အခန်း (၃၆)
Vol. 4 Ch. 36
စူးယွင်သည် သူမနှုတ်ခမ်းအားကိုက်ကာ လေးလေးနက်နက်တွေး၍ပြောလိုက်၏။
"အမျိုးသမီးတစ်ဦးရဲ့ ဆဌမအာရုံလေ"
ဤသည်အားကြားသော် နဉ်ကျင်းသည်ခေါင်းငုံ့၍ခပ်ဖွဖွရယ်လာသည်။
"မင်းပြောတဲ့စကားနဲ့ လမ်းပေါ်မှာဈေးရောင်းနေတဲ့လူရဲ့စကားကြားက ကွာခြားချက်ကဘာလဲ"
"ကျိန်းသေကို ကွာခြားချက်ရှိတာပေါ့"
စူးယွင်သည် မှီထိုင်ကာ နဉ်ကျင်း၏ခေါက်ယပ်တောင်အားကိုင်၍ ဇိမ်ပြေနပြေခတ်ရင်းပြန်ေဖြလာ၏။
နဉ်ကျင်းသည် မျက်လုံးများမှေးကျဉ်းကာ သူမထံကြည့်ရင်း မေးလိုက်သည်။
"ဘယ်နေရာမှာ ကွာတာလဲ"
စူးယွင်သည် မျက်လုံးအား တစ်ဝက်လောက်သာဖွင့်၍ ဖြည်းဖြည်းချင်းပြောလာ၏။
"အရောင်းသမားတွေက ကွဲပြားတဲ့ပစ္စည်းတွေအကြောင်းပြောကြပေမယ့် ကျွန်မကမပြောဘူး"
နဉ်ကျင်းသည် ခဏတာမျှတောင့်တင်းသွားရ၏။
အတွေးတစ်ချက်မှာ သူ၏စိတ်ထဲဖြတ်ကနဲလက်သွားလေသည်။
စူးယွင်သည် သူမခြေချောင်းများအား ဟိုဘက်ဒီဘက်ယိမ်းကာ သူမခြေဖဝါးဖြင့် စောင်၏နူးညံ့သောချည်သားကို အသာပွတ်သပ်နေလေ၏။
လှုပ်ရှားမှုလေးတစ်ခုဖြင့် သူမသည် စောင်၏ထောင့်အားရွှေ့ကာ နဉ်ကျင်း၏ပေါင်ပေါ် တင်ပေးလိုက်သည်။
"ဒီစောင်လိုမျိုးပဲလေ။ကျွန်မကလူအများစုကို သုံးခွင့်ပေးထားတယ်"
ဒါပေမယ့် ရှင့်ကိုတော့ အခြားဘယ်သူ့ဆီမှအသုံးပြုခွင့်ပေးမှာမဟုတ်ဘူး!
နဉ်ကျင်း၏မျက်ဝန်းများထဲ၌ အပြုံးတစ်ပွင့်ရှိေနပြီး သူသည် သူမပေါင်ထက်မှနေခြုံထားသော စောင်အောက်မှ ခြေကျင်းဝတ်ပေါ် အသာလက်တင်လိုက်၏။
သူ၏လက်ဖဝါးထက်မှ နွေးထွေးမှုနှင့် စောင်၏နူးညံ့မှု။
အထိအတွေ့နှစ်ရပ်မှာ အချင်းချင်းဆန့်ကျင်ပွတ်သပ်နေရာ သူမ၏ဖဝါးနုနုအား ယားယံသွားစေသည်။
စူးယွင်သည် မထိန်းချုပ်နိုင်တော့ဘဲ သူမခြေချောင်းများအား ကွေးလိုက်မိကာ သူ၏ဆုပ်ကိုင်မှုတွင်းမှနေ ဘယ်ယိမ်းလိုက်ညာယိမ်းလိုက်လုပ်နေတော့၏။
နဉ်ကျင်းသည် အားကိုတိုးကာ သူမခန္ဓာကိုယ်အား အနည်းငယ်အောက်သို့ဆွဲချလိုက်ပြီး သူ၏လက်သည်လည်း ဖြည်းဖြည်းချင်းအပေါ်တက်လာကာ သူမ၏ခြေသလုံးကို ဆုပ်ကိုင်လိုက်သည်။
စူးယွင်သည် ရုတ်ချည်းဆိုသလို မျက်လုံးများပြူးသွားရပြီး မတ်မတ်ထိုင်ကာ သူ့ထံစိုက်ကြည့်လိုက်၏။
နဉ်ကျင်းသည် သူမအကြည့်အား လျစ်လျူရှုကာ သူမခြေသလုံးကိုသာ စည်းချက်ကျကျ နှိပ်နယ်ပေးနေလေသည်။
"နှိပ်နေတဲ့အားက ဘယ်လိုလဲ"
