နှစ်တစ်သောင်းကြာ စောင့်ဆိုင်းခြင်း
Vol. 50 Ch. 741
အစောင့်များအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ဖူရှင်းယန်သည် တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်။
"ဟုတ်"
သူမသည် ပြောလျက် သူမ သယ်လာသော ဆေးလုံးကို ထုတ်ယူဖို့ ပြင်လိုက်သည်။
သို့သော် ရွှယ်အန်းက လက်ဝှေ့ယမ်းပြလိုက်သည်။
"မလိုဘူး"
ထိုစကားကို ကြားသောအခါ ဖူရှင်းယန်သည် ကြက်သေသေသွားပြီး သူမ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
"စီနီယာ…"
ရွှယ်အန်းသည် အနောက်တံခါးဆီကိုသာ တန်းတန်းမတ်မတ် တွန်းဖွင့်ကာ လျှောက်ဝင်သွားသည်။
သူ ဝင်သွားသည်နှင့် ဖူရှင်းယန်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝဲကျန်လျက် တောက်ပသော အလင်းတန်းများနှင့် ပိတ်ဆို့ထားသော အတွင်းဆောင်ကို ကြည့်ကာ သူမ၏ နှလုံးသားထဲတွင် ခါးသီးမှများနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်သွားသည်။
အဘယ့်ကြောင့်ဆို သူမ ရွှယ်အန်း ပြောချင်သည်ကို နားလည်သောကြောင့်ဖြစ်သည်။
ဤအချိန်တွင် ရွှယ်အန်းသည် သူ့ရှေ့ရှိ တောကန္တာရပမာ ခြောက်သွေ့နေသော နေရာ၏ အလယ်ရှိ အိမ်ငယ်လေးကို ကြည့်ကာ ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"ငါရောက်လာပြီ"
သူ့စကားအဆုံးတွင် အလင်းများ တဖျပ်ဖျပ် လင်းလက်သွားပြီး အိမ်ထဲမှ အားနည်းနေသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
"ရှင်… ရှင်က ဟွာနိုင်ငံကလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
"နောက်ဆုံးတော့… နှစ်တစ်သောင်းကြာ စောင့်ဆိုင်းပြီး ကျွန်မ သေဆုံးခါနီးအချိန်မှ ကျွန်မ ဇာတိမြေက လူတစ်ယောက်ကို တွေ့ခွင့်ရပြီတဲ့လား"
အမျိုးသမီးသည် စကားအဆုံးတွင် ခပ်တိုးတိုးလေး ရှိုက်ငိုနေခဲ့သည်။
ရွှယ်အန်းက တိတ်ဆိတ်နေခဲ့သည်။
အမှန်တွင် သူ ဒီအိမ်တော်ထဲကို ခြေချလိုက်ကတည်းက တစ်စုံတစ်ယောက်မှ သူ့ကို ခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ရှိုက်ငိုသံသည် တဖြည်းဖြည်း တိတ်ကျသွားပြီး အမျိုးသမီးသည် အနေရခက်သော အပြုံးဖြင့် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မ နည်းနည်း စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ"
"ခင်ဗျားက အဲ့ဒီကပ်ဘေးကြီးကနေ လွတ်မြောက်လာခဲ့တဲ့ လူသားမျိုးနွယ် ကျင့်ကြံသူတစ်ယောက်လား"
ရွှယ်အန်းက မေးလိုက်သည်။
"ဟုတ်ပါတယ်"
တကယ့်ကို သူ တွေးထားခဲ့သလိုပဲကို..
ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
"ဒါဆို ခင်ဗျားက ဒီနေရာမှာ နှစ်ပေါင်းတစ်သောင်းလောက် နေခဲ့ရတာလား"
"နှစ်ပေါင်း တစ်သောင်းတစ်ထောင့်၊ နှစ်ရာ့၊ ခုနစ်ဆယ့်၊ တစ်နှစ်ရှိပါပြီ၊ ပြီးတော့ ဒီအတွင်းဆောင်ငယ်လေးထဲမှာ ပိတ်မိနေတာက ခြောက်ထောင့်၊သုံးရာ့၊တစ်ဆယ့်၊တစ်နှစ်ပါ"
ရွှယ်အန်းသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။
ဤသို့ အထီးကျန်သော အတွင်းဆောင်ထဲတွင် နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ နေထိုင်ရသည်မှာ သာမန်လူတစ်ယောက်သာဆိုလျှင် အခုလောက်ဆို ရူးသွားလောက်သည်။
"ခင်ဗျား…"
ရွှယ်အန်က ရုတ်တရက် ဘာပြောရမှန်း မသိတော့ပေ။ အဘယ့်ကြောင့်ဆို အိမ်ငယ်လေးထဲရှိ အရှိန်အ၀ါမှာ အားနည်းလာနေသည်ကို သူ ခံစားမိလို့ဖြစ်သည်။
ထိုသည်မှာနောက်ပြန်လှည့်လို့ မရတော့ပေ။ မည်သည့် ဆေးလုံးကမှ ဤဖြစ်စဉ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ချေ။
ထို့ကြောင့်ပဲ သူသည် ယင်ယန်ပြောင်းပြန် ခန္ဓာပြုပြင်ဆေးလုံးကို အထဲကို ယူမလာခဲ့ပေ။
အဘယ့်ကြောင့်ဆို အချည်းနှီးသာဖြစ်နေနိုင်သည်။
"ရပါတယ်၊ ဒီနှစ်တွေအားလုံးမှာ ကျွန်မ အသက် အလုံအလောက် ရှင်ခဲ့ပြီးပါပြီ၊ ကျွန်မ မသေဆုံးခင် ဇာတိမြေက လူတစ်ယောက်ကို တွေ့ခွင့်ရတာနဲ့ပဲ ကျွန်မ တကယ် ဝမ်းသာနေပါပြီ၊ တကယ့်ကို ဝမ်းသာနေပါပြီ"
အမျိုးသမီးသည် တတွတ်တွတ် ပြောနေခဲ့သည်။
ထိုစဉ် အိမ်ငယ်လေးသည် တဖြည်းဖြည်း ပြိုကျ ပျောက်ကွယ်စ ပြုလာသည်။
သူမ၏ စွမ်းအားများသည် ဤအခြေခံအကျဆုံး ပုံရိပ်ယောင်ကိုတောင် ဆက်လက်ထိန်းသိမ်းထားရန် မလုံလောက်တော့ပေ။
"ဟွာမျိုးနွယ် လူသား၊ ကျွန်မကို မကြည့်ပါနဲ့"
အမျိုးသမီးသည် အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့သော် ရွှယ်အန်းသည် မြင်သွားပြီဖြစ်သည်။
သူသည် ဟောင်းနွမ်းဆွေးမြေ့နေသော တရားထိုင်ဖျာတစ်ခုပေါ်တွင် မတ်မတ် ထိုင်နေသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
အမျိုးသမီးသည် အလွန်အမင်း ပိန်လှီနေကာ မံမီရုပ်အလောင်းတစ်လောင်းအလားထင်ရကာ တောက်ပမှုများ ထွက်ပေါ်နေသော မျက်လုံးတစ်စုံသာ ကျန်ရှိတော့သည်။
သို့သော် ရွှယ်အန်း အာရုံစိုက်နေသည်မှာ ထိုအရာများကို မဟုတ်ပေ။ သူ မြင်လိုက်ရသည်မှာ အမျိုးသမီး၏ ပါးပြင်၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင်ရှိသော ကြောက်မက်ဖွယ်ရာ အမာရွတ်များကိုဖြစ်သည်။
အနက်ရောင် ချီများသည် ထိုအမာရွတ်များအပေါ် ရစ်ဝဲနေပြီး အမျိုးသမီး၏ အသက်ဓာတ်ကို စက္ကန့်တိုင်း တိုက်စားနေကာ သူမ၏ အသက်စွမ်းအားကို နည်းနည်းချင်း အိုမင်းရင့်ရော်စေခဲ့သည်။
ရွှယ်အန်းလည်း နောက်ဆုံးတွင် မတည်ငြိမ်နိုင်တော့ပေ။
"ခင်ဗျား…"
အမျိုးသမီးက ရယ်မောလိုက်သည်။
သို့သော် သူမ၏ အဆီမရှိသော ပိန်လှီခြောက်ကပ်နေသည့် မျက်နှာမှာအပြုံးတစ်ခုပေါ်လာခြင်းမှာ ကြောက်စရာကောင်းလှသည်။
"ကိစ္စမရှိပါဘူး၊ ကျွန်မ နေသားကျနေပါပြီ"
ရွှယ်အန်းသည် တိတ်ဆိတ်နေခဲ့သည်။
သို့သော် သူ့မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
"ဒါ အဲ့ဒီကောင်တွေရဲ့ လက်ချက်လား"
အမျိုးသမီးသည် ခပ်ဖွဖွလေး သက်ပြင်းချလိုက်သည်။
"ဟုတ်တယ်"
ရွှယ်အန်းသည် ရုတ်တရက်ပင် ဘာပြောရမှန်း မသိတော့ပေ။
နှစ်ပေါင်း တစ်သောင်းကျော်...
