← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ပါဝင်ယှဉ်ပြိုင်သူဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူများမှာအချိန်အတော်ကြာအောင် စောင့်နေကြပြီးဖြစ်၏။

"သခင်မလေးစူး လောင်းကစားဝိုင်းရှိတာကို မင်းသိလား"

"ဘာရယ်"

အနားတွင်လူအတော်များသောကြောင့် စူးယွင်သည် နဉ်ကျင်းပြောသည်ကို မကြားလိုက်ရပေ။

သူမသည် အနားသို့ကပ်ကာ သူ့အားထပ်ပြောစေလိုက်၏။

နဉ်ကျင်းသည် သူ၏ခေါက်ယပ်တောင်အားဖွင့်ကာ လူမြင်ကွင်းမှနေ သူတို့နှစ်ဦးအား ကာထားလိုက်သည်။

"သုန်းကွေ့နဲ့မင်း ဘယ်သူကပြိုင်ပွဲမှာအနိုင်ရမလဲဆိုတာကို လောင်းကြေးထပ်ဖို့ သူတိုက လောင်းကစားဝိုင်းတစ်ခု ခိုးဖွင့်ထားကြတာလေ"

အရင်နှစ်များတွင် အနိုင်ရသူနေရာမှာ ယီယန်းကျူ၏တာဝန်ခံ သုန်းကွေ့ဖြစ်ကြောင်း လူတိုင်းမှ ပြောစရာမလိုအောင်လက်ခံထားကြပြီး လောင်းကြေးမှာ အဖွဲ့အစည်းတွင်း သူမဝင်ခွင့်ရနိုင် မရနိုင်ပေါ်သာမူတည်ထားသည်။

သို့သော် ဤနှစ်တွင်တော့ ဝမ်ကောသည် မည်သည့်နေရာမှနေထွက်လာမှန်းမသိ ထွက်ပေါ်လာကာ မြို့တော်တွင်း လူကြိုက်များမှုအား လျင်လျင်မြန်မြန်သိမ်းပိုက်ရယူသွားခဲ့လေ၏။

ထို့ကြောင့် လူတိုင်းမှာ ပြိုင်ပွဲအတွက် သူမတို့နှစ်ဦးသားအပေါ် လောင်ကြေးထပ်ခဲ့ကြသည်။

"ဒါဆို ရှင်ကရော"

စူးယွင်သည် မေးထောက်၍ သူ့ထံကြည့်လိုက်၏။

နဉ်ကျင်းသည် သူမနှင့်အကြည့်ချင်းဆုံကာ ကျီစယ်ဟန်ဖြင့်

"ကိုယ်ကတော့ သခင်မလေးစူးအပေါ် စိတ်နှလုံးအပြည့်နဲ့ယုံကြည်တာပေါ့"

"သခင်လေးနဉ် ရှင်ကတော့ဒီနယ်ပယ်ဘက်မှာ အနာဂတ်ကောင်းတစ်ခု တစ်ကယ်ရှိတာပဲ"

နဉ်ကျင်းသည်ပြုံး၍သာနေပြီး ပြန်မဖြေခဲ့ပေ။

အချိန်မှာ နေ့လည်ခင်းဖြစ်၏။

တန်ဖိုးကြီးဖဲသားဝတ်ရုံများဝတ်ထားသည့် လူတစ်စုသည် အဖွဲ့အစည်း၏အခန်းကန့်ထဲမှနေ ထွက်လာကြသည်။

ရှေ့ဆုံးရှိလူမှာ ကျန်းကျင်းယွင်ဖြစ်ပြီး သူတို့အုပ်စုထဲတွင် စူးယွင်မှတ်မိသော တစ်ဦးတည်းသူဖြစ်၏။

