← Chapters

အခန်း (၁၀၀၃-၁၀၀၅)

Vol. 67 Ch. 1003-1005

အခန်း (၁၀၀၃-၁၀၀၅)

Vol. 67 Ch. 1003-1005

အခန်း ၁၀၀၃ - ခင်ဗျား နာမည် ဘယ်သူလဲ

သတင်းစာတွင် ဖုန်းယွီ၏ ပိုင်ဆိုင်မှုများကို ဖော်ပြလိုက်သောအခါ လူအများအပြား မယုံနိုင်အောင် ဖြစ်ခဲ့ကြသော်လည်း မယုံကြည်ဘဲ မနေနိုင်ကြပေ။ ယခင်က Forbes၏ ပြည်မမှ အချမ်းသာဆုံးစာရင်းတွင် ပါဝင်ခဲ့သော သူများသည်လည်း မျက်နှာများ နီရဲနေကြသည်။

တစ်ချိန်က သူတို့သည် ယွမ် သန်း ၃၀ သို့မဟုတ် ၄၀ ပိုင်ဆိုင်ခြင်းဖြင့် ကမ္ဘာတစ်ခုလုံးကို ပိုင်ဆိုင်နေပြီဟု ထင်ခဲ့ကြသည်။ အနည်းဆုံး ပြည်မတွင် သူတို့သည် ထိပ်တန်း အဆင့်တွင် ရှိနေသည်။

သို့သော် ယခု ကြည့်လိုက်သောအခါ အလွန် ရယ်စရာကောင်းနေသည်။ သူတို့ ဒုဆယ်ယောက် ပေါင်းလိုက်ရင်တောင် ဖုန်းယွီတစ်ယောက်ကို မမီနိုင်ပေ။ ခြားနားမှုက အလွန်ကြီးမားလွန်းသည်။

ထို့အပြင် လူအများအပြားသည် မိသားစုအမည်ဖြင့် စာရင်းဝင်ကြသည်။ ဥပမာအားဖြင့် လျိုယုန်ဟောက်၏ မိသားစုသည် ဒေါ်လာ သန်း ၇၀၀ ဖြင့် ဒုတိယနေရာတွင် ရှိပြီး ပထမနေရာမှ မိသားစုသည် ဒေါ်လာ သန်း ၈၀၀ ပိုင်ဆိုင်သည်။ နောက်ပိုင်းတွင်မူ တစ်ဦးချင်းဖြစ်ပြီး ဒေါ်လာ သန်း ၅၀၀ အောက်သာ ပိုင်ဆိုင်ကြသည်။

ထိုစာရင်းတွင် ဖုန်းယွီနှင့် ရင်းနှီးသောသူများဖြစ်သည့် ကျုံးချင်းရှန်း၊ ကျန်းဝမ်မန်၊ လီကျင်းဝေ့၊ လီမင်တဲ၊ လျိုချွမ်ကျစ် စသည့် လူများလည်း ပါဝင်ကြသည်။ ဖုန်းယွီက စတိဗ် Forbesနှင့် ကြိုတင်ပြောဆိုထားသဖြင့် သူ၏ ဖခင် ဖုန်းရှင်းထိုင်မှာ စာရင်းတွင် မပါဝင်ခဲ့ပေ။ သို့သော် အမှန်တကယ်တွင် စာရင်းဝင်ရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။

ယခုအချိန်တွင် လူအများအပြားသည် ဤဒဏ္ဍာရီဆန်သော သူဌေးကြီး ဖုန်းယွီနှင့် သိကျွမ်းလိုကြသည်။ ဖုန်းယွီနှင့် အနည်းငယ် ပူးပေါင်းနိုင်ရုံဖြင့်ပင် အဆုံးအစွန်မရှိသော အကျိုးကျေးဇူးများကို ရရှိကြလိမ့်မည်။

ကျုံးချင်းရှန်းနှင့် ကျန်ဝမ်မန်တို့က သက်သေပင်ဖြစ်သည်။ ဖုန်းယွီနှင့် ပူးပေါင်းပြီးနောက် သူတို့၏ ပိုင်ဆိုင်မှုများ မတိုးတက်ခဲ့သည် ရှိပါသလား။ အထူးသဖြင့် လီကျင်းဝေ့သည် ယခင်က ဖယ်ရှားခံရတော့မည်ဟုပင် ကြားနေရသည်။ ယခုတွင်မူ အောင်မြင်နေပြီး ကျန်းလီပေါင် အမှတ်တံဆိပ်သည်လည်း ထပ်မံ ထင်ရှားလာပြန်သည်။

ထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီး၏ ရုံးခန်းသို့ မနက်စောစော ရောက်သည်နှင့် ကျုံးချင်းရှန်းသည် ဖုန်းယွီကို ပြောလိုက်သည်။ “မင်း နောက်ထပ် ဖုံးကွယ်ထားတဲ့ သူဌေးကြီး မဖြစ်နိုင်တော့ဘူး။ ပြည်တွင်းသတင်းစာတွေက Forbesရဲ့ သတင်းကို ပြန်ဖော်ပြလိုက်တော့ နိုင်ငံတစ်ဝန်းက လူတွေ မင်းကို ဂရုစိုက်မိလာတယ် မပြောနိုင်ပေမဲ့ သတင်းစာဖတ်တဲ့လူတိုင်းကတော့ မင်းကို သေချာပေါက် သိသွားပြီ”

ဖုန်းယွီသည် ဤမျှ မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း အရေးမကြီးပေ။ သူသည် Forbes၏ အင်တာဗျူးကို လက်ခံလိုက်ကတည်းက ဤနေ့ကို မျှော်လင့်ထားခဲ့သည်။ မဟာသူဌေးကြီး ဖြစ်လာခြင်းက ပိုကောင်းသည်။ ထိုသို့ဆိုလျှင် လူရမ်းကားအချို့က သူ့မိသားစုကို ပစ်မှတ်ထားမည်ကို စိတ်ပူစရာမလိုတော့ပေ။

သူဌေးကြီးများနှင့် နှိုင်းယှဉ်ပါက သူဌေးငယ်များသည် ပိုမို၍ ပစ်မှတ်ထားခြင်း ခံရတတ်သည်။

“ခင်ဗျားလည်း ပြည်တွင်းစာရင်းမှာ ပါနေတာပဲ။ အဆင့် ၃၇ နဲ့ နည်းနည်း နိမ့်နေတယ်နော်”

ထိုအချိန်တွင် ကျုံးချင်းရှန်းသည် ထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ မဖြစ်သေးသဖြင့် ဤရှယ်ယာများကို မရရှိသေးပေ။ နောက်ပြီး ကျုံးချင်းရှန်း၏ အခြားလုပ်ငန်းအချို့သည် သူ၏ ဇနီးနှင့် သမီးအမည်များဖြင့် ရှိနေသည်။ ထို့အပြင် လီဟဟ လုပ်ငန်းစုသည် စတော့ဈေးကွက်သို့ မဝင်သေးပေ။ စတော့ဈေးကွက်သို့ ဝင်ပါက သူ၏ တန်ဖိုးသည် လေးဆ သို့မဟုတ် ငါးဆ အလွယ်တကူ တက်နိုင်ပြီး ဆယ်ဆဖြစ်ရန်လည်း မဖြစ်နိုင်သည် မဟုတ်ပေ။

“ဟားဟားဟား၊ နိမ့်တာ၊ မနိမ့်တာ ဘာထူးလဲ၊ ဒီစာရင်းထဲ ဝင်ဖို့လည်း ကျွန်တော် မရည်ရွယ်ပါဘူး” ကျုံးချင်းရှန်းက ရယ်လျှက် ပြောသည်။

