အခန်း (၉၉၁-၉၉၃)
Vol. 67 Ch. 991-993
အခန်း ၉၉၁ - မာနကြီးသော ဆိုရော့စ်
“ဒရပ်ကင် ရုရှားဘက်က ဘာလှုပ်ရှားမှုများ ရှိလား။ ငါတို့ တိတ်တဆိတ် ဆက်သွယ်ထားတဲ့လူတွေက ငါတို့ လိုအပ်သလို လှုပ်ရှားနေကြပြီလား” ဆိုရော့စ်သည် သူ့လက်ထဲမှ ဝိုင်နီဖန်ခွက်ကို လှုပ်ရှားနေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ရုရှားဘက်ကတော့ ဘာမှ လှုပ်ရှားမှု မရှိပါဘူး။ မိုက်မဲတဲ့ ရုရှားလူမျိုးတွေက သူတို့နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာပြီလို့ တကယ် ထင်နေကြပုံရတယ်” ဒရပ်ကင် မီလာသည် မထီမဲ့မြင် ပုံစံဖြင့် ပြောလိုက်သည်။ ရုရှားလူမျိုးများ အခြေအနေကို သတိထားမိသည့်အခါ အချိန်နှောင်းသွားပြီ ဖြစ်လိမ့်မည်။
ရုရှား စစ်ရေးအင်အားကြီးမားရင်တောင် စီးပွားရေးက ဘာမှမဟုတ်သေးဘူး မဟုတ်လား။ အရင်းအမြစ်များ တင်ပို့ရောင်းချခြင်းဖြင့်သာ ငွေရှာနေကြပြီး ဤသည်မှာ အလွယ်တကူ ထိခိုက်နိုင်ဆုံးနည်းလမ်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရုရှားသည် အရှေ့တောင်အာရှနိုင်ငံများ၏ လမ်းကြောင်းအတိုင်း လိုက်လာမှာ သေချာသည်။ အမေရိကသည် စီးပွားရေးနှင့် စစ်ရေးနှစ်ခုလုံးတွင် ကမ္ဘာ့ထိပ်တန်းဖြစ်နေပြီဖြစ်ပြီး ရုရှားသည် အမေရိကန်ပြည်ထောင်စု၏ ခြေလှမ်းကို ဘယ်တော့မှ မလိုက်နိုင်တော့ပေ။
“ကောင်းပြီ။ ငါတို့ futuresတွေလည်း ပိုဝယ်ထားလိုက်။ ဒါမှ တခြားသူတွေပါ လိုက်ပါလာအောင်လို့။ ရူဘယ်ကို ဆယ်ရာခိုင်နှုန်း မြှင့်တင်ပြီး ရုရှားစတော့အညွှန်းကိန်းကို အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ရမယ်” ဆိုရော့စ်က အမိန့်ပေးလိုက်သည်။
“ဒါဆို ဒီတစ်ခါမှာတော့ ကျွန်တော်တို့ high leverage(ဘဏ္ဍာရေးဆိုင်ရာ မြှင့်တင်မှု) ကို သုံးပြီး အမြတ်ပိုရအောင် လုပ်နိုင်တယ်” ဒရပ်ကင် မီလာက အကြံပြုလိုက်သည်။
“ရတယ်၊ ဒီလိုဆိုရင် ငါတို့ရမဲ့ အမြတ်လည်း ပိုများလာမယ်။ ရူဘယ်နဲ့ ရုရှားစတော့အညွှန်းကိန်းကို ပြန်နှိမ့်ချတဲ့အခါမှာလည်း ပိုလွယ်ကူလာမယ်” ဆိုရော့စ်သည် ဤအစီအစဉ်ကို သဘောတူလိုက်သည်။
ဤတစ်ကြိမ်တွင် ဖုန်းယွီ နှောင့်ယှက်ခြင်း မရှိတော့သဖြင့် သူ လုံးဝ ရှုံးနိမ့်မည်မဟုတ်ပေ။ ထို့အပြင် နိုင်ငံတကာမှ ငွေကြေးအများကြီး ပါဝင်လာသဖြင့် သူ ပိုမိုရဲရဲတင်းတင်း လုပ်နိုင်ပြီဖြစ်သည်။
ယခင်က ဖုန်းယွီနှင့် အရှေ့တောင်အာရှရှိ နိုင်ငံများ၏ ငွေကြေးများကို ထိန်းချုပ်သောအခါ ဖုန်းယွီ၏ အမြတ်ငွေသည် သူ့ထက် ပိုမိုများပြားခဲ့သဖြင့် သူ့စိတ်ထဲတွင် အမြဲ မကျေမနပ်ဖြစ်နေခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ အမြတ်သည် အများဆုံး ဖြစ်လိမ့်မည်။ ကောင်းစွာ လုပ်ဆောင်နိုင်လျှင် သုံးဆကျော် အမြတ်ရနိုင်ပြီး ဒေါ်လာဘီလီယံငါးဆယ်ကျော်ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်သစ် ဖြစ်လာလိမ့်မည်။
ဘီလ်ဂိတ်စ်၊ ဖုန်းယွီ၊ ဘတ်ဖတ်တို့သည် သူ့ကို မော့ကြည့်ရုံသာ တတ်နိုင်ကြလိမ့်မည်။
ထိုနာမည်ဂုဏ်သတင်းသည် သူ၏ ကွမ်တမ်ဖန်ကို လူများ ပိုမိုယုံကြည်လာစေပြီး ပိုမိုများပြားသော ရန်ပုံငွေများကို ထိန်းချုပ်နိုင်လိမ့်မည်။ ထိုအခါ သူသည် ကမ္ဘာ့ပထမဆုံး ‘ဟက်ချ်ဖန်’ (hedge fund) မန်နေဂျာသာမကဘဲ ကမ္ဘာ့ပထမဆုံး ငွေကြေးသမား၊ ကမ္ဘာ့ပထမဆုံး စွန့်ဦးတီထွင်သူ ဖြစ်လာလိမ့်မည်။
ဖြစ်နိုင်ရင် ရော့စ်ချိုင်းလ် မိသားစု၊ ရော့ခ်ဖဲလား မိသားစုကဲ့သို့ မျိုးဆက်အလိုက် ဆက်ခံနိုင်သော မိသားစုကြီးတစ်ခုကို သူ တည်ထောင်နိုင်လိမ့်မည်။
ဖော်ဘီမဂ္ဂဇင်းတွင် အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းသာမက မိသားစုအဆင့်သတ်မှတ်ချက်စာရင်းလည်း ရှိသည်။ ဆိုရော့စ်သည် အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းတွင် တစ်နေရာရနိုင်သော်လည်း မိသားစုစာရင်းတွင် သူ့နာမည် မရှိပေ။ လီချောင်ရန်းသည် အာရှ ဒုတိယအချမ်းသာဆုံး၊ ဖုန်းယွီသည် အာရှ ပထမအချမ်းသာဆုံး ဖြစ်သော်လည်း သူတို့သည်လည်း မိသားစုစာရင်းတွင် ပါဝင်ခြင်းမရှိပေ။ ဖူမိသားစုကသာ အာရှ၏ ပထမဆုံးမိသားစု ဖြစ်လာသည်။
