← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

အောက်ရှိလူထုမှာအသက်အောင့်ပြီး မျက်လုံးများမှာလည်း အဝါရောင်စက္ကူစထက် စိုက်ကြည့်နေကြ၏။

ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲမှာ အခြားပြိုင်ပွဲများနှင့်ခြားနားကာ ပထမနေရာသာရှိပြီး ကျန်သူတို့မှာ ထုတ်ပယ်ခံရလေသည်။

ပြီးခဲ့သည့်နှစ်များတွင် ရလဒ်မှာအလွယ်လေးမှန်းဆနိုင်သည်ဖြစ်၍ အစီအစဉ်တင်ဆက်သူမှာလည်း ခပ်သွက်သွက်ပင်ကြေငြာလိုက်လေ၏။သို့သော်ဤနှစ်တွင်တော့ စူးယွင်၏ဝင်ရောက်လာမှုကြောင့် အစီအစဉ်တင်ဆက်သူမှာ မျှော်တလင့်လင့်ဖြစ်အောင်လုပ်ပြီး ကြိုတင်မှန်းဆကြရအောင်လုပ်ရန် ဆုံးဖြတ်ထားသည်။

"တာဝန်ခံသုန်း မြို့တော်ထဲကလက်ရှိချီဖောင်ရေပန်းစားမှုနဲ့ပက်သက်ပြီး မင်းအပေါ် ဖိအားတစ်စုံတစ်ရာရှိပါသလား"

ဤစကားများပြောလိုက်သည်နှင့် လူတိုင်း၏အကြည့်မှာ သုန်းကွေ့ထံရွေ့သွားပြီး သူမမည်ကဲ့သို့တုံ့ပြန်မည်ကို ကြားချင်စိတ်ထက်သန်နေကြ၏။

သုန်းကွေ့မှာ မတ်မတ်ထိုင်ကာ ကျက်သရေရှိရှိပြုံး၍ ပြန်ဖြေလိုက်သည်။

"အချိန်ကာလတွေက ပြောင်းလဲနေတာလေ။ချီဖောင်က ဦးဆောင်မှုယူသွားတယ်ဆိုတာက ငြင်းနိုင်စရာမရှိပေမယ့် ဟန်ဖုကကျွန်မတို့ ဘိုးဘေးဘီဘင်တွေ ချန်ထားရစ်ခဲ့တဲ့ အရာပါ။ဘာတွေဘယ်လိုဖြစ်ဖြစ် ဟန်ဖုနေရာမှာ အခြားအသစ်အဆန်းတစ်စုံတစ်ရာက အစားမထိုးနိုင်ပါဘူး"

သူမပြောပြီးသည်နှင့် သူမအကြည့်မှာ စူးယွင်ထံရွေ့သွားပြီး သူမမျက်လုံးများထဲတွင် ချီဖောင်အတွက် သူမ၏အထင်မြင်သေးမှုအား ဖုံးကွယ်မထားခဲ့ပေ။

"တာဝန်ခံသုန်းကတော့ မြို့တော်ထဲမှာ ကျော်ကြားတဲ့ပုံရိပ်တစ်ခုအဖြစ် သူမရဲ့ဂုဏ်သတင်းအတိုင်းတစ်ကယ်နေ,နေတာပါပဲ"

အစီအစဉ်တင်ဆက်သူမှာ သုန်းကွေ့၏စကားများသည် စူးယွင်အားဆွသလိုဖြစ်သည် မဖြစ်သည်အား စိတ်မဝင်စားပေ။သူသည် မီးထဲဓာတ်ဆီသာဆက်လောင်းနေ၏။

"တာဝန်ခံစူးက‌ေရာ တာဝန်ခံသုန်းရဲ့အဆိုကို ဘယ်လိုမြင်ပါလဲ"

စူးယွင်သည် မေးထောက်ရင်း သူမမျက်ခွံများအား လေးတွဲစွာပင့်၍ အစီအစဉ်တင်ဆက်သူထံပြောလိုက်သည်။

"ကျွန်မအမြင်ကတော့ သိပ်အများကြီးပြောမနေချင်ပေမယ့် တာဝန်ခံသုန်းအတွက် စကားနည်းနည်းတော့ ပြောစရာရှိတယ်"

"ဟန်ဖုက ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်သလို ဖျက်ပစ်လို့လည်းမရတဲ့ ရိုးရာဝတ်စုံတစ်ထည်ဖြစ်သလို ချီဖောင်ဆိုတာ တစ်ကယ်တော့ ဖန်တီးမှုအသစ်တစ်ခုပါ"