ထိပ်ဆုံး ဆယ်နေရာတွင် မပါပါက စာရင်းဝင်နေခြင်းက ဘာအဓိပ္ပာယ်ရှိသလဲ။ အကယ်၍ ထိပ်ဆုံး ဆယ်နေရာတွင် ပါဝင်နိုင်ပါက ကျုံးချင်းရှန်းသည် အလွန် သဘောကျလိမ့်မည်။

“ဒါက လုပ်ငန်းအတွက် ကြော်ငြာတစ်ခုလည်း ဖြစ်တယ်။ ဝင်နေခြင်းက တကယ်တော့ ကောင်းတယ်။ ဒါနဲ့ ဘဏ္ဍာရေး စစ်ဆေးမှုက ဘယ်အခြေအနေရောက်ပြီလဲ။ ဖုန်းယွီ ဒီဇိုင်းကုမ္ပဏီကတော့ ပြီးလောက်ပြီ မဟုတ်လား”

ဖုန်းယွီ ဒီဇိုင်းကုမ္ပဏီသည် ရုံးခွဲနှစ်ခုသာ ဖွင့်လှစ်ထားပြီး မကြာသေးခင်ကမှ ဘဏ္ဍာရေး စစ်ဆေးခံထားရသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် အလွန်မြန်ဆန်သင့်သည်။

“ဟုတ်တယ်၊ ခုနကပဲ စာရင်းစစ်ကုမ္ပဏီက ဖုန်းဆက်လာတယ်။ ပြီးသွားပြီတဲ့။ ခဏနေရင် သူတို့ရဲ့ ကိုယ်စားလှယ်က လာပြီး ရလဒ်ပြောလိမ့်မယ်”

ဖုန်းယွီလည်း အလုပ်မရှိသဖြင့် ထိုင်နေပြီး ရလဒ်ကို အတူစောင့်နေလိုက်သည်။ ကျုံးချင်းရှန်းအတွက်လည်း အချို့အချက်များကို အတိအကျ ပြောကြားလိုသည်။ ပြဿနာငယ်လေးများကိစ္စကို အတွင်းပိုင်းတွင်သာ ဝေဖန်ပြီး ပိုင်ဆိုင်မှုများ ပြန်လည်ဖွဲ့စည်းခြင်းကို အနှောင့်အယှက် မဖြစ်စေရန် ဖြစ်သည်။

“ဖုန်းဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ အန်းရှင်းတား (Anxinda) က ကိုယ်စားလှယ် ရောက်နေပါပြီ” ကျုံးချင်းရှန်း၏ အတွင်းရေးမှူး ဝင်လာပြီး သတင်းပို့သည်။

“ဝင်လာခိုင်းလိုက်ပါ”

မကြာခင်မှာပင် အတွင်းရေးမှူးသည် လူတစ်ယောက်ကို ခေါ်လာသည်။ ဖုန်းယွီ အံ့အားသင့်သွားသည်။ ထိုလူမှာ လူဖြူလူငယ်လေးဖြစ်သည်။

ယခုအချိန်တွင် ပြည်မတွင် အလုပ်လုပ်ရန် နိုင်ငံခြားသားများ ပို၍ ရွေးချယ်လာကြသည်။ တိုးတက်လာသော ဈေးကွက်သည် အဆုံးအစွန်မရှိသော အခွင့်အလမ်းများကို ကိုယ်စားပြုသည်။ အချို့ နိုင်ငံခြားသားများ၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်ကို မငြင်းနိုင်သော်လည်း လူအများအပြား၏ မသိစိတ်တွင် နိုင်ငံခြားသားများက တရုတ်လူမျိုးများထက် ပိုမိုထူးချွန်သည်ဟု ယူဆထားကြသည်ဟု ဖုန်းယွီ သံသယရှိနေသည်။

နိုင်ငံခြားသားများကို ငှားရမ်းခြင်းဖြင့် သူတို့၏ ဝန်ဆောင်မှုဈေးနှုန်းကို ပိုမိုတောင်းနိုင်သည်။ အချို့မှာ တရုတ်ပြည်ရှိ နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများသာ ဖြစ်သည်။

“ဥက္ကဋ္ဌ မင်္ဂလာပါ”

ဟင်၊ ဒီနိုင်ငံခြားသားရဲ့ တရုတ်စကားက ကောင်းပါ့လား။ အသံထွက် နည်းနည်း ထူးဆန်းနေပေမဲ့ သင်ယူထားကြောင်း သိသာသည်။

ထိုနိုင်ငံခြားသားသည် ဖုန်းယွီကို လှည့်ကြည့်ပြီး မျက်လုံးများ ပြူးသွားသည်။ ဒါက အာရှရဲ့ အချမ်းသာဆုံး မဟုတ်လား။ ဒီထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီးက ဒီလူရဲ့ ကုမ္ပဏီဖြစ်နေတာပဲ။

ဖုန်းယွီသည် ကြောင်သွားသည်။ ဒီနိုင်ငံခြားသား ဘာဖြစ်တာလဲ။ သူ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ။ သူက မိန်းကလေး လှလှလေးလည်း မဟုတ်ဘူး။ ဒီလူရဲ့ လိင်စိတ်က ပြောင်းလဲနေရင် ဒီကုမ္ပဏီကို ပြောင်းလဲရတော့မယ်။

ငါ လူမျိုးခွဲခြားတာ မဟုတ်ဘူး၊ ဒီအရာကိုလည်း အားမပေးဘူး။ စိတ်ထဲမှာ နည်းနည်းလေး မသက်မသာ ဖြစ်နေတာပဲ။

“အဟမ်း…” ဖုန်းယွီသည် နှစ်ချက် ချောင်းဟန့်ကာ ထိုနိုင်ငံခြားသားကို သူ့ကို တည့်တည့်မကြည့်ရန် သတိပေးလိုက်သည်။

ထိုနိုင်ငံခြားသားသည် သတိပြန်ဝင်လာပြီး သတိထားစွာဖြင့် မေးသည်။ “ခင်ဗျားက ဖုန်းယွီ မစ္စတာ ဖုန်းလား”

ဟင်၊ ဒီနိုင်ငံခြားသားက သူ့ကို သိတာလား။ မဟုတ်သေးဘူး။ ပြည်တွင်းသတင်းစာတွေမှာ သူ့ပုံ မပါခဲ့ပါဘူး။

“ဟုတ်တယ်၊ မင်း ငါ့ကို သိတာလား”

ထိုနိုင်ငံခြားသားသည် တကယ်ပင် အံ့အားသင့်သွားသည်။ တကယ်ပဲ ဒီလူဖြစ်နေတာပဲ။ ဖုန်းယွီ၏ ပုံများ အလွန်ရှားပါးသော်လည်း ဖုန်းယွီ၏ ပုံကို ရှာဖွေနိုင်သော နည်းလမ်းများ ရှိသည်။

ပထမတော့ သူသည် ဖုန်းယွီ၏ မျက်နှာက ရင်းနှီးသည်ဟုသာ ထင်ခဲ့သော်လည်း ယခုတွင်မူ သေချာသွားပြီဖြစ်သည်။

ကြည့်ရသည်မှာ ဖုန်းယွီသည် သူ့ထက် အသက်ငယ်သေးသည်။ သူ၏ ရည်မှန်းချက်က တရုတ်တွင် ဆယ်နှစ် သို့မဟုတ် ရှစ်နှစ် အလုပ်လုပ်ပြီး အင်္ဂလန်သို့ ပြန်သွားကာ ပျော်ရွှင်သော လူလတ်တန်းစားဖြစ်ရန်သာ ဖြစ်သည်။ တရုတ်၏ စကားပုံတစ်ခုတွင် “လူချင်းယှဉ်ကြည့်တော့ လူကို စိတ်ဆိုးစေတယ်” ဟု ပြောသကဲ့သို့ပင် ဖြစ်နေသည်။

