အခန်း (၃)
Vol. 1 Ch. 3
စုန့်ဝမ်လည်း အစောင့်တွေ ခေါ်ဆောင်ရာနောက် လိုက်ပါလာရင်း ဆယ့်ငါးမိနစ်လောက်အကြာမှာ ထျန်းရှဂိုဏ်းခြံဝင်း အစွန်အဖျားက ဆိတ်ငြိမ်တဲ့နေရာကို ရောက်လာတယ်။
အဲဒီနေရာက တခြားအဆောက်အဦးတွေနဲ့ အတော်အလှမ်းဝေးပြီး တောင်ခြေရင်းမှာ တည်ရှိတဲ့ သီးသန့်ခြံဝင်းတစ်ခု။ ခြံပြင်မှာ ဓားသမားနဲ့ လေးသမားတွေ အစောင့်ချထားတယ်။
ခြံဝင်းထဲ ဝင်လာတော့ တဲအိမ်လေးတွေ အစီအရီ မြင်လိုက်ရတယ်။ တဲအိမ်တန်းရဲ့ နောက်ဖက်ခပ်လှမ်းလှမ်း တောင်ခြေရင်းမှာ ကြီးမားတဲ့ နှစ်ထပ်အိမ်တစ်လုံး ရှိတယ်။ အိမ်ပတ်လည်မှာ စုန့်ဝမ် တစ်ခါမှ မမြင်ဖူးတဲ့အပင်တွေ စိုက်ထားတဲ့စိုက်ခင်းတွေ ဝန်းရံနေတယ်။
ခေါ်လာတဲ့အစောင့်က တဲအိမ်တွေကို လက်ညိုးထိုးပြတယ်။
“ကြိုက်တဲ့အိမ်အလွတ်မှာ ဝင်နေလို့ရတယ်။ တစ်နေ့ကို ၃ ကြိမ် အစားအသောက် လာပို့လိမ့်မယ်။ တစ်ယောက်ယောက်က လာမခေါ်မချင်း အိမ်အပြင် လုံးဝမထွက်နဲ့”
စုန့်ဝမ်လည်း လွတ်နေတဲ့အိမ်တစ်လုံးထဲ ဝင်လိုက်တယ်။ အခန်းက သိပ်မကျဥ်းဘူး၊ အနေတော်ပဲ။ စားပွဲ၊ ကုလားထိုင်၊ အိပ်ယာ အပြည့်အစုံ ရှိတယ်၊ စားပွဲပေါ်မှာ လက်ဖက်ရည်အိုးတစ်အိုး ရှိနေတယ်။ တခြားတော့ ဘာမှမရှိဘူး။ စုန့်ဝမ်လည်း တံခါးပိတ်ပြီး အပြင်ကို ချောင်းကြည့်တယ်။ လာပို့တဲ့ အစောင့်တွေ ပြန်ထွက်သွားပြီ၊ ခြံပြင်ကအစောင့်တွေပဲ ရှိတယ်။
စုန့်ဝမ်လည်း ထျန်းရှဂိုဏ်းလုပ်ရပ်ကို မကျေနပ်ပေမယ့် တတ်နိုင်တာ ဘာမှမရှိတော့ ဒေါသကို မျိုသိပ်ထားရတယ်။ လုပ်ပုံကိုင်ပုံကြည့်ရင် ရှေ့လျှောက်ကြုံရမှာတွေက ကောင်းလာစရာ မရှိတာ သေချာတယ်။ ဒီအချိန်မှာ စုန့်ဝမ်ရဲ့ အပြင်းထန်ဆုံးဆန္ဒက မနေ့က လက်ဖက်ရည်ဆိုင်ရှေ့ တောင်းရမ်းနေချိန် လူတွေပြောတာ ကြားခဲ့ဖူးတဲ့ ကိုယ်ခံပညာရှင်မျိုး ဖြစ်ချင်တာပါပဲ။ အိမ်အမိုးနဲ့ တံတိုင်းတွေပေါ် ပြေးလွှားသွားလာပြီး၊ နံရံတွေကို လက်သီးတစ်ချက်နဲ့ ဖြိုနိုင်သူမျိုးပေါ့။ သူ့မှာသာ အဲ့လိုအစွမ်းရှိရင် ထျန်းရှဂိုဏ်းကို အမှုန့်ကြိတ်မိမှာ သေချာတယ်။