စည်းကမ်းများအရ မျိုးဆက်သုံးဆက်ကျော်မှသာ မိသားစုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ လီချောင်ရန်းတို့ မိသားစုက မျိုးဆက်နှစ်ဆက်သာ ရှိသေးပြီး ဖုန်းယွီကိုတော့ မျိုးဆက်တစ်ဆက်တည်း သူဌေးအဖြစ် သတ်မှတ်ကြသည်။ ဖူမိသားစုကတော့ မတူပေ။ ဖူကွမ်းကျန့်တို့ရဲ့ အဘိုးသည်လည်း ဟောင်ကောင်တွင် အလွန်အောင်မြင်သော သူဌေးကြီးဖြစ်သည်။ ဖူရုန်ချီတို့ မျိုးဆက်တွင်လည်း အလွန်တိုးတက်ခဲ့ပြီး တတိယမျိုးဆက်တွင် ဖူကွမ်းကျန့်လို ထူးချွန်သူတစ်ဦး ပေါ်ထွက်လာသည်။ အမှန်တကယ်တွင် ဖူမိသားစု၏ မျိုးဆက်သုံးဆက်တွင် အောင်မြင်သောသူများ အများအပြား ရှိခဲ့ပြီး သူတို့သည် ဟောင်ကောင်၏ ပထမဆုံးမိသားစု ဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ပေ။
ဆိုရော့စ်၏ သားသမီးအချို့သည်လည်း သူ့ကုမ္ပဏီတွင် အလုပ်လုပ်ကြသည်။ သူ အသက်ရှင်နေစဉ်ကာလအတွင်း မိသားစုအမွေအနှစ်ကို သေချာပေါက် ဆက်ခံနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
ဤတစ်ကြိမ်တွင် သူ ရှုံးနိမ့်မည်မဟုတ်ပေ။ မည်သူကမျှ သူ့ကို ရှုံးနိမ့်အောင် မလုပ်နိုင်တော့ပေ။
ကမ္ဘာပေါ်တွင် ငွေကြေးလုပ်ငန်းလုပ်ကိုင်သူ များစွာရှိသော်လည်း အရည်အချင်းရှိသူ တစ်ရာခိုင်နှုန်းပင် မပြည့်ပေ။ ထိုတစ်ရာခိုင်နှုန်းထဲမှ အရည်အချင်းရှိသူ အစစ်အမှန်သည်လည်း တစ်ရာခိုင်နှုန်းပင် မပြည့်သေးပေ။ ထိုအထဲမှ ထူးချွန်သူ တစ်ယောက်သာရှိနိုင်သည်။
ဖုန်းယွီသည် ဆိုရော့စ်၏ အမြင်တွင် ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ့နှင့် တန်းတူယှဉ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်ဟု ယူဆသည်။ ဖူရုန်ချီကိုမူ ဆိုရော့စ်၏ အမြင်တွင် အရည်အချင်းရှိသူတစ်ဦးမျှသာဖြစ်သည်။ သူ၏ လက်အောက်ခံ အကြီးအကဲလေးဦးနှင့် အဆင့်တူပြီး သူနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။
ဆိုရော့စ်သည် ဤတစ်ကြိမ်တွင် ဖုန်းယွီကိုလည်း ထောင်ချောက်ဆင်ပြီး အကြီးအကျယ် နစ်နာစေကာ နောင်တွင် ဖုန်းယွီကို သူ့လက်အောက်ခံအဖြစ် ခေါ်ယူနိုင်မလားဟုပင် စိတ်ကူးယဉ်နေသည်။
ကွမ်တမ်ဖန်တွင် ဖုန်းယွီကဲ့သို့ ငယ်ရွယ်ပြီး ထူးချွန်သော ရန်ပုံငွေမန်နေဂျာတစ်ဦး ရှိခဲ့လျှင် ကွမ်တမ်ဖန်သည် ပိုမိုကြာရှည်စွာ တိုးတက်နိုင်လိမ့်မည်။ သူ အနားယူပြီးနောက်တွင်ပင် ဦးဆောင်သူမရှိခြင်းကို စိတ်ပူစရာ မလိုတော့ပေ။
သို့သော် ဖုန်းယွီသည် သူ့အတွက် အလုပ်လုပ်ပေးရမည့်သူသာ ဖြစ်ပြီး ရှယ်ယာအနည်းငယ်သာ ရရှိမည်ဖြစ်သည်။ အမြတ်အစွန်း၏ အများစုမှာ သူ၏ ဆိုရော့စ်မိသားစုအတွက်သာ ဖြစ်လိမ့်မည်။
…
“မင်း ဘယ်လိုလဲ၊ ငါတို့ရဲ့ နည်းလမ်းကို အထက်ကို တင်ပြပြီးပြီလား”
ကီရီလန်ကိုသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေသည်။ “တင်ပြပြီးပြီ။ အထက်က ဒီနည်းလမ်းကို ယာယီသဘောတူထားပါတယ်။ ဒါပေမဲ့ အသေးစိတ် လုပ်ဆောင်ပုံကိုတော့ ဆွေးနွေးရဦးမယ်”
“ဒါဆိုလည်း ကောင်းတာပေါ့။ ဒီတစ်ကြိမ်မှာ ဆိုရော့စ်ကို ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကို ခံစားရစေရမယ်။ နိုင်ငံတကာမှ အစိုးရမဟုတ်သော ငွေကြေးများလည်း ရုရှားဟာ သူတို့ လိုချင်သလို လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူးဆိုတာ သိသွားလိမ့်မယ်” ဖုန်းယွီသည် ချီးကျူးလိုက်သည်။
“ဟား ဟား ဟား၊ မှန်တယ်။ ရုရှားက အရှေ့တောင်အာရှက နိုင်ငံငယ်လေးတွေ မဟုတ်ဘူး။ ဒီတစ်ခါ သူတို့ ပြန်နိုင်မှာ မဟုတ်ဘူး။ သူတို့ အရင်က တခြားနိုင်ငံတွေကို ထောင်ချောက်ဆင်ပြီး အမြတ်တွေ အများကြီး ရှာထားတာ၊ အကုန် ပြန်ဆပ်ရမယ်”
ဖုန်းယွီသည် ပြုံးလျှက် ခေါင်းခါလိုက်သည်။ ကီရီလန်ကိုသည် သူတို့လည်း အရှေ့တောင်အာရှနိုင်ငံများမှ အမြတ်အများကြီး ရှာခဲ့ကြသည်ကို မေ့နေပုံရသည်။
“မင်း ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ ဘာသတင်းမှ အပြင်ကို မပေါက်ကြားစေနဲ့။ ငါ သတင်းအတုအချို့ကို ထုတ်လွှင့်ပြီး ဆိုရော့စ်က ငါ ဟောင်ကောင်ကို ဂရုစိုက်နေသေးတယ်လို့ ထင်စေပြီး ပိုရဲတင်းလာအောင် လုပ်မယ်”
“ပြဿနာမရှိပါဘူး၊ စိတ်ချပါ။ ဒီသတင်း ဘယ်လိုမှ ပေါက်ကြားမှာ မဟုတ်ပါဘူး။ ဆိုရော့စ် အကြီးအကျယ် နစ်နာဖို့ပဲ စောင့်နေပါတော့” ကီရီလန်ကိုသည် ဆိုရော့စ်ကို မကျေမနပ် ဖြစ်နေတာ ကြာပြီ။ ဒါမှမဟုတ် သူ့ကို မနာခံသော အမေရိကန်လူမျိုးများကို အကုန် မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။
ဖုန်းယွီ ပြောထားသည်မှာ ဤတစ်ကြိမ်တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် ဆိုရော့စ်သည် အရှေ့တောင်အာရှမှ အမြတ်အားလုံးကို အန်ထုတ်ရမည်ဖြစ်ပြီး အရှုံးပင် ခံစားရနိုင်သည်။
ထိုအခါ ဆိုရော့စ်၏ ရန်ပုံငွေများ သိသိသာသာ လျော့ကျသွားမည်ဖြစ်ပြီး ငွေကြေးဘုရားသခင်အဖြစ်လည်း မသတ်မှတ်နိုင်တော့ပေ။ ဆိုရော့စ်သည် ဘယ်တော့မှ ဤမျှ ဂုဏ်ယူနိုင်တော့မည် မဟုတ်ပေ!