“ကျွန်တော် ပေကျင်းတက္ကသိုလ်ရဲ့ ကျောင်းဆင်းဓာတ်ပုံထဲမှာ ခင်ဗျားကို တွေ့ဖူးပါတယ်။ ကျွန်တော် ခင်ဗျားကို သိချင်စိတ်ရှိတာပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး”

ဖုန်းယွီသည် လက်ယမ်းပြလိုက်သည်။ “ခင်ဗျားတို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး စာရင်းစစ်ရလဒ်ကို အရင်ပြောပါ”

သူသည် ကိုယ့်ရဲ့ ရုပ်ရှင်မင်းသားကို တွေ့လိုက်ရသကဲ့သို့ ကြောင်သွားခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ဖုန်းယွီ စိတ်အေးသွားသည်။

“ကျွန်တော်တို့ ကုမ္ပဏီရဲ့ စာရင်းစစ်ရလဒ်အရ ဖုန်းယွီ ဒီဇိုင်းကုမ္ပဏီရဲ့ ဘဏ္ဍာရေးစာရင်းမှာ ပြဿနာမရှိပါဘူး။ အချက်နှစ်ချက်ပဲ ရှိပါတယ်။ သူတို့ရဲ့ အသုံးစရိတ်က နည်းနည်းလေး များနေပါတယ်။ အစားအသောက်၊ နေထိုင်စရိတ်တွေအပြင် သွားလာရေး၊ ဆက်သွယ်ရေး စရိတ်တွေလည်း ပါပါတယ်။ နောက်ပြီး ဒီဇိုင်နာမိသားစုဝင်တွေရဲ့ မွေးနေ့လက်ဆောင်တွေအတွက် ကုန်ကျစရိတ်တွေလည်း ပါပါတယ်”

ကျုံးချင်းရှန်းနှင့် ဖုန်းယွီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဤအသုံးစရိတ်များကို ဖုန်းယွီကပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ဒီဇိုင်နာမိသားစုဝင်များ၏ မွေးနေ့လက်ဆောင်များကြောင့် ထိုဒီဇိုင်နာများသည် ကုမ္ပဏီအပေါ် သစ္စာရှိကြသည်။ ဖုန်းယွီ ဒီဇိုင်းကုမ္ပဏီသည် အခြားကုမ္ပဏီများမှ လူတော်များကို ဆွဲဆောင်နိုင်ပြီး သူတို့၏ လစာက ပိုများနေရင်တောင် မည်သူမျှ ဖုန်းယွီ ဒီဇိုင်းမှ ထွက်မသွားကြပေ။

ထူးချွန်သော ဒီဇိုင်နာတစ်ဦး၏ လစာသည် နိမ့်ကျမည်မဟုတ်ပေ။ ပိုများခြင်းက ကောင်းသော်လည်း စိတ်ချမ်းသာမှုသည်လည်း အရေးကြီးသည်။ ဖုန်းယွီ ဒီဇိုင်းကုမ္ပဏီသည် သူတို့အား မိသားစုကဲ့သို့ ခံစားရစေသည်။

“ဒီအသုံးစရိတ်တွေက ကုမ္ပဏီရဲ့ စည်းမျဉ်းတွေပဲ။ တခြားကုမ္ပဏီတွေမှာ မရှိတော့ ခင်ဗျား မသိတာ သာမန်ပါပဲ။ တခြား ပြဿနာ ရှိသေးလား” ကျုံးချင်းရှန်းက မေးသည်။

“မရှိတော့ပါဘူး”

“ဒါဆိုလည်း ကောင်းပြီ။ လက်မှတ်သွားထိုးပြီး အတည်ပြုပါ”

“ခဏလေး၊ ဖုန်းဥက္ကဋ္ဌ၊ ခင်ဗျားနဲ့ စကားနည်းနည်း ပြောလို့ရမလား” ထိုနိုင်ငံခြားသားသည် ဖုန်းယွီဘက်သို့ လှည့်လိုက်သည်။

ဖုန်းယွီသည် မျက်ခုံးပင့်လိုက်သည်။ “ရတယ်၊ ထိုင်လိုက်။ ဒါနဲ့ မင်းနာမည် ဘယ်သူလဲ”

ဤလူသည် အန်းရှင်းတားကို ကိုယ်စားပြုနိုင်သဖြင့် သေချာပေါက် ဘဏ္ဍာရေးတွင် အထူးကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီးသို့ ခေါ်ယူရန် ဖုန်းယွီ စဉ်းစားလိုက်သည်။

“ဖုန်းဥက္ကဋ္ဌ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့် တရုတ်နာမည်က ဟူရမ် (Hu Run) ပါ”

“ဟူရမ်” ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် မျက်လုံးများ ပြူးသွားသည်။

“မင်းနာမည် ဘယ်သူပါ ပြောလိုက်တာလဲ”

******

အခန်း ၁၀၀၄ - ဖုံးကွယ်မထားတော့ပါ

လူဖြူလူငယ်သည် စိတ်လှုပ်ရှားစွာဖြင့် “ကျွန်တော်မျိုး နာမည်က ဟူရမ်ပါ။ ကိုယ့်ဘာသာကိုယ် ပေးထားတဲ့ နာမည်ပါ။ တရုတ်ပြည်မှာ ကျောင်းလာတက်ကတည်းက ဒီနာမည်ကို သုံးလာခဲ့တာပါ။ ဘာပြဿနာ ရှိလို့ပါလဲ”

“မရှိဘူး၊ မရှိဘူး၊ ဘာပြဿနာမှ မရှိဘူး။ ကောင်းတဲ့နာမည်ပဲ”

ဒီလူက ဟူရမ်ပဲ။ ယခင်ဘဝတွင် Forbesနှင့် ပူးပေါင်းကာ နောက်ပိုင်းတွင် သီးသန့် လုပ်ငန်းလုပ်ခဲ့သော ဟူရမ် သူဌေးစာရင်းကို ထိုလူက ဖန်တီးခဲ့သည်။

ဖုန်းယွီသည် ရုတ်တရက် အတွေးဝင်လာသည်။ သူ ကိုယ်တိုင် ဘာလို့ သူဌေးစာရင်း မပြုစုနိုင်ရမှာလဲ။ Forbes၏ လက်တံများသည် ပြည်တွင်းသို့ မဝင်ရောက်သေးပေ။ ပြည်တွင်းမှ သူဌေးကြီးများ၏ အဆင့်သတ်မှတ်ချက်သည် သူ့အမြင်တွင် ပြဿနာများစွာ ရှိနေသည်။

တရုတ်ပြည်တွင် ဖုံးကွယ်ထားသော သူဌေးများစွာ ရှိသည်။ ဤလူများသည် ထင်ရှားခြင်းမရှိသော်လည်း သူတို့၏ ပိုင်ဆိုင်မှုမှာ အနည်းငယ်မျှ မဟုတ်ပေ။ ဥပမာအားဖြင့် ဖုန်းယွီ၏ ခဲအို လီရှိချန်မှာ စာရင်းမဝင်ခဲ့ပေ။ သို့သော် ဖုန်းယွီ၏ အမြင်တွင် သူ့ခဲအိုသည် စာရင်းဝင်ရန် အရည်အချင်း ပြည့်မီသူဖြစ်သည်။ သူ၏ လုပ်ငန်းသည် မြစ်ဝါမြစ် တောင်ပိုင်းအထိ ချဲ့ထွင်ထားပြီးဖြစ်သည်။

