အခန်း (၃၈)
Vol. 4 Ch. 38
နဉ်ကျင်း၏ခြံဝန်းမှာ တိတ်ဆိတ်နေပြီး သူတို့အားနှောင့်ယှက်မည့်အစေခံများလည်း အနားတွင်ရှိမနေပေ။
သူ၏စကားလုံးများမှာ တိတ်ဆိတ်မှုများကြား ရှင်းလင်းပြတ်သားနေလေ၏။
စူးယွင်သည် သူ၏လက်မောင်းအား ဆွဲလိမ်ကာ
"နဉ်ကျင်း ရှင်စကားကောင်းကောင်းမပြောတတ်ရင် ပါးစပ်သာပိတ်ထားလိုက်ပါတော့"
နဉ်ကျင်းဖွဖွရယ်ကာ သူမနောက်ကျောထက် လက်တင်လိုက်၍ ဖွဖွလေးတွန်းပေးလိုက်ပြန်သည်။
စူးယွင်သည် ရှေ့ကိုသာကြည့်နေပြီး သူမမျက်လုံးများမှာ ရံဖန်ရံခါ၌သူ့ထံလှည့်ကြည့်လာတတ်၏။
ဝတ်ရုံဖြူလွှလွှ ဆံနွယ်နက်မှောင်မှောင်တို့ဖြင့် နဥ်ကျင်းသည် သိမ်မွေ့ညင်သာသော အမူအယာရှိနေလေသည်။သူ၏သွယ်လျသောလက်များမှာ သူမနောက်ကျောထက် ဖွဖွတင်ထား၏။သူသည် တင့်တယ်သောအရှိန်အဝါကိုထုတ်လွှတ်နေကာ ညနေခင်း၏လေပြည်ညှင်းမှာ သူ့ဆံနွယ်များအားဖရိုဖရဲဖြစ်သွားစေပြီး အနည်းငယ်ရှုပ်ပွသွားေစသည်။
ရှောင်ဟယ်ထံသူမပြောခဲ့သမျှကိုေတွးေတာရင်း စူးယွင်သည် သူမအောက်နှုတ်ခမ်းကို ကိုက်ကာခဏတာမျှစဥ်းစားခန်းဝင်နေလိုက်၏။
"သခင်လေးနဉ် ရှင်ကလက်ထပ်ရမယ့်အရွယ်ကိုရောက်နေတာကြာပြီမလား"
"အမ်"
နဉ်ကျင်းသည် သူ့လှုပ်ရှားမှုအား မရပ်တန့်ပါဘဲ သူမထံကြည့်လာသည်။
"ရှင့်သဘောကရော"
စူးယွင်သည် ခြံဝင်းကျယ်ကြီးအားကြည့်ကာ
"ရှင်တို့မိသားစုက အတော်လေးကြီးကျယ်ပြီး ချမ်းသာကြွယ်ဝကြတာလေ။သူတို့တွေက ရှင့်ကိုအိမ်ထောင်ရက်သားပြုဖို့ မတိုက်တွန်းကြဘူးလား"
သူ့မိခင်နှင့် အခမ်းအနားများ၌ တွေ့ကြစဉ်တိုင်း သူ၏ထိမ်းမြားမှုအကြောင်းအရာကို တတွတ်တွတ်ပြောလေ့ရှိသည့်အကြောင်းအား ပြန်တွေးကာ နဉ်ကျင်းသည် သူ့စိတ်ထဲအနှောင့်အယှက်ဖြစ်သလိုခံစားလိုက်ရ၏။
သူသည်မျက်မှောင်အသာကြုံ့ကာ
"အင်း"
စူးယွင်သည် ဒန်းအားရပ်ရန် ခြေထောက်အားထိန်း၍ထောက်လိုက်၏။
"ဒါဆိုရှင်..."