"ဒါပေမယ့် အချိန်ကာလကြာလာတဲ့နဲ့အမျှ နောက်‌ဆုံးမှာ ချီဖောင်ဆိုတာကလည်း ရိုးရာအဝတ်အစားတစ်မျိုးဖြစ်လာပြီး သမိုင်းမှာထင်ရှားလာလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်"

စူးယွင်သည် မေးအားပင့်ကာ သုန်းကွေ့ဘက်လှည့်၍

"တာဝန်ခံသုန်း ဘယ်လိုထင်လဲ"

အဓိပ္ပာယ်ပါသောမေးခွန်းတစ်ခုပေမယ့် သူမလေသံမှာဖြစ်ရိုးဖြစ်စဉ်အကြောင်းအရာတစ်ခုအား ပြောနေသည့်အသံပေါက်နေ၏။

ချီဖောင်၏အနာဂတ်အလားအလာကို ကောင်းစွာနားလည်‌ေန၍ သုန်းကွေ့မှာ သူမစကပ်အားဆုတ်ခြေလိုက်သည်။ထိုကြောင့်ပင် သူမမှ သုန်းရှို့အား ဖျက်လိုဖျက်ဆီးလုပ်ရန် အကူအညီတောင်းခဲ့ရခြင်းဖြစ်၏။

သို့သော် ယခုတွင်တော့ ထိုသည်မှာ ဤအကျိုးရလဒ်ဆီဦးဆောင်သွားလေပြီ။

သုန်းကွေ့မှာ နဉ်ကျင်းထံ အမှတ်တမဲ့ကြည့်လိုက်ရာ သူသည်မည်သည့်တုံ့ပြန်မှုမှမရှိသည်ကိုသာ တွေ့လိုက်ရ၏။

ထို့နောက်သူမမှပြောလိုက်သည်။

"အနာဂတ်မှာဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူကပြောနိုင်မှာလဲ"

သူမစကားများမှာ အမှန်တရားအား ငြင်းဆန်နေဆဲပင်။

"အမှန်ပဲ"

စူးယွင်သည် အဖတ်မလုပ်ဟန်ဖြင့် သူမလက်အားယမ်းကာ ထပ်မပြောခင် ခဏရပ်လိုက်၏။

"ဒါပေမယ့် ကျွန်မကတော့ ချီဖောင်ကို တော်တော်ယုံကြည်ချက်ရှိပါတယ်"

လူထုမှာ နောက်ဆုတ်လိုစိတ်မရှိကြသော အမျိုးသမီးနှစ်ဦး၏ စကားများအား နားထောင်ကာ လေထုထဲတွင် သူတို့၏ပုန်းကွယ်‌ေန‌ေသာ ယှဉ်ပြိုင်မှုကြောင့် တင်းမာမှုများပြည့်လာသလို ခံစားလိုက်ကြရသည်။

စင်မြင့်ထက်ရပ်နေသော အစီအစဉ်တင်ဆက်သူမှာ အပြောင်းအလဲမှပိုမိုပြင်းထန်လာသည်ကိုမြင်၍ သူတို့နှစ်ဦး၏ လက်ရာဝတ်စုံများကိုရှေ့သို့သယ်လာရန် အကူနှစ်ယောက်အားအချက်ပြလိုက်၏။

သူသည်အသံအားမြှင့်၍ လူတိုင်း၏အာရုံစူးစိုက်မှုကို ဖမ်းစားရန်ကြိုးပမ်းလိုက်သည်။

"ဒီဝတ်စုံတွေက ယနေ့ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်ဝတ်စုံတွေဖြစ်ပြီး မင်းတို့မျှော်လင့်ထားပြီးဖြစ်တဲ့အတိုင်း ပထမနေရာက တစ်ကယ်ကိုသူတို့နှစ်ဦးထဲမှာရှိနေတာပါ"

"ကျွန်တော့်ဘယ်ဘက်က တာဝန်ခံသုန်းရဲ့ဝတ်စုံဖြစ်ပြီး ညာဘက်ကတော့ တာဝန်ခံစူးရဲ့ဝတ်စုံပါ"

"အဓိကနေရာအနေနဲ့ ကျွန်တော်ကနေပြီး မင်းတို့နှစ်ယောက် အငြင်းပွားနေတာကို ဖျန်ဖြေပေးပါရစေ"

