အခန်း (၃၄)
Vol. 4 Ch. 34
စူးဖူသည် ရယ်မောရင်းပြောလာ၏။
"စူးယွင် နင်ကတစ်ကယ်ကို ဒီလိုရူးကြောင်ကြောင်နိုင်တာလား ဒါမှမဟုတ် ဟန်ဆောင်ပြနေတာလား"
"ဟမ်"
စူးယွင်သည် မျက်မှောင်ကြုံ့ကာ သူတို့အားသေချာစိုက်ကြည့်လိုက်၏။
မျက်လုံးနှစ်လုံး၊နှာတံ၊ပါးစပ် - ကြည့်ရသည်မှာ မည်သည့်ကွာဟမှုမှမရှိနေပေ။
မျက်ခုံးပုံစံသည်သာ သူမနှင့်ကွာခြားမှုရှိပြီး မျက်ဝန်းအကြည့်တို့သည်လည်း သူမနှင့်အချို့တလေဆင်တူနေလေသည်။
ရုတ်ချည်းဆိုသလို သူမစိတ်ထဲအတွေးတစ်ချက်လက်သွားလေ၏။
သူမသည်တွန့်ဆုတ်စွာပင် မေးလိုက်သည်။
"အဒေါ် ?ဝမ်းကွဲ?"
အမျိုးသမီးလျို့သည် သူမအားမျက်စောင်းထိုးကာပြောလာ၏။
"အဝေးကိုရောက်တာကဖြင့် ခဏလေးရှိသေးတာကို နင်ကလူတွေကိုတောင်မမှတ်မိတော့ဘူးပေါ့"
"နင်ကနှလုံးသားမဲ့တာကို ငါသိခဲ့ပေမယ့် ကျေးဇူးမသိတတ်လို့တော့မရဘူးလေ"
"အဲ့လိုလား"
စူးယွင်သည် ခြေချိတ်ထိုင်ကာ ဒူးခေါင်းထက်လက်ချောင်းများကို တောက်ရင်း
"ရှင်တို့အကုန်လုံးက ကျွန်မကိုနှင်ထုတ်ခဲ့ကြတယ်ဆိုတာ ကျွန်မမှတ်မိပါသေးတယ် မဟုတ်ဘူးလား"
အမျိုးသမီးလျို့သည် ချက်ချင်းခံပြောလာ၏။
"နှင်ထုတ်တယ်ပေါ့လေ။ငါကနင့်ကို အပြင်လောကအတွေ့အကြုံတွေ ကြုံတွေ့ဖူးအောင် ပို့လိုက်ရုံပဲ"
"နင့်ကိုကြည့်စမ်း"
လျိုရှစ်သည် သူမဝတ်ဆင်ထားသော ချီဖောင်အားလက်ညှိုးထိုးကာ
"ငါ့ကြောင့်သာမဟုတ်ရင် နင့်မှာအခုရှိနေတာတွေ ဘယ်လိုလုပ်ရောက်လာမှာလဲ။နင်ကမြို့တော်မှာ ဝမ်ကောကိုတောင် ဖွင့်နိုင်ခဲ့တယ်လေ"
အစောက အမျိုးသမီးလျို့သည် စူးယွင်အားရှေ့ဘက်ခန်းမတွင် တွေ့ခဲ့စဉ်၌ သူမသည် စူးယွင်အား မသင့်တော်သော အဝတ်အစားများဝတ်ဆင်ခြင်းကြောင့် ရှုံ့ချရန်ပြင်လိုက်ပြီး မိသားစုမှ စူးယွင်ကိုထုတ်ပယ်ဖို့ရန်ပင် လုပ်လိုက်သေး၏။
သို့သော် စကားဝိုင်းတစ်ခုအား ကြားသိရပြီးနောက်တွင်တော့ သူမသည် စူးယွင်မှာ မြို့တော်ထဲ၌ ဝမ်ကောဟူသောဆိုင်တစ်ဆိုင် ဖွင့်ထားပြီး ချီဖောင်ဝတ်ခြင်းသည်လည်း မြို့တော်ထဲ၌ လူကြိုက်များကာ ခေတ်စားသောဝတ်စားဆင်ယင်မှုတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
စူးယွင်သည် ရေနွေးတစ်ငုံသောက်ကာ ခပ်တိုးတိုးပြောလိုက်၏။
"ကြည့်ရတာ ရှင်တို့နှစ်ယောက်မှာအစီအစဉ်တစ်ခုခုရှိနေပုံပဲ"
စူးဖူမှပြောလာသည်။
"ငါတို့မှာဘာရည်ရွယ်ချက်ရှိရမှာလဲ။ငါတို့ကို လျှောက်ပြီးစွပ်စွဲမနေနဲ့"
စူးယွင်မှပြန်ပြောလိုက်သည်။
"ဒါဆို နင်တို့ကငါ့ကိုဒီနေရာမှာ ဘာလို့လာတွေ့တာလဲ"
"ငါတို့တွေရင်းနှီးေနတယ်ဆိုတာကို ငါလည်းမသိခဲ့ရပါလား"
"နင်...."
