လေလံပွဲတော်ကြီး၊ လျှို့ဝှက် နှောင့်ယှက်ဖျက်ဆီးမှု
Vol. 50 Ch. 750
ထိုမိန်းကလေးသည် ဒေါသအလွန်ထွက်နေသည်မှာ သိသာထင်ရှားလှပြီး ရွှယ်အန်းကို အရှင်လတ်လတ် အရေခွံခွာကယ ဝါးစားချင်စိတ် ပြင်းပြနေခဲ့သည်။
ကိုယ်ရံတော်များသည် တစ်ပြိုင်နက် ရှေ့တိုးလာပြီး အရေးယူရန် ပြင်ဆင်လိုက်ကြသည်။
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး ကောင်းကင်ကို ထိုးတက်သွားလောက်သည့် သတ်ဖြတ်လိုစိတ်သည် သူ့ခြေအောက်ရှိ မြေကြီးကိုတောင် အနည်းငယ် တုန်ခါသွားစေသည်။
သူသည် ထိုလူများ၏ နောက်ခံကို ဂရုမစိုက်ပေ။ သူ့သမီးကို ထိခိုက်အောင် လုပ်ရဲရင်တော့ တန်ကြေးကို ပေးဆပ်ဖို့ ပြင်ဆင်ထားသင့်တယ်...
ကိုယ်ရံတော်များလည်း ထိုသတ်ဖြတ်လိုစိတ်ကို ခံစားမိသောကြောင့် သူတြို မျက်နှာတွေအားလုံး အလေးအနက် ဖြစ်ကုန်ကြသည်။ ထိုအချိန်တွင် ရှောင်တန်ချန်သည် ချွေးများစို့လျက် လူအုပ်ထဲမှ တိုးထွက်လာပြီး အလျင်အမြန် အော်လိုက်သည်။
"ဆရာ... ခဏလေး၊ မတိုက်ခိုက်ပါနဲ့ဦး"
ထို့အပြင် နက်ရှိုင်းမိုးကြိုးမြို့ထဲက အဝေးတစ်နေရာကနေလည်း မိုးခြိမ်းသံလို အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"မိတ်ဆွေ... ကျေးဇူးပြုပြီး သက်ညှာပေးပါ"
ထိုစကားနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသေ အရှိန်အဝါတစ်ခုသည် လမ်းမပေါ်ကို ကျဆင်းလာခဲ့သည်။
ဤသည်မှာ အရပ်မြင့်ပြီး ခန့်ညားထည်ဝါကာ ဩဇာအာဏာရှိပုံ မျက်နှာထားနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ အမျိုးသားသည် မြေပေါ်ဆင်းသက်ပြီးနောက် ကိုယ်ရံတော်များကို လေသံမာမာနှင့် မာန်မဲလိုက်သည်။
"နောက်ဆုတ်ကြ"
ကိုယ်ရံတော်များသည် ဘေးဘက်ကို အလျင်အမြန် ဆုတ်သွားကြပြီး လက်နှစ်ဖက်ကို ဘေးတွင်ကပ်ထားလျက် ခေါင်းမဖော်ဝံ့ဘဲ ရပ်နေကြသည်။
ထိုသည်ကိုမြင်သောအခါ ရွှယ်အန်းသည် ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးလိုက်ပြီး သူ၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသည် ဘာမှမကျန်တော့သကဲ့သို့ ပျောက်ကွယ်သွားကာ တည်ငြိမ်ခန့်ညားသည့် လူတစ်ယောက်အသွင်သို့ ပြန်ပြောင်းသွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ထိုအရာကို သတိပြုမိကာ သူ့မျက်လုံးထဲတွင် အံ့ဩမှုတစ်ချက် ဖြတ်ပြေးသွားပြီး လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။
"မိတ်ဆွေ... ရပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူသည် နဘေးရှိ ရှောင်တန်ချန်ကို ပြုံးပြလိုက်သည်။