ဤအမျိုးသမီးသည် ယခုလို ပြင်းထန်သော ဒဏ်ရာများနှင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ရသည်။
ရွှယ်အန်း မြင်နိုင်သည်မှာ ဤဒဏ်ရာများသည် အမျိုးသမီး၏ ဝိညာဉ်ရင်းမြစ်ကို တိုက်ရိုက် ထိခိုက်စေသည်။
သို့ဖြစ်ရာ အချိန်တိုင်းလိုလို သူမသည် သာမန်လူများ စိတ်ကူးထဲပင် ထည့်မတွေးနိုင်သည့် ကြီးမားလှသော နာကျင်မှုကို ခံစားနေခဲ့ရသည်။
ဤသည်မှယ ငရဲထက်တောင် ပိုရက်စက်သည့် ပြစ်ဒဏ်တစ်ခုဖြစ်သည်။
ရွှယ်အန်းသည် လက်စားချေလိုစိတ်များ တောက်လောင်လာသည်ကို မထိန်းနိုင်တော့ပေ။
အမျိုးသမီးသည် ညင်သာစွာ ပြောလိုက်သည်။
"ဟွာမျိုးနွယ် လူသား၊ ကျွန်မကို ကျွန်မတို့ရဲ့ ဇာတိမြေရဲ့ လက်ရှိအခြေအနေအကြောင်း ပြောပြနိုင်မလား"
ရွှယ်အန်းသည် သူ့နှလုံးသားထဲရှိ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကာ ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့"
ရွှယ်အန်းသည် သူသိသမျှ အရာအားလုံးကို ဖြည်းဖြည်းချင်း ပြန်ပြောပြခဲ့သည်။
လူသားမျိုးနွယ်အပေါ် ကျရောက်ခဲ့တဲ့ ကပ်ဘေးကြီးအကြောင်း၊ မျိုးနွယ်ထဲမှ အင်အားကြီးသူ အများအပြားသည် ကောင်းကင်တာအိုများအဖြစ် သူတို့ကိုယ်သူတို့ စတေးခဲ့ကြပြီး ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ကာ လူသားမျိုးနွယိအားလုံးကို ကယ်တင်ခဲ့ကြသည်ကို ကြားလိုက်ရသည့်အခါ အမျိုးသမီးသည် တစ်ကိုယ်လုံး တုန်ယင်လာသော်လည်း မျက်ရည်တော့ မကျခဲ့ပေ။
အဘယ့်ကြောင့်ဆို သူမသည် လုံးဝကို ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သောကြောင့် မျက်ရည်ကျတာတောင် သူမအတွက် မရနိုင်သော ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။
သို့သော် ရွှယ်အန်းသည် ဤနှစ်ပေါင်း တစ်သောင်းအတွင်းတွင် လူသားမျိုးနွယ်သည် အနိမ့်အမြင့် အတက်အကျများစွာ ဖြတ်သန်းခဲ့ရသော်လည်း အချိန်အများစုမှာ လောကကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည်ဟု ပြောလိုက်သည့်အခါ အမျိုးသမီးသည် ကလေးတစ်ယောက်ပမယ ပျော်ရွှင်စွာ ပြုံးလာသည်။
ထို့နောက် ရွှယ်အန်းသည် သူ၏ ဝိညာဉ်အာရုံကိုတောင် အသုံးပြုပြီး ပုံရိပ်ယောင်များ ဖန်တီးကာ၊ ဇာတိမြေ၏ ရှုခင်းများကို သူမ မျက်စိရှေ့မှာတင် ပြသခဲ့သည်။
အမျိုးသမီးသည် အရာအားလုံးကို မက်စွာ မောစိုက်ကြည့်နေပြီး တောင်တန်းများနှငိ့ မြစ်ချောင်းများကို ညင်သာစွာ ပွတ်သပ်ရန် လက်လှမ်းလိုက်ပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဆရာ၊ ဆရာတူအစ်ကို၊ ကပ်ဘေးကြီးကြောင့် ရှင်တို့ နှစ်ယောက်လုံး သေဆုံးခဲ့ရတယ်၊ ဒါပေမဲ့ နောက်ဆုံးအချိန်လေးမှာ ရှင်တို့ရဲ့ ကျင့်ကြံစွမ်းအားအားလုံးကို သုံးပြီး အချိန်-နေရာ လမ်းကြောင်းကို ဖွင့်လှစ်ပြီး ကျွန်မကို ဒီကို ပို့ပေးခဲ့တယ်"
