← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ချင်ယန်ပြည်၊ ယန်ချန်မြို့

မှောင်မိုက်နေတဲ့ လမ်းကြားထဲမှာ သူတောင်းစား​လေးတစ်ယောက် အမှိုက်ပုံးထဲကနေ အေးစက်နေတဲ့ပေါက်စီနှစ်လုံး ရှာတွေ့လို့ ပျော်ရွှင်နေတယ်။ ​အမှိုက်ပုံးထဲ ဟင်းရည်တွေ မရှိလို့လား၊ လွှင့်ပစ်ထားတာ ကြာလို့လားတော့ မသိ၊ ပေါက်စီတွေက ခြောက်သွေ့ပြီး နည်းနည်းသန့်ရှင်းနေသေးတယ်။

ငတ်ပြတ်နေတဲ့ သူတောင်းစားလေးလည်း အောက်ခံစက္ကူတွေကို အမြန်ခွာပြီး ချက်ချင်းစားလိုက်တယ်။ အမှိုက်ပုံးက ထွက်နေတဲ့အနံ့ဆိုးတောင် သတိမထားမိခဲ့ဘူး။ အေးစက်မာတောင့်နေတဲ့ ပေါက်စီက ရေမပါတော့ မျို​ချဖို့တောင် ခက်ပြီး၊ လည်ချောင်းထဲ ကပ်သွားတယ်။ အသက်ရှူကြပ်သွားလို့ မနည်းကြိတ်မှိတ်ပြီး မျိုချလိုက်ရတယ်။

ပေါက်စီတစ်လုံး ဝင်သွားလို့ နေသာထိုင်သာ ရှိသွားပေမယ့် ဗိုက်ဆာတာက မပြေသေးဘူး။ မပြေဆို နှစ်ရက်အတွင်း ပထမဆုံးစားရတဲ့ အစားအသောက် ဖြစ်နေတာကိုး။

နောက်ပေါက်စီတစ်လုံး ထပ်စားဖို့ ကြံလိုက်ချိန် သူ့ရှေ့မှာ ဆယ်နှစ်သားအရွယ် သူတောင်းစားလေးတစ်ယောက် တွေ့လိုက်ရလို့ တုံ့ဆိုင်းသွားတယ်။ သူတောင်းစားလေးက သူကိုင်ထားတဲ့ ပေါက်စီကို အသားငမ်းငမ်း ကြည့်ပြီး သွားရည်တွေတောင် ကျနေပြီ။ မျက်လုံးအစုံက လိုချင်တပ်မက်မှုတွေနဲ့ အပြည့်။ ပေါက်စီနဲ့ သူတောင်းစားလေးကို တလှည့်စီ ကြည့်ရင်း ခဏတာ တွေဝေသွားပေမယ့် ခေါင်းခါရင်း ပေါက်စီကို အမြန်ဆုံးစားဖို့ လုပ်လိုက်တယ်။

သနားစိတ်ဖြစ်မိပေမယ့် မငဲ့ညှာနိုင်တော့ဘူး။ တကယ်တော့ စုန့်ဝမ်က ရိုင်းစိုင်းရက်စက်သူတော့ မဟုတ်ဘူး။ သူက လွန်ခဲ့တဲ့နှစ်ရက်ကမှ ဂြိုဟ်ပြာကြီးကနေ ဒီလောကကို ကူးပြောင်းလာသူ။ ရောက်လာတော့ ဆယ့်ငါးနှစ်အရွယ် သူတောင်းစားလေးကိုယ်ထဲ၊ အဖြစ်မရှိပါဘူးဆိုမှ ကူးပြောင်းသူတွေရဲ့ ဆုလာဘ်ခေါ်ရမလား၊ လက်စွဲတော်ပဲ ခေါ်ရမလား၊ စနစ်ဆိုတာလည်း မပါ၊ ရွှေလက်ချောင်းက နတ္ထိ၊ တစ်ခုခုထဲ ကပ်ငြိနေ​တဲ့ အစွမ်းထက်ဝိညာဥ်လည်း မရှိ။