"မစ္စတာရှောင်ကိုလည်း ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ထိုစကားကိုကြားချိန် ရှောင်တန်ချန်လည်း ပြုံးလျက်နှင့် အရိုအသေ ပြန်ပေးလိုက်သည်။
"မြို့သခင်ကောင်းက ကြင်နာလွန်းနေပါပြီ၊ ကျွန်တော်က ဆရာနဲ့အတူ လိုက်လာတာပါ"
ဤလူသည် နက်ရှိုင်းမိုးကြိုးမြို့၏ အရှင်သခင်ဖြစ်သူ ကောင်းရှင်းဟိုင်ဖြစ်သည်။
ရှောင်တန်ချန်က ရွှယ်အန်းကို လေးစားစွာဖြင့် ဆရာဟု ခေါ်နေသည်ကို ကြားလိုက်ရသောအခါ ကောင်းရှင်းဟိုင် နှလုံးသားသည် ပိုလို့တောင် လှုပ်ရှားသွားသည်။ ထိုအချိန်တွင် ပိုးသားဝတ်စုံနှင့် မိန်းကလေးသည် မြေပြင်ပေါ်ကနေ ထလာပြီး မခံမရပ်နိုင် မျက်နှာထားနှင့် ကောင်းရှင်းဟိုင်ကို ပြောလိုက်သည်။
"ဖေဖေ အဲ့လူက မောင်မောင့်ကို သတ်လိုက်ပြီး သမီးကိုလည်း ဒီလိုပုံစံဖြစ်အောင် လုပ်တယ်၊ ဖေဖေ သမီးအတွက် ပြန်ကလဲ့စားချေပေးရမယ်နော်"
သူမသည် ရွှယ်အန်းကို မုန်းတီးစွာဖြင့် အောင်နိုင်သူမျက်နှာထားနှင့် ကြည့်လိုက်သည်။ ထိုပိုးသားဝတ်စုံနှင့် မိန်းကလေးသည်တော့ ကောင်းရှင်းဟိုင်၏ သမီး ကောင်းကျို့ယွီဖြစ်သည်။ သူမသည် မြို့သခင်၏ သမီးဆိုသော ဂုဏ်ပုဒ်ကို အသုံးချကာ အမြဲကြွားဝါတက်ကာ မောက်မာပြီး အနိုင်ကျင့် ဗိုလ်ကျတတ်သူဖြစ်သည်။
သူမအမြင်တွင်တော့ သူမ၏ ဖခင် ရောက်လာပြီဖြစ်သောကြောင့် သူမကို ရိုက်ရဲသောလူသည် ကျိန်းသေပေါက် ပြန် ပေးဆပ်ရတော့မည်ဖြစ်သည်။
သို့သော် ကောင်းရှင်းဟိုင်သည် သူမကိုသာ ဆူပူလိုက်သည်။
"ငတုံးမလေး... နင်က ဘယ်တော့မှ အရေးကြီးတဲ့ ကိစ္စတွေကို မမြင်ဘူးပဲ၊ အဲ့ဒီ မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးကို အရမ်းအလိုလိုက်ထားလို့ဖြစ်ရတာလေ၊ အသတ်ခံရတာက သူ့အတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်ပဲပေါ့"
ကောင်းကျို့ယွီသည် ကြက်သေသေသွားသည်။ သူမ ယခုလိုအပြောခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"ဖေ... ဖေဖေ"
"ဒီ ဆရာကို ချက်ချင်း တောင်းပန်လိုက်၊ မဟုတ်ရင်... ပြန်ရောက်တဲ့အခါ သမီးကို ဖေဖေ အကျယ်ချုပ်ချထားလိုက်မယ်"
ထို့နောက် ကောင်းရှင်းဟိုင်သည် ရွှယ်အန်းဘက်ကို လှည့်ကာ ပြုံးပြလိုက်သည်။
"မိတ်ဆွေ... ကျွန်တော့်သမီးက အလိုလိုက်ခံထားရတော့ တော်တော်လေး ဆိုးသွားပါတယ်၊ ကျေးဇူးပြုပြီး သူ့လိုလူဆိုမလေးအတွက်တော့ မိတ်ဆွေ သိက္ခာအကျမခံပါနဲ့ခင်ဗျာ"
ကောင်းကျို့ယွီသည် မျက်နှာတစ်ခြမ်း ရောင်ကိုင်းနေလျက် ခေါင်းငုံ့ကာ ခြင်တစ်ကောင်လို အသံဖြင့်ပြောလိုက်သည်။
"ကျွန်မ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ရွှယ်အန်းသည်တော့ သူမကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။
ပတ်ဝန်းကျင်သည် အနည်းငယ် အနေရခက်သွားသည်။