"ဆရာတူအစ်ကိုက ငတုံးကြီး၊ ရှင် ကျွန်မကို ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကို ကျွန်မ မှတ်မိနေတယ်"
"ကောင်းကောင်း အသက်ရှင်ပါတဲ့"
"ဒါပေမဲ့… ရှင်တို့မရှိဘဲ၊ ကျွန်မတို့ရဲ့ ဟွာနိုင်ငံတော်ကြီးမရှိဘဲနဲ့ ကျွန်မက အသက်ရှင်နေရင်တောင် ဘာအဓိပ္ပာယ်ရှိဦးမှာလဲ"
"ဒါပေမဲ့ ကျွန်မ မသေရဲခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အသက်ကို ရှငိတို့က အသက်စွန့်ပြီး ကယ်တင်ခဲ့တာမှန်း ကျွန်မ သိနေလို့လေ၊ ကျွန်မ စောင့်ရမယ်၊ ကျွန်မတို့ ဇာတိမြေက တစ်ယောက်ယောက် လာမှာကို စောင့်ရမယ်"
"ဒီနေ့ ကျွန်မ နောက်ဆုံးတော့ စောင့်နိုင်ခဲ့ပြီ၊ ပြီးတော့ အဲ့ဒီလူက အတိတ်က ကျွန်မထက်တောင် ကျင့်ကြံမှုအဆင့် ပိုသန်မာတဲ့ ဟွာမျိုးနွယ် လူသားတစ်ယောက်တဲ့လေ"
"ကျွန်မ မသေဆုံးခင် ဒီမြင်ကွင်းကို တွေ့ရတာ၊ ကျွန်မ လုရိယွမ်သေပျော်ပါပြီ"
"ဒါပေမဲ့ ဒီအရာအားလုံးကို ရှင်တို့ မြင်နိုင်မှာ မဟုတ်တော့ဘူး"
အဆုံးတွင် လုရိယွမ်သည် အားတင်းပြုံးရန် ကြိုးစားလိုက်သော်လည်း သူမ မျက်လုံးများမှ သွေးများ ယိုစီးကျလာသည်။
ထိုသည်မှာ သွေးမျက်ရည်များပင်ဖြစ်သည်။
ရွှယ်အန်းက ယင်းကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ လုရိယွမ်သည် သူမ၏ ပါးပြင်ပေါ်ရှိ သွေးမျက်ရည်များကို သုတ်လိုက်ပြီး ရွှယ်အန်ကို ပြုံးပြလိုက်သည်။
"ရယ်စရာတော့ပြမိသွားပြီ"
သို့သော် သူမ တစ်ချက်သုတ်လိုက်သည်နှင့် အရေပြားသည် အကွက်ကြီးများ ကွာကျလာသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပြိုကွဲပျက်စီးလာခဲ့သည်။ ရွှယ်အန်း အကြည့်များ အေးစက်သွားပြီး သူသည် သူ၏ အစွမ်းထက်သော ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ လုရိယွမ်၏ ခန္ဓာကိုယ်ကို ပြန်လည်စုစည်းပေးရန် ကြိုးစားလိုက်သည်။
လုရိယွမ်သည် ခက်ခက်ခဲခဲနှင့် ခေါင်းခါလိုက်သည်။
"ဟွာမျိုးနွယ်လူသား၊ ရှင့်ရဲ့ စွမ်းအားကို အလဟဿ မဖြုန်းတီးပါနဲ့တော့၊ နှစ်ပေါင်းတစ်သောင်း ကြာသွားမှတော့ ကျွန်မမှာ ဘာတွယ်တာမှုမှ မကျန်တော့ပါဘူး၊ ဇာတိမြေက တစ်စုံတစ်ယောက်ကိုသာ စောင့်ဆိုင်းချင်တဲ့ ဆန္ဒ မရှိခဲ့ရင် ကျွန်မ သေတာ ကြာလောက်ပါပြီ"
ထိုစကားကိုကြားတော့ ရွှယ်အန်း တိတ်ဆိတ်သွားသည်။
ဤအချိန်တွင် လုရိယွမ်၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်စပြုလာသည်။ သို့သော် သူမသည် ပြုံးလျက် ပျောက်ကွယ်သွားခဲ့သည်။
"ဟွာမျိုးနွယ် လူသား၊ ကျွန်မရဲ့ နောက်ဆုံး ဝိညာဉ်အာရုံအားလုံးကို ရှင့်ကို ပေးခဲ့ပါ့မယ်၊ ကျေးဇူးပြုပြီး မှတ်ထားပါ၊ ဟွာမျိုးနွယ်ရဲ့ သွေးကြွေးကို... ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် အဲဘကလေးတွေကို ကျွန်မကိုယ်စား စောင့်ရှောက်ပေးပါ"
ထိုစကားများကို ပြောရင်းနှငိ့ လုရိယွမ်၏ မျက်လုံးများသည် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်အာရုံ စီးကြောင်းတစ်ခုသည် ရွှယ်အန်းဆီကို တိုးဝင်လာတယ်။