အဲ့လို့နဲ့ နောက်ဆုံးတော့ ခေတ်သစ်ကမ္ဘာက ပညာနဲ့ အတွေ့အကြုံတွေ အသုံးမဝင်တဲ့ ရှေးခေတ်ဆန်ဆန်လောကမှာ သူတောင်းစားအဖြစ် ကူးပြာင်းရောက်ရှိခဲ့သူ စုန့်ဝမ်တစ်ယောက် ငတ်ပါလေရော။ ဗိုက်ကလည်းဆာ၊ ကူညီဖေးမသူလည်း ကင်းမဲ့တဲ့ ပတ်ဝန်းကျင်မှာ လူကောင်းမဆိုသာပေမယ့် လူဆိုးလည်း မဟုတ်တဲ့စုန့်ဝမ်စိတ်တွေ ကြမ်းတမ်းစပြုလာပြီ။

သူတောင်းစားလေးက စုန့်ဝမ် လက်ထဲက ပေါက်စီကို စားလိုက်တာနဲ့ စစ်ကြေညာသလို မြင်သွားပုံပဲ။ အပြေးဝင်လာရင်း ခုန်ပြီး ပေါက်စီကိုင်ထားတဲ့ စုန့်ဝမ်လက်ကို ညာလက်နဲ့ဖမ်းဆုပ်၊ ပခုံးကို ဘယ်လက်နဲ့ ကိုင်ပြီး ဝါထိန်နေတဲ့သွားတွေနဲ့ လက်မောင်းကို ကိုက်ချလိုက်ပါတော့တယ်။

“အား ..”

ထင်မှတ်မထားဘဲ တိုက်ခိုက်ခံလိုက်ရလို့ စုန့်ဝမ် နာကျင်ထိတ်လန့်ပြီး အော်လိုက်မိတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ဒေါသက တစ်ကိုယ်လုံး ဖုံးလွှမ်းသွားတယ်။ စုမိနေတဲ့ ဒေါသတွေ သူတောင်းစာလေးပေါ် ပုံကျသွားပါတော့တယ်။

“ခွေးသားလေး .. ဖယ်စမ်း”

စုန့်ဝမ်လည်း လွတ်နေတဲ့ဘယ်လက်နဲ့ သူတောင်းစားလေးမျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။ မကူးပြောင်းခင်က အသက် ၃၀ အရွယ် ရှိပြီး၊ အခု ၁၅ နှစ်အရွယ်ပဲ ရှိပေမယ့် သူ့ခွန်အားက ၁၀ နှစ်သားအရွယ် သူတောင်းစားလေးထက်တော့ သာပါသေးတယ်။

“ဖြောင်း ..”

ကျယ်လောင်တဲ့ ရိုက်ခတ်မိသံနဲ့အတူ သူတောင်းစားလေးနှာခေါင်းကနေ သွေးတွေ စီးကျလာတယ်။ ဒါပေမယ့် ကောင်လေးရဲ့ ခံနိုင်ရည်စွမ်းကို စုန့်ဝမ် အထင်သေးမိသွားပုံပဲ။

သူတောင်းစားလေးက သွေးထွက်နာကျင်တာတောင် ဂရုမစိုက်ဘဲ စုန့်ဝမ်လက်ကို မလွတ်တမ်းကိုင်ထားရင်း ထပ်ကိုက်ချလိုက်တယ်။ မျက်လုံးအစုံကလည်း ပေါက်စီကနေ လုံးဝမခွာဘူး။

“အား .. ခွေးကောင်လေး၊ ငါ့ကို ကိုက်ရဲတယ်လား၊ သေစမ်း”

စုန့်ဝမ်လည်း ဒေါသပိုထွက်လာပြီး ဘယ်ဒူးနဲ့ ​သူတောင်းစားလေးရင်ဝကို အားကုန်တိုက်လိုက်တယ်။

“ဒုတ်”

“အွတ်”

မသဲမကွံ အော်သံနဲ့အတူ သူတောင်းစားလေးလည်း နောက်ကို လွင့်ထွက်ပြီး မြေပြင်ပေါ် ခွေခွေလေး လဲကျသွားတယ်။

ဒေါသအရမ်းထွက်နေတာကြောင့် စုန့်ဝမ်လည်း သူတောင်းစားလေးဆီ ပြေးဝင်သွားပြီး ရင်ဘတ်ကို ထပ်ကန်လိုက်တယ်။ ကောင်လေးလည်း နောက်ဖက်ကို ထပ်လွင့်ထွက်သွားပြီး သွေးတွေပါ အန်လာတယ်။ သူ့ကို အန္တရာယ်မပြုနိုင်တာ သေချာတော့မှ စုန့်ဝမ် စိတ်လျှော့ပြီး တိုက်ခိုက်တာ ရပ်လိုက်တယ်။