စူးဖူသည် ပြန်ပြောရန်ပြင်လိုက်သော်လည်းအမျိုးသမီးလျို့မှာသူမအားတားလိုက်ပြီး အမျိုးသမီးလျို့၏သဘောထားမှာလည်း အစောကလို နှုတ်သီးကောင်းလျှာပါးနှင့် လိုက်ကိုက်မနေတော့ဘဲ လုံးဝပြောင်းလဲသွားလေသည်။ထိုအစား ယခုတွင်တော့ သူမမှာ သိမ်မွေ့စွာပြောနေလေ၏။
"ယွင်အာ အဒေါ်တို့က မိသားစုတွေလေ။အဒေါ်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလုပ်ဆိုးဝါးနိုင်မှာလဲ"
"အမေ ......"
စူးဖူသည် အမျိုးသမီးလျို့အား ရှုပ်ထွေးဟန်ဖြင့်ကြည့်လိုက်၏။
အမျိုးသမီးလျို့သည် သူမထံအကြည့်တစ်ချက်ပို့လိုက်ပြီး စူးယွင်နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရန် မျက်စပစ်ပြလိုက်သည်။
"ယွင်အာ မင်းအတွက်မိသားစုဆိုလို့ အဒေါ်တို့ပဲရှိတော့တာလေ။အဒေါ်တို့လုပ်သမျှတိုင်းက မင်းကောင်းဖို့အတွက်ပဲမလား"
"ကျွန်မရဲ့ကိုယ်ပိုင်အကျိုးအတွက်တဲ့လား"
"ကျွန်မကဒီစကားလောက်နဲ့ ကျေနပ်သွားမယ်လို့ရှင်ထင်နေတာလား"
စူးယွင်သည် ခပ်ရွှဲ့ရွှဲ့ပြောကာ သူတို့ထံမှ အကြည့်တစ်ချက်မလွှဲခဲ့ပေ။
"ကိစ္စတိုင်းဖြစ်ခဲ့ပြီးတာကိုတောင် ရုတ်တရက်ကြီး ကျွန်မတို့က နီးစပ်လာတယ်ပေါ့လေ"
စူးဖူသည် ဒေါသထွက်သွားပုံရပေသိ စိတ်ထိန်းထားရန်လုပ်နေတော့၏။
"မဟုတ်ပါဘူး ဘယ်လိုလုပ်အဲ့လိုဖြစ်ရမှာလဲ။ငါက....ငါတို့တွေကြားကပြဿနာကို ပြေငြိမ်းသင့်ပြီလို့ ထင်တယ်လေ။ပြောရရင် ငါတို့က မိသားစုတွေပဲ။ငါတို့တွေ အချိန်အကြာကြီး အတူတူဖြတ်သန်းခဲ့ရတာပဲလေ ဟုတ်တယ်မလား"
စူးယွင်သည် ခနဲ့တဲ့တဲ့ပြုံးကာ
"မိသားစုပေါ့လေ ဟမ့် ကောင်းပြီလေ ကြည့်ရတာတော့ တစ်ခုခုလိုချင်တာရှိမှသာ မိသားစုဆိုပြီးဖြစ်လာတဲ့ပုံပဲနော်"
စူးဖူမှ စကားဝိုင်းအား ပြန်ထိန်းချုပ်ရန်လုပ်နေသည်ကို မြင်သော် စူးယွင်သည် နောက်သို့မှီထိုင်ကာ ဂရုမစိုက်ဟန်ဖြင့် ရေနွေးတစ်ငုံသောက်လိုက်လေ၏။
"နင်သိလား ဒီကိစ္စတွေနဲ့ပက်သက်ပြီး ငါဘာတစ်ခုမှ မေးမြန်းခဲ့တာမရှိဖူးဘူး။အခုလက်ရှိငါပိုင်ဆိုင်သမျှတိုင်းက ငါကိုယ်တိုင်တည်ဆောက်ခဲ့တာတွေချည်းပဲ"
