← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

“ကိုယ်ကိုမတ်မတ်ထား၊ ငြိမ်ငြိမ်ထိုင်။ စိတ်ကို တင်းမထားနဲ့။ နှာခေါင်းက အသက်ရှူတာကို အာရုံစိုက်ထား။ မျက်လုံးက ရှေ့တည့်တည့်ပဲ ကြည့်။ မင်းရဲ့ စိတ်ဝိညာဥ်ကို စုစည်းပြီး ကောင်းကင်တာအိုနှလုံးသားနဲ့ ဆက်သွယ်မိဖို့ ကြိုးစား”

ကွင်းပြင်ကျယ်ထဲမှာ ကျိုးယင်ရဲ့ သင်ကြားပြသတဲ့အသံက လွှမ်းမိုးနေတယ်။ ကျိုးယင်က သက်ရှည်နည်းစနစ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ ချီစုစည်းနည်းကို စသင်ပေးနေပြီ။ သူ့ကိုယ်ပိုင် အတွေ့အကြုံနဲ့ ထိုးထွင်းသိမြင်မှုပါ ဆရာစားမချန် မျှဝေပြီး ဂရုတစိုက်နဲ့ စေ့စေ့စပ်စပ် ရှင်းပြသင်ကြားပေးနေတယ်။

လူငယ်တွေကလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်နေကြတယ်။ ဒီအခွင့်အရေးသာ ဆုပ်ကိုင်နိုင်ခဲ့ရင် နဂါးတံခါးကို ကျော်လွန်ပြီး ဘဝသစ်တစ်ခု စတင်နိုင်မှာကို သိနားလည်ကြလို့ ဘယ်သူမှ မပေါ့ဆရဲဘူး။ အားလုံးက စာတတ်ပေတတ်တွေဖြစ်လို့ ကျိုးယင်က စနစ်တကျ ရှင်းပြသင်ကြားတာနဲ့ အနှစ်သာရကို နားလည်နိုင်ကြတယ်။

စိတ်မရှည်သူတချို့ဆို ကျိုးယင်ရှင်းပြတာတောင် မဆုံးသေးဘူး၊ နားထောင်နေရင်းက ကျင့်ကြံမှုကို စတင်နေကြပြီ။ ဝိညာဥ်ချီကို အာရုံခံနိုင်ဖို့ ကြိုးစားနေကြပြီ။

စုန့်ဝမ်ကတော့ ကျင့်ကြံဖို့ အလျင်မလိုဘူး၊ ကျိုးယင် ရှင်းပြသမျှ တစ်ခုတစ်လေမှ လွတ်မသွားရအောင် အာရုံစိုက် နားထောင်နေတယ်။ ပုဆိန်သွေးတယ်ဆိုတာ သစ်ခုတ်သမားအတွက် အချိန်ဖြုန်းရာ မရောက်ဘူးလေ။ နောက်ပြီး ဝိညာဥ်ချီကို ခံစားပြီး စုပ်ယူနိုင်တယ်ဆိုတာ အချိန်ယူရမယ့်ကိစ္စလို့ သူယုံကြည်ထားတယ်။ အချိန်တိုတွင်း လွယ်လွယ်နဲ့ရရင် လူတိုင်း ကျင့်ကြံသူ ဖြစ်ကုန်မှာပေါ့။

နှစ်နာရီလောက်နေတော့ မနက်ခင်းသင်ခန်းစာ ပြီးဆုံးသွားတယ်။ ပြီးတာနဲ့ ကျိုးယင်က ထရပ်ပြီး အားလုံးကြားလောက်အောင် အသံကျယ်ကျယ်နဲ့ ပြောလာတယ်။