ပြည်မ၏ ထိပ်ဆုံး ပုဂ္ဂလိက ကုန်သွယ်ရေးကုမ္ပဏီတစ်ခုတည်းပင် သူ၏ပိုင်ဆိုင်မှုကို တိုးတက်စေခဲ့သည်။ နတ်စဒတ် (Nasdaq) တွင် စာရင်းဝင်သွားပါက သူ၏ ပိုင်ဆိုင်မှုသည် ငါးဆ အလွယ်တကူ တိုးလာမည်။(Nasdaq= စတော့ရှယ်ယာ exchange တစ်ခုပါ)

ထို့အပြင် ပြည်တွင်းတွင် စာရင်းဝင် ကုမ္ပဏီ နည်းပါးသည်။ ကုမ္ပဏီအများအပြား၏ ဘဏ္ဍာရေးသည်လည်း အများသိမရှိပေ။ ၎င်းသည် ဥရောပနှင့် အမေရိကန်တို့နှင့် မတူညီပေ။ စာရင်းပြုစုသောအခါ အမှားများစွာ ရှိနိုင်ဖွယ်ရှိသည်။

သူ ကိုယ်တိုင် သူဌေးစာရင်း ပြုစုခြင်းဖြင့် လူများ၏ အမြင်များကို ပြောင်းလဲနိုင်မည်။ ချမ်းသာသူများသည် ဆက်ဆံရေးကြောင့်သာ ချမ်းသာကြွယ်ဝလာသည်ဆိုသော အမြင်မျိုးကို ပြောင်းလဲစေနိုင်သည်။ ထို့အပြင် တရုတ်ပြည်တွင်လည်း ငယ်ရွယ်သောလူများစွာ ရှိကြောင်းကို လူအများ သိရှိစေမည်ဖြစ်ပြီး ခြေလှမ်းကျဲတစ်ချက်ဖြင့် အကြီးအကျယ် ချမ်းသာလာနိုင်ကြောင်း ပြသနိုင်သည်။

ဤစာရင်းသည် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အထောက်အကူပြုနိုင်သည်။ နိုင်ငံခြားသို့ ထုတ်ဝေနိုင်ပါက ပို၍ပင် ကောင်းသည်။

ကျုံးချင်းရှန်းသည် ဖုန်းယွီကို ကြည့်လိုက်သည်။ သူ၏ အတွေ့အကြုံအရ ဖုန်းယွီသည် ဤသို့သော အမူအရာမျိုး ပြုလုပ်ပါက ထိုလူကို စိတ်ဝင်စားပြီး စည်းရုံးရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်နေခြင်းဖြစ်သည်။

ဤလူ၏ ဘဏ္ဍာရေးစွမ်းရည်မှာ ကောင်းသည်။ ဖုန်းယွီသည် သူ့ကို ကုမ္ပဏီ၏ ဘဏ္ဍာရေးဌာနသို့ ခန့်အပ်ရန် စဉ်းစားနေသည်လား။ သို့သော် သူသည် အလွန်ငယ်ရွယ်သေးသည်။ အတွေ့အကြုံ မပြည့်စုံဘူးလား။

ဤစကားကို သူသည် စိတ်ထဲတွင်သာ တွေးနေနိုင်ပြီး ပါးစပ်မှ ထုတ်မပြောနိုင်ပေ။ ဖုန်းယွီသည် သူတို့ထက် ပိုမိုငယ်ရွယ်ပြီး အောင်မြင်မှုမှာမူ သူတို့ မီနိုင်ခြင်းမရှိပေ။

“မားလေး၊ မစ္စတာ ဟူရမ်ကို ကော်ဖီတစ်ခွက်လောက် ပေးပါဦး” ကျုံးချင်းရှန်းက ခေါ်လိုက်သည်။

ဟူရမ်သည် အလွန် အံ့အားသင့်သွားသည်။ ၎င်းသည် သူ့ကို သူငယ်ချင်းတစ်ဦးကဲ့သို့ ဆက်ဆံခြင်း ဖြစ်သည်။

“မစ္စတာဖုန်း၊ ခင်ဗျားက Forbesရဲ့ စာရင်းဝင်သူတစ်ဦး ဖြစ်ခဲ့တယ်။ Forbesကို ဘယ်လိုမြင်လဲ” ဟူရမ်သည် စိတ်လှုပ်ရှားစွာ မေးသည်။

ဖုန်းယွီသည် စိတ်ထဲတွင် “နောက်ဆုံးတော့ လာပြီ” ဟု တွေးလိုက်သည်။ သူ့တွင် စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှုနှင့် အတွေးအခေါ်များ ရှိသည်။ ထို့ကြောင့် ယခင်ဘဝတွင် သူ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ သူဌေးတွေကို ပိုင်ဆိုင်မှုအလိုက် အဆင့်သတ်မှတ်ပေးနိုင်ပြီး ဒေသတွင်း စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိတယ်။ ၎င်းသည် အောင်မြင်သော စီးပွားရေးမဂ္ဂဇင်း ဖြစ်ပြီး ဖျော်ဖြေရေးကဏ္ဍလည်း ပါဝင်တယ်။ ဒါက ကံကြမ္မာနဲ့ မတူဘူး။ သူက လူတွေကို မြှင့်တင်ပေးတယ်၊ လုပ်ငန်းတွေကို မဟုတ်ဘူး”

“ဟုတ်တယ်၊ ကျွန်တော်လည်း ဒီလိုပဲ ထင်တယ်။ ဒါပေမဲ့ Forbesရဲ့ အာရှထုတ်ဝေမှု ရှိပေမဲ့ ပြည်တွင်းက သူဌေးတွေကို စစ်တမ်းကောက်တာက နည်းနည်း မမျှတဘူးဆိုတာ ခင်ဗျား သတိထားမိလား။ သူတို့က စုံစမ်းစစ်ဆေးဖို့တောင် မလာဘူး။ အချက်အလက် အများစုက တခြားမဂ္ဂဇင်းတွေက ရတာဆိုတော့ အရမ်း မတိကျဘူး” ဤအကြောင်းကို ပြောသောအခါ စာရင်းကိုင်ဖြစ်သူ ဟူရမ်သည် ဒေါသတချို့ ပေါက်ကွဲလာသည်။

“ဟုတ်တယ်။ ဒါဆို မင်းမှာ ဘာအကြံတွေ ရှိလဲ” ဖုန်းယွီက ပြုံးလျှက် မေးသည်။

“တရုတ်ပြည်မှာ သူ့ရဲ့ ကိုယ်ပိုင် Forbesမဂ္ဂဇင်း ရှိသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟူရမ်သည် စကားဆုံးသော် ဖုန်းယွီကို မျှော်လင့်စွာ ကြည့်နေသည်။ သူ၏ ဆိုလိုရင်းကို ဖုန်းယွီ နားလည်မည်ဟု သူ မျှော်လင့်သည်။

“မဟုတ်ဘူး၊ ကျွန်တော် အဲဒီလို မထင်ဘူး” ဖုန်းယွီက ခေါင်းခါလိုက်သည်။

ဟူရမ်သည် စိတ်လှုပ်ရှားလာသည်။ ဖုန်းယွီကို ဆက်ပြောဖို့ ကြိုးစားနေစဉ် ဖုန်းယွီက လက်ယမ်းပြလိုက်သည်ကို တွေ့သည်။ “တရုတ်ပြည်မှာ သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေးမဂ္ဂဇင်း ရှိသင့်တယ်။ ဒါပေမဲ့ Forbesတစ်ခုတည်း မဟုတ်ဘူး”

