← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

စုန့်ဝမ်ရဲ့ နှိမ့်ချရိုသေတဲ့ဟန်ပန်ကို ကုံးဟန် အတော်သဘောကျပြီး ဒေါသတွေ ချက်ချင်းပျောက်ကွယ်သွားတယ်။

“ကောင်လေး .. မင်းစာဖတ်တတ်လား”

စုန့်ဝမ် ကြေငြာစာရွက်ကို ဖတ်နေတာ မြင်ခဲ့ပေမယ့် သေချာအောင် ထပ်မေးလိုက်တယ်။

ကုံးဟန်မေးခွန်းကြောင့် စုန့်ဝမ် အံအားသင့်သွားတယ်။ ကြေငြာချက်က ခပ်တိုတိုရေးထားလို့ သူဖတ်ခဲ့တာလည်း ခဏလေးပဲ။ လူအုပ်ကလည်း ရှုပ်ယှက်ခက်နေတဲ့ကြားက တစ်ယောက်ယောက် သတိထားမိသွားမယ်လို့ သူမထင်ခဲ့ဘူး။ နောက်မှ သတိရသွားတယ်၊ စာရွက်ကို ဖတ်တဲ့သူ မရှိသလောက်ပဲ။ စာတတ်သူနည်းတဲ့ခေတ် ဖြစ်မယ်။ ဒါက အခွင့်ကောင်း ဖြစ်မယ်လို့ တွေးမိတာကြောင့် စုန့်ဝမ်လည်း အမှန်အတိုင်းပြောတာက ကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကုံးဟန်ကလည်း လိမ်ညာဖို့ လွယ်မယ့်လူစား မဟုတ်ဘူးလေ။

“ဟုတ်ကဲ့ ဆရာကုံး၊ ကျနော်ငယ်ငယ်က ကျောင်းတက်ခဲ့ဖူးလို့ စာနည်းနည်းတတ်ပါတယ်”

စုန့်ဝမ်က အရိုအသေပြုရင်း လေးနက်တဲ့လေသံနဲ့ ပြန်ဖြေလိုက်တယ်။

ကုံးဟန် ကျေကျေနပ်နပ် ခေါင်းညိမ့်လိုက်တယ်။ သူကြုံခဲ့ဖူးသမျှ စာပေသမားတွေက မာနကြီးလွန်းတယ်။ ကြပ်တည်းဆင်းရဲချိန်တောင် ထျန်ရှဂိုဏ်းရဲ့ အငယ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူ့ကမ်းလှမ်းချက်ကို စိတ်ဝင်စားမှုလေးတောင် မပြခဲ့ကြဘူး။ ခုတော့ မာန်မာနကင်းပြီး ဂါရဝတရားရှိတဲ့ စာတတ်သူတစ်ယောက်ကို တွေ့ပြီ။

“​ကောင်လေး မင်းအသက် ဘယ်လောက်ရှိပြီလဲ”

“ဆယ့်ခြောက်နှစ်ပါ”

အထင်သေးခံရမှာ စိုးရိမ်စိတ်ကြောင့် တမင်သက်သက် ပိုပြောလိုက်တယ်။

“နာမည်ကရော”

“စုန့်ဝမ်ပါ”

“ဘာအလုပ်လုပ်လဲ”

“ဝင်ငွေနည်းပါးပေမယ့် လူတွေအတွက် စာရေးပေးပြီး အသက်မွေးပါတယ်”

“မိသားစုကရော”

“မိသားစုနဲ့ ဆွေမျိုးတွေ မရှိတော့ပါဘူး”

“မင်း ငါနဲ့ လိုက်မလား။ ငါထောက်ခံရင် ထျန်းရှဂိုဏ်းကို အလွယ်တကူ ဝင်ခွင့်ရမယ်။ တစ်လကို ငွေသားနှစ်ရာ လစာရမယ်”