စုန့်ဝမ် လှည့်ထွက်မယ်အလုပ် သူ့ကို မီးဝင်းဝင်းတောက်တဲ့အကြည့်နဲ့ စိုက်ကြည့်နေတဲ့ သူတောင်စားလေးမျက်လုံးကို သတိပြုမိလိုက်တယ်။ အဲဒီအကြည့်က ကျောရိုးကို​တောင် စိမ့်သွားစေတယ်။ စိတ်ထဲမှာလည်း မကောင်းတဲ့ခံစားချက်တွေ ပေါ်လာတယ်။

သူ့အနေနဲ့ ကူးပြောင်းလာတာ မကြာသးသလို၊ အစွမ်းအစလည်း ကင်းမဲ့၊ အမှီအခိုလည်း မရှိ၊ နင်းပြားလူတန်းစားလည်း ဖြစ်နေတာကြောင့် ဘယ်သူ့မှ မပြစ်မှားမိအောင်၊ ရန်စမရှိအောင် ဆင်ခြင်နေထိုင်ခဲ့ရတယ်။ ခုတော့ ပြဿနာဖြစ်ပြီ၊ သူတောင်းစားလေးလောက်က မူစရာ မရှိပေမယ့် သူ့နောက်မှာ နယ်ခံလူမိုက်အဖွဲ့တစ်ခု မရှိဘူးလို့ မပြောနိုင်ဘူး။ အဲဒါက သူရင်ဆိုင်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။

နှစ်ယောက်သား အတန်ကြာအောင် စူးစူးရဲရဲ စိုက်ကြည့်နေပြီး၊ နောက်ဆုံးတော့ အနာဂတ်မှာ ပြဿနာမဖြစ်အောင် ရှင်းစရာရှိတာ အပြတ်ရှင်းဖို့ စုန့်ဝမ် ဆုံးဖြတ်လိုက်တယ်။ ဒီလို လူသူကင်းရှင်းနေတဲ့ လမ်းကြားထဲမှာ လူသတ်ရင် ဘယ်သူမှ ချက်ချင်းသတိပြုမိမှာ မဟုတ်ဘူး။ သူသိသလောက်ဆို ယန်ချန်မြို့မှာ အမှုအခင်းတွေ ဖြစ်တာ မနည်းဘူး၊ နေ့စဥ်လိုလို လူသတ်မှု​တွေ ဖြစ်နေတယ်။ အာဏာပိုင်တွေက အရေးမပါတဲ့အမှုဆို စုံစမ်းဖော်ထုတ်တာ သိပ်မရှိဘဲ လျစ်လျူရှုတာ များတယ်။

ဆုံးဖြတ်ပြီးတာနဲ့ အနီးနားကို ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ကျောက်တုံးခပ်ကြီးကြီးတစ်ခု ရှိနေတာ သတိပြုမိလိုက်တယ်။ ကောင်လေးခေါင်းကိုဆို ကြက်ဥခွဲရသလောက် လွယ်မှာ။ စိတ်ရိုင်းတွေက စုန့်ဝမ်ကို လုံးဝဖုံးလွှမ်းသွားပြီ။ နှစ်ရက်တာ ​ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းတဲ့အတွေ့အကြုံက နှစ်သုံးဆယ်ကြာ စောင့်ထိန်းခဲ့ဖူးတဲ့ ခေတ်သစ်လူ့ဘောင်က လူ့ကျင့်ဝတ်တွေကို ပျက်စီးစေခဲ့ပြီ။

ဒီနှစ်ရက်အတွင်း တွေ့မြင်ခဲ့ရတဲ့ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ အနိုင်ကျင့်မှုတွေက စုန့်ဝမ်စိတ်ကို ပျက်စီးစေခဲ့တယ်။ အစပိုင်းမှာ ကြောက်စိတ်က လွှမ်းမိုးခဲ့ပေမယ့်၊ နောက်ပိုင်း အသားကျလာပြီး ကိန်းဝပ်နေတဲ့စိတ်ရိုင်းတွေ ပေါ်လာတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့လောကမှာ အရင်ကမ္ဘာက စံနှုန်းတွေကို ဘာလို့စောင့်ထိန်းရမှာလဲ။