ဖုန်းချပြီးနောက် ဖုန်းယွီသည် ဟယ်ကျောင်းကျီကို ခေါ်လိုက်သည်။ “လောင်ဟယ်၊ အဲဒီ အကွက်ကို စရွှေ့လို့ ရပြီ။ အဆင်သင့်ဖြစ်ပြီလား”
“အဆင်သင့်ဖြစ်နေပါပြီ” ဟယ်ကျောင်းကျီသည် စိတ်လှုပ်ရှားနေသည်။ ဤအကွက်ကို ရွှေ့လိုက်လျှင် အကျိုးသက်ရောက်မှု ကောင်းပါက ဆိုရော့စ်သည် အကြီးအကျယ် နစ်နာလိမ့်မည်။
သူတို့လို ငွေကြေးလုပ်ငန်းသမားများအတွက် အကြောက်ဆုံးအရာမှာ ရရှိလာသော သတင်းအချက်အလက်များ မှားယွင်းခြင်းပင်ဖြစ်သည်။ ၎င်းသည် အလွန်ဆိုးရွားသော သက်ရောက်မှုရှိပြီး သတင်းတစ်ခုတည်းဖြင့်ပင် ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံး ဆုံးရှုံးသွားနိုင်သည်။
“အဆင်သင့်ဖြစ်ရင် စလိုက်တော့။ မှတ်ထား၊ တစ်ဖက်လူ ယုံကြည်သွားအောင် သေချာ လုပ်ရမယ်၊ လုံးဝ အမှားအယွင်းမရှိစေနဲ့” ဖုန်းယွီ အလေးပေး ပြောလိုက်သည်။
“Bossစိတ်ချပါ။ ဆိုရော့စ် ထောင်ချောက်ထဲ သေချာပေါက် ကျလိမ့်မယ်” ဟယ်ကျောင်းကျီသည် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ဖုန်းယွီတို့သည် ဤအာရှငွေကြေးအကျပ်အတည်းမှ တဖြည်းဖြည်း ဆုတ်ခွာသွားသည်နှင့်အမျှ ဆိုရော့စ်သည် အရှေ့တောင်အာရှနိုင်ငံများကို တစ်ဖန် လွှမ်းမိုးနိုင်ခဲ့ပြီး ပိုမိုမာနကြီးလာခဲ့သည်။
မာနကြီးသောသူသည် သူ၏ မျက်စိရှေ့က အောင်မြင်မှုများဖြင့် မျက်စိကွယ်သွားပြီး သူ၏ ဦးနှောက်သည်လည်း သိပ်ပြီး ရှင်းလင်းတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့၏ ရိုးရှင်းသော အစီအစဉ်ကိုပင် ဆိုရော့စ် မြင်နိုင်မည်မဟုတ်ပေ။ သူတို့ ဆိုရော့စ်ကို အခြေအနေဟောင်းသို့ ပြန်ပို့နိုင်မည့် အခွင့်အရေးများစွာ ရှိသည်။
******
အခန်း ၉၉၂ - ဒါ ဘယ်လိုဖြစ်ရတာလဲ
“အဖေ၊ ဖုန်းက ဆိုရော့စ်တို့ ပိုပြီး နစ်ဝင်သွားအောင် စောင့်ရမယ်လို့ ပြောတယ်။ ဒါမှ ကျွန်တော်တို့ ပိုပြီး အကျိုးရှိလိမ့်မယ်” ကီရီလန်ကိုက ပြောလိုက်သည်။
“မင်း သေချာရဲ့လား။ ငါတို့နိုင်ငံရဲ့ နိုင်ငံခြားအကြွေးက ဒေါ်လာဘီလီယံ ၁၃၀ အထိ ရောက်နေပြီး နိုင်ငံခြားငွေကြေး အရန်ငွေက ဒေါ်လာဘီလီယံ ၁၃ သာ ရှိနေတာကို မင်း သိရဲ့လား။ ငါတို့ရဲ့ ကြွေးမြီပိုင်ဆိုင်မှုတွေတောင် ဒေါ်လာဘီလီယံ ၃၀ လောက်ပဲ တန်ဖိုးရှိတယ်။ ဆိုရော့စ်တို့ ငါတို့ရဲ့ ငွေကြေးလုပ်ငန်းကို တိုက်ခိုက်လာရင် ဘာမှ ပြန်ခုခံနိုင်မှာ မဟုတ်ဘူး” စီရှန်ကိုက ပြောလိုက်သည်။
စီရှန်ကိုသည် စစ်သားတစ်ဦးဖြစ်သော်လည်း ရုရှားတွင် စစ်သားများမှာ နိုင်ငံရေးတွင် အလွန်ဩဇာရှိသည်။ ယခင်က ကီရီလန်ကိုကို အထက်လူကြီးများထံ စကားလက်ဆင့်ကမ်းပေးခဲ့ရာ ချီးကျူးခံခဲ့ရသည် မဟုတ်လား။
“ဒါကြောင့်ပဲ ကျွန်တော်တို့ ဖုန်းရဲ့ နည်းလမ်းကို အသုံးပြုရမှာပါ။ ကျွန်တော်တို့ရဲ့ ရေတိုချေးငွေတွေ များလွန်းနေတယ်၊ ပြည်ပက ချေးငွေတွေလည်း များလွန်းနေတယ်။ ဒါတွေက ဘယ်အချိန်မဆို ကျွန်တော်တို့ စီးပွားရေးကို ကျဆုံးစေနိုင်တယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ အရောင်မပါတဲ့ သတ္တုတွေရဲ့ လိုအပ်ချက်ကလည်း ကျဆင်းလာပြီး ဈေးနှုန်းတွေလည်း ဆက်တိုက် ကျဆင်းနေတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ ဝင်ငွေထက် ထွက်ငွေက ပိုများနေမှာ သေချာတယ်” ကီရီလန်ကိုက ပြောလိုက်သည်။ “ဒါကြောင့် ဖုန်းရဲ့နည်းလမ်းကို အသုံးပြုလိုက်ရင် အဲဒီနိုင်ငံတကာငွေကြေးတွေရဲ့ ပိုက်ဆံနဲ့ ကျွန်တော်တို့ရဲ့ အပေါက်တွေကို လာဖြည့်ပေးမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ အဆိုးဆုံး ငွေကြေးဖောင်းပွမှုကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်”
စီရှန်ကိုသည် ကီရီလန်ကိုကို ကြည့်လိုက်ပြီးနောက် သူ့သားကြီးကို လှမ်းကြည့်လိုက်သည်။ “မင်း ဘယ်လိုထင်လဲ”
“အဖေ၊ ညီလေး ပြောတာ မှန်တယ်လို့ ထင်ပါတယ်။ စီးပွားရေးမှာ ညီလေးက ကျွန်တော်ထက် အများကြီး ပိုတော်ပါတယ်။ ညီလေးလည်း ရုရှားလူမျိုးပဲ၊ အပြင်က ပြောသလို နိုင်ငံတော်ကို နစ်နာအောင် လုပ်ပြီး ကိုယ်ကျိုးအတွက် ကိုယ့်လူမျိုးကို လှည့်စားမှာ မဟုတ်ပါဘူး”
