အခန်း (၃၃)
Vol. 4 Ch. 33
စူးယွင်သည် ဗုဒ္ဓအားမယုံကြည်သလို ဤကဲ့သို့ပွဲတော်များ၌လည်း အချိန်မဖြုန်းချင်ပေသိ သူမအဘွားဖြစ်သူ၏ဆန္ဒကို မငြင်းဆန်ခဲ့ဖူးပါချေ။
သူမသည် အမွှေးတိုင်အချို့ယူလာပေးသည့် နဉ်ကျင်းထံကြည့်လိုက်ရာ လှိုင်းကြက်ခွပ်ငယ်လေးသည် သူမနှလုံးအိမ်ဝယ် ခပ်ဖွဖွရိုက်ခတ်သွားလေ၏။
မူလကမရင်းနှီးေသာဤကမ္ဘာသစ်ဆီရောက်လာရသည်မှာ ခက်ခဲလိမ့်မည်ဟု ထင်မြင်ခဲ့မိကာ သူမသည်လက်ရှိလောက၏အပြင်တွင် ကွဲထွက်နေသည်ဟု ခံစားလိုက်ရပြီး အိမ်ပြန်ချင်ခဲ့မိသည်။
သို့သော်လက်ရှိတွင်တော့ ကိစ္စများမှာ သူမထင်ထားသည်နှင့် လုံးဝကွဲပြားနေပုံရ၏။
ရှင်သန်နေထိုင်ရသည်မှာ ကောင်းမွန်လှသည်။သူမသည် သူမနှစ်သက်သောဆိုင်တစ်ဆိုင်အားဖွင့်နိုင်ခဲ့ကာ ရင်းနှီးသောသူငယ်ချင်းအချို့ကိုလည်း ရခဲ့လေ၏။
"မင်းဘာတွေတွေးနေတာလဲ"
နဉ်ကျင်းသည် အမွှေးတိုင်အား သူမမျက်စိရှေ့တွင်ယမ်းကာ မေးလိုက်၏။
သူသည်သူမအားအကြိမ်ကြိမ်ခေါ်နေပေသိ သူမမှာပြန်ဖြေမလာခဲ့ပေ။
စူးယွင်သည်အတွေးနွံမှလွတ်ထွက်လာကာ ပြုံးပြရင်းဖြေလိုက်၏။
"ဘာမှမဟုတ်ပါဘူး။ဒီလိုဘဝမျိုးက အရမ်းကောင်းလွန်းတော့ ကျွန်မတစ်ကယ်သဘောကျမိတယ်လို့ တွေးနေရုံပါ"
နဉ်ကျင်းသည် သူမခေါင်းေလးအားအသာပွတ်ပေးကာ လေးလေးနက်နက်ပြောလာ၏။
"မိန်းကလေးစူး မင်းရဲ့ဘဝကအခုကစပြီး ေကာင်းမွန်တာတွေပဲရလာပါလိမ့်မယ်"
စူးယွင်သည် သူ့လက်ထဲရှိအမွှေးတိုင်အားယူကာ ပြန်ဖြေလိုက်သည်။
"ရှင့်ရဲ့ကြင်နာတဲ့စကားတွေကို ကျွန်မသိမ်းထားလိုက်တော့မယ်နော်"
နှစ်ဦးသားမှာ ထိုင်ဖုံများပေါ် ဘေးချင်းကပ်ဒူးထောက်ထိုင်ကာ ဆုတောင်းရန်မျက်လုံးများမှိတ်၍ အမွှေးတိုင်အားပင့်ကိုင်ကာ သုံးကြိမ်ဦးချလိုက်၏။
နဉ်ကျင်းသည်အရင်မတ်တပ်ထရပ်ကာ စူးယွင်မတ်တပ်ရပ်နိုင်ရန် လမ်းကမ်းပေးလိုက်သည်။နှစ်ဦးသားအတူတကွ အမွှေးတိုင်ထွန်းညှိရန် ဘုရားစင်ဆီလျှောက်လာလိုက်၏။
စူးယွင်သည် အမွှေးတိုင် ခုနစ်ချောင်း ရှစ်ချောင်းလောက်ပါသည့်အစည်းအား ကိုင်ထားကာ အမွှေးတိုင်ခွက်ထဲ ထိုးထည့်ရေပမည်။
သူမသည်အမွှေးတိုင်တစ်ချောင်းအား ယူကာအမွှေးတိုင်ခွက်ထဲ အသာစိုက်လိုက်ပေသိ သူမ၏လှုပ်ရှားမှုတို့မှာ တွန့်ဆုတ်နေလေသည်။
သူမသည်ယခင်က အမွှေးတိုင်ပြာအလောင်ခံခဲ့ရကာ ထိုဖြစ်ရပ်သည် သူမမှအမွှေးတိုင်ကိုင်လိုက်သည်နှင့် ကြောက်ရွံ့စိတ်ပေါ်လာအောင် ချန်ထားရစ်ခဲ့လေ၏။
သူမ၏သတိထားနေသည့်အမူအယာအားတွေ့သော် နဉ်ကျင်းသည် သူမထံမှ အမွှေးတိုင်အားယူကာ သူမကိုယ်စား အမွှေးတိုင်ခွက်ထဲ စိုက်ပေးလိုက်သည်။