သူသည်အဓိကနေရာတွင်ဝင်ထိုင်ကာ အခြားသူများကလည်း ကိုယ်စီနေရာယူလိုက်ကြသည်။

ကျန်းကျင်းယွင်သည် ခုံပေါ်လျော့ရဲရဲမှီကာ စူးယွင်ဘက်ဆီလှမ်းကြည့်လာ၏။

သူ့အကြည့်မှာ တည့်တိုးပင်ဖြစ်ပြီး လုံးဝဖုံးကွယ်ဟန်တစ်ချက်မရှိပေ။

နဉ်ကျင်းသည် မျက်လုံးအားမှေးကျဉ်းကာ သူ့လက်အား သူမပုခုံးထက်တင်လိုက်၏။

သူသည် ခပ်ဖွဖွပြုံးကာ မျက်ခုံးပင့်၍ ကျန်းကျင်းယွင်၏အကြည့်နှင့်ဆုံလိုက်သည်။

စူးယွင်သည် သူတို့နှစ်ယောက်ကြားရှိ တင်းမာမှုကိုသတိမပြုမိခဲ့ချေ။

သူမသည် သူမ၏ပြိုင်ပွဲဝင်ဝတ်စုံချုံဆမ်းကို ချိန်ညှိကာ စင်မြင့်ထက်ရှိ အစီအစဉ်တင်ဆက်သူထံ အကြည့်ရွှေ့လိုက်သည်။

အနက်ရောင်ဟန်ဖုဝတ်စုံအားဝတ်ဆင်ထားသည့် အစီအစဉ်တင်ဆက်သူမှာ အပေါ်ဝတ်ရုံရှည်အား လက်ပေါ်တင်၍ အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်၏။

"ကျွန်တော့်နာမည်က ကျန်းဖြစ်ပြီး ဒီဖက်ရှင်ဒီဇိုင်းပြိုင်ပွဲအတွက် အစီအစဉ်တင်ဆက်သူပါ"

"အောက်မှာထိုင်နေကြတဲ့ ဒိုင်လူကြီးမင်းများနဲ့ မိတ်ဆက်ပေးခွင့်ပြုပါဦး။အလယ်မှာထိုင်နေတာကတော့ ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲ ကျန်းကျင်းယွင်ပါ။သူ့ဘယ်ဘက်ဘေးမှာကတော့ ကုန်သည်ကြီးများအသင်းဖက်ရှင်ဌာနရဲ့ ဌာနခွဲအကြီးအကဲ ရုန်စာဖြစ်ပြီး သူ့ညာဘက်ကတော့......"

စူးယွင်သည် အစီအစဉ်တင်ဆက်သူပြောသည့်အတိုင်း လိုက်ကြည့်လိုက်သည်။အုပ်စုကြားတွင် ရုန်စာတစ်ဦးတည်းသာ အမျိုးသမီးဖြစ်ပြီး ကျန်သူများမှာ အမျိုးသားများဖြစ်၏။

"ကဲ အခု ......ကလာတဲ့ပထမဆုံးပြိုင်ပွဲဝင်ကို ကြိုဆိုလိုက်ကြရအောင်ပါ"

ပြိုင်ပွဲသည် စာရင်းသွင်းသည့်အစဉ်အတိုင်းသွားသည်ဖြစ်ပြီး စူးယွင်မှာ နောက်ဆုံးမှစာရင်းသွင်းခဲ့ရာ သူမသည် ပြပွဲအစမှနေတစ်လျှောက်လုံးထိုင်‌ေစာင့်နေရပေတော့မည်။

သူမသည် စင်မြင့်ထက်ပြသထားသော အဝတ်အစားများ၊ဖိနပ်များနှင့် သေးငယ်သောအဆင်တန်ဆာတစ်ချို့အား ကြည့်နေလိုက်၏။ထိုပစ္စည်းများမှာ ပထမတော့ဆန်းသစ်နေပေသိ ထပ်ကာတလဲလဲမြင်လာရလေလေ အများစုမှာ တူညီနေမှန်းသိလာလေလေဖြစ်ရာ သူမ၏စိတ်ဝင်စားမှုမှာလည်း ညှိုးလျော်သွားရသည်။သူမသည် မျက်လုံးအားစင်း၍ သူမ၏ရှေ့ရှိစားပွဲထက်မှ အဆင်တန်ဆာလေးများဖြင့် ဆော့နေလိုက်၏။

"ပျင်းနေပြီလား"

နဉ်ကျင်းမှာ သူမထံကြည့်၍မေးလာသည်။

စူးယွင်သည် မေးထောက်၍ ခေါင်းငြိမ့်ပြလိုက်၏။

သူမ၏စိတ်အားထက်သန်မှုကင်းမဲ့နေပုံကိုသတိပြုမိလိုက်သော နဉ်ကျင်းမှာ အကြံပြုလာသည်။

"မင်းဘာလို့ခဏလောက်အပြင်ကို လစ်ထွက်ပြီး စိတ်ပြေလက်ပျောက်မနေတာလဲ။မင်းအလှည့်ရောက်ခါနီးရင် ကိုယ်မင်းကိုလာရှာမယ်လေ"