ကောင်းရှင်းဟိုင်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တစ်ချက် လက်ခနဲ ဖြစ်သွားသော်လည်း သူ့ဘေးနားက ရှောင်တန်ချန်ကို စကားလှည့်ပြောလိုက်ချိန် ချက်ချင်း ပျောက်ကွယ်သွားသည်။
"မစ္စတာရှောင် ခင်ဗျား ဒီကို နှစ်စဉ် လေလံပွဲကို တက်ရောက်ဖို့ လာတာလား"
ရှောင်တန်ချန်က ခေါင်းညိတ်လိုက်သည်။
"ဆရာနဲ့ ကျွန်တော်က ဒီနားက ဖြတ်သွားရင်းနဲ့ ပွဲကို ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ"
ကောင်းရှင်းဟိုင်က အားရပါးရ ရယ်မောလိုက်သည်။
"ဒါဆို ခင်ဗျားတို့ အချိန်ကိုက် ရောက်လာတာပဲ၊ ဒီ လေလံပွဲက အရင်ကနဲ့မတူအောင်ကို ကြီးကျယ်ခမ်းနားမှာ၊ ဒေသတွေက အစွမ်းထက် ပုဂ္ဂိုလ်တွေတင်မကဘူး၊ အလယ်ပိုင်းဒေသက အဓိက ဂိုဏ်းအများအပြားရဲ့ မျိုးဆက်သစ်တွေလည်း လာကြမှာ"
"အိုး"
ရှောင်တန်ချန်၏ မျက်နှာအမူအရာသည် ပြောင်းသွားသည်။
"အလယ်ပိုင်းဒေသ ဂိုဏ်းတွေက လူတွေလည်း ရောက်နေကြပြီလား"
ကောင်းရှင်းဟိုင်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ပြီးတော့ ရောက်လာတာက အဓိက ကောင်းကင်ဘုံအဆင့် ဂိုဏ်းကြီးတွေရဲ့ တပည့်ရင်းတွေပဲ၊ ဥပမာအနေနဲ့ပြောရမယ်ဆို ကျန့်ဟုန်တိုက်ရဲ့ လက်ရှိ တပည့်ရင်း ရွှယ်လွေ့လီတောင် နက်ရှိုင်မိုးကြိုးမြို့ကို ရောက်နေနှင့်ပြီ"
ဟစ်...
ကျန့်ဟုန်တိုက်မှ ရွှယ်လွေ့လီဟူသော နာမည်ကို ကြားချိန် ရှောင်တန်ချန်တစ်ယောက် အသက်ရှူမှားသွားသည်။
"ဒါနဲ့ မစ္စတာရှောင်တို့ နက်ရှိုင်းမိုးကြိုးမြို့မှာ တည်းခိုစရာ နေရာ ရှာတွေ့ပြီးပြီလား မသိဘူး၊ မတွေ့သေးဘူးဆိုရင် လေလံပွဲ မစခင် ရက်အနည်းငယ်လောက် ကျွန်တော့်ရဲ့ အိမ်တော်မှာ လာတည်းဖို့ ကြိုဆိုပါတယ် ဘယ်လိုသဘောရပါသလဲ"
ကောင်းရှင်းဟိုင်က အလွန် စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်သည်။
ရှောင်တန်ချန်က ဘာမှမပြောဘဲ သူ့ဘေးနားရှိ ရွှယ်အနကို ကြည့်လိုက်သည်။
ရွှယ်အန်းက ပြောလိုက်သည်။
"မလိုဘူး၊ ငါတို့မှာ တည်းစရာနေရာ ရှိတယ်"
သူသည် ထိုသို့ပြောကာ သူ့မိသားစုကို ဦးဆောင်ပြီး လှည့်ထွက်သွားခဲ့သည်။
ထိုသည်ကိုမြင်တော့ ရှောင်တန်ချန်သည် ကောင်းရှင်းဟိုင်ကို လက်သီးဆုပ်လျက် အရိုအသေပေးလိုက်သည်။
"မြို့သခင်ကောင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဆရာရွှယ်က ဆန္ဒမရှိမှတော့ ကျွန်တော်လည်း အနှောင့်အယှက် မပေးတော့ပါဘူး"
ထို့နောက် သူလည်း ရွှယ်အန်းနောက်ကို လိုက်ပါသွားခဲ့သည်။
ကောင်းရှင်းဟိုင်သည် ရွှယ်အန်းတို့ ထွက်ခွာသွားသည် ကြည့်ရင်း သူ့မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာသာ်။ ခဏအကြာတွင် သူသည် အေးစက်စွာ ပြောလိုက်သည်။