စီရှန်ကို အကျေနပ်ဆုံးအရာမှာ သားကြီးသည် စစ်ရေးတွင် အလွန်တော်ပြီး သူ့အကူအညီဖြင့် ကောင်းစွာ တိုးတက်နေခြင်း မဟုတ်ပေ။ သားငယ်ကလည်း ငွေရှာတတ်ပြီး ရုရှားအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကာ သူတို့မိသားစု ငွေကြေးအတွက် မပူပန်ရတော့ခြင်း၊ မမှန်ကန်သောလမ်းကို မလိုက်ရတော့ခြင်း မဟုတ်ပေ။ သူ့အတွက် အကျေနပ်ဆုံးအရာမှာ သားနှစ်ယောက်စလုံး သူတို့ ဘာလိုချင်သည်ကို သိကြပြီး ညီအစ်ကိုနှစ်ဦးကြား ဆက်ဆံရေး အလွန်ကောင်းမွန်ခြင်းပင် ဖြစ်သည်။
ကီရီလန်ကိုသည် ရုရှားအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း သတင်း ထွက်ပေါ်လာပြီးနောက်တွင် စီရှန်ကိုကို အသုံးပြု၍ နိုင်ငံတော်ကို နစ်နာစေကာ ကိုယ်ကျိုးရှာပြီး ကြီးမားသော စီးပွားရေးလုပ်ငန်းကို တည်ထောင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသည်။
သို့သော် အထက်အရာရှိများသည် စုံစမ်းစစ်ဆေးပြီးနောက်တွင် ထိုကဲ့သို့မဟုတ်ကြောင်း တွေ့ရှိခဲ့ကြသည်။ ကီရီလန်ကို၏ ငွေကြေးအများစုသည် ပြည်ပမှ ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းတွင်လည်း အီလက်ထရောနစ်စက်ရုံ၊ ကားစက်ရုံများ တည်ဆောက်ခြင်းကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက် များစွာ အထောက်အကူပြုခဲ့သည်။ ထို့အပြင် ကီရီလန်ကို၏ သတ္တုတွင်းကုမ္ပဏီသည် တစ်ခုတည်းသော မတော်တဆမှု မရှိခဲ့သော သတ္တုတွင်းကုမ္ပဏီလည်း ဖြစ်သည်။
၎င်းသည် ကီရီလန်ကိုသည် ရုရှားရှိ အခြားသူဌေးကြီးများကဲ့သို့ နိုင်ငံပိုင် သတ္တုတွင်းများကို လုယူကာ အမြတ်အတွက် စည်းစိမ်ရှာခဲ့သူ မဟုတ်ကြောင်းလည်း သက်သေပြသည်။
အထက်အရာရှိများက ရှင်းလင်းစွာ သိသော်လည်း အောက်ခြေပြည်သူများက ထိုသို့မမြင်ပေ။ ကံကောင်းထောက်မစွာ ကီရီလန်ကိုသည်လည်း ယခုနှစ်များတွင် ဖုန်းယွီကို အတုယူကာ ရုရှားတွင် ငွေများစွာ လှူဒါန်းခဲ့သဖြင့် ထိုသတင်းများသည် တိတ်တဆိတ်ပြောဆိုရုံသာရှိပြီး အကြီးအကျယ် မဖြစ်ခဲ့ပေ။
“မင်းတို့ ညီအစ်ကိုနှစ်ယောက်စလုံး ဒီလိုပြောနေမှတော့ ငါ အထက်ကို သွားတင်ပြပြီး အခြေအနေကို ထိန်းထားဖို့ ပြောလိုက်မယ်”
ဤနည်းလမ်းကို အထက်အရာရှိများသည်လည်း ငွေကြေးပညာရှင်များနှင့် ဆွေးနွေးပြီးနောက် လုပ်ဆောင်နိုင်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် နိုင်ငံတကာငွေကြေးများကြောင့် ငွေကြေးဆုံးရှုံးမှုကို ရှောင်ရှားနိုင်ရုံသာမက ပြည်တွင်းတွင် ဆိုးရွားသော ငွေကြေးဖောင်းပွမှုကိုလည်း တားဆီးနိုင်မည်ဖြစ်သည်။ ယမန်နှစ်ကမှ ရုရှား၏ စီးပွားရေး တိုးတက်လာခဲ့ခြင်းဖြစ်ရာ ဤနှစ်တွင် အထိမခံတော့ပေ။
ဤနှစ်တွင် ရုရှား၏ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး လူတစ်ဦးချင်း ဂျီဒီပီလည်း ကျဆင်းလာသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများစွာသည် ရုရှားရှိ ပိုင်ဆိုင်မှုများဖြစ်သော သတ္တုတွင်းများအပါအဝင် ရုရှားမှ ထွက်ခွာရန် စီစဉ်နေကြသည်။
ဤအချိန်တွင် ကီရီလန်ကိုသည်လည်း လက်ဦးမှုရယူပြီး အမေရိကန်ကုမ္ပဏီအချို့နှင့် ရေနံတွင်းနှင့် သတ္တုတွင်းများကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော် သူ၏ အကြောင်းပြချက်မှာ ဒေါ်လာမရှိသဖြင့် ရူဘယ်ဖြင့်သာ ပေးချေနိုင်မည်ဟု တောင်းဆိုခဲ့သည်။
ငွေပေးချေမှုအချိန်ကို ရှစ်လပိုင်းကုန်တွင် သတ်မှတ်ခဲ့ပြီး နောက်ကျပါက တစ်ပတ်လျှင် တစ်ရာခိုင်နှုန်း၊ တစ်လလျှင် ဆယ်ရာခိုင်နှုန်း နောက်ကျကြေး ပေးရမည်ဟုလည်း သတ်မှတ်ခဲ့သည်။
ကီရီလန်ကိုသည် ဤစာချုပ်ကို စိတ်ပျော်ရွှင်စွာ လက်မှတ်ထိုးလိုက်သည်။ ရှစ်လပိုင်းကုန်တွင် ရူဘယ်တန်ဖိုး အကြီးအကျယ် ကျဆင်းနိုင်သည်ကို သူ သိထားသဖြင့် လုံးဝ အရှုံးပေါ်မည်မဟုတ်ပေ။
ထိုအမေရိကန်ကုမ္ပဏီများကတော့ ရုရှားသည် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများကဲ့သို့ ဆိုရော့စ်နှင့် အနည်းဆုံး လအနည်းငယ်ကြာ ရင်ဆိုင်နိုင်လိမ့်မည်ဟု ထင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကြီးမားသော နိုင်ငံကြီး ရုရှား ဖြစ်နေသောကြောင့်ပင်။