ဒီလိုနဲ့ပဲ စုန့်ဝမ်တစ်ယောက် တဲအိမ်လေးထဲ ၇ ရက် ကြာသွားတယ်။ ပထမနှစ်ရက်က အပြင်လည်း မထွက်ရ၊ လိမ်လည်အနိုင်ကျင့်တာလည်း ခံရဆိုတော့ မကျေမနပ်နဲ့ နေမထိထိုင်မသာ ဖြစ်နေခဲ့တယ်။ တခြားတဲအိမ်တွေမှာ လူရှိပေမယ့် အပြင်ထွက်ခွင့် မရတော့ မတွေ့ရပြန်ဘူး။ တစ်နေ့ကို အစားအသောက် ၃ ကြိမ် ပုံမှန်ရလို့သာ တော်ရော့တယ်။ အစားအစာက ကောင်းပါတယ်၊ ဟင်းသီးဟင်းရွက် အစုံအလင်နဲ့ အသားလည်း များများပါတယ်။ ပထမ ၂ ရက် ကျော်လာချိန်မှာ စုန့်ဝမ် စိတ်ငြိမ်လာတယ်။
နောက်ဆုံးတော့ သူတို့ကို အိမ်ထဲမှာ ၇ ရက် ပိတ်လှောင်ထားတဲ့လုပ်ရပ်ကို စုန့်ဝမ် ရိပ်မိသွားတယ်။ သူတို့ကို ပုန်ကန်လိုစိတ် လျော့ပါးလာအောင်၊ အခြေအနေကို နားလည်ပြီး နာခံတတ်လာအောင် လုပ်နေတာပဲ။
၈ ရက်မြောက်နေ့ မနက်စာစောမှာ အိမ်အပြင်ဘက် ကျယ်လောင်တဲ့အသံကို ကြားလိုက်ရတယ်။
“အားလုံးပဲ၊ အခန်းထဲကနေ အခုချက်ချင်း ထွက်ခဲ့။ နောက်ကျတဲ့သူ အပြစ်ပေးခံရမယ်”
ချက်ချင်းဆိုသလို တံခါးဖွင့်သံ၊ ပြေးလွှားတဲ့အသံတွေ ပေါ်လာတယ်။ စုန့်ဝမ်လည်း တံခါးတွန်းဖွင့်ပြီး အမြန်ထွက်လာခဲ့တယ်။ အပြင်ရောက်လို့ လှည့်ပတ်ကြည့်တော့ သူ့လိုပဲ ဆယ်ကျော်သက်ကောင်လေးတွေ ငါးဆယ်လောက် ရှိနေတာ တွေ့လိုက်ရတယ်။ အားလုံးက ၁၄/၁၅ နှစ် ဝန်းကျင်တွေချည်းပဲ။ အပြင်ရောက်တာနဲ့ နီးစပ်ရာအုပ်စုလေးတွေ စုမိပြီး တီးတိုးပြောနေကြတယ်။ အားလုံးက သူ့လို လိမ်လည်လှည့်ဖျားပြီး အခေါ်ခံလာရတယ်ဆိုတာ စုန့်ဝမ် သတိထားမိလိုက်တယ်။ ခပ်လှမ်းလှမ်းမှာ ဓားအသင့်ကိုင်ထားတဲ့ ထျန်းရှာဂိုဏ်းသားဆယ်ယောက် ရပ်နေတယ်။
ကောင်လေးအများစုက ယန်ချန်မြို့ခံတွေပီပီ ထျန်းရှဂိုဏ်းအကြောင်း သိသင့်သလောက် သိထားကြတော့ အရဲမကိုးရဲဘူး။ ဒေါသထွက်ပေမယ့် ဆူပူအော်ဟစ်တာ မလုပ်ရဲဘဲ တီးတိုးတီးတိုးနဲ့ ပြောနေကြတယ်။
ခဏနေတော့ လူအုပ်ထဲက ကောင်လေးတစ်ယောက် ရှေ့ထွက်လာတယ်။ ဝတုတ်တုတ်နဲ့ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့သူ့ပုံစံက ပိန်လှီစုတ်ပြတ်နေတဲ့ ကောင်လေးတွေကြား တမူထူးခြားနေတယ်။