"ပြန်ကြစို့"
မြို့သခင်အိမ်တော်ကို ပြန်ရောက်ပြီးနောက် ကောင်းကျို့ယွီသည် ဆေးလိမ်းလိုက်သည်နှင့် သူမ မျက်နှာပေါ်ရှိ ဒဏ်ရာမှာ ချက်ချင်း ပျောက်ကင်းသွားသည်။ သို့သော် သူမသည် ဒေါသများပွက်ပွက်ဆူနေတုန်းဖြစ်သည်။
သူမသည် ငယ်စဉ်ကတည်းက မည်သူတစ်ဦးတစ်ယောက်ဆီကမှ အရိုက်မခံခဲ့ရဖူးသဖြင့် ဤသို့ ရိုက်နှက်သွားသူကိုပါ တောင်းပန်ခဲ့ရသည်ဆိုပါက အိပ်မက်တောင် ထပ်မမက်ဖူးပေ။
သူမလည မောက်မာတက်သော လူအတွက်တော့ လက်ခံရခက်ခဲသော အရာတစ်ခု ဖြစ်သည်။
"ဖေဖေ ဘာလို့ အဲ့လူကို လွှတ်ပေးလိုက်တာလဲ၊ အဲ့ဒီ အဘိုးကြီး ရှောင်ကြောင့်လား"
ကောင်းကျို့ယွီသည် မကျေနပ်သော လေသံနှင့် မေးလိုက်သည်။
ကောင်းရှင်းဟိုင်က ခေါင်းခါလိုက်သည်။
"အဘိုးကြီးရှောင်က ဆေးညာမှာ တကယ် ကျွမ်းကျင်ပေမဲ့ အလယ်ပိုင်းဒေသမှာတော့ သူက ထူးထူးခြားခြား မဟုတ်ဘူး၊ အဖေ အဲ့ဒီလူကို တကယ်ထွင်းဖောက်မမြင်ရဘူး၊ ပြီးတော့ အဘိုးကြီးရှောင်က သူ့ကို ဆရာလို့ ခေါ်တာက တော်တော်အံ့ဩမိတယ်"
"ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ သူက ဆေးပညာရှင်တစ်ယောက် ဖြစ်နိုင်လို့လား၊ ဟင့်အင်း ဒါ လုံးဝ မဖြစ်နိုင်ဘူး"
"ဒါဆို သမီးတို့က ဒီကိစ္စကို ဒီအတိုင်းပဲ ပြီးသွားခွင့် ပေးလိုက်တော့မှာလား"
ကောင်းကျို့ယွီသည် ဤစော်ကားမှုကို မျိုသိပ်မထားနိုင်ချေ။
ထိုစကားကိုကြားချိန် ကောင်းရှင်းဟိုင်သည် လှောင်ပြုံးပြုံးလိုက်သည်။
"ယွီအာ... အဲ့ဒီတုန်းက သမီးကို တောင်းပန်ခိုင်းခဲ့တဲ့ အကြောင်းရင်းက လူပုံအလယ်မှာ ရှိနေလို့ပဲ၊ အဖေတို့ရဲ့ ဂုဏ်သတင်းကို ထည့်စဉ်းစားဖို့ လိုတယ်လေ"
"ပြီးတော့ လေလံပွဲက နီးကပ်လာပြီ၊ ကျန့်ဟုန်တိုက်က ရွှယ်လွေ့လီလည်း ရောက်နေပြီဆိုတော့ လေလံပွဲမှာ သူမ သေချာပေါက် လိုချင်တဲ့ ရတနာကိုရအောင် အဖေတို့ ကူညီပေးရမယ်၊ ဒီပစ္စည်းကို အသုံးချပြီး သူမနဲ့ ဆက်ဆံရေး တည်ဆောက်မယ်ဆို သမီးလည်း ကျန့်ဟုန်တိုက်ထဲကို ဝင်ခွင့်ရလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် ရှောင်တန်ချန်လောက်နဲ့ အဲ့ဒီလူကို သတ်ပစ်ဖို့က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သလိုပဲ လွယ်ကူသွားမှာ"
ကောင်းကျို့ယွီသည် သူမအဖေ၏ စကားကို ကြားလိုက်ချိန် မျက်လုံးများ တောက်ပသွားသည်။
"ဒါပေမဲ့ ဒီအတွင်းမှာတော့ သမီး လမ်းပေါ် လျှောက်မသွားဘဲနေသင့်တယ်"
"သမီးနားလည်ပါပြီ"
ကောင်းကျို့ယွီသည် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ ထို့နောက် နှမြောတသစွာဖြင့် ထပ်ပြောလိုက်သည်။
"မောင်မောင့် အတွက်ကတော့..."