အပြင်ဘက်ရှိ လင်းထိန်နေသောနေရောင်ကိုကြည့်ကာ စူးယွင်မှငြင်းဆိုလိုက်၏။

"ထားလိုက်ပါတော့ အပြင်ဘက်ကနေအရမ်းပူလွန်းတယ်။ကျွန်မအသားမညိုချင်ဘူး"

"တစ်ရေးလောက်အိပ်ရင်ရော"

စူးယွင်သည် တိုလီမုတ်စတို့ဖြင့် လျှောက်ဆော့နေလိုက်၏။

"ရပါတယ် ကျွန်မဘာသာအဆင်ပြေအောင်ကြည့်နေလိုက်မယ်"

နဉ်ကျင်းသည် သူမအဖို့ ရေနွေးတစ်ခွက် ငှဲ့ပေးကာ

"မင်းနုံးလာရင် လန်းသွားအောင်ဒါကိုသောက်လိုက်"

စူးယွင်သည် ခုံပေါ်မှီထိုင်ရင်း သူမစိတ်ဝင်စားမှုအား ဖမ်းစားနိုင်မည့်ပြသမှုတစ်စုံတစ်ရာရှိမရှိကို တွေ့ရရန်စင်မြင့်ထက်သို့ ရံဖန်ရံခါလှမ်းကြည့်မိသည်။ထုံးစံအတိုင်း သူမသည်နဉ်ကျင်း၏ခေါက်ယပ်တောင်အား ယူကာအချိန်ကုန်စေရန် ဇိမ်ပြေနပြေခပ်နေလိုက်၏။

ပြိုင်ပွဲဝင်များစွာရှိနေရာ အခမ်းအနားသည် နာရီပေါင်းများစွာကြာမည်ဖြစ်သည်။ဒုတိယပိုင်းတစ်ဝက်မရောက်ခင်တွင် သုန်းကွေ့သည် စင်မြင့်ထက်‌ေခြချကာ နေရာယူလာ၏။

သူမဝတ်စုံမှာ မင်္ဂလာတိမ်တိုက်များနှင့် ကြိုးကြာဖြူတို့အား ချည်ထိုးထားသည့် ဟန်ဖုပင်ဖြစ်သည်။ကြိုးကြာအား အထည်စထက်အထူးဆိုးဆေးများသုံးကာ ဆေးခြယ်ထားပြီး ပတ်ပတ်လည်ရှိတိမ်တိုက်တို့မှာ ကောင်းမွန်သောရွှေချည်ငွေချည်တို့ဖြင့် အနားသပ်ထားသည်မှာ နတ်သမီးနယ်မြေတွင်း သက်ဆင်းသွားရသည့်လူသားအလား ထင်မှတ်ရအောင်ဖန်တီးနေပြီး ဝတ်စုံ၏လှပမှုတွင်း နစ်မြောသွား‌ေစ၏။

"ဝိုး တာဝန်ခံသုန်းတော့ ပြိုင်ပွဲမှာထပ်နိုင်ဦးမယ်ထင်တယ်ဟေ့"

"ဟုတ်ပါ့ ဒီဝတ်စုံကအရမ်းကျက်သရေရှိတာပဲ။ကြိုးကြာတွေကလည်း ဆေးခြယ်ထားတယ်လို့တောင် မပြောနိုင်ဘူး အစစ်ကျနေရော"

သုန်းကွေ့ဝတ်စုံ၏ ဖမ်းစားခံလိုက်ရသည့် ခန်းမတွင်းရှိလူစုမှာ သူတို့ကြားဆွေးနွေးနေကြသည်။

စူးယွင်ပင်လျှင် ထောက်ခံဟန်ဖြင့် ခေါင်းငြိမ့်လိုက်မိ၏။

ထိုဝတ်စုံမှာ ကောင်းမွန်လှပေသည်။

စင်မြင့်ထက်ဝယ် ဂုဏ်ယူဝံ့ကြွားနေသည့်အမူအယာဖြင့် သုန်းကွေ့မှာ ပထမနေရာသည် သူမရ,ရမည်ဟု ကျိန်းသေယူဆနေတော့၏။

"ဒီဝတ်စုံက ရှေးခေတ်မ‌ေသမျိုးကျင့်ကြံရေးကာလကို မှီငြမ်းထားတာပါ......"