ကျောက်တုံးရှိရာဆီ လျှောက်လှမ်းသွားတဲ့ စုန့်ဝမ်ကို ကြည့်နေရင်း သူတောင်းစားလေး ကြောက်ရွံ့မှုတွေ ဖုံးလွှမ်းလာတယ်။ ဒဏ်ရာကြောင့် ချက်ချင်း ထပြေးဖို့လည်း မစွမ်းသာတော့ဘူး။

စုန့်ဝမ် ကျောက်တုံးနားအရောက် လမ်းကြားလေးထဲကို အိမ်တော်အစေခံဝတ်စုံနဲ့ လူနှစ်ယောက် အမှိုက်ပုံးကြီးတစ်ပုံး သယ်ပြီး ဝင်လာတယ်။ လူစိမ်းတွေ မြင်လိုက်လို့ စုန့်ဝမ် ကျောက်တုံးကို မကောက်ဖြစ်တော့ဘူး။ တချိန်တည်းမှာ သတိပြန်ဝင်လာပြီး အသိတရား ပြန်ဝင်လာတယ်။ စိတ်ရိုင်းတွေကို ထိန်းချုပ်လိုက်နိုင်တယ်။ အဲဒီအချိန် ပြောမပြတတ်တဲ့ စိတ်ကျေနပ်မှုလေး ဖျပ်ခနဲ ပေါ်လာပြီး ကိုယ့်ကိုယ်ကို ထိန်းလိုက်နိုင်တယ်။

နောက်ဆုံးတော့ သူတောင်းစားလေးကို လှည့်မကြည့်ဘဲ လမ်းကြားလေးထဲက ထွက်လာခဲ့တယ်။

…

လမ်းမပေါ်အရောက် အပြေးအလွှားသွားနေတဲ့ လူအုပ်ကြီးနဲ့ ပက်ပင်းတိုးသွားတယ်။ လူတွေက အော်ဟစ်ရင်း တစ်နေရာရာဆီကို ​ပြေးလွှားသွားနေကြတာ။

“မြန်မြန်လုပ်၊ ထျန်းရှဂိုဏ်း လူသစ်စုနေပြီ။ နောက်ကျရင် အခွင့်အရေးရမှာ မဟုတ်ဘူး”

ထျန်းရှဂိုဏ်း … ဒီလောကကို ရောက်တာ နှစ်ရက်ပဲ ရှိသေးပေမယ့် ဒီနာမည်ကို စုန့်ဝမ် ကောင်းကောင်းကြားဖူးတယ်။ ဒီဂိုဏ်းက ယန်ချန်မြို့မှာ ထိပ်တန်းဂိုဏ်းတစ်ခု၊ ဒေသခံအာဏာပိုင်တွေကိုတောင် ပခုံးချင်း ယှဥ်နိုင်တယ်။ ဒါပေမယ့် ကောင်းတဲ့ဂိုဏ်းတော့ မဟုတ်ဘူး။ မကောင်းမှုနဲ့ နာမည်ကျော်တာ။ ဒါပေမယ့် အဲဒါက အရေးမကြီးဘူး၊ အရေးကြီးတာက ဂိုဏ်းဝင်ဖြစ်ရင် အလုပ်ရမယ်၊ အစားအစာနဲ့ နေစရာ ရမယ်။ အမှိုက်ပုံးထဲက စားစရာကို သူတောင်းစားတွေနဲ့ အပြိုင်လုနေရတာထက်တော့ သာပါတယ်။

စုန့်ဝမ်လည်း လူအုပ်ကြီးနောက် အပြေးလိုက်ခဲ့တယ်။ ခဏနေတော့ လမ်းဘေးကြော်ငြာဆိုင်းဘုတ်မှာ ကပ်ထားတဲ့ ကြေညာစာရွက်တစ်ခုကို တွေ့လိုက်ရတယ်။

စာရွက်က စုန့်ဝမ်အရင်ဘဝက နည်းနည်းပါးပါး သင်ခဲ့ဖူးတဲ့ ရှေးတရုတ်စာနဲ့ ရေးထားတာ၊ မကျွမ်းကျင်ပေမယ့် ဆိုလိုရင်းပေါ်အောင်တော့ ဖတ်နိုင်တယ်။ အကြောင်းအရာက အသက် ၇ နှစ်နဲ့ ၁၄ နှစ်ကြား လူငယ်တွေကို ဂိုဏ်းသားသစ်အဖြစ် စုဆောင်းတာ။ ရွေးချယ်ခံရရင် မိဘတွေက ဆုလာဘ်ကြီးကြီးမားမား ရမယ်၊ ကလေးအတွက် တောက်ပတဲ့အနာဂတ် ပိုင်ဆိုင်မယ်လို့ ဆိုထားတယ်။