သူ့လုပ်ရပ်မှာ အနည်းငယ်အားပါသွား၍ထင် ပြာအချို့မှာ သူ့လက်ဖမိုးပေါ်ပြုတ်ကျသွားလေ၏။
စူးယွင်သည် သတိပြုမိလိုက်၍ တစ်ခုခုပြောရန်ပြင်လိုက်စဉ် နဉ်ကျင်းမှာ ဘာမှမဖြစ်သည့်အလား ပြာမှုန်တို့ကို သူ့လက်ချောင်းထိပ်တို့ဖြင့် တည်တည်ငြိမ်ငြိမ်ပင် ခါချလိုက်သည်။
နဉ်ကျင်း၏လက်ဖမိုးထက်တွင် နဂိုအသားအရေမှ သိသာထင်ရှားစွာကွဲထွက်နေသည့် အနီကွက်တစ်ကွက် ပေါ်လာလေ၏။
စူးယွင်သည် အနီကွက်အား အသာပွတ်ပေးလိုက်ကာ နူးနူးညံ့ညံ့လေးမေးလာသည်။
"နာသွားလား"
နူးညံ့အိထွေးသောသူမ၏အထိအတွေ့အား ခံစားလိုက်ရသော် နဉ်ကျင်း၏အကြည့်များမှာ မှောင်မိုက်သွားတော့၏။
"ဟင့်အင်း မနာပါဘူး"
"နီရဲနေတာပဲ"
စူးယွင်သည် အနီကွက်ကြီးအားကြည့်ကာ မှတ်ချက်ပြုလာ၏။သူမအားကူညီရင်း သူအပူလောင်ခဲ့ရသည်ဟု တွေးမိရာ သူမနှလုံးသားအား မမြင်နိုင်သောလက်တစ်ဖက်မှတင်းတင်းဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။
စူးယွင်သည် နှုတ်ခမ်းအားကိုက်ရင်း သူမငယ်စဉ်၌ အပူလောင်ရာတွင် သူမအဘွားမှလုပ်ပေးခဲ့သည်တို့ကို သတိရသွား၏။
သူမသည် ခေါင်းငုံ့၍ ဒဏ်ရာပေါ်လေမှုတ်ပေးကာ ပြောလိုက်သည်။
"နာတာသက်သာအောင် မှုတ်ပေးမယ်နော်"
လေနွေးနွေးလေးမှာ နဉ်ကျင်းအား လွှမ်းခြုံသွားကာ သူ့စိတ်တွင်းပိုနက်နက်နစ်ဝင်သွားစေလိုသော ထူးဆန်းသည့်ခံစားချက်ကို ဖြစ်စေခဲ့၏။
သူသည်မျက်ခုံးပင့်ကာ စနောက်လိုဟန်လေသံဖြင့်ပြောနေပေသိ လေးနက်နေဆဲပင်။
"ဒီလိုလုပ်ဖို့ မင်းကိုဘယ်သူသင်ပေးခဲ့တာလဲ"
"ကျွန်မအဘွားလေ သက်သာမသွားဘူးလား"
သူမအမွှေးတိုင်ပြာပူလောင်စဉ်၌ သူမအဘွားဖြစ်သူသည် ယခုသူမလုပ်လိုက်သည့်အတိုင်း တစ်ထပ်တည်းလုပ်ပေးခဲ့ရာ နာကျင်မှုမှာ အမှန်ပျောက်ကင်းခဲ့လေ၏။
"အင်း"
နဉ်ကျင်းသည် ခေါင်းငုံ့ကာ စူးယွင်၏နား,နားကပ်၍
"မင်းအဘွားက အရမ်းအထင်ကြီးစရာကောင်းတာပဲ။ပြီးတော့ မင်းရောပဲလေ"
သူ့အသံမှာ တိုးလျလျဖြင့် နူးညံ့ကာ အတော်လေးညှို့ငင်နိုင်စွမ်းရှိနေလေ၏။
စူးယွင်၏နားများမှာ ဆတ်ကနဲတွန့်သွားပြီး သူမမျက်နှာလေးသည်လည်း ရှက်သွေးဖြာကာ နီရဲလာတော့သည်။
နဉ်ကျင်းသည် မတ်မတ်ပြန်ရပ်ကာ ခပ်ဖွဖွရယ်ရင်း
"ပူနေလို့လား"
"အင်း ပူလိုက်တာ အရမ်းပူတာပဲ"
စူးယွင်သည် သူမလက်ဖြင့်ယပ်ခတ်သလိုလုပ်ကာ ပြန်ဖြေလိုက်၏။
"ဒါဆိုအပြင်ထွက်ကြစို့"
နဉ်ကျင်းသည် စူးယွင်၏လက်အားဆွဲကာ တောင်အနောက်ဘက်ဆီခေါ်သွားလိုက်သည်။