စာတတ်သူနည်းပါးတဲ့ခေတ်မှာ စာတတ်သူတွေကို အတော်လေး တန်ဖိုးထားဆက်ဆံတာ သဘာဝပါ။ ငွေဒဂ်ါးနှစ်ပြားဆိုတာ သာမန်မိသားစုအတွက် တစ်လစာအသုံးစရိတ် လုံလောက်တယ်။

ဒါပေမယ့် စုန့်ဝမ် ​တွေဝေသွားတယ်။ သူစိမ်းတစ်​ယောက်ရဲ့ ရက်ရောမှုက ပင်ကိုယ်သိစိတ်ရဲ့ သံသယကို နှိုးဆွပေးလိုက်တယ်။ ဘယ်လိုကြည့်ကြည့် လူကောင်းပုံ မပေါက်တဲ့ကုံးဟန် ပြောတာ မှန်ပါ့မလား။ နောက်ပြီး ထျန်းရှဂိုဏ်းကလည်း မြေအောက်ဒုစရိုက်ဂိုဏ်းမျိုး၊ ပညာတတ်ကို တန်ဖိုးထားမယ့်အဖွဲ့အစည်းမျိုးမှ မဟုတ်တာ။

တွေဝေနေတဲ့စုန့်ဝမ်ကို ကြည့်ရင်း ကုံးဟန် စိတ်မရှည်ဖြစ်လာတယ်။

“ဘာလဲ .. မင်းက ငါတို့ထျန်းရှဂိုဏ်းကို အထင်သေးတာလား”

စုန့်ဝမ်မျက်နှာမှာ အ​ပြုံးတစ်ခု ချက်ချင်း ပေါ်လာတယ်။

“ဆရာကုံးဟန် နားလည်မှု လွဲနေပြီ။ ကျနော်က စာနည်းနည်းပဲ တတ်ပြီး အတွေ့အကြုံလည်း နည်းတော့ ခင်ဗျားကို အခက်အခဲဖြစ်စေမှာ စိုးလို့ပါ”

“ငါတောင် မကြောက်တာကို မင်းက ဘာလို့ စိုးရိမ်နေတာလဲ။ ကောင်လေး မင်းက အဆိုးအကောင်း မသိတတ်ဘူးပဲ”

တစ်ဖက်လူအသံက ခြိမ်းခြောက်သံပါလာတော့ စုန့်ဝမ်လည်း လိုက်လျောညီထွေနေဖို့ ဆုံးဖြတ်လိုက်ရတယ်။

“ဆရာကုံးဟန် အဆင်ပြေရင် ပြီးတာပါပဲ။ ခုလို ကူညီဖေးမတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ဆို ဆရာကုံးဟန်စကား လိုက်နာပါမယ်။ စောင့်ရှောက်ပေးပါဦး”

စုန့်ဝမ်ရဲ့ နွေးထွေးနှိမ့်ချတဲ့ဟန်ပန်ကြောင့် ကုံးဟန် ကျေနပ်သွားတယ်။ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း အိတ်ထဲက ပန်ကိတ်တစ်ခြမ်း ဆွဲထုတ်ပြီး စုန့်ဝမ်ကို ပေးလိုက်တယ်။

“ကောင်းပြီ၊ ဒါနဲ့ မင်းကြည့်ရတာ ဗိုက်ဆာနေပုံပဲ။ ရော့ ငါမစားရသေးတဲ့ ပန်ကိတ်တစ်ဝက် ယူလိုက်”

“ကျေးဇူးတင်ပါတယ်”