"အနိုင်ရတဲ့ဝတ်စုံဟာ အတိတ်ရဲ့အမွေအနှစ်လား ဒါမှမဟုတ် ဆင့်ကဲတိုးတက်လာတဲ့ဝတ်စုံများလား"

ဝတ်စုံများကြားဝင်ရပ်ကာ အစီအစဉ်တင်ဆက်သူသည် ဝတ်စုံများထက်ရှိ နာမည်ကတ်ပြားတို့ကို ဖယ်လိုက်၏။

"အခု ကျွန်တော်တို့တွေ သုံးကနေစရေကြမယ်။ကျွန်တော်က အနိုင်ရသူရဲ့နံပါတ်ကို မြှောက်ပြမယ်ဗျာ"

"လူတိုင်းပဲ အတူတူရေကြမယ် သုံး"

ပွဲအခမ်းအနားကြီးများအား မရေမတွက်နိုင်အောင် ကြီးမှူးခဲ့ဖူးသော အစီအစဉ်တင်ဆက်သူမှာ လေထုအား မျှော်လင့်‌ေစာင့်စားစိတ်များအဖြစ် မြန်မြန်တည်ဆောက်လိုက်၏။

"နှစ်"

လူထုတစ်ရပ်လုံးမှာ တစ်ညီတစ်ညွှတ်တည်း လိုက်အော်ကြသည်။

"တစ်"

အစီအစဉ်တင်ဆက်သူမှာ သူ၏ညာလက်အားမြင့်မြင့်မြှောက်၍ အော်လိုက်၏။

"၁၂ကြိမ်မြောက် ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲရဲ့ သရဖူကိုအနိုင်ရသွားတဲ့ ဝမ်ကောက တာဝန်ခံစူးကို ဂုဏ်ပြုပါတယ်"

"တာဝန်ခံစူး စင်ပေါ်ကိုတက်လာပေးပါဦး"

အောက်ရှိလူစုမှာ ဤလောင်းကစားဝိုင်း၌ သူတို့ငွေမည်မျှအနိုင်ရသည်ကို ဆွေးနွေးနေကြလေသည်။

အရည်မရအဖတ်မရစကားများအလယ်တွင် စူးယွင်မှာ စင်မြင့်ထက်တက်သွားလိုက်၏။

စူးယွင်နာမည်အားကြားလိုက်ရပြီး သူမနာမည်မဟုတ်သည်ကို သဘောပေါက်သွားသော သုန်းကွေ့မှာ ကြောင်အအဖြင့် ဆတ်ကနဲမတ်တပ်ရပ်လိုက်မိသည်။သူမမှာ တတွတ်တွတ်ရွတ်နေ၏။

"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ငါကျိန်းသေကို....."

သူမအကြည့်မှာ နဉ်ကျင်းဘက်‌ရောက်သွားသည်။

မကြာခင်မှာပင် သူမခေါင်းယမ်းလိုက်၏။

ထိုသည်မှာမဖြစ်နိုင်ပေ။ဤပြိုင်ပွဲနှင့်ပက်သက်၍ သူသည်ဝင်ပါမည်မဟုတ်ဟု ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်သည်။

သုန်းကွေ့မှာ နဉ်ကျင်းဘက်ထပ်ကြည့်လိုက်ပေသိ သူမှမူမမှန်သော တုံ့ပြန်မှုမျိုးမပြသည်ကိုတွေ့လိုက်ရရာ သူမအကြည့်အား စင်မြင့်ထက်ရှိ စူးယွင်ထံပို့လိုက်၏။

ဘာတွေဖြစ်သွားတာလဲ။

စူးယွင်သည် ဝန်ထမ်းမှကမ်းပေးလာသော ဆုတံဆိပ်အားယူကာ တည်ငြိမ်သောအမူအယာဖြင့် အောက်ဘက်ရှိလူများကို သာမန်ရိုးကျ အနိုင်ရသူတို့၏ထုံးစံကျေးဇူးတင်စကားတို့ကိုပြောလိုက်သည်။

ပြန်ဆင်းရန်ပြင်နေသော စူးယွင်အားကြည့်ကာ အစီအစဉ်တင်ဆက်သူသည် မယုံကြည်နိုင်မှုအား ဖုံးကွယ်မထားနိုင်တော့ပေ။

"ဒါပဲလား"