ရုန်စာမှာ ခေါင်းငြိမ့်၍ မေးလိုက်သည်။

"ကြိုးကြာဖြူကို မှင်နဲ့ဆွဲဖို့ မင်းဘာကြောင့်ရွေးချယ်လိုက်ရတာလဲ"

"ဘာလို့လဲဆိုတော့ မှင်က......"

ရုန်စာမှာ စုတ်တံတစ်ချောင်းယူ၍ စာရွက်ပိုင်းပေါ်တွင် နံပါတ်တစ်ခုရေးလိုက်သည်။

"မဆိုးပါဘူး အခုမင်း‌စင်အောက်ပြန်ဆင်းလို့ရပါပြီ"

စူးယွင်သည် နဉ်ကျင်းနားကပ်၍ ပြောလိုက်၏။

"သုန်းကွေ့ရဲ့စရိုက်က သာမန်ပေမယ့် သူမအရည်အချင်းတွေကတော့ အတော်ကောင်းတယ်"

သူမ၏ချည်ထိုးနည်းစနစ်များ၊အရောင်အတွဲအစပ်များနှင့် ပြတ်သားသော တီထွင်မှုသည် လုံးဝပထမတန်းစားပင်။

"ကျွန်မကြောင့်သာမဟုတ်ရင် ဒီနှစ်လဲသူမကပထမရဦးမှာပဲ"

နဉ်ကျင်းသည် ရေနွေးသောက်ရင်း

"သခင်မလေးစူး မင်းရဲ့ယုံကြည်ချက်ကတော်တော်ကို......."

စူးယွင်သည် ခေါင်းမော့၍ သူမလက်အား ဝတ်စုံထက်တင်ကာ တည်ငြိမ်ပေသိ ငြင်းဆိုနိုင်ဖွယ်မရှိသော စိတ်ကြီးဝင်သည့်လေသံဖြင့်ပြောလာ၏။

"ဒီသခင်မလေးက ဒုတိယရရင် ဘယ်သူက ပထမနေရာ ရနိုင်ပါဦးမလဲ"

အချိန်မှာ မြန်မြန်ကုန်သွားပြီး နောက်ဆုံးတော့ ပြိုင်ပွဲသည် ပြီးဆုံးခါနီးပြီပင်။

အစီအစဉ်တင်ဆက်သူမှာ သူ၏ကတ်ပြားကိုယမ်း၍ ပြောလာ၏။

"အခု ကျွန်တော်တို့တွေ နောက်ဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ ဝမ်ကောရဲ့တာဝန်ခံ စူးယွင်ကို ကြိုဆိုလိုက်ကြရအောင်ပါ"

စူးယွင်သည် ဝတ်စုံအားပွေ့လာပြီး ဝန်ထမ်း၏အကူအညီဖြင့် ကမ်းပေးလိုက်၏။

ဝတ်စုံမှာ လုံဟွမ်ဘုရားကျောင်း၏‌လူသိများ‌ေသာ အထွတ်အမြတ်‌ေနရာများကို ချည်ထိုးထားသည့် အရောင်ဖျော့ဖျော့ချီဖောင်ဖြစ်သည်။အထွတ်အမြတ်နေရာထက်တွင် ‌‌ေတာက်‌ေတာက်ပပအရောင်ခြယ်အလံများက လေအဝှေ့တွင်ယိမ်းနွှဲ့နေပြီး အသာဝဲလွှင့်ကာ လေကြောင်းအတိုင်း ဝှေ့ယမ်းနေ၏။

"ဝိုး ဒါ.....ဒါက....."

သူမသည် ဘေးရှိပြန်ရန်ပြင်နေသောလူအား လှမ်းတို့ကာ တိုက်တွန်းလိုက်၏။

"ကြည့်လိုက်ဦး ကြည့်လိုက်"

"ဘာလဲ"

သုန်းကွေ့၏ဝတ်စုံအား တွေ့ပြီးသွားပြီး သူမသာပထမနေရာရမည်ဟုတွေးနေသော ထိုလူသည် ပြန်ရန်ပြင်နေပြီဖြစ်သည်။

စူးယွင်မှာ ထပ်မံတိုက်တွန်းလိုက်၏။

"မြန်မြန်ကြည့်လိုက်ပါဆို"

"အဲဒါကသာမာန်ပဲမဟုတ်......"