"ဟား ဒါက မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးတစ်ကောင်ပဲ သမီးရာ၊ သမီး ကျန့်ဟုန်တိုက်ထဲကို ဝင်ပြီး တပည့်ရင်းတစ်ယောက် ဖြစ်လာမယ်ဆို ထူးဆန်းတဲ့ သားရဲတွေနဲ့ ရတနာတွေ မရှိမှာကို စိုးရိမ်စရာလိုဦးမှာလား"
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် လူတိုင်းကို ရှုခင်းကြည့်ရန် ခဏလောက် ထပ်ခေါ်သွားပြီး တည်းခိုစရာနေရာတစ်ခု ရှာပြီး အခြေချလိုက်သည်။
အန်းယန်နှင့် သမီးနှစ်ယောက် အိပ်ပျော်သွားပြီးနောက် ရွှယ်အန်းသည် အခန်းထဲမှ ထွက်လာချိန် သူ့ကို အပြင်တွင် စောင့်နေသော ရှောင်တန်ချန်ကို တွေ့လိုက်ရသည်။
"ဘာကိစ္စရှိလို့လဲ"
"ဆရာ... အဲ့ကိစ္စအားလုံးက တစ်ခုခု ထူးဆန်းနေတယ်"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဘာထူးဆန်းနေလို့လဲ"
ရှောင်တန်ချန်က လေးနက်စွာ ပြောလိုက်သည်။
"ကျန့်ဟုန်တိုက်လို ကောင်းကင်ဘုံဂိုဏ်းကြီးတစ်ခုရဲ့ တပည့်ရင်းတစ်ယောက်က အလယ်ပိုင်းဒေသကနေ ထွက်လာတယ်ဆိုတာ ရှားပါးတဲ့ ကိစ္စပဲ၊ ဒါပေမဲ့ ဒီတစ်ခါ သူတို့က နက်ရှိုင်းမိုးကြိုးမြို့ကို ရောက်လာတာက ထူးဆန်းနေတယ်၊ ဒီလေလံပွဲမှာ တန်ဖိုးကြီးတဲ့ ရတနာတစ်ခုခု ပေါ်လာမှာမလို့များလား"
"ဖြစ်နိုင်တယ်၊ တခြားဘာရှိသေးလဲ"
ရွှယ်အန်းက ထပ်မေးလိုက်သည်။
"ပြီးတော့ အဲ့ကောင်းရှင်းဟိုင်က စိတ်သဘောထားသေးသိမ်ပြီး သူ့သမီးကို အရမ်းတန်ဖိုးထားတာ၊ ဒါပေမဲ့ ဆရာက သူ့သမီးကို လူပုံအလယ်မှာ ရိုက်လိုက်တာတောင် သူက သူ့သမီးကို ဆရာကို ပြန်တောင်းပန်ခိုင်းခဲ့တယ်လေ၊ ဒါက တော်တော်လေးကို ထူးဆန်းနေတာ”