စူးဖူသည် စကားစစ်ထိုးရန် ပါးစပ်ဖွင့်လိုက်သော်လည်း စူးယွင်အား တိတ်တဆိတ်တန်ဖိုးဖြတ်နေသော မိခင်ထံမှ အဓိပ္ပာယ်ပါေသာအကြည့်တို့ေကြာင့် ခပ်မြန်မြန် ပြန်တိတ်ဆိတ်သွားလေ၏။
"ငါတို့တွေ ဒီကိစ္စကိုနောက်မှ ဆွေးနွေးသင့်တယ်"
စူးဖူသည် သိသိသာသာမကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
"ပြောရရင် ငါတို့က ဒီကိုရည်ရွယ်ချက်ကောင်းတွေနဲ့ ရောက်လာတာလေ"
စူးယွင်သည် သူတို့အား အေးစက်စက်အပြုံးဖြင့် ကြည့်ရုံသာကြည့်နေလိုက်၏။
"ရည်ရွယ်ချက်ကောင်းတွေပေါ့လေ ဟမ်?အဲ့လိုပြောခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ကြည့်ရအောင်ပါ"
အမျိုးသမီးနှစ်ဦးမှာ မရေရာသောအကြည့်များ ဖလှယ်ရင်း လေထုထဲတွင် တင်းအားတစ်ခု ဖြစ်စေခဲ့သည်။စူးယွင်၏ ဂုဏ်သတင်းကောင်းများအား ရယူမည့်သူတို့၏အစီအစဉ်မှာ သိသိသာသာအားလျော့သွားလေ၏။
အမျိုးသမီးလျို့သည် စူးယွင်၏လက်အားဆုပ်ကိုင်ကာ ကြင်နာမှုတို့ပြည့်လျှံနေသောအမူအယာဖြင့် ပြောလာသည်။
"ယွင်အာ အဒေါ်က မင်းအတွက်အကောင်းဆုံးတွေပဲဖြစ်စေချင်ခဲ့တာပါ။မင်းအဲ့ဒါကို သိပါတယ်။မင်းမိဘတွေက မင်းကိုအဒေါ်ဆီအပ်ထားဖို့ မယုံခဲ့ကြတော့ အဒေါ်လည်း အဒေါ့်နည်းအဒေါ့်ဟန်နဲ့ မင်းကိုအမြဲပြုစုခဲ့ရတာပေါ့။အခုတော့ အပြင်လောကကြီးကို ကြည့်ရှုဖို့အခွင့်အရေးလည်း မင်းရခဲ့ပြီလေ အဲ့တော့ အိမ်ပြန်လာဖို့အချိန်ရောက်ပြီပေါ့"
စူးယွင်သည် သူမလက်အား ပြန်ဆွဲထုတ်ကာ လက်ကိုင်ပုဝါသန့်သန့်တစ်ထည်ဖြင့် သုတ်လိုက်၏။သုတ်ပြီးသည်နှင့် သူမသည် လက်ကိုင်ပုဝါကို စားပွဲထက် ပစ်တင်လိုက်ကာ သူတို့နှစ်ဦးထံ မယိမ်းယိုင်သောအကြည့်ဖြင့်ကြည့်ရင်း
"အရင်ဆုံး ရှင်ကကျွန်မကို နှင်ထုတ်ခဲ့တဲ့သူဖြစ်တာတောင် ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့ ကျွန်မကိုအိမ်ပြန်လာဖို့ ရှင်မျှော်လင့်နေသေးတာပေါ့လေ။ရှင်ကကျွန်မကို ဘာထင်နေတာလဲ။ရှင့်အတွက်လိုရာသုံးနိုင်တဲ့ ကိရိယာတစ်ခုလို့ထင်နေတာလား"