သူမသည် လေသံလျှော့သွားပေသိ သူ့အပေါ်စူးစိုက်ကြည့်နေဆဲဖြစ်ကာ သူ၏အမူအယာမှတစ်ဆင့် တစ်ခုခုသိရှိရရန် အကဲခတ်ကြည့်ဖို့လုပ်လိုက်သည်။
နဉ်ကျင်းမှပြန်ဖြေလာ၏။
"ကိုယ်ကသင့်တော်တဲ့လူတစ်ယောက်ယောက်နဲ့ မတွေ့သေးလို့ပါ။ကိုယ်အခြေမချချင်သေးဘူး"
စူးယွင်သည် မရေရာဟန်ဖြင့်သူ့ထံကြည့်လိုက်၏။
ရှေးခေတ်ကာလများတွင်ဆိုလျှင် ထိမ်းမြားမှုစီစဥ်ခြင်းသည် မိဘများနှင့် အောင်သွယ်ေတာ်တို့မှ ထိုကိစ္စအား ဆုံးဖြတ်ခြင်းဖြစ်ကာ လူတန်းစားမရွေးအတူတူပင်ဖြစ်လေ၏။ထိုနည်းလမ်းဖြင့်ပင် ထိမ်းမြားမှုမှာ အမှန်ဖြစ်မြောက်ခဲ့သည်ပင်မဟုတ်ပါလော။
သူမစိတ်ထဲမည်သည်အားတွေးနေသည်ကို သိလိုက်ရသော နဉ်ကျင်းသည် သူမပုခုံးများပေါ် လက်တင်၍ သူမနားထင်စပ်ရှိ ဆံနွယ်မျှင်တို့အား အသာရစ်ပတ်နေလိုက်သည်။
"ကျင့်ဝတ်ထုံးတမ်းတွေအကုန်လုံးကို ဘာအကြောင်းနဲ့မှ ကိုယ်ကဂရုစိုက်နေမှာမဟုတ်ဘူး"
"ရှင်ကအတော်ထူးဆန်းတဲ့လူပဲ"
စူးယွင်သည် ရယ်မောကာ သူမခေါင်းအားလှည့်၍ သူမမျက်နှာတစ်ခြမ်းအား သူ့လက်ဖဝါးထက် တင်လိုက်သည်။
"သခင်လေးနဉ် ရှင်ကအရမ်းထူးချွန်တဲ့လူလေ။ရှင့်ရဲ့စံနှုန်းတွေကလည်း တော်တော်ကြီးမြင့်ရမယ်လို့ ကျွန်မထင်တယ်"
"စံနှုန်းတွေကတော့ တော်တော်ထူးခြားပါတယ်"
နဉ်ကျင်းသည် သူမပါးအားဆွဲကာ သူမအားစိတ်ဝင်တစားကြည့်နေလိုက်၏။
"စူးယွင် မင်းပိုပြီးသိချင်လား"
စူးယွင်သည် ခေါင်းမော့ကာ သူ့မျက်နှာထက်သူမအကြည့်ရောက်သွားပြီး သူ့မျက်ဝန်းများထဲ ထင်ဟပ်နေသမျှ ခံစားချက်များအား မလွတ်တမ်းကြည့်နေလိုက်သည်။
သူမသည် ကျီစားလိုဟန်ဖြင့်ပြုံးကာ ဆံနွယ်တို့အား လက်ချောင်းဖြင့် လိမ်ကျစ်ရင်း
"စိတ်မဝင်စားပါဘူး"
စူးယွင်သည် ခြေဖျားထောက်လိုက်ကာ မြေကြီးထက်ကျွမ်းကျင်မှုအချို့သုံး၍ ဒန်းအားထပ်လွှဲလိုက်ပြန်၏။
နဉ်ကျင်းသည် သူမ၏ဂုဏ်ယူဝင့်ကြွားပြီး ဆိုးသွမ်းဟန်ပြုမူနေပုံကို ကြည့်ကာ ဖွဖွရယ်မောလိုက်သည်။
သူသည်ကြိုးအားကိုင်၍ ဒန်းအရှေ့ဘက်သွားကာ ဒန်းပေါ်ထိုင်ချလိုက်၏။
ဒန်းသည် အလွန်မကြီးလှဘဲ ကလေးနှစ်ဦးသာဝင်ထိုင်ပါက နေရာလွတ်များများကျန်နေလောက်သည်။
သို့သော်အရွယ်ရောက်လူကြီးနှစ်ယောက်အဖို့တော့ နည်းနည်းကြပ်သိပ်နေစေ၏။
ကံကောင်းထောက်မစွာပင် သူတို့နှစ်ဦးမှာ ပိန်သွယ်ကြ၍ အဆင်ပြေအောင်တော့ ထိုင်နိုင်ကြလေသည်။
စူးယွင်သည် စိတ်ရှုပ်ဟန်ဖြင့်ပြောလာ၏။
