန်ချန်မှာ တိတ်တဆိတ် စဉ်းစားနေဆဲဖြစ်ပြီး ခဏအကြာမှာ ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။
"စစ်ဟွာမြို့က ဒီလိုထူးချွန်တဲ့ တပည့်တစ်ယောက်က အကူအညီလာတောင်းတာမှတော့ ကျွန်တော်က ကူညီပေးသင့်တာပေါ့၊ ဒါပေမယ့် မင်းရဲ့ ဒီဆေးလုံးက..."
ဖူရှင်းယန်သည် ရှောင်တန်ချန်၏ စကားဆုံးအောင်တောင် မစောင့်ဘဲ သူမ၏ ပစ္စည်းများထဲမှ ကျောက်စိမ်းသေတ္တာနှစ်လုံးကို ဂရုတစိုက် ထုတ်လိုက်သည်။
"အကြီးအကဲရှောင်... ဒီထဲက တစ်ခုမှာ ယင်ယန်ပြောင်းပြန်ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ ယင်ယန်ဝိညာဉ်အမြစ် ပါဝင်ပါတယ်၊ နောက်တစ်ခုကတော့..."
ဖူရှင်းယန်သည် အနည်းငယ် ပိုသေးသော ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ချိန် လန်းဆန်းသေ ရနံ့တစ်ခု ပျံ့နှံ့လာပြီး လူတိုင်း၏ အတွေးများကို ကြည်လင်သွားစေကာ ၎င်းတို့ စိတ်ဝိဉာဉ်ကို အဆင့်မြင့်သွားစေသည်။
အနံ့လေးတစ်ရှိုက်ကပင် ဤမျှစွမ်းနေသောကြောင့် သစ်သီး၏ ကောင်းကျိုးကို စဉ်းစားရုံဖြင့်ပင် သိနိုင်သည်။
"ဒါက အရှင့်ကို ကျွန်မ ကမ်းလှမ်းထားတဲ့ စိတ်ဝိညာဉ်ကြည်လင် သစ်သီးပါ"
ဖူရှင်းယန်သည် လေးနက်စွာ ပြောလိုသည်။
ရှောင်တန်ချန်သည် ဤအဖိုးတန်ရတနာနှစ်ခုကို မြင်လိုက်ရချိန် သူ၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားသည်။
ယင်ယန်ပြောင်းပြန်ဆေးလုံး ဆိုသည်မှာ ကံကြမ္မာကို ဆန့်ကျင်ပြီး ဘဝအသစ်ကို ပြောင်းလဲပေးနိုင်သော ဆေးလုံးတစ်မျိုးဖြစ်သည်။
ဤသို့ဆေးလုံးမျိုးကို ဖော်စပ်ရန် ထူးကဲသော ဆေးဖော်စွမ်းရည်တင် မကဘဲ နက်ရှိုင်းသည့် ကျင့်ကြံမှုအဆင့်လည်း လိုအပ်ပေသည်။ ထို့အပြင် မိမိ၏အသက်စွမ်းအင်ကိုပင် သုံးကာ ဖော်စပ်ရပေမည်။