စူးယွင်သည် ပြန်၍လဲလျောင်းလိုက်ကာ သူမမျက်ဝန်းများအား မှိတ်ထားလိုက်၏။
"မဆိုးပါဘူး ရှင်ကအရည်အချင်းပြည့်ဝတဲ့ အနှိပ်ဆရာတစ်ယောက်ပဲ"
နဉ်ကျင်း :
"ဒါဆို သခင်မလေးစူးက ကျွန်တော်မျိုးကို ငွေဘယ်လောက်ပေးနိုင်မလဲ"
"သခင်လေးနဉ်ရဲ့ အရည်အချင်းကို ထောက်ဆကြည့်ရင် နှစ်တေးဆိုဘယ်လိုလဲ"
"နှစ်တေးထဲလား"
နဉ်ကျင်းသည် မျက်ခုံးပင့်လိုက်၏။
"သခင်မေလးစူး မင်းရဲ့မိသားစုကချမ်းသာတာကိုတောင် ပေးတဲ့ပမာဏကျ နည်းနည်းတွန့်တိုနေတဲ့ပုံပေါက်နေတယ်လေ"
"သခင်လေးနဉ်က အသေးစိတ်အချက်အလက်လေးတွေအပေါ် တော်တော်တိကျနေပုံပဲနော်"
စူးယွင်သည် သူမ၏ခေါက်ယပ်တောင်အား ပေါ့ပေါ့ပါးပါးခတ်နေလိုက်၏။
"ကျွန်မရဲ့နေရာသေးသေးလေးနဲ့ သခင်လေးနဉ်ရဲ့ ပိုင်ဆိုင်မှုကို ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ"
"အဲ့လိုလား"
"သေချာတာပေါ့။သခင်လေးနဥ်ရဲ့အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်မလည်း လမ်းမတွေပေါ် အလုပ်ကြမ်းလုပ်နေရလောက်တယ်နော်"
စူးယွင်သည် အသက်မရှူစတမ်းပြောချလာ၏။
"အနာဂတ်ကျရင်လည်း သခင်လေးနဉ်က ဒီမိန်းမငယ်လေးကို ဆက်ပြီးဂရုစိုက်ပေးဖို့ မျှော်လင့်မိပါရဲ့"
"အဲ့လိုတော့မဟုတ်သေးပါဘူး"
နဉ်ကျင်းသည်ပြုံး၍
"သခင်မလေးစူးက ကျွန်တော်မျိုးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ပဲ ကျွန်တော်မျှော်လင့်မိပါတယ်"
စူးယွင်သည် သူမယပ်တောင်အားပိတ်လိုက်ကာ သူ၏လက်မောင်းအားပုတ်လိုက်ပြီး
"ရှင်ကနှိမ့်ချလွန်းနေပါပြီ"
-------------
ဤကာလတွင်းဝယ် ဝမ်ကောသည် အမြတ်အစွန်းပမာဏ မြိုးမြိုးမြတ်မြတ်ရခဲ့လေ၏။စူးယွင်သည် သူမလက်အားယမ်းကာ တစ်နှစ်စာငှားရမ်းခပေးချေခဲ့ပြီး ဆိုင်အားပြန်လည်ပြုပြင်ရန် အလုပ်သမားအချို့ခန့်အပ်ခဲ့လေသည်။
စူးယွင်သည် အသစ်ဆောက်လုပ်ထားသော ထပ်ခိုးတွင်ထိုင်ကာ လေးထောင့်စားပွဲငယ်လေးသည်လည်း ကိရိယာတန်ဆာပလာတို့ဖြင့် ပြည့်နေပြီး ဒီဇိုင်းဆွဲရန်ဂရုတစိုက်ပြင်ဆင်နေလိုက်၏။
အဝတ်အစားဒီဇိုင်းပြိုင်ပွဲမတိုင်ခင် နှစ်ပတ်သာကျန်ရှိတော့ပြီး ဤကဲ့သို့အချိန်တိုတိုအတွင်း ပြီးစီးသောထုတ်ကုန်ဖန်တီးရန် ဒီဇိုင်းပုံကြမ်းများဆွဲရသည်မှာ အတော်လေးခက်ခဲစေလေသည်။
သူမသည်မေးထောက်ကာ စုတ်တံအားလှည့်ရင်း သူမအကြည့်မှာ မှိုင်တွေနေလေ၏။
"အသစ်"
စာလုံးတစ်လုံးတည်း အရမ်းစိတ်ပျက်စရာကောင်းတယ်!
