← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

ရှောင်ဟယ်သည် ခေါင်းငုံ့ကာ သူမမျက်ဝန်းတို့မှာလည်း စိုးရိမ်တကြီးလှည့်ပတ်ကြည့်ပြီး ကြားနိုင်ရုံမျှအသံလေးဖြင့်ပြောလာ၏။

"ကျွန်မလိုမျိုး လူတစ်ယောက်က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စူးယွင်သည် စကားအားဖြတ်ပြောလိုက်၏။

"နင်ဘာတွေလျှောက်ပြောနေတာလဲ။ဒီနေ့ခေတ်နဲ့ ဒီအသက်အရွယ်မှာ ချစ်မြတ်နိုးရတာက လွတ်လပ်ပါတယ်။နင်တစ်ကြိမ်ကွာရှင်းပြီးတာကို မပြောနဲ့ နှစ်ကြိမ် သုံးကြိမ် ကွာရှင်းခဲ့ရင်တောင် နင့်မှာအချစ်ကိုထပ်ရှာဖို့ အခွင့်အရေးရှိနေပါသေးတယ်"

စူးယွင်၏မိဘနှစ်ပါးစလုံးမှာ အပူအပင်မရှိဘဲ အမှီအခိုကင်းမဲ့သော သဘောထားရှိကြလေ၏။သူတို့ငယ်ရွယ်စဉ်တွင် တစ်ဦးအပေါ်တစ်ဦး ပြင်းပြင်းရှရှချစ်ခဲ့ကြပြီး နှစ်ဖက်မိသားစု၏ အမိန့်တို့ကို ဖီဆန်ခဲ့ကြကာ အတူရှိကြရန်တောင်းဆိုခဲ့ကြသည်။

သူတို့သက်လတ်ပိုင်းအရွယ်ရောက်ပြီးနောက်တွင်တော့ အချင်းချင်းငြီးငွေ့လာကြတော့၏။မည်သည်ကိုမှ ဂရုမစိုက်ကြဘဲ သူတို့သည်ရိုးရိုးလေးသာ ကွာရှင်းလိုက်ကြပြီး ကိုယ်စီဘဝဖြင့်ရှေ့ဆက်ခဲ့ကြသည်။ယခုတွင်တော့ သူတို့သည် မိသားစုကိုယ်စီဖြင့် ဘဝသစ်များ၌နေထိုင်နေကြပြီပင်။

သူတို့သည် အတိတ်ကိုတော့ ဘယ်တုန်းကမှနောင်တမရခဲ့ကြပေ။

သူမမိဘများ၏အတွေးအခေါ်နှင့် ဟိုဘက်အိမ် ဒီဘက်အိမ်ပြောင်းရွှေ့နေထိုင်ရင်း ကြီးပြင်းခဲ့သောကြောင့် စူးယွင်မှာ သူတို့၏အချင်းချင်းလေးစားသမှုထားသောသဘောထား၏ လွှမ်းမိုးခံခဲ့ရကာ ထိုကဲ့သို့အဖြစ်အပျက်မျိုးအား ထူးထွေခံစားမိမနေတော့ချေ။

"ဘဝကတိုတိုလေးရယ် ပြီးတော့ ကိစ္စပေါင်းစုံဆိုတာ ဖြစ်ပျက်လာနိုင်တာပဲလေ။အမြဲတမ်းနောက်ပြန်လှည့်ဖို့ရော တွန့်ဆုတ်နေဖို့ရော လုပ်နေစရာမလိုပါဘူး"

"နင်လုပ်ချင်တာရှိရင် လုပ်သာချလိုက်"

ရှောင်ဟယ်သည် လေးလေးနက်နက်နားထောင်ပြီး ခေါင်းငြိမ့်ပြလာကာ မေးလိုက်၏။

"သခင်မလေးက သခင်လေးနဉ်ကို ကောင်းကောင်းဆက်ဆံခဲ့တာကလည်း ဒါကြောင့်ကိုး"