ဝတုတ်ကောင်လေးက ရှေ့ထွက်လာပြီးတာနဲ့ ဓားသမားတွေကို လက်ညိုးထိုးရင်း ဒေါသတကြီး အော်ဟစ်ပြောဆိုပါတော့တယ်။
“မင်းတို့ ထျန်းရှဂိုဏ်းကကောင်တွေ ငါ့ကို ဖမ်းရဲတာလား။ ငါ့နာမည်က ကျန်းအယ်ဟီ။ ငါ့အဖေက ချင်းယွမ်နယ်မြေရဲ့ နယ်မြေမှူးကွ။ ငါ့ကို ကောင်းကောင်းမွန်မွန် ပြန်ပို့တာ ကောင်းလိမ့်မယ်”
အားလုံးရဲ့အာရုံက ဝတုတ်ကောင်လေးဆီ ရောက်သွားတယ်။ ချင်းယွမ်နယ်မြေ၊ စုန့်ဝမ် ကြားတော့ကြားဖူးတယ်။ ယန်ချန်မြို့က မြိကြီး၊ သူ့အောက်မှာ အုပ်ချုပ်ရေးနယ်မြေတွေ ရှိတယ်။ ချင်းယွမ်က အဲ့ထဲက တစ်ခု၊ ယန်ချန်ကနေဆို မိုင်တစ်ရာလောက် ဝေးသေးတယ်။ ဘာပဲပြောပြော ရုံးတော်အရာရှိဆိုတာ ချင်ယန်နိုင်ငံမှာ အထက်တန်းရာထူးတစ်ခုပဲ။
ဒီဝတုတ်လေးကို ထျန်းရှဂိုဏ်းက ဘယ်လိုကိုင်တွယ်မလဲဆိုတာ စုန့်ဝမ် သိချင်လာတယ်။ ကောင်လေးကပဲ အခြေအနေကို နားမလည်တဲ့ အထက်တန်းလွှာသခင်လေးလား၊ ထျန်းရှဂိုဏ်းကပဲ အုတ်နံရံကို ကန်မိတာလား၊ စိတ်ဝင်စားလာတယ်။
အစောင့်တွေက မျက်နှာပျက်သွားပေမယ့် တုပ်တုပ်တောင် မလှုပ်ဘူး။ အကြမ်းမဖက်တာ ကြည့်ရင် အစောင့်တွေအနေနဲ့ ဝတုတ်ကောင်လေးကို ကိုင်တွယ်ရမှာ နည်းနည်းခက်နေပုံ ရတယ်။
အဲဒီအချိန်မှာ ခြံဝင်းထဲဝင်လာသူတစ်ယောက် အစောင့်တွေကြားက ဖြတ်ပြီး ရှေ့ထွက်လာတယ်။ အသက်လေးဆယ်အရွယ်၊ မုတ်ဆိတ်ရှည်နဲ့၊ လူကတော့ ပိန်ပိန်ပါးပါးပဲ။ အဲဒီလူက အော်ဟစ်နေတဲ့ ဝတုတ်ကောင်လေးကို မြင်တော့ စိတ်ရှည်ပုံ မရဘူး။ ဘာမှပြောမနေဘဲ လက်ထဲပါလာတဲ့ အဝါရောင်စာရွက်ကို လေထဲ ပစ်ထုတ်လိုက်တယ်။ လေထဲရောက်တာနဲ့ စာရွက်က ပြာမှုန်တွေ ဖြစ်သွားပြီး၊ ချက်ချင်းဆိုသလို လူဦးခေါင်းအရွယ်မီးဘောလုံးအသွင် ပြောင်းလဲသွားတယ်။
မီးဘောလုံးဆီက ထုတ်လွှတ်နေတဲ့ အပူရှိန်က ပြင်းလွန်းလို့ ခပ်လှမ်းလှမ်းကလူတွေတောင် အပူရှိန်ကို ခံစားမိနေတယ်။ မီးဘောလုံးက စူးရှတဲ့လေတိုးသံနဲ့အတူ ဝတုတ်ကောင်လေးဆီ အရှိန်နဲ့ တိုးဝင်သွားပြီး ရင်ဘတ်တည့်တည့်ကို ဝင်တိုက်လိုက်တယ်။
“ဝုန်း”
“အား ..”