စူးယွင်သည် နှုတ်ခမ်းစူလိုက်ကာ သူမနှုတ်ခမ်းများပေါ် စုတ်တံအားတင်၍ အားနေသောလက်ဖြင့် စားပွဲပေါ် ဆက်တောက်နေလိုက်သည်။
သူမမည်သည့်နေရာမှနေ စတင်သင့်သနည်း။
သမိုင်းကြောင်းတစ်လျှောက်တွင် သစ်လွင်ခြင်းနှင့် အိုဟောင်းခြင်းမှာ မရေမတွက်နိုင်အောင် ဖန်ခါတလဲလဲ ဖြစ်ပျက်ခဲ့လေသည်။
လူအုပ်ထဲရှိ လူများ၏အာရုံကို ချက်ချင်းဖမ်းစားနိုင်မည့် တစ်စုံတစ်ခုအား ဖန်တီးရန်မှာ ခက်ခဲလှပေ၏။
ထိုအရာသည် လုံးဝကို တီထွင်မှုအသစ်အဆန်းဖြစ်ရပေမည်။
စူးယွင်၏အကြည့်မှာ လှည့်ပတ်နေရင်း ပြတင်းပေါက်မှတစ်ဆင့် သူမသည်တံစက်မြိတ်အမိုးများထက် မြင့်မြင့်၀ဲလွှင့်နေသည့် အလံဆီကြည့်လိုက်မိသည်။
"ကျိုး"
ဂုဏ်သရေရှိပြီး လွတ်လပ်သော!
ကျယ်ပြန့်သောဤကုန်းမြေတွင်းရှိ တစ်ဦးစီမှာ အဆုံးအစမရှိသော လွတ်လပ်မှုအား တွေ့ကြုံနိုင်သည်ဟု ခံစားရစေ၏။
စူးယွင်၏ မျက်ဝန်းတို့မှာ တောက်ပသွားပြီး သူမသည် နှုတ်ခမ်းထက်ရှိ စုတ်တံကိုအမြန်ယူကာ သူမလက်သည် စက္ကူစထက် လျင်လျင်မြန်မြန်ရွေ့လျားနေလေသည်။
သူမ၏ဆံနွယ်ရှည်တို့အား နောက်ဘက်တွင်ဖဲကြိုးတစ်ချောင်းဖြင့် ဖြစ်သလိုချည်နှောင်ထားကာ ကြွေပန်းဆံထိုးတစ်ချောင်းဖြင့် သူမဆံပင်များလျော့ရဲမကျစေရန် ထိုးစိုက်တွယ်ထားလေ၏။ရိုးရှင်းပြီးလွတ်လပ်ကာ ရှေးခေတ်လူတို့ အဆင်တန်ဆာဝတ်ဆင်ခြင်းအတွက် ရှိခဲ့သောတင်းကျပ်သည့် စည်းမျဉ်းများအား နည်းနည်းမှစိတ်ထဲထည့်မထားခဲ့ပေ။
စုတ်တံဆွဲချက်တို့သည် ပြန့်ကျဲနေရာမှ စုစည်းကာ တစ်စိတ်တစ်ပိုင်းဖြစ်နေရာမှ ပြီးပြည့်စုံသွားပြီး စက္ကူစပေါ် မှင်တို့ဖြင့်လွတ်လွတ်လပ်လပ်ရေးဆွဲနေ၏။အညိုရောင်လေးထောင့်စားပွဲသည် မှင်အစွန်းများဖြင့် ကွက်တိကွက်ကျားဖြစ်နေပေသိ သူမ၏တီထွင်မှုခံစားချက်ကို လုံးလုံးသက်ရောက်မှုမရှိခဲ့ပေ။
တစ်နာရီကြာပြီးသော် စူးယွင်သည် သူမ၏လက်ရာမြောက်ပုံပန်းချီကို ကြည့်ရင်းမြတ်နိုးနှစ်ခြိုက်နေတော့၏။
သူမသည် လက်ဆန့်ကာ လက်ကိုင်ပုဝါသန့်သန့်တစ်ထည်အားယူ၍ သူမလက်ချောင်းထိပ်တို့၌ ပေကျံနေသော မှင်စွန်းတို့ကို သုတ်ပစ်လိုက်သည်။
စူးယွင်သည် ပန်းချီ၏ထောင့်နားတို့ကိုအသာဖိကိုင်ကာ ဖြည်းဖြည်းချင်းခြောက်သွေ့သွားစေရန် လေဝင်သောနေရာတစ်ခုဆီထား,ထားလိုက်၏။
လင်ဗန်းတစ်ချပ်အား ကိုင်လာသော ရှောင်ဟယ်သည် စူးယွင်ထံလျှောက်လာပြီးပြောလိုက်၏။