"ရှင်ဘာလုပ်နေတာလဲ"
သူမသည်အစွန်းသို့တွန်းခံလိုက်ရ၍ ကြိုးထူထူမှာ သူမခါးေနာက်ဘက်အားပွတ်တိုက်သွားစေပြီး အဆင်မပြေဖြစ်သွားစေသည်။
"တောင်းပန်ပါတယ်ကွာ"
နဉ်ကျင်းသည် ပြောရင်းသူမခါးအားသူ့လက်ဖြင့် သိုင်းဖက်လိုက်ကာ သူ့ဘက်ဆွဲခေါ်လိုက်၏။
ကြိုးဖြင့်ပွတ်မိသွားသည့်နေရာကို လက်ဖဝါးဖြင့် ဖိကာအသာဝိုက်၍ အားအနည်းငယ်ဖြင့်ပွတ်သပ်ပေးလိုက်သည်။
"ပိုပြိးနေလို့ကောင်းလာပြီလား"
"အတူတူပါပဲ"
နဉ်ကျင်း၏နောက်လက်တစ်ဖက်မှာ သူမအား ရှေ့မှနေ နောက်သို့သိုင်းဖက်ဟန်ပြုကာ သူမတစ်ကိုယ်လုံးအား ပွေ့ချီ၍ သူ့ရင်ခွင်တွင်း သူမအားနေရာချပေးလိုက်၏။
"ဒီလိုဆို မနာတော့ဘူးနော်"
စူးယွင်သည် သူ့ထံကြည့်ကာ ဆွံ့အသွားရတော့သည်။
သူကဒီလိုအရှက်မဲ့တဲ့ကိစ္စမျိုးကိုတောင် ဘယ်လိုလုပ်ပြီးစလွယ်လေးပြောထွက်နိုင်ရတာလဲ။
နဉ်ကျင်းသည် သူ့ခေါင်းအား စူးယွင်ပုခုံးထက်တင်ကာ တိုးတိုးလေးမေးလာ၏။
"တစ်ကယ်ကြီး မင်းမသိချင်တာလား"
စူးယွင်သည် သူမခေါင်းအားစောင်းကာ သူမနားရွက်နားရှိ လေနွေးနွေးလေးအား ရှောင်လိုက်သည်။
သူမသည်နဉ်ကျင်း၏ခေါင်းအား လက်ဖြင့်တွန်းထုတ်ကာ တည့်တိုးပင်ပြောလိုက်၏။
"ကျွန်မနားမထောင်ချင်ဘူး"
နဉ်ကျင်းသည် သူမအားပြန်ဆွဲခေါ်ကာ သူ့ခေါင်းအား သူမပုခုံးပေါ်ပြန်တင်လာသည်။
"ဘယ်လိုနေနေ ကိုယ်ကမင်းကိုပြောပြမှာပဲ"
စူးယွင်သည် သူမခါးထက်ရှိနဉ်ကျင်း၏လက်ကို ဆွဲဖယ်ကာ ပြောလိုက်၏။
"အဲ့ဒါရှင့်ကိစ္စလေ"
ထိုသို့ပြောပြီးနောက် သူမသည်မတ်တပ်ထရပ်ကာ သူ့အားကျောပေးလိုက်သည်။
နဉ်ကျင်းလည်း မတ်တပ်လိုက်ရပ်ကာ သူမလက်အားဆွဲ၍ ကူကယ်ရာမဲ့ဟန်ဖြင့်ပြောလာ၏။
"မင်းက ပျော်စရာလဲမကောင်းဘူး"
စူးယွင်သည် သူမလက်အားပြန်ဆွဲကာ ပြုံးပြလိုက်သည်။
အချို့အရာများမှာ ထုတ်ဖော်ပြောဆိုခြင်းမပြုပေသိ နားမလည်ဟုမဆိုလိုနိုင်ပေ။
-------------
ထိုနေ့ပြီးနောက် နှစ်ဦးသားကြားရှိလေထုမှာ တင်းမာလာပြီး ရံဖန်ရံခါတွင်ဆိုလျှင်တော့ နဉ်ကျင်းမှာ စူးယွင်နားကပ်တွယ်နေတတ်သည်။
စူးယွင်သည် သူမအဝတ်များမှာ သပ်သပ်ရပ်ရပ်ခေါက်ကာ သူမနှင့်မျက်စောင်းထိုး၌ ခပ်တည်တည်ဟန်ဖြင့် ထိုင်နေသောလူထံကြည့်လိုက်၏။
"ကျွန်မကခဏနေရင် ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲဆီသွားရတော့မှာ။ရှင်ကအိမ်ပြန်ဖို့စီစဉ်နေတာ မဟုတ်ဘူးလား"
"မပြန်ပါဘူးကွာ"
