← Chapters

ဆေးမိုးကြိုး ဖြစ်ပေါ်လာခြင်း

Vol. 50 Ch. 739

ဆေးမိုးကြိုး ဖြစ်ပေါ်လာခြင်း

Vol. 50 Ch. 739

"ဒီလက်အောက်ငယ်သားတွေကိုပဲ သူ့ကိုတား ထားခိုင်းလိုက်ပြီး ငါအရင်ဆုံး ထွက်ပြေးမှပဲ"

"တခြားလူတစ်ယောက်အတွက် လက်စားချေဖို့ ကိုယ့်အသက်ကို စတေးရတာမျိုးက ငါလုပ်ချင်တဲ့ ပုံစံမျိူးမဟုတ်ဘူး"

"မိသားစုရဲ့ ကျွမ်းကျင်သူတွေကို စုစည်းပြီးမှ ဒီကောင်နဲ့ စာရင်းရှင်းတာ ပိုကောင်းုံယ်"

ကျိယန်ရှီက သူ့စိတ်ထဲတွင် ကောင်းကောင်းကြီး တွက်ချက်ကစားနေခဲ့သည်။

သို့သော် သူသည် ခြေလှမ်းအနည်းငယ်ထက် ပိုမပြေးနိုင်ခဲ့ချေ။

သူ့ လက်အောက်ငယ်သားအားလုံးသည် လေထဲကို လွင့်စင်သွားပြီး မြေကြီးပေါ် မကျခင်တွင် အလောင်းများအဖြစ် ပြောင်းလဲသွားသည်ကို သူတွေ့လိုက်သောကြောင့်ဖြစ်သည်။

ကျိယန်ရှီသည် ထိုမြင်ကွင်းကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသောကြောင့် သူ့အသည်းများ ကွဲအက်လုမတတ် ကြောက်လန့်သွားပြီး ခြေလှမ်းများကို ပိုလို့ပင် မြန်လိုက်သည်။

သို့သော် ထိုအချိန်မှာ သူ့ပခုံးကို ပုတ်လိုက်သည်ကို ခံစားလိုက်ရသည်။

"ထွက်ပြေးဖို့ စဉ်းစားနေတာလား"

ကျိယန်ရှီ၏ တစ်ကိုယ်လုံးသည် တောင့်ခဲသွားပြီး ခေါင်းလှည့်ကြည့်လိုက်ချိန် ရွှယ်အန်းမှာ သူ့ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ စကားပြောဖို့ ဟန်ပြင်လိုက်တုန်းမှာပဲ ရွှယ်အန်းသည် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်ယ

"အခု ငါ မင်းရဲ့ လက်မောင်းကို မယူတော့ဘူး၊ မင်းရဲ့ အသက်ကိုပဲ ယူမယ်"

"မလုပ်ပါနဲ့"

ကျိယန်ရှီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော် ရွှယ်အန်းသည် ဘယ်လက်ရှိ လေထဲကို ဖိချသည့်ဟန်လုပ်လိုက်သည်။

ဘမ်း

ကျိယန်ရှီသည် လက်တစ်ဖျစ်တီးစာအချိန်တောင် မခံနိုင်ဘဲ မြေကြီးပေါ်ကို အတင်းအကျပ် ဖိချခံလိုက်ရသည်။

ကျိယန်ရှီသည် အစွမ်းကုန် ရုန်းကန်ကာ ကောင်းကင်မှ ပြိုကျလာသော ခုခံလို့မရနိုင်သည့် အင်အားတစ်ခုကြောင့် မြေကြီးပေါ်မှာ ပိပြားနေခဲ့ရသည်။

သူ့လက်နှင့် ခြေထောက်များသည် ရမ်းခါနေသဖြင့် မြေကြီးကိုပင် ချိုင့်ခွက်ကြီးတစ်ခုဖြစ်သွားစေသည်။

"ငါ့ကိုလွှတ်စမ်း၊ မင်း ငါ့ကို သတ်ရဲသတ်ကြည့်၊ မင်း ဘယ်သူပဲဖြစ်ဖြစ် သံမဏီအရိုးမဟာမိတ်အဖွဲ့ရဲ့ အဆုံးမရှိတဲ့ လိုက်လံသတ်ဖြတ်မှုကို ခံရလိမ့်မယ်ကွ"