"သခင်မလေး ဒီဝတ်စုံက မြို့အနောက်ဘက်က သခင်မကျန်းရဲ့ဟာပါ။သူမက ဒါကိုတစ်ယောက်ယောက်နဲ့ပို့ပေးလာပါတယ်"
"ဘာဖြစ်လို့လဲ"
စူးယွင်သည်မေးရင်းပင် ချီဖောင်အားယူ၍ စစ်ဆေးကြည့်လိုက်၏။
ရှောင်ဟယ်မှပြန်ဖြေလာသည်။
"သခင်မကျန်းရဲ့ အစေခံဆီက ကျွန်မကြားလာတာကတော့ သူမကကိုယ်ဝန်ရှိလာလို့ ဝတ်စုံရဲ့ခါးကို နည်းနည်းချောင်စေချင်တာပါတဲ့"
စူးယွင်သည် မျက်ခုံးပင့်ကာ
"ကိုယ်ဝန်လား။သူမကို ဂုဏ်ပြုပေးရမှာပေါ့"
သူမသည် ရှောင်ဟယ့်လက်ထဲမှဗန်းအားယူကာ တံခါးပေါက်၌ရပ်နေသည့် ကျန်းမိသားစုအစေခံဘက်လှည့်၍
"မနက်ဖြန်ဒီအချိန်ကျရင် ဝတ်စုံကိုလာယူလို့ရပြီဆိုတာ သူမဆီပြောလိုက်ဦး"
ရှောင်ဟယ်မှာခေါင်းငြိမ့်ကာ
"နားလည်ပါပြီ"
စူးယွင်သည် အခန်းငယ်အကန့်ထဲ ဗန်းအားသယ်သွားကာ မနက်ဖြန်ဝယ်သူထံပေးရမည့် ချီဖောင်အားထုတ်၍ အသေးစိတ်များလက်စသတ်ရန်လုပ်လိုက်၏။
ထိုညနေခင်းတွင်ပင် စူးယွင်သည် ရှောင်ဟယ်နှင့်အတူ နဉ်ကျင်း၏အိမ်တော်ဆီ သွားရောက်ခဲ့သည်။
ထိုအချိန်၌ နဉ်ကျင်းမှာ သူ၏စာကြည့်ခန်းတွင်းရှိနေပြီး တစ်စုံတစ်ယောက်နှင့် စကားပြောနေလေ၏။
တုန့်စန်းသည် စူးယွင်နှင့်ရှောင်ဟယ်ထံ ရေနွေးကြမ်းကမ်းပေးရင်း ပြောလိုက်သည်။
"ကျွန်တော့်သခင်က ကိစ္စအချို့ကိုင်တွယ်ရင်း အလုပ်ရှုပ်နေတုန်းပါ။ကျေးဇူးပြုပြီး သခင်မလေးတို့ ဒီမှာခဏလောက်စောင့်ပေးကြပါဦး"
စူးယွင်မှပြန်ဖြေလိုက်၏။
"အဆင်ပြေပါတယ်"
တုန့်စန်းမှာ လက်ခုပ်အုပ်ကာပြောလာသည်။
"ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်။သခင်မလေးတို့ သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ်နေကြပါ"
စူးယွင်မှခေါင်းငြိမ့်ပြလိုက်၏။
ဤသည်မှာ တုန့်စန်းနှင့် တွေ့ဖူးသည့် ရှောင်ဟယ်၏ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သူမအကြည့်တို့မှာ သူ့အပေါ် စက္ကန့်အတော်ကြာသည်ထိ မရည်ရွယ်ပါဘဲ လိုက်ပါသွားလေသည်။
"ဒါကဘာလဲ"
စူးယွင်သည် မျက်ခုံးပင့်ကာ သူမမျက်ဝန်းတို့သည်လည်း ရွှင်မြူးမှုတို့ဖြင့် တလက်လက်ထနေ၏။
"နင်ကတော့ တုန့်စန်းဆီကနေ ဆွဲဆောင်တာခံလိုက်ရပြီလား"
"သခင်မလေး မင်းဘာတွေပြောနေတာလဲ"
ရှောင်ဟယ်သည် ရှက်သွေးဖြာကာ သူမအကြည့်တို့အား ခပ်သွက်သွက် ရှောင်ဖယ်လိုက်၏။