တုံ့ပြန်မှု မြန်သောသူအချို့သည် ယမန်နှစ် ဒုတိယနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုမှ ရုပ်သိမ်းခဲ့ကြသည်။ သို့သော် ရုရှား၏ ကယ်တင်ရေးလုပ်ငန်းပြီးနောက်တွင် ပြဿနာမရှိတော့ဟု ယူဆကာ အချို့လူများ ပြန်ဝင်လာပြီး ဈေးနှုန်းအနိမ့်တွင် အမြတ်ရှာရန် ကြိုးစားနေကြသည်။
ယခု ရုရှား၏ စတော့ဈေးကွက်နှင့် ရူဘယ်ငွေလဲနှုန်း မြင့်တက်လာသည် မဟုတ်လား။
ရေတိုနိုင်ငံတော်အကြွေးစာချုပ်များ ထုတ်ဝေခြင်းဖြင့် ရုရှား၏ စီးပွားရေးသည် တိုးတက်လာခဲ့သည်။ သို့သော် ထုတ်ဝေထားသော ရေတိုအကြွေးစာချုပ်များသည် ဒေါ်လာဘီလီယံ ၇၀ ကျော်အထိ များပြားနေသည်။
နိုင်ငံတော်အကြွေးစာချုပ်များနှင့် နိုင်ငံခြားအကြွေးများ ပေါင်းလိုက်သောအခါ ဒေါ်လာဘီလီယံ ၂၀၀ ကျော်အထိ ရောက်ရှိနေသည်။ ရုရှား၏ ဤနှစ် စုစုပေါင်းဝင်ငွေသည် ဤအကြွေးများ၏ အတိုးများကို ပေးချေပြီးနောက် လေးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ဤသည်မှာ အတိုးသာ ဖြစ်ပြီး ရုရှားသည် အရင်းကို လုံးဝ ပေးချေနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ရုရှား၏နိုင်ငံတော်အကြွေးစာချုပ် အကျိုးအမြတ်သည် ရှစ်ဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ ဆိုလိုသည်မှာ ရုရှား၏ နိုင်ငံတော်အကြွေးစာချုပ် ဈေးနှုန်းသည် အကြီးအကျယ် ကျဆင်းနေပြီး ဈေးကွက် ရင်းနှီးမြှုပ်နှံသူများသည် ရုရှား၏ နိုင်ငံတော်ဆိုင်ရာ ယုံကြည်မှုကို လျှော့တွက်နေကာ ဈေးကွက်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။
ဤအချိန်တွင် ဆိုရော့စ်တို့၏ ရန်ပုံငွေများ ဝင်လာပြီး ဈေးနှုန်းအနိမ့်တွင် ဝယ်ယူခြင်းဖြင့် ရုရှား၏ စတော့ဈေးကွက်နှင့် ရူဘယ်ငွေလဲနှုန်းကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။ ၎င်းအပြင် ထိုနှစ်ခုစလုံးကို တက်လာအောင် လုပ်ခဲ့သည်။
ရုရှားမှ ထွက်ပြေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအချို့သည်လည်း ပြန်ဝင်လာပြီး ဈေးနှုန်းအနိမ့်တွင် အမြတ်ရှာရန် ပြင်ဆင်နေကြသည်။ ရုရှား၏ စီးပွားရေးသည် အကောင်းဘက်သို့ ပြန်လည်ဦးတည်နေပုံရသည်။
ဆိုရော့စ်သည် ဒေါ်လာဘီလီယံ ရာနှင့်ချီသော ပိုင်ဆိုင်မှုများကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်း၏ အချို့သော ပိုင်ဆိုင်မှုများမှာ သူ့ကိုယ်ပိုင်ဖြစ်ပြီး အချို့မှာ ကွမ်တမ်ဖန်ရှိ အခြားသူများ ရင်းနှီးမြှုပ်နှံထားသော ရန်ပုံငွေများ ဖြစ်သည်။ အချို့သော ရန်ပုံငွေများဖြင့် ရှယ်ယာများ ဝယ်ယူပြီး အချို့ဖြင့် Futuresများ ဝယ်ယူသည်။ ဤတစ်ကြိမ်တွင် အမြတ်အများကြီး ရလိမ့်မည်ဟု သူ ယုံကြည်သည်။
သို့သော် ဤအချိန်တွင် ရုရှားက မည်သူမျှ မမျှော်လင့်ထားသော လုပ်ဆောင်ချက်အချို့ကို ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်အကြွေးပျက်ကွက်မှု
ကျရောက်သော နိုင်ငံခြားအကြွေးများကို ရက်ပေါင်း ကိုးဆယ် ရွှေ့ဆိုင်းပေးချေမည်ဖြစ်ပြီး ရေတိုနိုင်ငံတော်အကြွေးစာချုပ်များ အားလုံးကို သုံးနှစ်သက်တမ်းရှိ နိုင်ငံတော်အကြွေးစာချုပ်များအဖြစ် ပြောင်းလဲလိုက်သည်။
ဤသည်မှာ ရုရှား၏ နိုင်ငံတကာ ယုံကြည်မှုကို လျော့ကျစေသော လုပ်ဆောင်ချက်ဖြစ်သော်လည်း ရုရှား၏ ပြည်တွင်း ပြဿနာများကို လျှော့ချနိုင်ခဲ့သည်။ ထို့အပြင် ဤပြဿနာများကို ဂျာမနီကဲ့သို့ အဓိက ကြွေးရှင်နိုင်ငံများထံသို့ ပြောင်းရွှေ့လိုက်သည်။
ထိုနိုင်ငံများ၏ စီးပွားရေးဘဏ်များသည် ဆုံးရှုံးမှုများစွာ ရှိလာမည်ဖြစ်သော်လည်း ရုရှားသည် ဂရုမစိုက်တော့ပေ။
တစ်ချိန်တည်းတွင် ရုရှားသည် အမေရိကန်ဒေါ်လာနှင့် ရူဘယ်ငွေလဲနှုန်းကို ရာခိုင်နှုန်းငါးဆယ် လျှော့ချမည်ဟု ကြေညာလိုက်သည်။ ၁:၆.၂ မှ ၁:၉.၅ သို့ ပြောင်းလဲလိုက်သည်။
ဆိုလိုသည်မှာ ရူဘယ်သည် ရာခိုင်နှုန်းငါးဆယ် တန်ဖိုးကျသွားခြင်းဖြစ်ပြီး ဤလုပ်ဆောင်ချက်ကို မည်သူမျှ တွေးမထားခဲ့ပေ။