နာနာကျင်ကျင် အော်ဟစ်သံနဲ့အတူ ဝတုတ်ကောင်လေးလည်း လေထဲကို မြှောက်တက်လွင့်စင်သွားတယ်။
ဝတုတ်ကောင်လေး မြေပြင်ပေါ် ပြန်မကျခင်မှာတင် ကြောက်စရာအကောင်းဆုံးနဲ့ မမေ့နိုင်စရာမြင်ကွင်းကို စုန့်ဝမ်တို့ မြင်လိုက်ကြရတယ်။ ဝတုတ်လေး လေထဲမြှောက်တက်သွားချိန်မှာတင် မီးဘောလုံးက ဝါးမျိုသွားပြီး လူသားမီးတိုင်အသွင် ပြောင်းသွားတယ်။
အဆီနဲ့ အသားတွေ တဖျစ်ဖျစ် လောင်ကျွမ်းသံနဲ့အတူ အနံ့ဆိုးကြီးက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်။ ဝတုတ်ကောင်လေးခန္ဓာကိုယ်က မြေပြင်ပေါ် ပြန်ကျမလာတော့ဘူး၊ လေထဲမှာတင် အရိုးပါမကျန် လောင်ကျွမ်းသွားခဲ့ပြီ။ အသက်နှစ်ရှိုက်စာ အချိန်လေးအတွင်းမှာတင် လူတစ်ယောက် အရိုးပါမကျန် မီးလောင်တိုက်သွင်းခံလိုက်ရတယ်။
လူငယ်တွေအားလုံး သွေးပျက်ထိတ်လန့်စရာမြင်ကွင်းကို ကြည့်နေရင်း တိတ်ဆိတ်သွားကြတယ်။ မျက်နှာတွေမှာလည်း သွေးရောင်မရှိတော့ဘဲ ဖြူဖပ်ဖြူလျော် ဖြစ်ကုန်ပြီ။
စုန့်ဝမ်လည်း ဘဝနှစ်ဆက် အတွေ့အကြုံမှာ မြင်ဖူးဖို့ နေနေသာသာ တွေးတောင် မတွေးခဲ့ဘူးတဲ့မြင်ကွင်းကြောင့် တုန်လှုပ်သွားတယ်။ အရာရှိတစ်ယောက်ရဲ့သားကို လူရှေ့သူရှေ့မရှောင် သတ်ပစ်တဲ့လုပ်ရပ်က ထျန်းရှဂိုဏ်းအနေနဲ့ ချင်ယန်နိုင်ငံ အာဏာပိုင်တွေကို အလေးမထားတာ ဖော်ပြနေတယ်။
စုန့်ဝမ်ကတော့ ကြောက်စိတ်နဲ့အတူ အံအားသင့်နေမိတယ်။ အဆောင်စာရွက်တစ်ခု သုံးပြီး မီးလုံးကြီးတစ်ခု ဖန်တီးတယ်ဆိုတာ သိုင်းပညာရှင်တစ်ယောက်လုပ်ရပ် မဟုတ်ဘူး။ ဒါက ကျင့်ကြံမှုလမ်းစဥ် လျှောက်လှမ်းသူတွေရဲ့လုပ်ရပ်မျိုးပဲ။ ဒါဆို ဒီကမ္ဘာက ကျင့်ကြံမှုကမ္ဘာပေါ့။
“သူ .. သူက အင်မော်တယ်အရှင်ပဲ”
လူငယ်တစ်ယောက်ရဲ့ တုန်တုန်ရီရီ အော်သံကြောင့် စုန့်ဝမ် သတိဝင်လာတယ်။ အော်လိုက်တဲ့လူငယ်က ဒူးထောက်ပြီး မုတ်ဆိတ်နဲ့လူကို အရိုအသေပေးနေပြီ။
တခြားလူငယ်တွေလည်း ဒူးထောက်ပြီး မုတ်ဆိတ်နဲ့လူကို အလုအယက် အရိုအသေပေးနေကြတယ်။ ပုန်ကန်ဆန့်ကျင့်ဖို့ ဘယ်သူမှ စိတ်မကူးဝံ့တော့ဘူး။ စုန့်ဝမ်လည်း အများနည်းတူ ဒူးထောက်ပြီး အရိုအသေပေးလိုက်တယ်။