ဟူရမ် ကြောင်သွားသည်။ Forbesတစ်ခုတည်း မဟုတ်ဘူးဆိုသည်မှာ ဘာကို ဆိုလိုသလဲ။

ဟူရမ် နားမလည်သည်ကို မြင်သောအခါ ဖုန်းယွီသည် ဆက်ပြောသည်။ “ကမ္ဘာ့ ထိပ်တန်း စီးပွားရေးမဂ္ဂဇင်းတွေ ဘာတွေ ရှိလဲ သိလား”

“စီးပွားရေး အပတ်စဉ် (Business Week)၊ ကံကြမ္မာ (Fortune)၊ Forbes (Forbes)၊ စီးပွားရေး ပညာရှင် (The Economist)၊ ပြီးတော့ တိုင်းမ် (Time)၊ ပိုက်ဆံ (Money) စတဲ့ မဂ္ဂဇင်းတွေလည်း ပါဝင်နိုင်ပါတယ်” ဟူရမ်က စဉ်းစားပြီး ပြန်ဖြေသည်။

“ကောင်းတယ်။ မင်း ဒီအကြောင်းကို အများကြီး လေ့လာထားပုံရတယ်။ ဒါဆို မင်း အကြိုက်ဆုံး မဂ္ဂဇင်းက ဘာလဲ”

“Forbesပါ။ သူက လူတွေမှတစ်ဆင့် စီးပွားရေးတိုးတက်မှုကို ပြသတယ်။ ဒါက လူတွေရဲ့ ဖတ်ရှုချင်စိတ်ကို အလွယ်ဆုံး ဖြစ်ပေါ်စေတယ်။ သူ့ရဲ့ စာဖတ်သူ အများစုတောင် စီးပွားရေးသမားတွေ မဟုတ်ဘူး”

“ဒါဆို Business Week ရဲ့ ထုတ်ဝေမှုနဲ့ ဝယ်ယူမှုက ဘာလို့ အမြင့်ဆုံး ဖြစ်နေတာလဲ” ဖုန်းယွီက ပြန်မေးသည်။

“ဒါက ပိုပြီး ပညာရပ်ဆန်ပြီး နှစ်ပတ်တစ်ကြိမ် ထုတ်ဝေလို့ပါ”

“မဂ္ဂဇင်းတိုင်းမှာ သူ့ရဲ့ အားသာချက်တွေ ရှိတယ်လို့ ကျွန်တော် ပြောရင် ခင်ဗျား ဘယ်လို ထင်လဲ”

“ဟုတ်ပါတယ်။ မဂ္ဂဇင်းတိုင်းမှာ သူ့ရဲ့ စာဖတ်ပရိသတ်တွေ အများကြီး ရှိပါတယ်။ သူတို့ထဲက အများစုကလည်း အချင်းချင်း ထပ်နေကြပါတယ်”

ဖုန်းယွီက လက်ခုပ်တီးလိုက်သည်။ “ဟုတ်တယ်။ စာဖတ်သူ အများစုက ထပ်နေကြတယ်။ သူတို့က စီးပွားရေးမဂ္ဂဇင်းတွေကို အများစုမှာ မှာယူကြတယ်။ ဒီစာဖတ်သူတွေက စီးပွားရေးလုပ်ငန်းရှင်တွေပဲ။ ခင်ဗျားက တရုတ်ပြည်ထုတ် Forbesမဂ္ဂဇင်းအကြောင်းပဲ တွေးနေတာလား။ ဒီမဂ္ဂဇင်းတွေအားလုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတဲ့ မဂ္ဂဇင်းတစ်အုပ် ဖန်တီးဖို့ မစဉ်းစားမိဘူးလား”

“ဒါက သတင်းထောက်တွေနဲ့ အချက်အလက်တွေ အများကြီး လိုအပ်လိမ့်မယ်။ အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်” ဟူရမ်သည် မျက်လုံးများ ပြူးသွားသည်။ ဖုန်းယွီသည် ဤမျှ စွန့်စားရဲသူလား။

“ခက်ခဲတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူး။ သတင်းထောက်တွေ အများကြီး လိုအပ်ရင် ကျွန်တော်တို့က ရှာဖွေနိုင်တယ်။ ကိုယ့်ဘာသာကိုယ်လည်း လေ့ကျင့်ပေးနိုင်တယ်။ အချက်အလက်တွေကို ကိုယ်တိုင် စုဆောင်းနိုင်သလို တခြားမဂ္ဂဇင်းတွေ၊ သတင်းစာတွေကနေလည်း ဝယ်လို့ရတယ်။ မဂ္ဂဇင်းအပြင် ကျွန်တော်တို့ သီးခြား ဝက်ဘ်ဆိုဒ်တစ်ခုလည်း တည်ထောင်ရမယ်။ သတင်းအချက်အလက်တွေကို ဒီထဲမှာ ဖော်ပြနိုင်တယ်”

“ဝက်ဘ်ဆိုဒ်။ မဂ္ဂဇင်းက ဆောင်းပါးတွေကို ဝက်ဘ်ဆိုဒ်ပေါ် တင်တာလား။ ဒါဆို ဘယ်လို အမြတ်ရမလဲ”

“အခကြေးငွေနဲ့ပါ။ မှတ်ပုံတင်ဖို့၊ ကြည့်ရှုဖို့၊ ဒေါင်းလုတ်လုပ်ဖို့ အခကြေးငွေ ပေးရလိမ့်မယ်။ မကြည့်ရင်တောင် လစဉ်ကြေး ပေးရမယ်။ ကျွန်တော်တို့က အဆင့်မြင့် စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတယ်။ ဒီချမ်းသာတဲ့ လူတွေက ဒီလောက် ပိုက်ဆံလေးကို နှမြောမှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ ကြော်ငြာတွေလည်း ထည့်နိုင်တယ်။ ဥပမာ ကုမ္ပဏီတွေ ဒါမှမဟုတ် လူတစ်ဦးချင်းစီ ပူးပေါင်းဆောင်ရွက်မှုရှာတဲ့ ကြော်ငြာတွေပေါ့”

ယခင်ဘဝတွင် ထိုစီးပွားရေးမဂ္ဂဇင်းများသည် အီလက်ထရောနစ်ထုတ်ဝေမှုများ ရှိနေပြီးဖြစ်သဖြင့် ရိုးရာစာနယ်ဇင်းများသည် တဖြည်းဖြည်း ဈေးကွက် ကျဉ်းမြောင်းလာသည်။ သို့သော် အချို့မှာ စီမံခန့်ခွဲမှု မကောင်းသဖြင့် ဝက်ဘ်ဆိုဒ်များကို ပိတ်လိုက်ရသည်။

ဘေးမှ ကျုံးချင်းရှန်းသည်ပင် ကြောင်နေသည်။ ဖုန်းယွီသည် ဘာတွေ ပြောနေလဲ။ ထိုစီးပွားရေးမဂ္ဂဇင်း အချို့ကို သူတောင် မကြားဖူးပေ။ ဖုန်းယွီသည် စီးပွားရေးမဂ္ဂဇင်းကို ကိုယ်တိုင် ပြုလုပ်ချင်ပြီး တခြားမဂ္ဂဇင်းများထက် ပိုကောင်းအောင် လုပ်ချင်သည်ဟု ထင်ရသည်။ ဤအချက်ကို သူ နားလည်နိုင်သော်လည်း ဝက်ဘ်ဆိုဒ်ဆိုသည်မှာ ဘာလဲ။