သူတို့နှစ်ဦးသည် ဘုရားရှိခိုးပြီးသည်နှင့် အိမ်မပြန်ခင် ဟိုဟိုဒီဒီလျှောက်သွားကြဖို့ စီစဉ်ခဲ့ကြသော်ငြား နောက်ဆုံးမိနစ်တွင်မှ စူးယွင်သည် စိတ်ပြောင်းသွားခဲ့၏။သူမတို့မှာ ဤနေရာသို့ရောက်နေပြီဖြစ်၍ အသက်သတ်လွတ်အစားအသောက်များအား ဘာကြောင့်စားမကြည့်ရမည်လဲဟု တွေးခဲ့မိသွားသည်။
စူးယွင်သည် နားနေဆောင်ငယ်လေးတစ်ခုတွင်းထိုင်ကာ အဝေးရှိငှက်များအားကြည့်၍ မှတ်ချက်ပြုလာ၏။
"ဒီငှက်တွေကြည့်ရတာ ဝဖြီးနေတာပဲ မြို့တော်ထဲကငှက်တွေထက်စာရင် အစာကောင်းကောင်းစားရပုံပဲ"
"သူတို့ကအရမ်းဂရုစိုက်ခံထားရတာလေ"
နဉ်ကျင်းသည် သူမအကြည့်အတိုင်း လိုက်ကြည့်ကာပြောလာ၏။ငှက်အုပ်တစ်အုပ်သည် သစ်ကိုင်းများထက်တွင် ပိုးကောင်များအားကောက်ရင်း အစာအတွက်တိုက်ခိုက်နေကြလေသည်။
"ဘုန်းကြီးကျောင်းထဲမှာဆို သွေးစွန်းနေတာတွေမရှိဘူး။သန့်စင်မွန်မြတ်တဲ့လူတွေပဲရှိတယ်"
ဤအချက်သည်လည်း နဉ်ကျင်းမှဘာကြောင့်ဤနေရာဆီလာရန်တုံ့ဆိုင်းနေရသည်ဆိုသည့် အကြောင်းပြချက်များထဲမှတစ်ခုပင်။
စူးယွင်သည် ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
"ကျင့်ကြံေရးဆိုတာ လူတိုင်းလိုက်လုပ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူးလေ"
သူမအဖို့တော့ ကျိန်းသေမလုပ်နိုင်ပါချေ။
သူတို့နှစ်ဦးသားမှာ သင်္ကန်းဝတ်ဆင်ထားသည့် ကိုရင်လေးတစ်ပါးမှ ချဉ်းကပ်မလာခင်အထိ မိနစ်ငါးဆယ်လောက်ကြာအောင် ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေကြ၏။
ကိုရင်လေးသည် ညာလက်အားဖြန့်၍ လက်မအားအတန်ငယ်ကွေးကာ နဉ်ကျင်းထံ ဦးညွှတ်လာသည်။
"အမိတာဘ! သခင်လေးနဉ် ကျောင်းထိုင်ကမင်းကို ဖိတ်လိုက်ပါတယ်"
စူးယွင်သည်နဉ်ကျင်းအား မယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်၏။
"ရှင်က ဗုဒ္ဓဘာသာအသိုင်းအဝိုင်းထဲက လူတွေနဲ့တောင်သိနေတယ်ပေါ့လေ။အရမ်းလျှို့ဝှက်နေတာပဲ"
"မမျှော်လင့်ဘဲ တွေ့ခဲ့ကြရုံပါ"
နဉ်ကျင်းသည် ပြန်ဖြေပေးရင်း ကိုရင်လေးဘက်လှည့်ကာ
"ကျေးဇူးပြုပြီး ကျောင်းထိုင်ကို အတိတ်ကကျွန်တော်တို့နောက်မှာပြီးခဲ့ပါပြီ စိတ်ထဲထည့်ထားစရာမလိုပါဘူးလို့ ပြောပေးပါ"
ကိုရင်လေးသည် နဉ်ကျင်းပြန်ဖြေမည့်စကားကို ကြိုသိထားပုံရပြီး ဆက်ပြောလာ၏။
"ကျောင်းထိုင်ကပြောတယ် ဒီကိစ္စကသခင်လေးနဉ် စိတ်ဝင်စားလောက်မယ့်ကိစ္စပါတဲ့"
နဉ်ကျင်းမှပြန်ဖြေလိုက်သည်။
"မလိုပါဘူး ကျွန်တော်စိတ်မဝင်စားဘူး"
"ဒါ.....ဒါက..."