နဉ်ကျင်းသည် သူ၏ရေနွေးအား ဇိမ်ပြေနပြေသောက်နေလေ၏။
"တကော ရှင်ကအရမ်းအားနေတယ်ဆိုမှတော့ ဘာလို့ကျွန်မနဲ့အတူလိုက်မလာရတာလဲ"
နဉ်ကျင်းသည် သူ၏ရေနွေးခွက်အားချကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ"
စူးယွင်သည် နှုတ်ခမ်းစူလိုက်၏။
ကောင်းပြီလေ ရှင်လုပ်ချင်ရာလုပ်ပေါ့။
သူမသည်ပစ္စည်းပစ္စယများအား သူ့ထံကမ်းပေးရင်း ပြောလိုက်သည်။
"ရှင်ကကျွန်မနဲ့လိုက်လာချင်တယ်ဆိုတော့ အလုပ်သမားလည်းဖြစ်ပေးနိုင်ရမှာပေါ့"
နဉ်ကျင်းသည် ပစ္စည်းများအားသယ်ကာ ဘေးမှကပ်လျှောက်၍ ဆီစိမ်စက္ကူထီးအား ယူလိုက်၏။
"သွားကြစို့လေ"
ကောင်းကင်ထက်ရှိ နေမင်းကြီးမှာ မညှာမတာအလျှံငြီးငြီးတောက်လောင်နေလေသည်။
စူးယွင်သည် ခြေလှမ်းစိပ်စိမ်လှမ်းကာ သူမခြေထောက်နားကျရောက်နေသောနေရောင်အား ရှောင်ဖို့လုပ်နေရ၏။
"နေရောင်ကလဲ ပြင်းလိုက်တာ"
နဉ်ကျင်းသည် ထီးအားနည်းနည်းစောင်းပေးလိုက်သည်။
"ခဏကြာရင် အဆင်ပြေသွားပါလိမ့်မယ်"
"ထင်တာပဲ"
ကုန်သည်ကြီးများအသင်း
သူတို့ဝင်လာချိန်တွင် စူးယွင်မှာ စာရင်းထက်ရှိ နာမည်စာရင်းမှ ပြထားသည့်သူမခုံနေရာကိုတွေ့လိုက်ရသည်။
နဉ်ကျင်းနှင့်သူမတို့ထိုင်ပြီးသည်နှင့် ဘေးကပ်ရပ်ခြမ်းမှနေ ရုတ်ရုတ်သဲသဲအသံတို့ထွက်လာလေ၏။
ပြိုင်ပွဲဝင်ခွင့်စာများအား ဂရုတစိုက်ကိုင်ထားကြသော လူများမှာ ခြေလှမ်းကျယ်ကျယ်ဖြင့်လျှောက်ဝင်လာသော သုန်းကွေ့၏နောက်မှလိုက်လာကြသည်။
စူးယွင်သည် သူမအကြည့်အားလွှဲကာ ရှေ့ရှိစင်မြင့်ပေါ်ထံသာအာရုံစိုက်လိုက်၏။
သစ်သားစင်မြင့်သည် ကွေ့ကောက်ကောက် မှန်ကူကွက်ပုံစံဖော်ထားပြီး ခန်းမအလယ်တွင် နံရံကပ်စင်တန်းရှည်မှာ မတ်မတ်ကြီးရှိနေလေသည်။လေးထောင့်စားပွဲငယ်များမှာ ဘေးနှစ်ဖက်၌ စီတန်းရှိနေပြီး တစ်ခုံချင်းစီတွင် ပါဝင်သူများနှင့်သက်ဆိုင်သည့် နာမည်ကတ်ပြားများအား ပြသထားလေ၏။
စင်မြင့်၏ရှေ့ဘက်တွင် အဖွဲ့အစည်း၏အဖွဲ့ဝင်များအတွက် ဖြစ်ဟန်တူသော အနီရောင်အဝတ်စဖြင့် အုပ်ထားသည့် ခုံတန်းရှည်များရှိလေသည်။
စူးယွင်သည် စောစီးစွာရောက်လာသည်မဟုတ်သော်လည်း အောက်ဘက်ရှိခုံလွတ်အများစုမှာ နေရာယူထားကြပြီးဖြစ်ကာ ပတ်ပတ်လည်၌လည်း လူအုပ်ကြီးကနေရာယူထားလေ၏။
"လူတွေတော်တော်များတာပဲ"
"ဒါကပွဲတော်ကြီးတစ်ခုပဲလေ။လူတိုင်းကလဲ စိတ်လှုပ်ရှားစရာပွဲမှာ ပါဝင်ချင်ကြတာပေါ့"