"ဘယ်လို"

စူးယွင်သည် ကြောင်အမ်းသွားရ၏။

"ဪ.....ဒီလိုလေ"

ရှောင်ဟယ်သည် မည်ကဲ့သို့‌ေပြာရမည်ကို စဉ်းစားအဖြေရှာရင်း အထစ်ထစ်အငေါ့ငေါ့ပြောလာသည်။

"အမ်း"

"ကျွန်မ အရင်တစ်ခေါက်က အဲ့ဒါကိုတွေ့ခဲ့ရတယ်"

ရှောင်ဟယ်၏စိတ်မှာ ဝုန်းဒိုင်းကြဲနေပြီး သူမသည် ပို၍သင့်လျော်မည့်စကားလုံးကို ခပ်သွက်သွက်စဉ်းစားလိုက်ရ၏။

"သခင်လေးနဉ်.....သူ.....သူကသခင်မလေးရဲ့ခြေဖဝါးကို ကြည့်နေတာလေ"

စူးယွင်သည် ရယ်ချလိုက်မိကာ ရှင်းပြလိုက်ရ၏။

"သူကငါ့ခြေထောက်ကို နှိပ်ပေးရုံပါပဲ။ငါ့ခြေထောက်က တအားညောင်းနေလို့လေ"

"ဒါပေမယ့်...."

ရှောင်ဟယ်သည် သူမနှုတ်ခမ်းအားကိုက်ကာ စူးယွင်အား ကသိကအောက်ဖြစ်ဟန်ဖြင့်ကြည့်ရင်း

"သူကကျ......"

"အဲ့တော့ဘာဖြစ်လို့လဲ"

စူးယွင်သည်လုံးဝစိတ်ရှုပ်ခံမနေဘဲ သူမလက်အားယမ်းပြလိုက်၏။

"သူငါ့ခြေထောက်ကိုတွေ့တာက ဘာကိစ္စကြီးမလို့လဲ"

ရှောင်ဟယ်သည် သူမစကားကြောင့် ထိတ်လန့်သွားကာ မျက်လုံးများပင်ပြူးကျယ်သွားရ၏။

စူးယွင်သည်မျက်မှောင်ကြုံ့ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။

"နင်ကဘာလို့အဲ့လောက်လန့်သွားတာလဲ"

အဲ့ဒါကခြေဖဝါးလေးပဲမလား။သူအဲ့ဒါကိုမြင်ရင်လဲ ဘာဖြစ်မှာမလို့လဲ။သူမကဘာလို့ အဲ့လောက်ဖြစ်ပျက်သွားရတာပါလိမ့်။

ရှောင်ဟယ်သည် သူမလက်ထဲရှိရေနွေးခွက်အား အုပ်ကိုင်ကာ အငုံကြီးကြီး‌ေသာက်ချလိုက်၏။

ရေနွေးပူပူမှာ သူမလျှာအားအပူလောင်သွားစေပြီး သူမ၏မငြိမ်မသက်ဖြစ်နေသောစိတ်ကို တည်ငြိမ်သွားစေသည်။

သူမသည်ရေနွေးခွက်အားပြန်ချကာ အသက်ပြင်းပြင်းရှူ၍ စူးယွင်ထံပြောလိုက်၏။

"ကျိုးမင်းဆက်မှာ အမျိုးသမီးတစ်ဦးက သူ့ခြေထောက်ကို အမျိုးသားတစ်ဦးဆီ ထုတ်ပြလို့တောင်မရတာကို ဘယ်လိုလုပ်......"