ရွှယ်အန်းသည် သူ့စိတ်ကို ဖွင့်ထားပြီး ထိုဝိညာဉ်အာရုံကို လက်ခံလိုက်သည်။
ထို့နောက် လုရိယွမ်သည် မိုးခြိမ်းသံလို ကျယ်လောင်စွာ ကြေမွသွားပြီး လောကကြီးထဲမှ ပျောက်ကွယ်သွားသည်။
သူမ မပြိုကွဲသွားခင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းချလိုက်သည်။
"ဆရာသခင်၊ ဆရာတူအစ်ကို... ရိယွမ် လာပြီ"
သူမ ပျောက်ကွယ်သွားသည်နှင့် တောကန္တာရတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါလာပြီး အတွင်းဆောင်ငယ်လေး၏ ပုံစံအမှန်သည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ရွှယ်အန်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အမျိုးသမီး ပျောက်ကွယ်သွားတဲ့ အရပ်မျက်နှာကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"နောက်ဘဝမှာ လွတ်လပ်ပါစေ၊ ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်စွာ သွားလာနိုင်ပြီး၊ ဘယ်လို ချည်နှောင်မှုမျိုးကမဆို ကင်းလွတ်ပါစေ"
အပြင်မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဖူရှင်းယန်တို့သည် ရုတ်တရက်ဆိုသလိူ အတွင်းဆောင်ငယ်လေးကို ဖုံးအုပ်ထားသော အလင်းတန်းများ ပြိုပျက်သွားသည်ကို မြင်လိုက်ရချိန် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
ထိုအချိန် ရွှယ်အန်းသည် အတွင်းဆောင်ထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာပြီး မြေကြီးပေါ်မှာ ဝမ်းနည်းပက်လက် ငိုယိုလဲကျနေကြသော လူများကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"သူမ… သွားပြီ"
ထိုစကားတစ်ခွန်းကြောင့် လူတိုင်း၏ မျက်ရည်များသည် ပိုလို့တောင် စီးကျလာသည်။
ဖူရှင်းယန်သည် မြေကြီးပေါ်ကို ဒုန်းခနဲ ဒူးထောက်ကျသွားပြီး မိုးရွာသည့်ပမာ ငိုချလိုက်သည်။
"ဘိုးဘေးသခင်ရယ်"
သူမ၏ ဦးဆောင်မှုနောက်တွင် အစောင့်များအားလုံးလည်း ဒူးထောက်လိုက်သည်။
ထိုသတင်းသည် ပျံ့နှံ့သွားသည်နှင့်
စစ်ဟွာမြို့ထဲရှိ လူတိုင်းသည် မြို့တော်သခင်၏ အိမ်တော်ရှိရာ အရပ်မျက်နှာကို ဒူးထောက်လိုက်ကြကာ ငိုရှိုက်သံများကို မထိန်းချုပ်နိုင်ကြတော့ပေ။
ဤနေ့တွင်
စစ်ဟွာမြို့၏ ဘိုးဘေးသခင်၊ လုရိယွမ် သည် ကွယ်လွန်သွားခဲ့သည်။
ထိုသတင်းသည် ပျံ့နှံ့သွားသည်နှင့် အရှေ့ဒေသတစ်ခုလုံး တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော လောဘတကြီး မျက်လုံးများသည် စစ်ဟွာမြို့ကို ချိန်ရွယ်လာကြသည်။
လူအများအပြားအတွက် စစ်ဟွာ၏ ဘိုးဘေးသခင် သေဆုံးသွားသည်နှင့် စစ်ဟွာမြို့ရှိ နူးညံ့သိမ်မွေ့သော အမျိုးသမီး ကျင့်ကြံသူများသည် လုံးဝ အကာအကွယ်မဲ့ ဖြစ်သွားခဲ့ပြီဖြစ်သည်။
ဤသို့ ကြီးမားလှသော ဆွဲဆောင်မှုသည် ၎င်းတို့ကို ဂနာမငြိမ် ဖြစ်စေပြီး လှုပ်ရှားရန် ပိုစိတ်အားထက်သန်လာစေသည်။