ကျိယန်ရှီက သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားမိသောကြောင့် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

ရွှယ်အန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"ကောင်းပြီလေ၊ အဲ့ဒီနေ့ကို ငါ စောင့်နေမယ်၊ ဒါပေမဲ့ မင်းကတော့ သေကို သေရလိမ့်မယ်"

ထိုသည်ကို မြင်လိုက်ရချိန် ရှောင်တန်ချန်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူသည် အလျင်အမြန်ပင် အော်ပြောလိုက်သည်။

"သနားညှာတာပေးပါ"

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ့လက်ဖဝါးကို ဖိချလိုက်ပြီးဖြစ်သည်

ဘွန်း

ကျိယန်ရှီ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အလင်းတန်းများ ထုတ်လွှတ်လာသည်။

ထိုသည်မှာ သူ့ကိုယ်ပေါ်တွင် ဆောင်ထားသော အသက်ကယ် မှော်ရတနာများဖြစ်သည်။

ထိုအရာများသည် သူက တကယ့် သေခြင်းတရား၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။

သို့သော် ထိုအလင်းတန်းများသည် တစ်စက္ကန့်တောင် မခံနိုင်ဘဲ အမှုန့်အဖြစ် ကြေမွသွားသည်။

ကျိယန်ရှီက သနားစဖွယ် အော်ဟစ်သံတစ်ခု ပြုလိုက်ပြီး သူ့ခန္ဓာကိုယ်သည် အသားအိုင်ကြီးတစ်ခုအဖြစ် ကြေမွသွားသည်။

သူ့ရဲ့ ဝိညာဉ်တောင် မလွတ်မြောက်ဘဲ အပိုင်းအစများအဖြစ် ကြေမွသွားခဲ့သည်။

ထိုသည်မှာ တစ်ချက်တည်းနှင့်ဖြစ်သည်။

သံမဏီအရိုးမဟာမိတ်အဖွဲ့၏ ကျိယန်ရှီ‌ ခေါ် ကျိဒုတိယသခင်လေးသည် ခန္ဓာကိုယ်သာမက ဝိညာဉ်ပါ လုံးဝ ပျက်စီးသွားခဲ့သည်။

ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရတဲ့အခါ ရင်ပြင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားသည်။

သတ္တိနည်းသော လူတချို့ဆိုလျှင် မတ်မတ်တောင် မရပ်နိုင်တော့ချေ။

ရှောင်တန်ချန်သည် ကြောက်လန့်မှုနှင့်အတူ ကယောင်ခြောက်ခြား အော်နေမိသည်။

"ပြီးသွားပြီ၊ အားလုံး ပြီးသွားပြီ! ဒါက မဟာကပ်ဘေးကြီးတစ်ခုပဲ"

"သတ်တာက သတ်ပြီးသွားပြီပဲ၊ ဘာလို့ မလိုအပ်တဲ့ စကားတွေ ပြောနေသေးတာလဲ"

ရွှယ်အန်းသည် တန်ဖိုးမရှိသော ပိုးကောင်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့မျိုး လုံးဝကို ဂရုမစိုက်ချေ။

ရှောင်တန်ချန်၏ မျက်နှာသည် ပျက်ယွင်းသွားသည်။

"မင်း သံမဏီအရိုးမဟာမိတ်အဖွဲ့ က ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိရောသိရဲ့လား၊ သူတို့က ကွေ့ရီကြယ်ရဲ့ အရှေ့ဒေသမှာ၊ နံပါတ်တစ် ပြိုင်ဘက်ကင်း မိသားစုပဲ၊ အခု မင်းက သံမဏီအရိုးမဟာမိတ်အဖွဲ့ ရဲ့ ဒုတိယသားကို သတ်လိုက်ပြီ၊ သူတို့ရဲ့ လက်တုံ့ပြန်မှုကို ဘယ်သူက ခံနိုင်ရည်ရှိမလဲ"