ဘယ်လိုလုပ်ထိတွေ့ခံရမှာလဲ။

တော်ဝင်ရုံးတော်တွင် ဤလုပ်ရပ်အား နီးစပ်သောဆက်ဆံရေးရှိသူတို့သာ လုပ်နိုင်ကြလေ၏။

သူမသည် နဉ်ကျင်းနှင့်စူးယွင်တို့မှာ ညှိနေကြပြီဟုထင်ခဲ့သော်လည်း ယခုတော့ ထိုသည်မှာအထင်သာဖြစ်နေလေသည်။

ထိုအရာအား ပြောပြရန်ခက်ခဲလှ၏။

စူးယွင်သည် သူမစကားအားနားထောင်ကာ သူမလက်ချောင်းများသည် ရေနွေးခွက်အား တဖွဖွတောက်ရင်း တိတိဆိတ်နေလေသည်။

သူမသည် နဉ်ကျင်းနှင့်သူမ၏ပက်သက်မှုအ‌ေကြာင်းကို ဂရုမစိုက်ပါပေ။

သူမအဖို့တော့ ဘဝဆိုသည်မှာ တဒင်္ဂစာပျော်ရွှင်မှုပင်ဖြစ်၏။

သူမသည် သူမဆန္ဒရှိရာမှန်သမျှကို လုပ်မည်ဖြစ်ပြီး ထို့အပြင်.....

စူးယွင်သည် ခေါင်းမော့ကာ နဉ်ကျင်း၏စာကြည့်ခန်းဘက်ဆီ ကြည့်လိုက်၏။

သူသည် သူမအားဘာအကြောင်းမှပြောမပြခဲ့ပေ....

တစ်ခါတစ်ရံတွင် မည်သည့်အချိန်၌ရပ်တန့်ရမည်ကို သိသည်ကလည်း ပက်သက်ဆက်နွှယ်မှုတစ်မျိုးပင်ဖြစ်သည်။

စူးယွင်သည် ရေနွေးတစ်ငုံသောက်ကာ အကြောင်းအရာအား တမင်လမ်းလွှဲလိုက်၏။

"ဒါဆို နင်ကတုန့်စန်းကို ဘာလို့စိုက်ကြည့်နေရတာလဲ"

ရှောင်ဟယ်မှရှင်းပြလာ၏။

"သခင်မလေး တုန့်စန်းမှာ ရှင်းပြရခက်တဲ့အရှိန်အဝါတစ်ချို့ရှိနေတယ်လို့ မထင်မိဘူးလား။အဲ့ဒါက.....အဲ့ဒါမျိုးကလေ......"

သူမသည်ခဏတာရပ်တန့်သွားကာ မှန်ကန်သောစကားလုံးအား ရှာဖွေရန်ရုန်းကန်နေရသည်။

စူးယွင်မှ သူမအတွေးအားဖြည့်ပြောပေးလိုက်၏။

"သွေးဆာတဲ့အော်ရာလား"

"ဟုတ်တယ်"

ရှောင်ဟယ်သည် လက်ဟန်အမူအယာပါသုံးပြီးပြောလာသည်။

"နည်းလမ်းကျကျပြောရရင် ဒီလိုအရှိန်အဝါမျိုးကို သန်သန်မာမာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်တတ်တဲ့လူတွေဆီမှာပဲ တွေ့ရတာကို"

"သခင်လေးနဉ်က လူကြီးလူကောင်းတစ်ယောက်ပဲလေ။သူ့ရဲ့လက်‌ေအာက်ခံလူဆီမှာဘယ်လိုလုပ်ဒီလိုအရှိန်အဝါမျိုးရှိနေရတာလဲ"

စူးယွင်မှပြန်ဖြေလိုက်သည်။

"အရင်ကသူအဲ့လိုအလုပ်မျိုးလုပ်ခဲ့ဖူးလို့နေမှာပေါ့"

"ဒါပေမယ့်...."