တခြားနိုင်ငံများက ငွေလဲနှုန်းမကျဆင်းအောင် ကြိုးစားနေကြချိန်တွင် ရုရှားကမူ ငွေလဲနှုန်းကို ကိုယ်တိုင် ပြောင်းလဲလိုက်သည်။ ထို့အပြင် တစ်ခါတည်း ရာခိုင်နှုန်းငါးဆယ်အထိ ပြောင်းလဲလိုက်သည်။
ဤအရာများ ဖြစ်သွားသောအခါ သူတို့ ပြန်လည်တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။
ရူဘယ်တန်ဖိုး ပြန်တက်လာမည်ဟု မျှော်လင့်ပြီး ရူဘယ်များ ဝယ်ထားသူများ အားလုံး ငိုကြတော့သည်။
မြှင့်တင်ခြင်းကိုနှစ်ဆကျော် အသုံးပြုထားသူများ အားလုံး ပြုတ်ထွက်သွားကြပြီး သူတို့၏ စာချုပ်များ အားလုံးသည် စက္ကူစုတ်များ ဖြစ်သွားခဲ့သည်။
ဆိုရော့စ်သည် ရုံးခန်းအတွင်း ဟိုဟိုဒီဒီ လျှောက်သွားနေသည်။ သူ၏ စိတ်ထဲတွင် “ဒါ ဘယ်လိုဖြစ်ရတာလဲ။ ဒါ ဘယ်လိုဖြစ်ရတာလဲ” ဟု ဆက်တိုက် ရေရွတ်နေသည်။
******
အခန်း ၉၉၃- ဥရောပနှင့် အမေရိကသို့ ရိုက်ခတ်ခြင်း
ဆိုရော့စ်၏ အကြီးအကဲလေးဦးသည် စားပွဲဘေးတွင် တန်းစီရပ်နေကြသည်။ အားလုံး ခေါင်းငုံ့ထားကြပြီး ဘာစကားမှ မဆိုနိုင်ကြ။ ဤတစ်ကြိမ်တွင် သူတို့၏ ဆုံးရှုံးမှုသည် ကြီးမားသည်ဟု မပြောနိုင်... အလွန်အမင်း ဆိုးရွားလှသည်။
ရိုးရှင်းစွာ ပြောရလျှင် ရူဘယ်တန်ဖိုး တက်မည်ဟု ယူဆပြီး ဝယ်ထားသော Futuresစာချုပ်များ အားလုံး စက္ကူစုတ်များ ဖြစ်သွားခဲ့ပြီး လုံးဝ ပြုတ်ထွက်သွားခဲ့သည်။ ရုရှား၏ စတော့အညွှန်းကိန်း Futuresစာချုပ်များလည်း အများစု ပြုတ်ထွက်ခဲ့ပြီး ရုရှားစတော့အညွှန်းကိန်းသည် သုံးဆယ်ရာခိုင်နှုန်း အကြီးအကျယ် ကျဆင်းသွားခဲ့သည်။
သေချာသည်မှာ ထိုကျဆင်းမှုများသည် ချက်ချင်းဖြစ်ပေါ်ခြင်း မဟုတ်ပေ။ ရူဘယ်ငွေလဲနှုန်း ကျဆင်းမှုသည်လည်း ထိန်းချုပ်ထားသော လှိုင်းလုံးနှုန်းစနစ်အရ ကျဆင်းခြင်း ဖြစ်သည်။ သို့သော် ဤမူဝါဒ ထုတ်ပြန်ပြီးသည်နှင့် ရူဘယ်သည် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ သူတို့ ရောင်းဝယ်ဖောက်ကားရန် အချိန်ပင် မရလိုက်ပေ။ အရှုံးကို ထိန်းချုပ်ရန် ဆန့်ကျင်ဘက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အချိန်ပင် မရှိတော့ပေ။
ရုရှား၏ စတော့ဈေးကွက်နှင့် ငွေချေးသက်သေခံလက်မှတ်(bond) ဈေးကွက်သည်လည်း အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ ဆိုရော့စ်တို့သည် အမြတ်များစွာ ရရန်အတွက် ရုရှား၏ ငွေချေးသက်သေခံလက်မှတ်များကို များစွာ ဝယ်ယူထားကြသေးသည်။
ရုရှား၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများစွာကို ကြောင်သွားစေခဲ့သည်။ သို့သော် ဆိုရော့စ်၏ ဆုံးရှုံးမှုမှာ အကြီးမားဆုံး ဖြစ်သည်။
“ငါတို့မှာ လည်ပတ်နိုင်တဲ့ ရန်ပုံငွေ ဘယ်လောက်ကျန်သေးလဲ” ဆိုရော့စ်သည် အသံမပီမသဖြင့် မေးလိုက်သည်။
“ဒေါ်လာ ခြောက်ဘီလီယံကျော် လည်ပတ်နိုင်တဲ့ ရန်ပုံငွေ ရှိပါသေးတယ်။ ငွေချေးသက်သေခံလက်မှတ်၊ ရှယ်ယာ စတာတွေလည်း ကျန်ပါသေးတယ်။ ဒါတွေ အကုန် ရောင်းလိုက်ရင် ဒေါ်လာ ဆယ်ဘီလီယံလောက် စုမိနိုင်ပါတယ်” ဒရပ်ကင် မီလာက တွက်ချက်ပြီး ဖြေလိုက်သည်။
ငွေချေးသက်သေခံလက်မှတ်၊ ရှယ်ယာ စသည်တို့ ဆက်လက်ကျဆင်းနေပါက သူတို့၏ ရန်ပုံငွေများ ပို၍ လျော့နည်းသွားနိုင်သည်။
“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ၊ ရူဘယ်ကို ဈေးနှုန်းနှိမ့် ရောင်းချမလား။ အချိန် မရတော့ဘူးလေ။ အဲဒီ ရန်ပုံငွေကုမ္ပဏီတွေက ရူဘယ်Futuresတွေကို အရောင်းအဝယ် ရပ်ဆိုင်းထားတယ်”
အကြီးအကဲလေးဦးစလုံးသည် ဤတစ်ကြိမ်တွင် သူတို့ ရှုံးနိမ့်သွားပြီဟု ယူဆနေကြသည်။ အခြေအနေ ပြန်လှန်ဖို့ အခွင့်အရေးပင် မရှိတော့ဟု ထင်ကြသည်။
ဆိုရော့စ်သည် စားပွဲကို ရုတ်တရက် ရိုက်လိုက်သည်။ “ငါတို့ ပြီးသွားပြီလို့ ဘယ်သူပြောတာလဲ။ ငါတို့မှာ ဒေါ်လာဆယ်ဘီလီယံလောက် ကျန်သေးတယ်။ ဒါဆိုရင် ငါတို့ မရှုံးသေးဘူး! ရူဘယ် တန်ဖိုးအကြီးအကျယ် ကျဆင်းတာက ဥရောပနဲ့ အမေရိကရဲ့ ငွေကြေးဈေးကွက် တစ်ခုလုံးကို ရိုက်ခတ်လိမ့်မယ်။ ဒါဟာ ဆက်စပ်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်”