နောက်ပြီး အခကြေးငွေ ပေးရသည်ဆိုသည်မှာလည်း ဘယ်လို လုပ်ရမည်နည်း။

ထိုအချိန်တွင် တရုတ်ဘဏ်များသည် အွန်လိုင်းဘဏ်လုပ်ငန်းကို မဖွင့်လှစ်ရသေးပေ။ လာမည့် နှစ် ၂၀၀၀ ခုနှစ်တွင်မှ ပြည်တွင်းဘဏ်များသည် ဤလုပ်ငန်းကို စတင်မည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးမှသာ လူများက လက်ခံလာမည်။

သို့သော် ယခုတွင် ဘဏ်တွင် အကောင့်နှင့် စကားဝှက်များကို အဆင်သင့် လုပ်ပြီး လုပ်ငန်းလုပ်မည့်နေရာသို့ သွားရောက် လုပ်ဆောင်နိုင်သည်။ အစပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသူ နည်းပါးမည်ကို ဖုန်းယွီသည် လက်ခံထားပြီးသား ဖြစ်သည်။

“ဖုန်းဥက္ကဋ္ဌ၊ ခင်ဗျား ကျွန်တော့်ကို ဒီလောက် အများကြီး ပြောတာ ဘာအဓိပ္ပာယ်လဲ” ဖုန်းယွီက သူ့စိတ်ကူးများကို သူ့ကို ဘာလို့ ပြောပြနေသည်ကို ဟူရမ်သည် အံ့ဩနေသည်။

“ကျွန်တော် ဒီလို လုပ်ငန်းမျိုး တည်ထောင်ချင်တယ်။ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ မဂ္ဂဇင်းတွေ ထုတ်ဝေချင်တယ်။ ဝက်ဘ်ဆိုဒ်တွေလည်း လုပ်ငန်းလုပ်ချင်တယ်။ မင်း ဒီမဂ္ဂဇင်းရဲ့ အဓိက သုတေသီအဖြစ် တာဝန်ယူဖို့ စိတ်ဝင်စားလား”

ဖုန်းယွီက သူ့ကို စည်းရုံးနေသည်လား။ အာရှရဲ့ အချမ်းသာဆုံး၊ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးက သူ့ကို စည်းရုံးနေသည်။

******

အခန်း ၁၀၀၅ - ဖုန်းယွီရဲ့ စီးပွားရေး အပတ်စဉ်

“စိတ်ဝင်စားပါတယ်၊ ဒါပေမဲ့ ကျွန်တော့် လက်ရှိအလုပ်က…”

“နုတ်ထွက်လိုက်။ ခင်ဗျားရဲ့ လစာ ဘယ်လောက်လဲ၊ ကျွန်တော် နှစ်ဆ တိုးပေးမယ်” ဖုန်းယွီက အာဏာရှိစွာ ကြေညာလိုက်သည်။

“ဒါဆို ကျွန်တော် ဘယ်နေ့ အလုပ်စဝင်ရမလဲ”

“စာရင်းကိုင်ကုမ္ပဏီက နုတ်ထွက်တဲ့နေ့ကစပြီး ဝင်နိုင်တယ်”

“မနက်ဖြန်၊ ကျွန်တော် မနက်ဖြန် နုတ်ထွက်နိုင်ပါတယ်” ဟူရမ်သည် စိတ်လှုပ်ရှားမှုကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။ သူသည် သူ အကြိုက်ဆုံးအလုပ်ကို လုပ်ရမည်ဖြစ်ပြီး ပိုက်ဆံလည်း ပိုမိုရမည်ဖြစ်ရာ ဤထက် ပိုမိုကောင်းမွန်သော အလုပ်မျိုး ရှိပါဦးမလား။

ဟူရမ် ထွက်သွားသောအခါ ကျုံးချင်းရှန်းသည် ဖုန်းယွီကို သိချင်စိတ်ဖြင့် မေးသည်။ “မင်းက ဘာလို့ မဂ္ဂဇင်း ထုတ်ချင်ရတာလဲ။ စီးပွားရေးမဂ္ဂဇင်းဆိုတော့လေ။ နောက်ပြီး အွန်လိုင်းတွေ ဘာတွေ လုပ်မယ်ဆိုတော့ ဒါက ပိုက်ဆံ ရနိုင်ပါ့မလား”

“အစပိုင်းတော့ သေချာပေါက် အမြတ်မရနိုင်ဘူး။ ဒါပေမဲ့ ကောင်းကောင်း စီမံခန့်ခွဲနိုင်ရင် သေချာပေါက် အမြတ်ရမှာပဲ။ ကျွန်တော်တို့ တရုတ်ပြည်မှာ ဘယ်လောက် လူဦးရေများလဲဆိုတာ မမေ့နဲ့။ မြို့တွေမှာ စီးပွားရေးသမားတွေ ဘယ်လောက်ရှိလဲဆိုတာလည်း မမေ့နဲ့။ မဂ္ဂဇင်းက တစ်အုပ်ကို အနည်းဆုံး တစ်သိန်းလောက် ရောင်းရရင် အရှုံးမရှိတော့ဘူး။ ငါးသိန်းကျော် ရောင်းရရင်တော့ နည်းနည်း အမြတ်ရလာနိုင်တယ်။ တစ်သန်းကျော် ရောင်းရရင်တော့ ဝက်ဘ်ဆိုက်ရဲ့ အရှုံးတွေကိုပါ ဖြည့်ပေးနိုင်လိမ့်မယ်။ နောက်ပိုင်းမှာ ဝက်ဘ်ဆိုက်က အခကြေးငွေ ပိုမိုကောင်းမွန်လာပြီး ရိုးရာမဂ္ဂဇင်းတွေလည်း ပိုမို ရောင်းရလာတဲ့အခါမှာ တကယ်ကို အမြတ်ရလာလိမ့်မယ်”

ဖုန်းယွီသည် မူလက မဂ္ဂဇင်းမှ အမြတ်ရရန် ရည်ရွယ်မထားပေ။ မဂ္ဂဇင်း၏ ပထမဦးဆုံးထုတ်ဝေမှုတွင် တစ်သန်း ရောင်းရရင်တောင် ဘယ်လောက် အမြတ်ရနိုင်မှာလဲ။ အရေးကြီးသည်မှာ သူသည် ဤမဂ္ဂဇင်းမှတစ်ဆင့် တရုတ်ပြည်၏ စီးပွားရေးတစ်ခုလုံးကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိစေနိုင်သည်။ နိုင်ငံချမ်းသာပြီး ပြည်သူချမ်းသာလာပါက ဝယ်ယူနိုင်စွမ်း မြင့်တက်လာမည်ဖြစ်ပြီး သူ၏ လုပ်ငန်းများသည်လည်း ပိုက်ဆံ ပိုမိုရလာမည်ဖြစ်သည်။

လူများကို နိုင်ငံခြားတွင် သွားရောက် လုပ်ကိုင်ပြီး နိုင်ငံခြားသားများ၏ ပိုက်ဆံများကို ရှာဖွေစေရန် တိုက်တွန်းနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် နိုင်ငံခြားသားများသည် တရုတ်ပြည်သို့ လာရောက်ပြီး တရုတ်ပြည်သူများ၏ ပိုက်ဆံများကို လာရောက်ယူခြင်းမျိုး မဖြစ်တော့ပေ။ နောင်တွင် နိုင်ငံခြားသားများသည် တရုတ်ပြည်သို့ လာရောက်ပါက တရုတ်သူဌေးများအတွက်သာ အလုပ်လုပ်ရလိမ့်မည်။

“ဒါဆို မဂ္ဂဇင်းတိုက်အတွက် တည်းဖြတ်သူတွေ၊ သတင်းထောက်တွေကို ဘယ်က ရှာမလဲ”