ရှောင်ဟယ်မှတစ်ခုခုထပ်ပြောရန်ပြင်လိုက်စဉ် အစေခံနှစ်ဦးဝင်လာလေ၏။

အမျိုးသမီးနှစ်ဦးမှာ သူတို့ဒူးများအားအတန်ငယ်ညွှတ်၍ အရိုအသေပေးလိုက်သည်။

"ကျွန်မတို့က အစေခံတွေဖြစ်တဲ့ ယောင်ယီနဲ့ ချင်းအာပါ။ကျွန်မတို့ သခင်မလေးစူးနဲ့ သခင်မလေးဟယ်တို့ကို နှုတ်ဆက်ပါတယ်"

ရင်းနှီးနေသောမျက်နှာများအားတွေ့လိုက်ရရာ စူးယွင်သည်မတ်တပ်ရပ်၍ပြောလိုက်၏။

"အရမ်းယဉ်ကျေးနေစရာမလိုပါဘူး"

ယောင်ယီမှအရင်ပြောလာ၏။

"သခင်မလေးစူးက ကြင်နာလွန်းနေပါပြီ။သခင်လေးတုန့်စန်းက သခင်မလေးတို့နှစ်ယောက်ကို ခစားဖို့ဒီကိုလွှတ်လိုက်တာပါ။သခင်မလေးတို့တစ်ခုခုလိုအပ်တာရှိရင် ကျွန်မတို့ဆီလွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်"

စူးယွင်သည် သူမ၌အစေခံများစွာမရှိသလို ရှေးခေတ်ဓလေ့ထုံးတမ်းများကိုလဲ လိုက်နာသူမဟုတ်ပေ။သူမမှပြောလိုက်၏။

"ဒါဆိုလဲ ကျွန်မတို့နဲ့အတူထိုင်ပြီး စကားလာပြောလေ"

အစေခံနှစ်ဦးမှာ အကြည့်ချင်းဖလှယ်၍ ဒူးညွှတ်အရိုအသေပြုလိုက်၏။

"ကျေးဇူးတင်ပါတယ် သခင်မလေးစူး"

စူးယွင်သည် အစေခံနှစ်ဦးနှင့် ရင်းနှီးလွန်းသည်မဟုတ်၍ ရှောင်ဟယ်နှင့်သူမပြောနေသည့်စကားဝိုင်းမှာ ဆက်ပြော၍မဖြစ်တော့ပေ။ထို့ကြောင့် သူမသည် အရှုပ်အရှင်းကင်းသောစကားဝိုင်းကိုသာ ကြုံသလိုကောက်ပြောလိုက်ရတော့သည်။

နဉ်ကျင်းအလုပ်ကိစ္စပြီးချိန်တွင် သူမတို့လေးဦးသား၏စကားဝိုင်းမှာ ပြီးလုနီးပါးဖြစ်နေပြီပင်။

ယောင်ယီနှင့်ချင်းအာသည် မတ်တပ်ရပ်၍ ဒူးညွှတ်နှုတ်ဆက်ကာ ဘေးဘက်ရှိဟင်းပွဲများအား တည်ခင်းပေးတော့၏။

နဉ်ကျင်းသည် နံရိုးတစ်ပိုင်းအားယူ၍ သူမ၏ပန်းကန်ပြားလေးပေါ်တင်ပေးလာသည်။

"ဒါကိုမြည်းကြည့်လိုက် ကိုယ်စားဖိုမှူးအသစ်ဆီလုပ်ခိုင်းထားတာ အရသာကောင်းလောက်တယ်"

စူးယွင်မှာတစ်ကိုက်,ကိုက်ကြည့်လိုက်ပြီးနောက် မသိစိတ်အလျောက် မျက်လုံးများမှေးကျဉ်းလိုက်မိသည်။

အသားမှာနူးညံ့စိုပြည်၍ အချိုဓာတ်နှင့် အရသာကဲလှ၏။တစ်ကိုက်စီတိုင်းသည် သူမလျှာဖျားထက်ဝယ် တမူထူးသောအရသာအား ယူဆောင်လာလေကာ စားပြီးသည့်တိုင် အရသာမှာစွဲကျန်ရစ်နေခဲ့သည်။

"မဆိုးပါဘူး ရှင်ပိုက်ဆံတော်တော်သုံးခဲ့ရပုံပဲ"

နဉ်ကျင်းမှပြန်ဖြေလာ၏။

"အဆင်ပြေပါတယ် ဈေးမကြီးပါဘူး"