သုန်းကွေ့အနိုင်ရချိန်တိုင်း သူမသည်အခွင့်အရေးအားယူကာ သူမ၏ဆိုင်အားစဖွင့်သည့်အချိန်မှစ၍ပြောတတ်ကာ အစီအစဉ်တင်ဆက်သူသာ မတားပါက သူမသည် သုံးရက်နှင့်သုံးညကြာအောင် ဆက်ပြောကောင်းပြောနေပေလိမ့်မည်။

"ဒါပဲလေ"

စူးယွင်သည် ပြန်ဖြေ၍မေးလိုက်၏။

"ကျွန်မအခုပြန်လို့ရပြီလား"

"ရပါပြီ"

အစီအစဉ်တင်ဆက်သူမှာ စကားလုံးတို့အား ထုတ်ပြောလိုက်သည်။

သူမစင်‌ေပါ်မှဆင်းရန်ပြင်နေစဉ်တွင် အစီအစဉ်တင်ဆက်သူမှာ မြန်မြန်ထပ်ပြောလာ၏။

"မဟုတ်ဘူးလေ နေပါဦး"

"ဟမ်"

စူးယွင်သည် မရေရာဟန်ဖြင့်မေးလိုက်သည်။

အစီအစဉ်တင်ဆက်သူမှာ သူမအားပြန်မဖြေခဲ့ပေ။ထိုအစားသူမှဆက်ပြောလာ၏။

"အခု အကြီးအကဲကျန်းကိုမိန့်ခွန်းပြောဖို့ ဖိတ်ခေါ်လိုက်ကြရအောင်ပါ"

ကျန်းကျင်းယွင်သည် ဖြည်းဖြည်းချင်းထရပ်ကာ သူ့ခြေထောက်များအား ကြမ်းပြင်ထက်ချလိုက်သည်။

သူသည်အခြားလူများကဲ့သို့ စနစ်ကျကျ ဟန်ပန်မရှိဘဲ ထိုအစား သူ့ပုံစံမှာ စိတ်လွတ်ကိုယ်လွတ်ဟန်ရှိကာ သူ့စကားများကပင် ကွဲပြားသောရသအား သယ်ဆောင်ထားလေ၏။

"အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အတိုင်း နောက်သုံးနှစ်ကြာအောင် ကျန်းနန်ပိတ်စတွေကို ဝမ်ကောအတွက် အခမဲ့ထောက်ပံ့ပြီး ချန်ရှီးလမ်းမပေါ် သုံးလကြာလျှော့ဈေးပေးမယ့်အပြင် ကျွန်တော်တို့တွေကလည်း တာဝန်ခံစူးကို အဖွဲ့အစည်းထဲ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပူးပေါင်းပေးဖို့ကို စိတ်ရင်းနဲ့ဖိတ်မန္တကပြုရပါတယ်"

သူပြောပြီးသည်နှင့် အောက်ဘက်ရှိလူထုမှာ ကြောင်အမ်းကုန်ကြပြီး သူတို့နားများကိုပင် မယုံနိုင်ဖြစ်ကုန်ကြတော့သည်။

အစောကစူးယွင်သုံးခဲ့သော ပစ္စည်းလေးများဖြင့် ပျင်းရိစွာကစားရင်းထိုင်နေသော နဉ်ကျင်းပင်လျှင် မတ်မတ်ထိုင်လိုက်မိကာ သူ၏အာရုံစူးစိုက်မှုအား စင်မြင့်ထက်ပို့လိုက်လေ၏။

မကြာခင်မှာပင် ပွစိပွစိပြောသံတို့မှာ ခန်းမတွင်းပြည့်နှက်သွားလေသည်။

"ငါကြားလိုက်တာအမှန်လား"

"သူတို့က တာဝန်ခံစူးကို အဖွဲ့အစည်းထဲဝင်ဖို့ဖိတ်နေတာလား.......ဒါပေမယ့်အဲ့တာက တာဝန်ခံသုန်းတောင် ဝင်ခွင့်မရနိုင်ခဲ့တဲ့ဟာလေ"

"တာဝန်ခံစူးက အံ့ဩစရာပဲ!သူမကပထမဆုံးပြိုင်ပွဲဝင်ပြိုင်ဖူးပြီး အဖွဲ့အစည်းထဲဖိတ်ခံလိုက်ရပြီးပြီ"

"အမှန်တော့......"

လူတိုင်းမှာ အံ့ဩသွားခဲ့ရသည်မဟုတ်ပေ။အချို့မှာ သံသယဝင်လာကြတော့၏။

All Chapters