ဖူရှင်းယန်သည် ရှေ့တိုးလာပြီး ပြောလိုက်သည်။

"သခင်ကြီး‌ရှောင် ဖြစ်ပြီးသွားတာလည်း ဖြစ်ပြီးသွားပြီပဲ၊ ဒီအကြောင်း ဆက်ဆွေးနွေးနေလို့ အဓိပ္ပာယ်မရှိတော့ပါဘူး၊ ဒီကိစ္စက ရှင့်နဲ့ မသက်ဆိုင်ပါဘူး၊ ဒါက ကျွန်မတို့ စစ်ဟွာမြို့ကြောင့်ပါ၊ ကျွန်မ တောင်းဆိုချင်တာက ရှင့်အနေနဲ့ ကျွန်မတို့ကို ဒီ ယင်ယန်ပြောင်းပြန် ခန္ဓာပြုပြင်ဆေးလုံး တစ်သုတ်ကို အခုပဲ ဖော်စပ်ပေးဖို့ပါပဲ"

ရှောင်တန်ချန်၏ မျက်နှာသည်အလွန်အမင်း အကျည်းတန်ပြီး‌ ခေါင်းခါလိုက်သည်။

"ခင်ဗျားတို့အားလုံး သွားနိုင်ပြီ၊ ခင်ဗျားတို့ စစ်ဟွာမြို့အတွက် ကျွန်တော် လုံးဝ ဖော်မပေးနိုင်ဘူး"

"ဒါပေမဲ့..."

ရှောင်တန်ချန်က ခက်ထန်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ တွေ မရှိဘူး၊ ခင်ဗျားတို့က ကျွန်တော့်ရဲ့ မျက်စိရှေ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အမှုကြီးကို ကျူးလွန်ခဲ့တယ်၊ ကျွန်တော့်ဆီကို ဒုက္ခတွေ အများကြီး ယူဆောင်လာပေးတယ်၊ ဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကို မကူညီနိုင်တာ ဖြစ်သင့်တယ်၊ ခင်ဗျားတို့ အခု မသွားသေးရင် ကျွန်တော့်ကို ဧည့်ဝတ်မကျေဘူးလို့ အပြစ်မတင်နဲ့"

ရှောင်တန်ချန်သည် ဤကိစ္စများထဲမှ သူ့ကိုယ်သူ ရှင်းထုတ်ချင်နေသည်။

ဖူရှင်းယန်သည် ထိုစကားကို ကြားလိုက်ရချိန် လုံးဝ မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဆေးလုံးကို အမြန်ဆုံး ဖော်စပ်ဖို့ဖြစ်သည်။ သို့မဟုတ်ပဲ နောက်ထပ် ရက်အနည်းငယ် ကြန့်ကြာသွားပြီးပါက ဆေးလုံးရလျှင်ပင် အချိန်မီတော့မှာ မဟုတ်ပေ။

ထို့ကြောင့်လည်း ဖူရှင်းယန်သည် ရှောင်တန်ချန်ကို ဆေးလုံးဖော်စပ်ပေးဖို့ အသည်းအသန် တောင်းဆို‌ခဲ့ခြင်းပင်ဖြစ်သည်။ အခုချိန်မှ အပြင်ဒေသရှိ ဆေးကျွမ်းကျင်သူတစ်ယောက်ကို အကူအညီတောင်းပါက အရမ်းနောက်ကျသွားပြီဖြစ်သည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"ငါ မင်းကို အဲ့ဆေးလုံး ဖော်စပ်ပေးမယ်

"

သူ့စကားများသည် ဗုံးတစ်လုံးပမာ အကြီးအကျယ် ဆူညံပွက်လောရိုက်သွားစေသည်။

လူတော်တော်များများသည် လှောင်ပြောင်လိုသော အမူအရာများဖြင့် မဲ့ပြုံးပြုံးလိုက်ကြသည်ယ

"သူက ဟင်းချက်သလို လွယ်တယ်များ ထင်နေလားမသိဘူး"

"ကျစ်ကျစ်၊ သူက မင်းကို ဖော်ပေးမယ် လို့တောင် ပေါ့ပေါ့လေး ပြောထွက်တယ်၊ တကယ့်ကို ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို မသိတဲ့လူပဲ"