စူးယွင်သည် လုံးဝယုံကြည်ခြင်းမရှိသောအကြည့်ဖြင့် သူ့ထံကြည့်လိုက်သည်။

နဉ်ကျင်းသည် သူမအကြည့်အား လျစ်လျူရှူကာ သူမစားသောက်ရန်သာ ဆက်၍ပြင်ဆင်ပေးနေလေ၏။

နဉ်ကျင်း၏လုပ်ရပ်တို့အား ရပ်ကြည့်နေသော အစေခံနှစ်ဦးမှာ စူးယွင်သည် မကြာခင်၌အတွင်းခြံဝန်းတွင် နေထိုင်ရတော့မည်ဟု ကောက်ချက်ချမှုမှာ တိုးသထက်တိုးလာတော့သည်။

စားသောက်ချိန်မှာသိပ်မကြာခဲ့ပေ။နဉ်ကျင်းသည် သူ့ဘာသာအကြောင်းပြချက်တစ်ခုရှာ၍ စူးယွင်ကို သူနေထိုင်သည့်ခြံဝန်းဆီခေါ်လာလိုက်၏။

သူ၏ခြံဝန်းမှာ အရှေ့ဘက်ခန်းမလောက်မကြီးမားလှပေသိ အတွင်းဘက်ရှိ အထက်တန်းဆန်မှုမှာ ငြင်းဆိုဖွယ်မရှိပေ။

စူးယွင်လျှောက်ဝင်လာသည်နှင့် သူမသည်ပတ်ဝန်းကျင်အား သဘောကျသွားကာ ရုတ်ချည်း သစ်ပင်တစ်ပင်၌ ချိတ်ဆွဲထားသည့် ဒန်းတစ်ခုကိုမြင်လိုက်ရသည်။

သူမသည် ဒန်းပေါ်ထိုင်ကာ သူ့ထံမော့ကြည့်လိုက်၏။

"ရှင့်ခြံဝင်းထဲမှာ ဘာလို့ဒီလိုဟာမျိုးရှိနေရတာလဲ"

ဒန်းအားပန်းနွယ်တို့ဖြင့်အလှဆင်ထား၍ နဉ်ကျင်းနှင့်သက်ဆိုင်သည့်အရာမဟုတ်သည်မှာ သေချာလေသည်။

နဉ်ကျင်းသည် သူမမျက်လုံးများထဲရှိ စပ်စုလိုရိပ်ကိုသတိပြုမိရာ ဖွဖွပြုံးလိုက်မိ၏။

"ကိုယ့်တူမလေးက တပ်ထားတာလေ"

သူသည် သူမအားအနောက်မှ အသာတွန်းပေးရင်း ဆက်ပြောလာသည်။

"သူမကမင်းလိုပဲ သွက်သွက်လက်လက်နဲ့အငြိမ်မနေတတ်တဲ့ အကျင့်ရှိတယ်လေ"

စူးယွင်သည် ပြန်ချေပလိုက်၏။

"ကျွန်မကအဲ့လိုမျိုးမဟုတ်ပါဘူးနော်"

နဉ်ကျင်းသည် ကြိုးများအားဆွဲ၍ ဒန်းကိုရပ်ရန် ထိန်းထားလိုက်သည်။

သူသည်လက်ဆန့်၍ သူမပုခုံးထက်လက်တင်ကာ သူမအားသူ့လက်မောင်းများထဲ ဆွဲယူလိုက်၏။

"မင်းဟုတ်နေပါတယ်"

သူသည် သူမမေးအားပင့်ကာ သူမအားသူ့ထံကြည့်လာစေသည်။

ထို့နောက် သူသည်ခေါင်းငုံ့၍ သူမနားထဲတစ်ခုခုအား တီးတိုးဆိုလာ၏။

စူးယွင်သည်သူ့အားတွန်းဖယ်၍ စူးစူးရဲရဲကြည့်လိုက်သည်။

All Chapters