စုန့်ဝမ်လည်း ချက်ချင်းယူပြီး စားလိုက်တယ်။ ဆာကလည်း ဆာ၊ ကုံးဟန်ကို ကျေနပ်အောင်လည်း လုပ်ပြဖို့ လိုတယ်လေ။ စိတ်ထဲတော့ တစ်မျိုးဖြစ်သွားတယ်။ ကျော်ကြားတဲ့ ထျန်းရှဂိုဏ်းသားတစ်ယောက်က ပန်ကိတ်တစ်ဝက်ပဲ ကျွေးတယ်ဆိုတော့ ဂိုဏ်းကပဲ အခြအနေ မကောင်းတာလား၊ လူကပဲ ကပ်စေးနည်းတာလား၊ တွေးရခက်သွားတယ်။

ဒါပေမယ့် မြို့ရဲ့ အကြီးမားဆုံး မြေအောက်အဖွဲ့အစည်းထဲ ဝင်ရတာ နစ်နာစရာတော့ မရှိပါဘူး။ သူတောင်းစားဘဝထက်တော့ သာမှာပါ။ ပညာတတ်တစ်ယောက်အနေနဲ့ဆို အကြမ်းဖက်ရတဲ့အလုပ် လုပ်ရမယ် မထင်ဘူး။ လုံခြုံပြီး စားဝတ်နေရေး ပြေလည်မှာပါ။ ဒီအချိန်မှာတော့ အကောင်းဆုံး ရွေးချယ်မှုပဲ။ စုန့်ဝမ်လည်း အတွေးစ​ဖြတ်ပြီး ကုံးဟန်တို့ လူသစ်စုတာ ကြည့်နေလိုက်တယ်။

ကုံးဟန်လည်း စုန့်ဝမ်ကိစ္စ ဖြတ်ပြီးတာနဲ့ လာရင်းကိစ္စကို ဆက်တယ်။ သူက ထျန်းရှဂိုဏ်းရဲ့ လူသစ်စုဆောင်းမယ့်အစီအစဥ်ကို လာကြေညာတာ။ ကြေငြာစာကပ်ထားပေမယ့် စာမဖတ်တတ်သူများလို့ ဒီလိုကြေညာပေးဖို့ လိုတယ်။ ကုံးဟန်ကြေညာနေတာ ကြည့်ရင်း သူလည်း စာမဖတ်တတ်ဘူးဆိုတာ စုန့်ဝမ် ရိပ်စားမိလိုက်တယ်။ တခြားသူက နှုတ်တိုက်ပြောပြတဲ့အတိုင်း ပြန်ပြောနေတာ။

..

ခဏနေတော့ အလုပ်ပြီးတာနဲ့ ကုံးဟန်တို့ ဂိုဏ်းဆီ ပြန်ကြတယ်။ စုန့်ဝမ်လည်း သူတို့နဲ့အတူ လိုက်ပါသွားတယ်။

ဂိုဏ်းဌာနချုပ်​ ရောက်တော့မှ ဂိုဏ်းအ​ခြေအနေကို အထင်သေးမိမှန်း စုန့်ဝမ် နားလည်သွားတယ်။ ထျန်းရှဂိုဏ်းဌာနချုပ်က အကျယ်ကြီးပဲ။ ရွာကြီးတစ်ရွာစာလောက် ရှိမယ်။ လုံခြုံရေးလည်း တင်းတင်းကြပ်ကြပ် ချထားတယ်။ စစ်ဆေးမှုတွေ ကျော်ဖြတ်ပြီး အိမ်တစ်လုံးရှေ့ရောက်တော့ ကုံးဟန် အထဲဝင်သွားတယ်။ စုန့်ဝမ်လည်း အတူလိုက်ဝင်ခဲ့တယ်။

အထဲမှာ အသက်ခပ်ကြီးကြီး လူတစ်ယောက် ထိုင်နေတယ်။ ကုံးဟန်လည်း အဲဒီလူကို အရိုအသေပြုရင်း အစီရင်ခံလိုက်တယ်။

“အကြီးအကဲယန်၊ ကျနော် ပညာတတ်လူငယ်တစ်​ယောက် ရှာတွေ့ခဲ့တယ်”