ထိုစကားပြောလိုက်သည်နှင့် ချက်ချင်းပင် စူးဖူမှာ အော်ဟစ်ရန်အသင့်ဖြစ်နေပေသိ အမျိုးသမီးလျို့မှာ သူမအားပြန်ဆွဲကာ အသာခေါင်းယမ်းပြလိုက်၏။သူတို့ကြားရှိတင်းအားမှာ ထင်သာမြင်သာရှိလှသည်။
"ထားလိုက်ပါတော့ စူးဖူ"
အမျိုးသမီးလျို့သည် ခပ်တိုးတိုးပြောကာ သူမယခင်ကပြသခဲ့သည်ထက် ပိုမိုစစ်မှန်သည့်ဟန်ပါသည့်လေသံဖြင့် စူးယွင်ဘက်လှည့်ပြောလိုက်၏။
"အဒေါ်တို့က မင်းကို ကြည့်ရှုစောင့်ရှောက်ပေးချင်ရုံပဲ။ကိစ္စတွေက သူတို့မြင်တဲ့အတိုင်းမဟုတ်ဘူးလေ"
စူးယွင်သည် မျက်ခုံးပင့်လိုက်မိ၏။
"တစ်ကယ်လား ရှင့်မှာ အဲ့အကြောင်းကို ပြောပြဖို့ ရယ်စရာနည်းလမ်းတစ်ခုရှိနေတာပဲ"
အမျိုးသမီးလျို့မှာ သူမအတွေးများအားစုစည်းရန် အချိန်ခဏတာမျှ တန့်သွားပြီးမှ နောက်ဆုံးတွင်တော့ သက်ပြင်းချလာသည်။
"အဒေါ်တို့က အမှားတွေလုပ်ခဲ့မိတယ်။ဒါပေမယ့် ကိစ္စတွေက ပြောင်းလဲသွားနိုင်ပါတယ်။မင်းထပ်ပြီးစိတ်ဆိုးမနေပါနဲ့တော့။အဒေါ်တို့နဲ့ ပြန်လိုက်ခဲ့ပါနော်။အဒေါ်တို့ ပြဿနာတွေကို ပြန်တည့်မတ်ကြမယ်လေ"
စူးယွင်သည် ချက်ချင်းမတုံ့ပြန်ခဲ့ပေ။ထိုအစား သူမသည် ထိုင်ခုံပေါ်မှီထိုင်ကာ သူမနှင့်မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးများအား လေ့လာနေလိုက်၏။သူမမျက်နှာမှာ ဖတ်ရှုစစ်ဆေးမရဟန်ပေါ်နေပေသိ သူမစိတ်မှာတော့ အလုပ်,လုပ်နေလေသည်။သူမသည် လွယ်လွယ်ဖြင့် ခွင့်လွှတ်တတ်သူမဟုတ်ခဲ့သလို ဖြစ်ခဲ့သည့်ကိစ္စတိုင်းမှာလည်း ယခုအချိန်၌ အဆင်ပြေသွားပြီဟုဟန်ဆောင်ကာ သူတို့အားလွှတ်ပေးလိုက်မည်မဟုတ်ပေ။
အပြုံးတစ်ပွင့်ဖြင့် အမျိုးသမီးလျို့မှပြောလာ၏။
"ယွင်အာ မင်းစိတ်ထဲ အငြိုးတရားတွေကိုင်ဆွဲထားတုန်းလား"
စူးယွင်သည် စားပွဲထက်ရှိ အစာသွပ်မုန့်များအားကြည့်နေကာ ဘာမှမပြောခဲ့ချေ။
အမျိုးသမီးလျို့မှာ တုန်လှုပ်မသွားဘဲ ဆက်ပြောလာ၏။