"ဟုတ်တယ်၊ ဆေးကျွမ်းကျင်သူတစ်ယောက်ဆိုတာ အရမ်းမြင့်မားတဲ့ ပါရမီနဲ့ မရေမတွက်နိုင်တဲ့ အတွေ့အကြုံတွေပေါ်မှာ တည်ဆောက်ထားရတာ၊ ဒါကြောင့် သခင်ကြီးရှောင်ကို နတ်ဆေးဆရာလေး လို့ ကြည်ညိုလေးစားကြတာပေါ့၊ ဒီလူက သူ ကိုယ်တိုင် ဆေးလုံးဖော်မယ်လို့ ပြောရဲတယ်၊ တကယ် ရယ်စရာပဲ"

"ဟားဟား ပွဲကြည့်ဖို့သာ စောင့်လိုက်ရမယ်"

ရှောင်တန်ချန်လည်း လှောင်ပြောင်လိုစွာဖြင့် သူ့မုတ်ဆိတ်သူ ပွတ်သပ်ကာ ပြောလိုက်သည်။

"ငါ့မိတ်ဆွေက ဒီလို ပြောမှတော့၊ သူ့ကို ကြိုးစားကြည့်ခိုင်းလိုက်ကြတာပေါ့"

ဖူရှင်းယန်သည် ရွှယ်အန်းကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။

"စီနီယာ"

ရွှယ်အန်းသည် လက်ဝှေ့ယမ်းပြလိုက်သည်။

"ထပ်ပြောစရာ မလိုတော့ဘူး၊ ငါ့တာ၀န်ထားလိုက်"

သူမ၏ စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း ရွှယ်အန်းကို ယုံကြည်သောကြောင့် သူမ လက်ထဲမှ ကိုင်ထားသော ကျောက်စိမ်းသေတ္တာကို လွှဲပေးလိုက်သည်။

ရွှယ်အန်းသည် ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။

အတွင်းထဲတွင် အရောင်ငါးမျိုးတောက်နေနေသော ဝိညာဉ်အမြစ်တစ်ခု ရှိနေသည်။

တစ်ချိန်တည်းမှာပင် ယင်နှင့် ယန် စွမ်းအင်များသည် သူ့ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်။

"တကယ့်ကို ဒါက ယင်ယန်ဝိညာဉ်အမြစ်ပဲ"

"ဒီလို မွေးရာပါ ဝိညာဉ်ဆေးမျိုးက တစ်ခါသုံးလိုက်ရင် ကုန်သွားတဲ့ ရတနာမျိုးပဲ၊ ဒီလူက ဒါကို ဘယ်လို ဖော်စပ်မလဲဆိုတာ ငါ တကယ် ကြည့်ချင်သေးတယ်"

ရှောင်တန်ချန်၏ အကြည့်များသည် ခဏတာ တုန်ရီသွားပြီးနောက် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"ငါ့မိတ်ဆွေ လိုအပ်မယ်ဆိုရင် ငါ မင်းအတွက် ဆေးဖိုတစ်ခု ပေးနိုင်တယ်၊ ဟုတ်တာပေါ့ မင်း အဲ့ဒါကို ဖောက်ခွဲပစ်ရင်တော့ ဘယ်ရမလဲ"

သူ့စကားကြောင့် ပတ်ဝန်းကျင်ရှိ လူများသော ကျယ်လောင်စွာ နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်သည်။

ရွှယ်အန်းက ခေါင်းယမ်းလိုက်သည်။

"မလိုအပ်ဘူး၊ ဒီမှာပဲဆို အဆင်ပြေပြီ"

ရှောင်တန်ချန်သည် အသံထွက်ကာ ရယ်မောမိတော့မလို ဖြစ်သွားပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။