အကြီးအကဲယန်ဆိုသူက စားပွဲပေါ်မှာရှိတဲ့ စာအုပ်တစ်အုပ်ကို ကောက်ယူပြီး စုန့်ဝမ်ဆီ ပစ်ပေးတယ်။

“အဲဒီစာအုပ်ကို ဖတ်ပြစမ်း”

သူ့ကို စမ်းသပ်နေတယ်ဆိုတာ ရိပ်မိတဲ့စုန့်ဝမ်လည်း စာအုပ်ကို အမြန်ဖွင့်ပြီး သေချာဖတ်ပြလိုက်တယ်။

“စကြဝဠာက အဝါရောင်သမ်းပြီး၊ နက်နဲဆန်းကြယ်တယ်။ အကာသလောကဟာ အလွန်တရာ ကျယ်ပြောလှတယ်။ ကောင်းကင်ယံမှာ ကြယ်တွေ ပြည့်နှက်နေပြီး၊ နေနဲ့လတို့က ထွက်ချည်တစ်ခါ ဝင်ချည်တစ်လှည့် လည်ပတ်နေတယ်။ အေးမြတဲ့ဆောင်းလေ ရောက်လာပြီး နွေရာသီ ကုန်ဆုံးခဲ့ပြီ။ ဆောင်းဦးမှာ ရိတ်သိမ်းပြီး၊ ဆောင်းရာသီအတွက် သိုလှောင်ကြရမယ်”

“ရပြီ၊ ရပ်တော့”

အကြီးအကဲယန်က ကျေနပ်သွားဟန်နဲ့ ဆက်မဖတ်ခိုင်းဘဲ တားလိုက်တယ်။ ပြီးမှ ကုံးဟန်ဘက် လှည့်ကြည့်ပြီး ခေါင်းညိမ့်ပြတယ်။

“အဆင်ပြေတယ်၊ မင်းကံကောင်းတာပဲ။ အကြီးအကဲကျိုးယင်က ပညာတတ်လူငယ်တွေ ထပ်ခေါ်ခိုင်းထားတယ်။ ဒီကလေးက အံကိုက်ပဲ”

ကုံးဟန်လည်း ဝမ်းသာတာကို ဖုံးဖိမထားနိုင်ဘဲ လက်တွေ ပွတ်သပ်ရင်း တဟီးဟီး ရယ်နေတယ်။

“အကြီးအကဲယန်၊ အကြီးအကဲကျိုးယင်က ပညာတတ်​တွေ ရှာပေးနိုင်ရင် ကောင်းကောင်းဆုချတယ်လို့ ကြားဖူးတယ်။ အဲ့ဒါ …”

“မင်းက သတင်းစုံသားပဲ။ မင်းကံကောင်းတာလို့ ငါထင်နေတာ၊ လက်စသတ်တော့ မင်းက လေ့လာပြင်ဆင်ထားတာပဲ။ ကောင်းတယ်၊ စာရင်းကိုင်ဆီမှာ ဆုကြေး ၁၀ တေးလ် သွားထုတ်လိုက်”

“ကျေးဇူးတင်ပါတယ် အကြီးအကဲယန်”

ဘေးကရပ်ကြည့်နေတဲ့ စုန့်ဝမ် ထိတ်လန့်သွားတယ်။ ဘာသဘောလဲ၊ ပညာတတ်တစ်ယောက် ရှာပေးတာနဲ့ ဆုကြေးက ဆယ်တေးလ် ပေးတာလား။ ဒီပမာဏက ငွေဒဂ်ါးနဲ့ဆို တစ်သောင်းလေ။ ငွေဒဂ်ါးနှစ်ရာက အခြေခံလူတန်းစား မိသားစု ၃ ယောက် ရှိတဲ့အိမ် တစ်လစာအသုံး ဖူလုံတဲ့ခေတ်မှာ များလွန်းတယ် မဟုတ်လား။ ဆယ်တေးလ်ဆို မြို့ထဲမှာ မိန်းမချောလေးနှစ်ယောက်တောင် ဝယ်လို့ရတယ်။