လူက ဒူးထောက်နေပေမယ့် စုန့်ဝမ်ရင်ထဲ ဗြောင်းဆန်နေပြီ။ ဒီလိုကျင့်ကြံမှုစွမ်းအားကမှ တကယ်စစ်မှန်တဲ့စွမ်းအား။ သိုင်းပညာရှင်တွေရဲ့ စွမ်းအားနဲ့ ဘာမှကို မဆိုင်ဘူး။ အားကျစိတ်နဲ့အတူ စုန့်ဝမ်လည်း ပြင်းထန်တဲ့စိတ်ဆန္ဒနဲ့ ကိုယ့်ကိုယ်ကို ကတိပေးလိုက်တယ်။
“တစ်နေ့ကျရင် ဒီလိုကျင့်ကြံမှုစွမ်းအားကို ငါပိုင်ဆိုင်ရစေ့မယ်”
မုတ်ဆိတ်ရှည်နဲ့ကျင့်ကြံသူက ကြောက်ရွံ့နာခံနေတဲ့လူငယ်တွေကို ကြည့်ရင်း ကျေနပ်သွားတယ်။ မျောက်တွေကို ခြောက်လှန့်ဖို့ ကြက်တစ်ကောင် သတ်ပြရတာ အမြဲအလုပ်ဖြစ်တယ် မဟုတ်လား။
“ငါ့နာမည် ကျိုးယင်၊ အင်မော်တယ်လမ်းစဥ် လိုက်စားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းတို့ ကြောက်နေစရာ မလိုဘူး။ မင်းတို့ကို ဒီလိုခေါ်ထားတာ အင်မော်တယ်ဖြစ်နိုင်တဲ့အခွင့်အရေး ပေးမလို့ပဲ။ လာမယ့်တစ်လအတွင်း ငါကိုယ်တိုင် မင်းတို့ကို သက်ရှည်နည်းစနစ်ဆိုတဲ့ ကျင့်ကြံမှုပညာ သင်ပေးမယ်။ တစ်လအတွင်း ချီကို အောင်အောင်မြင်မြင် စုစည်းနိုင်တဲ့သူ ငါ့ရဲ့တပည့်ရင်း ဖြစ်ခွင့်ရမယ်။ အင်မော်တယ်ဖြစ်ဖို့ ကံမပါတောင် ကျင့်ကြံသူဖြစ်လာရင် စွမ်းအားကြီးပြီး ချမ်းသာမှုနဲ့ တန်ခိုးအာဏာတွေ ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒီအခွင့်အရေးကို မင်းတို့ တန်ဖိုးထားမယ်လို့ ငါမျှော်လင့်တယ်”
ကျိုးယင်ရဲ့စကားဆုံးတာနဲ့ လူငယ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။ အားလုံးက ပြင်းပြတဲ့စိတ်ဆန္ဒနဲ့အတူ ကျိုးယင်နောက်လိုက်ဖို့ အသင့်ဖြစ်နေကြပြီ။
စုန့်ဝမ်လည်း စိတ်လှုပ်ရှားနေတယ်၊ တချိန်တည်းမှာပဲ သူ့မသိစိတ်က တစ်ခုခုကို သတိပေးနေတယ်။ ကျိုးယင်က ပရိယာယ်များလွန်းတယ်။ စစချင်း ရက်စက်တဲ့လုပ်ရပ်နဲ့ အကြောက်တရား သွင်းတယ်၊ ပြီးမှ ကြီးမားတဲ့မက်လုံး ချပြတယ်။ တုတ်နဲ့ မုန်လာဥဆိုတဲ့ ဂန္ဓဝင်ဗျူဟာကို ပီပီပြင်ပြင် အသုံးချသွားတာပဲ။
လောကမှာ အင်မော်တယ် မဖြစ်ချင်သူ ဘယ်သူရှိမှာလဲ။ ဒါပေမယ့် အခြေအနေက ကျိုးယင်ပြောသလောက် ရိုးရှင်းမှာ မဟုတ်ဘူး။ သူ့မှာ ဘာရည်ရွယ်ချက်၊ ဘာအကျိုးခံစားခွင့်မှ မရှိဘဲ ကျင့်ကြံမှုနည်းပညာကို မျှဝေရတာလဲ။ ကျိုးယင်မှာ အစီအစဥ်တစ်ခု ရှိနိုင်တယ်၊ သတိထားရမယ်လို့ စုန့်ဝမ် ကိုယ့်ကိုယ်ကို သတိပေးနေမိတယ်။
……….