ထိုလူမှာ ခေါင်းလှည့်ကြည့်လိုက်၏။

"ဝိုး ဒါကအရမ်းလှတာပဲ"

ပတ်ပတ်လည်ရှိ ဆွေးနွေးသံတို့မှာလည်း ယခင်ကထက် ကျယ်လောင်လာကာ စိတ်ပြင်းပြမှုအား ပို၍ပင်တောက်လောင်လာစေသည်။

ခုံ‌ေပါ်ထိုင်နေသော ရုန်စာသည်လည်း မျက်ဝန်းများထဲ အံ့ဩမှုအရိပ်အယောင်တို့ပြသလာ၏။သို့သော်ငြား သူမသည် ခပ်မြန်မြန်ပြန်ထိန်းချုပ်ကာ မေးလိုက်သည်။

"မင်းရဲ့ဒီဇိုင်းစဉ်းစားခဲ့ပုံကိုပြောပြပေးနိုင်မလား"

စူးယွင်သည် သူမ၏ချီဖောင်ထောင့်အား ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်းရှင်းပြလိုက်၏။

"လုံဟွမ်ဘုရားကျောင်းက ကျိုးမင်းဆက်တစ်ခုလုံးရဲ့ ကြည်ညိုလေးစားရတဲ့ နေရာတစ်ခုပါ။*ကျိုး*ဆိုတဲ့ စကားလုံးက မင်းဆက်ရဲ့ပေါကြွယ်ဝမှုကိုသာမကငြိမ်းချမ်းမှုနဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကိုပါ ရည်ညွှန်းပါတယ်......"

ရုန်စာသည်ပြုံး၍ သူမလက်အားယမ်းကာ စူးယွင်အားဆင်းနိုင်ပြီဖြစ်ကြောင်း လက်ဟန်ပြလိုက်၏။

ထိုင်ချပြီးသည်နှင့် တစ်ပြိုင်နက် စူးယွင်သည် နဉ်ကျင်းအား သူ့အမြင်ကိုမေးတော့၏။

"ရှင်ဘယ်လိုထင်လဲ"

နဉ်ကျင်းသည် လက်ခုပ်အုပ်၍ပြောလာ၏။

"အနိုင်ရတော့မယ့်အတွက် ဂုဏ်ပြုပါတယ်"

ဤသည်မှာ သူမ၏ပြိုင်ပွဲဝင်ဝတ်စုံအား ပထမဆုံးသူမြင်ဖူးခြင်းဖြစ်ကာ အတော်လေးအထင်ကြီးစရာကောင်းလှ၏။

"ဝိုး တာဝန်ခံစူးရဲ့ ဝတ်စုံက မယုံနိုင်စရာပဲ"

"တာဝန်ခံသုန်းလည်းပဲ တော်တယ်လို့ငါထင်တယ်"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ မျက်စိရှိသူတိုင်း တာဝန်ခံစူးရဲ့ဝတ်စုံက နောက်တစ်ဆင့်ရောက်နေပြီဆိုတာ တွေ့မှာပဲ"

နားချိန်တွင်းဝယ် ဆွေးနွေးမှုမှာဆက်ရှိနေပြီး ထိုစကားများမှာ သုန်းကွေ့နားထဲရောက်သွားပြီး သူမအားစိုးရိမ်မှုဖြင့် ဘဝင်မအေးဖြစ်စေသည်။

သူမသည် တစ်ယောက်ယောက်မှ သူမနားလာရန် လက်အားယမ်း၍ အချက်ပြလိုက်၏။

လူတစ်ဦးမှာ ခါးကိုင်း၍ပြောလိုက်သည်။

"တာဝန်ခံ ကျွန်တော်နားလည်ပါပြီ"

ဆယ့်ငါးမိနစ်ကြာပြီးသော် အစီအစဉ်တင်ဆက်သူမှာ စင်မြင့်ထက်ထပ်မံခြေချလာ၏။

သူသည်လက်ထဲရှိ ချိတ်ပိတ်ထားသောစာအိတ်အား မြှောက်ပြ၍ပြောလိုက်သည်။

"ဒိုင်လူကြီးများ အမှတ်ပေးပြီးနောက် ပထမဆုရှင်ကတော့ အခုကျွန်တော့်လက်ထဲရောက်နေပါပြီ"

"အခု ကျွန်တော်ရလဒ်ကို ပြောပြပါ့မယ်....."

All Chapters