ကိုရင်လေး၏မျက်နှာမှာ အခက်ကြုံသွားပုံရ၏။သူသည်နဉ်ကျင်းမှ ငြင်းဆန်လိမ့်မည်ဟု ထင်မထားပုံပင်။
နဉ်ကျင်းမှ စူးယွင်နှင့် ထွက်သွားရန်ပြင်နေသည်ကိုတွေလိုက်ရာ ကိုရင်လေးသည် တစ်ခုခုထပ်ပြောရန်ပြင်လိုက်၏။
"သခင်လေးနဉ်"
ကိုရင်လေးသည် သူတို့အားရပ်ရန်ပြောကာ ထပ်မံဦးညွှတ်၍
"အမိတာဘ! ကျောင်းထိုင်က သခင်လေးနဲ့တစ်ကယ်တွေ့ချင်နေတာပါ။သခင်လေးနဉ်အနေနဲ့ ပြန်စဉ်းစားပေးဖို့မျှော်လင့်ပါတယ်"
"ကျွန်တော်...."
နဉ်ကျင်းမှစကားပြောရန်ပြင်လိုက်စဉ် သူ့အင်္ကျီလက်မှာ ဆွဲခံလိုက်ရ၏။
သူသည် သူ့အင်္ကျီလက်အားဆွဲနေသော စူးယွင်ထံငုံ့ကြည့်ကာ
"ဘာဖြစ်လို့လဲ"
နဉ်ကျင်းသည် နူးနူးညံ့ညံ့လေးမေးလာ၏။
"ရှင်ကဘာလို့တစ်ချက်လောက်သွားမကြည့်ရတာလဲ။ပြောရရင် ကျွန်မတို့အစားမစားခင် ခဏလောက်အချိန်ရပါသေးတယ်"
စူးယွင်မှပြောလာသည်။
ကိုရင်လေး၏မျက်နှာထက်မှ အမူအယာအားတွေ့သော် စူးယွင်သည် သူမနှလုံးသားထဲ၌ ဖော်ပြရန်မစွမ်းသာသောခံစားချက်ကို ခံစားလိုက်ရ၏။သူမသည် ဤကိစ္စမှာ နဉ်ကျင်းအဖို့ အရေးကြီးသည်ဟူသောခံစားချက်ကို မဖယ်ရှားနိုင်ခဲ့ချေ။
"ကောင်းပြီလေ"
နဉ်ကျင်းသည်ခေါင်းငြိမ့်၍ ပြောလာ၏။
"မင်းလည်းကိုယ်နဲ့လိုက်ခဲ့မလား"
စူးယွင်သည်ခဏတာမျှတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။
"ကျွန်မ....ကျွန်မဒီမှာပဲနေခဲ့လိုက်မယ်လို့ တွေးထားတယ်"
နဉ်ကျင်းသည် ဖွဖွပြုံး၍
"ဒီနေရာရဲ့ရှုခင်းက ကောင်းပေမယ့် မင်းတစ်ယောက်ထဲဆို ပျင်းနေမှာစိုးလို့ပါ"
စူးယွင်သည် သူတို့အားမနှောင့်ယှက်ချင်၍ ငြင်းဆန်လိုက်၏။
"ရပါတယ် ကျွန်မနည်းနည်းပင်ပန်းနေလို့ ဒီမှာပဲနားလိုက်တော့မယ်"
စူးယွင်မှ တစ်ရေးအိပ်ပျော်တော့မည့်အချိန်တွင် အသံတစ်သံမှာ သူမအားထိတ်လန့်သွားစေသည်။
"စူးယွင် တစ်ကယ်ကြီးနင်ဖြစ်နေတာကိုး"
စူးယွင်သည်မျက်မှောင်ကြုံ့ကာ သူမရှေ့ရှိလူနှစ်ယောက်အား ကြည့်လိုက်၏။သူတို့အား ကြည့်ရသည်မှာ ရင်းနှီးနေပေသိ သူမမှာ သူတို့မည်သူဖြစ်မည်ကို မမှတ်မိနိုင်ခဲ့ပေ။
"ရှင်ဘယ်သူလဲဆိုတာ သိခွင့်ရမလား"
သူမသည်ပြန်ဖြေရင်း ယခင်ကသူတို့အား မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကို ပြန်စဉ်းစားနေလိုက်၏။