ဒရပ်ကင် မီလာနှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ “တခြားနိုင်ငံတွေရဲ့ ငွေကြေးဈေးကွက်ကို ဈေးနှုန်းနှိမ့် ရောင်းချမယ်ဆိုတဲ့ သဘောလား”
“ဟုတ်တယ်။ ဈေးနှုန်းနှိမ့် ရောင်းချရုံတင်မကဘဲ high leverageကို အသုံးပြုပြီး ဈေးနှုန်းနှိမ့် ရောင်းချရမယ်။ ဒါမှသာ ဖောက်သည်တွေရဲ့ ပိုက်ဆံကို ပြန်ရှာနိုင်လိမ့်မယ်။ မဟုတ်ရင် ကွမ်တမ်ဖန် ပျက်စီးသွားပြီး ငါတို့အားလုံးလည်း ဒေဝါလီခံရလိမ့်မယ်” ဆိုရော့စ်သည် အသံမာမာဖြင့် ပြောလိုက်သည်။
သူသည် ဆိုရော့စ် ဖြစ်သည်၊ သူ ရှုံးနိမ့်မည်မဟုတ်ပေ။ သူ့တွင် မူလရင်းနှီးငွေ ကျန်နေသမျှ အခြေအနေကို ပြန်လှန်နိုင်လိမ့်မည်။
နှစ်ပေါင်းများစွာ ရန်ပုံငွေလုပ်ငန်း လုပ်ကိုင်ခဲ့သော အတွေ့အကြုံကြောင့် အခြေအနေကို ပြန်လှန်ရန် ရန်ပုံငွေ အနည်းငယ်ကို အမြဲ ချန်ထားခဲ့ရမည်ဟု သူ သတိရသည်။ ဤသို့မလုပ်ခဲ့ပါက သူ ယခုအချိန်တွင် အားလုံး ဆုံးရှုံးသွားလိမ့်မည်။
“မာလ်ဖိုက ဖုန်းဆက်နေပါတယ်” ဆိုရော့စ်၏ အတွင်းရေးမှူး ဝင်လာပြီး သတင်းပို့လိုက်သည်။
“ဆက်လိုက်၊ ငါ ပြောမယ်” ဆိုရော့စ်သည် စားပွဲပေါ်မှ ဖုန်းကို ယူလိုက်သည်။ “မာလ်ဖို၊ စိတ်မပူပါနဲ့။ မင်းရဲ့ ရင်းနှီးမြှုပ်နှံမှု လုံးဝ အရှုံးပေါ်မှာ မဟုတ်ဘူး။ ငါ မင်းကို ကတိပေးခဲ့တယ်လေ၊ အနည်းဆုံး ဆယ်ရာခိုင်နှုန်း အမြတ်ရအောင် လုပ်ပေးမယ်ဆိုတာ... ဟုတ်တယ်၊ အခုတော့ ငါ ရှုံးနေတာ အမှန်ပဲ။ ဒါပေမဲ့ ပြန်ရှာလို့မရတာ မဟုတ်ဘူး။ မင်း ငါ့ကို ယုံကြည်တယ်ဆိုရင် နောက်ထပ် တစ်လခွဲလောက် စောင့်ပေးပါ။ အများဆုံး တစ်လခွဲလောက်ဆိုရင် မင်းရဲ့ပိုက်ဆံ အကုန် ပြန်ရစေရမယ်။ အခု မင်း ငါ့ကို အတင်းအကျပ် လုပ်နေရင် မင်းရဲ့ မူလရင်းနှီးငွေတောင် ပြန်ရမှာ မဟုတ်ဘူး”
မာလ်ဖိုကို နှစ်သိမ့်ပြီးနောက် ဖုန်းများ ထပ်ဝင်လာသည်။
ဆိုရော့စ်သည် တစ်ဖက်လူကို ယုံကြည်မှုရှိလာအောင် ဆက်တိုက် ရှင်းပြနေသည်။ သေချာသည်မှာ တစ်ဖက်လူသည် သူ့ကို ယုံကြည်ရုံသာ တတ်နိုင်ပေတော့သည်။ မဟုတ်ရင် ကွမ်တမ်ဖန်တွင် ရင်းနှီးမြှုပ်နှံထားသော ပိုက်ဆံများ၏ တစ်ဝက်ပင် ပြန်ရနိုင်မည်မဟုတ်၊ အမြတ်အကြောင်းကိုတော့ ပြောစရာမလိုတော့ပေ။
ဖုန်းချပြီးနောက် ဆိုရော့စ်သည် မီလာနှင့် အခြားသူများကို အမိန့်ပေးလိုက်သည်။ “မနက်ဖြန် ငွေချေးသက်သေခံလက်မှတ်နဲ့ ရှယ်ယာတွေ အားလုံး ရောင်းချလိုက်။ ရန်ပုံငွေတွေကို စုစည်းပြီး ဂျာမနီနဲ့ ဘီလာရုစ်ဈေးကွက်ထဲ ဝင်မယ်။ အခြေအနေ ပြန်လှန်နိုင်မလားဆိုတာ ဒီတစ်ခါမှာပဲ ဆုံးဖြတ်ရမယ်”
“ဖုန်း မင်းက ရုရှားက ဒီလို အစွန်းရောက်တဲ့နည်းလမ်းကို တကယ် အသုံးပြုလိုက်တာပဲ” ဖူကွမ်းကျန့်သည် အံ့သြသွားသည်။ ဤနည်းလမ်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ နောင်တွင် သူတို့နှင့် စီးပွားရေးလုပ်ရန် စဉ်းစားရတော့မည်။
“ဒီနည်းလမ်းက အစွန်းရောက်တယ်ဆိုပေမဲ့ အလွန် ထိရောက်တယ်။ အခုလက်ရှိ ရုရှားအတွက်တော့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပဲ” ဖုန်းယွီ ပြောလိုက်သည်။
ဤအချိန်တွင် ရုရှား၏ ဘဏ်များတွင် ငွေထုတ်ယူမှုများ များပြားလာပြီး ပြည်သူများသည် အခြေခံစားသောက်ကုန်များ ဝယ်ယူကြသည်။ ငွေရှိသူများသည် ရူဘယ်များကို ဒေါ်လာအဖြစ် အမြန်ပြောင်းလဲကြသဖြင့် ရူဘယ်တန်ဖိုး ထပ်မံကျဆင်းခဲ့သည်။
ထို့အပြင် ရုရှား၏ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး ဝင်ငွေအမျိုးမျိုး ကျဆင်းလာမည်မှာ သေချာသည်။
ရုရှား၏ အကြွေးပျက်ကွက်မှုသည် အချိန်တိုသာ ဖြစ်သည်ဟု ဆိုသော်လည်း သက်ရောက်မှုမှာ အလွန်ကြီးမားသည်။ ဖုန်းယွီသည် ရုရှားမှ ပေးထားသော အကြွေးပေးချေမှုရက်များသည် သေချာပေါက် နောက်ထပ် တိုးချဲ့လိမ့်မည်ဟု အာမခံနိုင်သည်၊ သုံးလကြာပြီးနောက်တွင်ပင် ရုရှားသည် အကြွေးဆပ်ရန် ငွေရှိလိမ့်မည်မဟုတ်ပေ။ သူတို့သည် ဤငွေများကို ပြည်တွင်းတည်ငြိမ်ရေးအတွက် အသုံးပြုလိမ့်ဦးမည်။