ဖတ်ပြီးတော့ စုန့်ဝမ် စိတ်ဓာတ်ကျသွားတယ်။ သူက ၁၅ နှစ်၊ အသက်ကျော်နေပြီ။ အရဲကိုးပြီး သွားအစစ်မခံရဲဘူး။ ထောက်ခံမယ့် မိသားစုလည်း မရှိတဲ့မိဘမဲ့လေ။ စုန့်ဝမ်လည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လှည့်ထွက်လာခဲ့တယ်။

အဲဒီအချိန် လူအုပ်ကြီးရဲ့ ဆူညံနေတဲ့အသံတွေကြားက ကျယ်လောင်တဲ့ အသံတစ်သံ ဟိန်းထွက်လာတယ်။

“ဟေ့ .. မင်း​ ခဏနေဦး”

စုန့်ဝမ်က သူ့ကို ခေါ်တယ်လို့ မထင်တာနဲ့ ခြေလှမ်းမရပ်ဘဲ လူအုပ်ကြားထဲ တိုးဝှေ့ထွက်ဖို့ပဲ ကြိုးစားနေတယ်။

“ဟေ့ကောင်လေး .. ငါ မင်းကို ပြောနေတာ။ ယန်ချန်မှာ ငါကုံးဟန်စကား တန်ဖိုးမရှိဘူး ထင်နေတာလား”

အသံက ဒေါသသံ ပါလာပြီ။

စုန့်ဝမ်လည်း သူ့ကိုခေါ်တယ် မထင်ပေမယ့် ရှေ့ဆက်မတိုးရဲတော့ဘဲ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မတော်လို့ ပြဿနာတက်မှဖြင့်။

စုန့်ဝမ် လှည့်ကြည့်တော့ မုတ်ဆိတ်တွေနဲ့ လူမိုက်ရုပ်ပေါက်နေသူက သူ့ကို လက်ညိုးထိုးပြနေတာ တွေ့လိုက်ရတယ်။ မျက်နှာကလည်း ​ဒေါသကြောင့် တင်းမာနေတယ်။ သူ့နောက်မှာ ထျန်းရှဂိုဏ်းဝတ်စုံ ဝတ်ဆင်ထားတဲ့ လူနှစ်ယောက် ရပ်နေတယ်။

စုန့်ဝမ်လည်း အခြေအနေ သိပ်မဟန်မှန်း ရိပ်မိလိုက်တယ်။ အဲဒီလူကို ဘယ်လိုထိပါးမိသွားလဲ နားမလည်ပေမယ့် အရင်ဘဝက အရောင်းဝန်ထမ်း လုပ်ခဲ့ဖူးသူပီပီ လိုက်လျောညီထွေ အဆင်ပြေအောင် ဆက်ဆံရမယ်ဆိုတာတော့ နားလည်တယ်။

ချက်ချင်းပဲ အတတ်နိုင်ဆုံး ချိုချိုသာသာ ပြုံးပြရင်း အမြန်ရှေ့တိုးပြီး ရိုသေလေးစားဟန်အပြည့်နဲ့ အရိုအသေပြုလိုက်တယ်။

“ဆရာ .. ကျနော့်ကို ခေါ်လိုက်တာလား။ ကျနော် ဘာကူညီရမလဲ ပြောပါ”

စိတ်ထဲ ဘယ်လိုပဲရှိရှိ အားနည်းနေသရွေ့ အားကြီးသူနိုင်စားတဲ့ ဒီလောကမှာ အသက်ရှည်ချင်ရင် ဦးညွှတ်ဖို့ ဝန်မလေးရဘူးဆိုတာ သူကောင်းကောင်းသိတယ်။ နယ်မြေခံဂိုဏ်းတွေကို အပြစ်ပြုမိတာ သေလမ်းရှာရာပဲ ရောက်လိမ့်မယ် မဟုတ်ပါလား။

…………….

All Chapters