ကုံးဟန်ကို လှည့်စားနိုင်ခဲ့တယ်လို့ ထင်နေတဲ့စုန့်ဝမ် သူလှည့်စားခံရတာကို သဘောပေါက်သွားပြီ။ ဒီဆုကြေးနဲ့ လူရှာခိုင်းတာ ကောင်းတဲ့ရည်ရွယ်ချက် မဟုတ်နိုင်ဘူး။

“ဆရာကုံးဟန် .. ခင်ဗျား ကျနော့်ကို ကောင်းကောင်းဆက်ဆံမယ် ပြောခဲ့တာမလား။ ဟေ့လူ .. နေဦး”

ကုံးဟန်က စုန့်ဝမ်အော်နေတာ ဂရုမစိုက်ဘဲ ဆုကြေးထုတ်ယူဖို့ အလောတကြီး ပြေးထွက်သွားတယ်။

စုန့်ဝမ် လိုက်သွားဖို့ ပြင်လိုက်ပေမယ့် တံခါးဝမှာ အ​စောင့်နှစ်ယောက် ပေါ်လာပြီး ပိတ်ရပ်လိုက်လို့ ခြေလှမ်းရပ်လိုက်ရတယ်။

အဲဒီအချိန် စုန့်ဝမ်နောက်ကနေ အကြီးအကဲယန်ရဲ့ အေးစက်စက်အသံ ထွက်ပေါ်လာတယ်။

“သူလို ဘာမှမဟုတ်တဲ့သူက မင်းကို ဘယ်လိုလုပ် စောင့်ရှောက်နိုင်မှာလဲ။ အကြီးအကဲကျိုးယင်ဆီ သွားလိုက်။ အဲဒါက လိုချင်တာတောင် တော်ရုံလူ ရနိုင်တဲ့နေရာ မဟုတ်ဘူး။ သူ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့။ မင်းတို့တွေ ဒီကလေးကို အကြီးအကဲကျိုးယင်ဆီ ခေါ်သွားလိုက်”

အစောင့်နှစ်ယောက်လည်း အကြီးအကဲယန်ဆီက အမိန့်ရတာနဲ့ စုန့်ဝမ်ဆီ ချဥ်းကပ်လာတယ်။ တစ်ယောက်က ခါးမှာချိတ်ထားတဲ့ဓားကို ဓားအိမ်က တစ်ဝက်လောက်ပေါ်အောင် ဆွဲထုတ်လိုက်တယ်။ ဓားရဲ့တောက်ပတဲ့အလင်းက စုန့်ဝမ်မျက်လုံးတောင် ကျိန်းသွားစေတယ်။

“ကောင်လေး … ကောင်းကောင်းမွန်မွန် သွားရအောင်။ မိုက်မဲတဲ့အလုပ် မလုပ်ဖို့ ငါအကြံပေးချင်တယ်”

စုန့်ဝမ် ဒေါသထွက်နေပေမယ့် စိတ်ထိန်းလိုက်ရတယ်။ အကြီးအကဲယန် လိမ်နေတာ သူရိပ်မိတယ်။ ဒီအလုပ်က တကယ်ကောင်းတယ်ဆိုရင် ဒီလိုလှည့်ဖျားခေါ်ယူဖို့မှ မလိုတာ။ ဒါပေမယ့် အခြအနေအရ လွန်ဆန်မရမှန်း သိနေတော့ မကျေမနပ်နဲ့ပဲ လက်ခံလိုက်ရတယ်။

နောက်ဆုံးတော့ စုန့်ဝမ်တစ်ယောက် အံတင်းတင်းကြိတ်ရင်း အစောင့်တွေ ခေါ်ဆောင်ရာနောက် လိုက်သွားရပါတော့တယ်။

…………..

All Chapters