“တခြား မဂ္ဂဇင်းတိုက်တွေ၊ သတင်းစာတိုက်တွေကနေ ခေါ်မယ်လေ။ ကျွန်တော် မှတ်မိသလောက် စီးပွားရေး အပတ်စဉ် မဂ္ဂဇင်းမှာ ပြည်တွင်းက ထူးချွန်တဲ့ လူတွေ အများကြီးရှိတယ်။ သူတို့က ကျွန်တော့် မဂ္ဂဇင်းတိုက်မှာ အလုပ်လုပ်ဖို့ သင့်တော်မယ်လို့ ကျွန်တော် ယူဆတယ်။ နောက်ပြီး Fortune ၊ Forbesတို့မှာလည်း အာရှ ဒါမှမဟုတ် တရုတ်ပြည်အတွက် သတင်းထောက်တွေ ရှိတယ်။ သူတို့ကိုလည်း ခေါ်လို့ရတယ်”

“ဒါဆို ဘယ်အချိန် စတင်ထုတ်ဝေဖို့ စီစဉ်ထားလဲ”

“နောက်နှစ် နှစ်သစ်ကူးနေ့မှာ ပထမဦးဆုံး အကြိမ် စတင်ထုတ်ဝေမယ်။ ပထမဆုံး အကြောင်းအရာကတော့ တရုတ်ပြည်ရဲ့ စီးပွားရေး ခေါင်းဆောင် ၅၀ ဦးအကြောင်း ဖြစ်လိမ့်မယ်။ အဲဒါက တရုတ်ပြည် စတင်တည်ထောင်ခြင်း နှစ် ၅၀ နဲ့လည်း ကိုက်ညီတယ်။ လာမယ့်နှစ် ၁၀၀၀ ပြည့်နှစ်မှာတော့ အချမ်းသာဆုံး စာရင်းကို ထုတ်ဝေနိုင်ပြီ”

တရုတ်ပြည်မှ သူဌေးများစွာသည် ဖုန်းယွီကဲ့သို့ပင် သူတို့၏ ချမ်းသာမှုကို မပြချင်ကြပေ။ ရုတ်တရက် အချမ်းသာဆုံးစာရင်းကို ထုတ်ဝေပါက လူအချို့နှင့် ပြဿနာ ရှိလာနိုင်သည်။

သို့သော် စီးပွားရေးခေါင်းဆောင် ၅၀ ဦးကတော့ မတူပေ။ ၎င်းသည် သူတို့အတွက် ဂုဏ်ပြုဆုများ ပေးလိုက်ခြင်းဖြစ်သည်။ စီးပွားရေးခေါင်းဆောင်များ ဖြစ်သည့်အတွက် သူတို့သည် စီးပွားရေးလောကတွင် အတော်ဆုံးလူ ၅၀ ဖြစ်သည်ဟု ဆိုလိုသည်။

အခြားသူများကို သူတို့၏ ဦးဆောင်မှုနေရာကို ယုံကြည်စေရန် မည်သို့ လုပ်နိုင်မည်နည်း။ ပိုက်ဆံနှင့် နှိုင်းယှဉ်ကာ မည်သူက ပို၍ အောင်မြင်ကြောင်းနှင့် မည်သူက ခေါင်းဆောင် ဖြစ်ရန် ပို၍ သင့်တော်ကြောင်း ဆုံးဖြတ်ရမည်။

ထိုသို့ဆိုလျှင် အချမ်းသာဆုံးစာရင်း၏အစ ပေါ်ပေါက်လာမည်ဖြစ်ပြီး နောက်တစ်နှစ်တွင် အချမ်းသာဆုံးစာရင်းကို ထုတ်ဝေခြင်းသည် ပို၍ပင် သင့်လျော်လာမည်ဖြစ်ပြီး အတားအဆီးများလည်း လျော့နည်းလာမည်။

လူအများအပြားသည် သူတို့ကိုယ်တိုင် စာရင်းထဲတွင် ပါဝင်စေရန် တောင်းဆိုလာကြနိုင်သည်။ အချမ်းသာဆုံးစာရင်းတွင် ပါဝင်ခြင်းကို ဂုဏ်ယူကြသော သူဌေးများလည်း ရှိသည်။

“အစပိုင်းမှာ ခင်ဗျားရဲ့ မဂ္ဂဇင်းက နာမည် မရှိသေးဘူး။ လူတွေကို ဘယ်လို ဝယ်ယူအောင် ဆွဲဆောင်မလဲ”

“ကျုံး၊ ခင်ဗျားစကားအရဆိုရင် ကောင်းတဲ့ နည်းလမ်း ရှိပုံရတယ်”

ကျုံးချင်းရှန်းသည် ဖုန်းယွီကို ပြုံးလျှက် ကြည့်နေသည်။ ဘာမှ မပြောပေ။

“ခင်ဗျား ဆိုလိုတာက ကျွန်တော့်ကိုလား”

“ဟုတ်ပါတယ်။ ပထမဦးဆုံး ထုတ်ဝေမှုမှာ ခင်ဗျားကို မျက်နှာဖုံးတင်ပြီး ခင်ဗျားအကြောင်း ရေးသားမယ်။ ခင်ဗျားက တရုတ်ရဲ့ အချမ်းသာဆုံး၊ အာရှရဲ့ အချမ်းသာဆုံးဖြစ်တော့ လူအများ စိတ်ဝင်စားလိမ့်မယ်။ ခင်ဗျားအကြောင်းကို စိတ်ဝင်စားလိမ့်မယ်”

“ဟာ၊ ဒါက ကိုယ်တိုင်အတွက် ကြော်ငြာရမှာလား”

၎င်းသည် ကောင်းမွန်သော နည်းလမ်းဖြစ်သော်လည်း ဖုန်းယွီသည် မသုံးချင်ပေ။ တခြားလူများက ထင်ရှားချင်ကြသော်လည်း ဖုန်းယွီသည် သူ၏ ပုံကို လူများ သိရှိစေလိုခြင်းမရှိပေ။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ဘယ်ကို သွားသွား ပန်ဒါကြီးကဲ့သို့ ဝိုင်းကြည့်ခံရမည်ဖြစ်ပြီး ပျော်စရာမရှိတော့ပေ။

တစ်စုံတစ်ခု ရရှိပါက တစ်စုံတစ်ခု ဆုံးရှုံးရသည်ဟု ဆိုနိုင်သည်။ ဖုန်းယွီသည် ပိုက်ဆံကို တိတ်တဆိတ် ရှာဖွေခြင်းကို ရွေးချယ်လိုက်သည်။ နာမည်ကို သိခြင်းက ကောင်းသော်လည်း ဤမျက်နှာကိုတော့ ဖြစ်နိုင်သမျှ ဖုံးကွယ်ထားခြင်းက ပိုမိုကောင်းမွန်သည်။

“မကောင်းဘူး၊ အဲဒါဆို ကျွန်တော် နောက်ပိုင်း အပြင်ထွက်ပြီး ထမင်းစားဖို့တောင် အဆင်မပြေတော့ဘူး” ဖုန်းယွီက ခေါင်းခါလိုက်သည်။

“ဒါဆို တခြားနည်းလမ်း သုံးမယ်။ တခြားလူရဲ့ ပုံကို သုံးမယ်။ ဥပမာ လျိုချွမ်ကျစ်၊ လျိုယုန်ဟောက်တို့ပေါ့။ ဒါမှမဟုတ် လီမင်တဲ၊ လီကျင်းဝေ့၊ ကျန်ဝမ်မန်တို့လည်း ဖြစ်နိုင်တယ်”

ဖုန်းယွီသည် ကျုံးချင်းရှန်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ “ခင်ဗျားက ဘာလို့ ကိုယ့်နာမည် ကိုယ် မပြောတာလဲ”