“မင်း ဒီလိုတွေ ကြိုတွေးထားတာဆိုရင် ဘာလို့ တခြားဈေးကွက်တွေကို ဈေးနှုန်းနှိမ့် ရောင်းချတဲ့အခါ အရမ်း ဘောင်ဝင်ပြီး ကန့်သတ်ထားရတာလဲ။ ဈေးအမြင့်မှာ high leverageကို သုံးခဲ့ရင် ငါတို့ အမြတ်တွေ အဆပေါင်းများစွာ ရနိုင်တာပေါ့” ဖူကွမ်းကျန့်သည် နားမလည်စွာ မေးလိုက်သည်။
ဖုန်းယွီသည် ဖူကွမ်းကျန့်ကို ပြန်ကြည့်ကာ မေးလိုက်သည်။ “ရုရှားက ဒီနည်းလမ်းကို မသုံးခဲ့ဘူးဆိုရင်ကော”
“အဲ၊ မင်းက သူတို့ ဒီနည်းလမ်းကို သေချာပေါက် သုံးလိမ့်မယ်လို့ ပြောခဲ့တယ်လေ။ ဒါဟာ အကောင်းဆုံး နည်းလမ်းလို့လည်း ပြောခဲ့တယ်” ဖူကွမ်းကျန့်က အားမရှိသော အသံဖြင့် မေးလိုက်သည်။
“ငါသာဆိုရင် ဒီနည်းလမ်းကို သေချာပေါက် အသုံးပြုလိမ့်မယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ ရုရှားရဲ့ ဆုံးဖြတ်သူက ငါမှ မဟုတ်တာ။ သူတို့ ဒီနည်းလမ်းကို မသုံးဘဲ တခြားနိုင်ငံတွေကနေ အကူအညီ ဒါမှမဟုတ် ချေးငွေတွေ အများကြီး ရခဲ့ရင် ငါတို့က high leverageကို အသုံးပြုပြီး တခြားနိုင်ငံတွေရဲ့ စတော့အညွှန်းကိန်းတွေကို ဈေးနှိမ့် ရောင်းချခဲ့ရင် အကြီးအကျယ် ရှုံးနိုင်တယ်”
ပွင့်ပွင့်လင်းလင်း ပြောရရင် ဖုန်းယွီလည်း ရုရှားသည် ဤကဲ့သို့ အစွန်းရောက်သော မူဝါဒကို အမှန်တကယ် လုပ်ဆောင်မည်ဟု အာမခံနိုင်ခြင်း မရှိပေ။ ရုရှားသည် နိုင်ငံကြီးဖြစ်သည်၊ နိုင်ငံငယ်လေးများကဲ့သို့ အချုပ်အခြာပိုင် အကြွေးပျက်ကွက်မှုကို အမှန်တကယ် ပျက်ကွက်လိုက်လျှင် နိုင်ငံတကာ၏ ကန့်ကွက်မှုကို ခံရပေလိမ့်မည်။
ဒါကြောင့် ဖုန်းယွီသည် ပါမောက္ခလျန်နှင့် ဖူရုန်ချီတို့ကို ရန်ပုံငွေ အနည်းငယ်ဖြင့် စတင် ရင်းနှီးမြှုပ်နှံရန် သတင်းပို့ခဲ့သည်။ ထို့အပြင် မည်သူကမှ မြင့်မားသော မောင်းနှင်အားကို မသုံးဝံ့ကြသလို အန္တရာယ်မှ ကာကွယ်ရန် အခြား ရင်းနှီးမြှုပ်နှံမှုများပါ ပြည့်ပြည့်စုံစုံ လုပ်ဆောင်ထားကြသည်။
ဤသို့ဖြင့် အမြတ်သည် များစွာ လျော့ကျသွားသော်လည်း အန္တရာယ်လည်း အလွန် လျော့ကျသွားသည်။ ထို့အပြင် သူတို့ ရင်းနှီးမြှုပ်နှံထားသော ငွေကြေးပမာဏများပြားသဖြင့် အမြတ်အစွန်းသည်လည်း နည်းပါးမည်မဟုတ်ပေ။
“ဒါဆို ဘာလို့ ဘီလာရုစ်နဲ့ ယူကရိန်းကို ဈေးနှုန်းနှိမ့် ရောင်းချခြင်း မလုပ်တာလဲ။ အဲဒီဘက်က ပိုပြီး ရိုက်ခတ်မှုများနိုင်တယ် မဟုတ်ဘူးလား” ဖူကွမ်းကျန့်က စိတ်ဝင်တစား မေးလိုက်သည်။ ရုရှားဘက်ကို ဈေးနှုန်းနှိမ့် မရောင်းတာ ကီရီလန်ကိုကို ဂရုစိုက်လို့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲဒီနှစ်နိုင်ငံနဲ့တော့ မဆိုင်ဘူး မဟုတ်လား။
“အဲဒီနှစ်နိုင်ငံမှာ ငါနဲ့ ကီရီလန်ကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတယ်၊ ကီရီလန်ကိုရဲ့ စီးပွားရေးမိတ်ဆွေတွေလည်း ရှိသေးတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အဲဒီနှစ်နိုင်ငံနဲ့ ရုရှား ဆက်ဆံရေး နီးကပ်တယ်။ သူတို့လည်း လမ်းဘေးလူကဲ့သို့ အချို့လုပ်ရပ်တွေ လုပ်လာရင် ငါတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ပျောက်ကွယ်သွားနိုင်တယ်”
ဖူကွမ်းကျန့်သည် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ မှန်သည်။ ထိုဆိုဗီယက်ပြည်ထောင်စုဟောင်း နှစ်နိုင်ငံသည်လည်း စစ်ရေးအင်အားကြီးမားပြီး ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးရှိသဖြင့် မည်သူကမှ အလွယ်တကူ တိုက်ခိုက်လို့ မရပေ။
သေချာသည်မှာ ဤတစ်ကြိမ်တွင် ရုရှားသည် ထိုနှစ်နိုင်ငံကို ထောင်ချောက်ဆင်ခဲ့သဖြင့် သူတို့၏ ဆက်ဆံရေးသည် အနာဂတ်တွင် ပိုမိုဆိုးရွားလာပေလိမ့်မည်။
သို့သော် ဥရောပနှင့် အမေရိကန် စတော့ဈေးကွက်မှ အမြတ်များရရှိခဲ့သည်မှာလည်း မဆိုးလှပေ။ ဖုန်းယွီသည် လီဇီခိုင်ကိုလည်း သတင်းပို့ခဲ့သော်လည်း လီမိသားစု၏ ရင်းနှီးမြှုပ်နှံမှုမှာ ဖူမိသားစုထက် များစွာ နည်းပါးသည်။ ဤတစ်ကြိမ်ပြီးနောက်တွင် သူ့အဘိုးနှင့် လီချောင်ရန်း၏ ပိုင်ဆိုင်မှုသည် ပိုမိုနီးစပ်လာမည်ဖြစ်ပြီး ဖူမိသားစု၏ အင်အားသည်လည်း ပိုမိုခိုင်မာလာကာ အာရှ၏ နံပါတ်တစ်မိသားစုနေရာကို ပိုမိုတည်ငြိမ်စေမည်ဖြစ်သည်။
...
******