"မင်းက မင်းအဒေါ်ကို အထင်လွဲနေခဲ့တာပါ။အဒေါ်က မင်းကိုအိမ်ကနေ နှင်ချဖို့ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး"
"အဲ့အချိန်တုန်းက မင်းကအရမ်းငယ်ပြီး အမှားလုပ်ခဲ့တာကိုတွေ့လိုက်ရတော့ မင်းကိုသင်ပြပေးချင်ခဲ့တာပဲရှိခဲ့တာလေ။အဒေါ့်စကားတွေကအရမ်းပြင်းသွားပြီး မင်းကိုဝမ်းနည်းစေခဲ့မယ်လို့ ဘယ်သူကထင်မိမှာလဲ"
"မင်းအိမ်ကထွက်သွားတုန်းက အဒေါ်ဘယ်လောက်နာကျင်ခံစားခဲ့ရတယ်ဆိုတာ မင်းသိရဲ့လား။မင်းအပြင်ဘက်မှာ ဒုက္ခတွေခံစားနေရမလား အနိုင်ကျင့်ခံနေရမလား ဆိုတာတွေတွေးပြီး အဒေါ့်မှာ ညဆိုလည်းအိပ်မရခဲ့ဘူး"
"အခုမင်းကိုတွေ့လိုက်ရတော့ အဒေါ့်စိတ်ထဲအရမ်းပျော်ရွှင်ရပါတယ်။အဒေါ်မျှော်လင့်မိတာကတော့ မင်းအဒေါ့်ကိုနားလည်ပြီး စိတ်မဆိုးတော့ဖို့ပါပဲ။ဒါမှသာ အဒေါ်တို့တွေ အတူပြန်သွားနိုင်ကြမှာလေ"
သူမ၏အချိုးမပြေသောစကားများအားကြားသော် စူးယွင်သည်ခပ်ဖွဖွရယ်မောကာ
"အရင်ဆုံးကျွန်မကို ရိုက်တယ်ပြီးရင် စွံပလွံသီးချိုချိုလေးတစ်လုံးပေးတယ် - ဒီလုပ်ရပ်က အဒေါ်အေတာ်ေလးကျွမ်းကျင်တဲ့ စွမ်းရည်တစ်ခုပဲလေ"
အတိတ်အချိန်တွင် သူမမှာ မူလကိုယ်ထံမှ တစ်ခုခုလိုချင်တာရှိချိန်တိုင်း ဤနည်းကိုသာပြုလုပ်လေ့ရှိလေ၏။
ထပ်ခါတလဲလဲနဲ့ ပျင်းစရာကောင်းချက်ပဲ!
"ဒါပေမယ့် ကျွန်မရှင့်ကိုပြောတော့ပြောပြရဦးမယ်။ဒီစကားတွေက လွန်ခဲ့တဲ့လပိုင်းကစူးယွင်အပေါ်ဆိုရင်တော့ အလုပ်ဖြစ်ချင်ဖြစ်လောက်ပေမယ့်လက်ရှိစူးယွင်အပေါ်ကိုတော့ အလုပ်ဖြစ်မှာမဟုတ်ဘူးနော်"
စူးယွင်သည် မေးထောက်လိုက်ပြီး စိတ်မဝင်စားဟန်ဖြင့်ကြည့်လိုက်၏။
"ရှင့်အနေနဲ့ ဒီလိုပြဇာတ်မျိုးဆက်ကပြချင်နေသေးတယ်ဆိုရင် အခြားတစ်ယောက်ကိုသာသွားရှာလိုက်ပါ။ကျွန်မမှာ လိုက်ကပြပေးဖို့ အချိန်ရော ခံစားချက်ရော ရှိမနေဘူး"
စူးဖူသည် မတ်တပ်ရပ်ကာ မူလကိုယ်နှင့်ပြောချိန်တိုင်းသုံးသည့်လေသံဖြင့် ပြောနေဆဲပင်။