“ကျွန်တော်လား။ ကျွန်တော်လည်း အင်တာဗျူးတွေကို သိပ်မကြိုက်ဘူး”

“ဒါဆို ပထမဆုံးအကြိမ်မှာ လျိုယုန်ဟောက်ကို မျက်နှာဖုံးတင်လိုက်တာ ပိုကောင်းမယ်။ သူတို့ မောင်နှမက တရုတ်ရဲ့ နွားစာလုပ်ငန်းမှာ နံပါတ်တစ်ဖြစ်တယ်။ တစ်လတစ်ယောက် မျက်နှာဖုံးပုံ လုပ်မယ်ဆိုတော့ လူတိုင်းမှာ အခွင့်အရေးရှိပါတယ်”

“လျိုယုန်ဟောက်တို့ မောင်နှမရဲ့ ကုမ္ပဏီက တကယ်ကို အားကောင်းတယ်။ ကျွန်တော့်အမြင်အရ နောက်နှစ်နှစ်ဆိုရင် အာရှရဲ့ အကြီးဆုံး နွားစာလုပ်ငန်းစု ဖြစ်လာနိုင်မယ်။ ဒါပေမဲ့ သူ့ရဲ့ နာမည်က အဲဒီလောက် မထင်ရှားဘူး။ ဖြစ်နိုင်ရင်တော့ တခြားနာမည်ကြီး မဂ္ဂဇင်းတွေနဲ့ ပူးပေါင်းသင့်တယ်”

“တခြားမဂ္ဂဇင်းတွေနဲ့ ပူးပေါင်းရမယ်။ ဘာကို ဆိုလိုတာလဲ”

“ဥပမာ Forbesပေါ့။ တရုတ်ထုတ်ဝေမှု မရှိသေးဘူးလေ။ ခင်ဗျားက Forbesရဲ့ တရုတ်ထုတ်ဝေမှုလို့ နာမည်တပ်ပြီး Forbesရဲ့ နာမည်ကို အသုံးပြုနိုင်တယ်”

ဟင်၊ ၎င်းသည် ယခင်ဘဝမှ ဟူရမ်၏ အချမ်းသာဆုံးစာရင်း၏ လမ်းကြောင်းပဲ။ ကျုံးချင်းရှန်းရဲ့ ဦးနှောက်က တကယ်ကို ကောင်းပါ့လား။ ရောင်းအားဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ထိုက်ပေသည်။

သို့သော် ဖုန်းယွီသည် သိပ် သဘောမကျပေ။ ထိုသို့လုပ်ခြင်းဖြင့် Forbesကို အခွင့်အရေး ပေးလိုက်သည်ဟု သူ ခံစားရသည်။

သို့သော် ပူးပေါင်းဆောင်ရွက်မှုကတော့ စဉ်းစားလို့ရသည်။ ဥပမာ စတိဗ် Forbesက နိဒါန်းရေးပေးနိုင်သလို ဘီလ်ဂိတ်၊ လီချောင်ရိမ် (Li Chaoren) တို့လို ပုဂ္ဂိုလ်များက နိဒါန်းရေးပေးပါက မဂ္ဂဇင်း၏ အရည်အသွေးသည် ရုတ်တရက် မြင့်တက်လာမည်ဖြစ်သည်။

“တခြားမဂ္ဂဇင်းရဲ့ တရုတ်ထုတ်ဝေမှုအဖြစ် နာမည်မခံနိုင်ဘူး။ ဒါက ကျွန်တော်တို့ မဂ္ဂဇင်းရဲ့ နာမည်ကောင်းကို ထိခိုက်စေတယ်။ ဥပဒေရေးရာ ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ Forbesတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကတော့ ကျွန်တော် လက်ခံတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းမှာ သူတို့ရဲ့ ဆောင်းပါးတွေကို ပြန်လည်ဖော်ပြလို့ရပါတယ်”

Forbesတင်မကဘဲ ကံကြမ္မာ စတဲ့ မဂ္ဂဇင်းတွေလည်း ရနိုင်တယ်။ နောက်ပြီး စီးပွားရေးသတင်းစာတွေက ဆောင်းပါးတွေလည်း ရနိုင်တယ်။ သို့သော် ဤမဂ္ဂဇင်းကို တရုတ်ဘာသာစကားဖြင့် ထုတ်ဝေမည်ဖြစ်သဖြင့် ဆောင်းပါးပါ လူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များသည် တရုတ်နှင့် သက်ဆိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက အိမ်နီးချင်းနိုင်ငံများမှ အချို့ ဆောင်းပါးများကို ထည့်သွင်းနိုင်ပြီး ဥရောပနှင့် အမေရိကန်မှ ဆောင်းပါးများကို တတ်နိုင်သမျှ လျှော့ချသင့်သည်။

ဖုန်းယွီ စဉ်းစားလိုက်သည်။ သူသည် စတိဗ် Forbesနှင့် သိကျွမ်းဖူးပြီး အဆက်အသွယ်လည်း ရှိသည်။ ဤကိစ္စကို Forbesမှ စတင်ကာ တခြားမဂ္ဂဇင်းများနှင့် သတင်းစာများကို ဆက်သွယ်နိုင်မည်ဖြစ်သည်။

ထို့အပြင် တည်းဖြတ်သူများနှင့် သတင်းထောက်များတွင် ဘက်လိုက်သော အမြင်များ မရှိစေရန်လည်း လေ့ကျင့်ပေးရမည်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်းယွီသည် မဂ္ဂဇင်းတစ်ခုကို ဖတ်ခဲ့ဖူးသည်။ နိုင်ငံခြားက ဘယ်လောက်ကောင်းကြောင်း၊ တရုတ်က ဘယ်လို ယှဉ်လို့မရကြောင်း ရေးသားထားသည်။ ထိုလူများသည် မည်သို့ တွေးနေကြသည်ကို ဖုန်းယွီ အမှန်တကယ် မသိပေ။ နိုင်ငံခြားသားများကို ဖခင်ကဲ့သို့ သဘောထားခြင်းက ကောင်းပါသလား။ သူတို့က မင်းကို သူတို့ရဲ့ သားသမီးအဖြစ် လက်ခံပါ့မလား။

“ခင်ဗျား ပြောတာလည်း မှန်ပါတယ်။ ခင်ဗျား ထုတ်ဝေတဲ့ မဂ္ဂဇင်းက သေချာပေါက် ကောင်းလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါနဲ့ ဒီမဂ္ဂဇင်းကို ဘယ်လို နာမည်ပေးဖို့ စဉ်းစားထားလဲ”

“ဖုန်းယွီ စီးပွားရေး အပတ်စဉ်လို့ နာမည်ပေးရင် ဘယ်လိုလဲ”

ကျုံးချင်းရှန်းသည် ဖုန်းယွီဆိုသော စကားလုံးသည် “လေနှင့်မိုး” ဟု အဓိပ္ပာယ်ရသဖြင့် ဤမဂ္ဂဇင်းသည် ဒုက္ခများစွာကို ဖြတ်သန်းရလိမ့်မည်ဟု ခံစားရသည်။ သို့သော် ဖုန်းယွီ၏ ကုမ္ပဏီများက ဖုန်းယွီမဟုတ်လျှင် ထိုက်ဟွာ ဟု ခေါ်သည်ကို ပြန်တွေးလိုက်သည်။ အခြားနာမည်များကို ဖုန်းယွီ စဉ်းစားထားခြင်းမရှိဟု ထင်ရသည်။

“အင်း၊ ကောင်းပါတယ်” ကျုံးချင်းရှန်းသည် စိတ်မပါ့တပါဖြင့် ပြောလိုက်သည်။

******

All Chapters