ထိုစဥ် ကျောက်စိမ်းသေတ္တာထဲမှ ယင်ယန် ဝိညာဉ်အမြစ်သည် လေပေါ်ကို မြောက်တက်သွားပြီး ရွှယ်အန်၏ ရှေ့တွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ရွှယ်အန်းသည် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ဖြူဖွေးသော မီးတောက်အမျှင်လေးတစ်ခုသည် အထိုအပေါ်ကို ကပ်တွယ်သွားကာ ယင်ယန်ဝိညာဉ်အမြစကို လုံးလုံး ဖုံးအုပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ၊ မီးတောက်ထဲရှိ ဝိညာဉ်အမြစ်သည် ကိုးကြိမ်တိုင်တိုင် ပြောင်းလဲသွားသည်။

ပြောင်းလဲမှု တစ်ကြိမ်စီတိုင်းမှာ ဝိညာဉ်အမြစ်ထဲရှိ အညစ်အကြေးများလည်း အနည်းငယ် လျော့နည်းသွားသည်။

ဆေးဖော်ခြင်း၏ ကိုးကြိမ်မြောက် ပြောင်းလဲမှုအပြီးတွင် ဝိညာဉ်အမြစ် အများစုက ပျောက်ကွယ်သွားပြီး လေထဲတွငိ တောက်ပနေသော ဆေးရည်လုံးတစ်လုံးသာ တလိမ့်လိမ့်တက်လာရင်း ကျန်ရစ်ခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရှောင်တန်ချန်၏ လှောင်ပြောင်လိုသော မျက်နှာသည် အေးခဲသွားပြီး သူ့မျက်လုံးသူတောင် မယုံနိုင်ခဲ့ပေ။

သူသည် ဆေးကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ရွှယ်အန်း ပေါ့ပေါ့ပါးပါး လုပ်လိုက်သကဲ့သို့ ထင်ရသော လှုပ်ရှားမှုများသည် မည်မျှခက်ခဲမှန်း သေချာပေါက် နားလည်သည်။

သူဆိုလျှင်တောင် ယင်ယန်ဝိညာဉ်အမြစ် ကို ဆေးဖိုထဲမှာ ထည့်ပြီး မီးအေးအေးဖြင့် တစ်ရက်လောက် အပူပေးကာ အညစ်အကြေးများကို ဂရုတစိုက် သန့်စင်ပြီးမှ ဤသို့ဆေးရည်တစ်လုံးကို ရမှာဖြစ်သည်။

ဤအချိန်အတွင်းတွင် အနည်းငယ်လေးတောင် ပေါ့ဆလို့ မဖြစ်ချေ။ သို့မဟုတ်ပါက သူသည် လုံးဝ ကျရှုံးသွားနိုင်သည်

သို့သော် ရွှယ်အန်းသည် ၎င်းလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့တစ်ရက်တာ အလုပ်တစ်ခုလုံးကို ချွေတာလိုက်နိုင်ခဲ့သည်။

ဤသည်မှာ အစသာ ရှိသေးသည်။

ရွှယ်အန်းသည် ဟင်းလင်းပြင်ထဲကို လက်လှမ်းလိုက်ချိန် ကြည်လင်နေသော ကောင်းကင်မှာ ရုတ်တရက် မိုးအုံ့သွားသည်။

ထို့နောက် ထူထပ်သော မိုးတိမ်မည်းများကြားတွင် မိုးခြိမ်းသံများကို ကြားလိုက်ရသည်။

"ဒါက ဘယ်လို..."

ရှောင်တန်ချန်သည် နားမလည်နိုင်သေးချေ။

လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု၊ မုန်တိုင်းထန်သကဲ့သို့ ကျဆင်းလာပြီး လေဟာနယ်တစ်ဝက်မှာ ရှိနေသော 'ယင်ယန် ဝိညာဉ်အမြစ် ဆေးရည်လုံးကို ချက်ချင်း ဖုံးအုပ်သွာသည်။

လျှပ်စစ်အလင်းတန်းများသည် လက်ခနဲ လက်ခနဲ ဖြစ်နေပြီး လူများ တည့်တည့် မကြည့်ရဲလောက်အောင် စူးရှတောက်ပနေသည်။

"ဆေးမိုးကြိုး၊ ဒါက ဆေးမိုးကြိုးပဲ"

ရှောင်တန်ချန်သည် ထိန်းမရစွာ တုန်ခါနေခဲ့သည်။

All Chapters