"စူးယွင် ငါ့အမေက နင့်ထက်အကြီးနော်။နင်ကသူမကို ဘယ်လိုလုပ်ဒီလိုပုံစံနဲ့ပြောရဲရတာလဲ။ဒီလုပ်ရပ်က လုံးဝကိုရိုသေသမှုမရှိတာပဲ"
"နင်က ငါ့ကိုထိန်းချုပ်နိုင်မယ်ထင်နေတာလား။ငါကငါလုပ်ချင်တဲ့အရာတိုင်း လုပ်မှာပဲ။နင်ကရော?နင်မကျေနပ်ရင် ထွက်သွားလိုက်လေ။ငါကနင့်ကိုဒီနေရာဆီ ဖိတ်ထားတဲ့လူလဲမဟုတ်ဘူး"
စူးယွင်သည် တည့်တိုးပင်ပြောလာ၏။
"လူတွေက အတ္တသိပ်မကြီးသင့်ဘူး"
နောက်တစ်မျိုးပြောရလျှင် နင့်ကိုယ်နင်သိပ်အထင်ကြီးမနေနဲ့ဟူ၍ပင်။
စူးဖူမှာ သူမ၏တုံ့ပြန်စကားကြောင့် သတိလက်လွတ်ဖြစ်သွားရကာ ဘာပြောရမည်ကိုပင်မတွေးနိုင်တော့ပေ။
သူတို့နှစ်ဦးအားလျစ်လျူရှုကာ စူးယွင်သည် ဆက်လက်စားသောက်နေလိုက်၏။
ဤသည်ကိုမြင်သော် နှစ်ဦးသားမှာ စကားဆက်ပြောရန် လမ်းမရှိတော့သည်ကို နားလည်၍ ထွက်သွားရန်လုပ်လိုက်တော့၏။
ထိုအချိန်တွင် နဉ်ကျင်းမှာ ကျောင်းထိုင်နှင့် မျက်နှာချင်းဆိုင်ထိုင်နေလေသည်။
သူသည် သူ၏ရေနွေးခွက်အားကိုင်ကာ ကျောင်းထိုင်အားမော့ကြည့်လိုက်၏။
"အကြံဉာဏ်ကဘယ်လောက်ပဲ ကောင်းကောင်းကျွန်တော့်အတွက်တော့ ဘာမှမဟုတ်ပါဘူး။အဲ့တာတွေက မီးခိုးငွေ့နဲ့ တိမ်တိုက်တွေမျှပါပဲ"
ကျောင်းထိုင်သည် သူ့အားဖြောင်းဖြရန်လုပ်လိုက်၏။
"သခင်လေးနဉ် အရမ်းကြီးခေါင်းမာပြမနေပါနဲ့"
နဉ်ကျင်းသည် သူ၏ရေနွေးခွက်အားအောက်ချကာ
"ရေနွေးကြမ်းကအေးသွားပြီဆိုတော့ ကျွန်တော်လည်း ဆက်မနေတော့ပါဘူး"
ကျောင်းထိုင်သည် ခေါင်းယမ်းကာ နဉ်ကျင်းထွက်သွားသည်ကိုကြည့်ရင်း စွန့်လွှတ်လိုက်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။
"အရာရာတိုင်းက ဝဋ်ကြွေးတစ်ခုပါပဲလေ...."
---------
နဉ်ကျင်းသည် စူးယွင်အား နားနေဆောင်ထဲတွေ့လိုက်ရာ သူမဘေးဝင်ထိုင်လိုက်သည်။သူသည် နူးနူးညံ့ညံ့လေးမေးလိုက်၏။
"မင်းအကြာကြီးစောင့်လိုက်ရလား"
စူးယွင်သည် သူ့ထံမော့ကြည့်ကာ ဘာသိဘာသာဟန်ဖြင့်
"မစောင့်လိုက်ရပါဘူး"
"အချိန်ကပြည့်တော့မယ်။ကိုယ်တို့အရင် ထမင်းစားကြစို့ ပြီးမှလုံထုန်တောင်ထိပ်ဆီ သွားလည်ကြမယ်လေ"