“ဒီနေ့ သင်ခန်းစာက ဒီလောက်ပဲ။ သေချာမှတ်သားပြီး နားလည်အောင်လုပ်၊ ပြီးရင် စကျင့်ကြံကြတော့။ ငါ့အနေနဲ့ တစ်ယောက်ယောက် ဝိညာဥ်ချီတည်ရှိတာကို ခံစားမိပြီး၊ ချီကို အောင်အောင်မြင်မြင် စုစည်းနိုင်ဖို့ မျှော်လင့်တယ်။ လာမယ့်တစ်လအတွင်း တစ်ရက်ကို တစ်နာရီ ငါလာသင်ပေးမယ်။ မင်းတို့တွေ ခြံပြင်ထွက်ခွင့် မရှိဘူး၊ ခြံဝန်းထဲမှာတော့ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ အစားအသောက်အတွက် အစောင့်တွေက တာဝန်ယူ လုပ်ပေးလိမ့်မယ်။ မင်းတို့အလုပ်က သက်ရှည်နည်းစနစ်ကို ကျင့်ကြံဖို့ပဲ။ ငါစိတ်ပျက်အောင် မလုပ်ကြနဲ့”

ပြောပြီးတာနဲ့ ကျိုးယင်လည်း ခြံဝင်းထဲက ပြန်ထွက်သွားတယ်။ ချက်ချင်းဆိုသလို အစောင့်တွေက သက်ရှည်နည်းစနစ် ကျင့်စဥ်တွေကို ရေးသားထားတဲ့ စာအုပ်ငယ်တွေ တစ်ယောက်တစ်အုပ် လာဝေပေးတယ်။

စာအုပ်ရတာနဲ့ တချို့က ကျင့်ကြံမှုစတင်ဖို့ အခန်းထဲ အပြေးဝင်သွားတယ်။ တချို့က နီးစပ်ရာ အုပ်စုဖွဲ့ပြီး ဆွေးနွေးတိုင်ပင်ကြတယ်။ စုန့်ဝမ်ကတော့ အခန်းလည်းမပြန်၊ ဆွေးနွေးပွဲတွေထဲ မရောဘဲ တစ်နေရာမှာ ထိုင်ရင်း အခြေအနေကို သေချာသုံးသပ်နေတယ်။

ဘယ်လိုပဲကြည့်ကြည့် ကျိုးယင်က ပရဟိတဖခင်ကြီးအလား စေတနာပိုလွန်းတယ်။ သူစိမ်းတွေကို အင်မော်တယ်လမ်းကြောင်း လျှောက်နိုင်အောင် ကူညီသတဲ့။ စေတနာ ကြီးမားလေ၊ အကျိုးမျှော်ကိုးချက် ကြီးမားလေဖြစ်မှာ သေချာတယ်။ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တစ်ခုတော့ ကျိန်းသေရှိရမယ်။

ခဏနေတော့ အစောင့်တွေ ခြံဝင်းအပြင် ထွက်သွားတာနဲ့ စုန့်ဝမ်လည်း ခြံထဲ လှည့်ပတ်လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ခြံဝင်းကြီးက ကြီးမားတဲ့တောင်ခြေတစ်ခုမှာ ဆောက်လုပ်ထားတယ်။ အခုနေတဲ့အိမ်တန်းလျားတွေက ခြံဝင်းနဲ့ ယှဥ်ရင် သေးသေးလေး။ ရေကန်ငယ်တွေနဲ့ အပင်တွေက နေရာအများစု ယူထားတယ်။

တောင်ခြေရင်းနားမှာ နှစ်ထပ်အဆောက်အဦးတစ်ခု ရှိတယ်။ ကျိုးယင်က အဲဒီကို သွားနေတာမြင်တော့ သူနေတဲ့အိမ်ဖြစ်ရမယ်။ အဆောက်အဦး ပတ်ပတ်လည်မှာ စိုက်ခင်းတွေနဲ့ ပြည့်နေတယ်။ ဆေးပင်တွေ ဖြစ်ရမယ်။

၁၅ မိနစ်လောက် လှည့်ပတ်ကြည့်ပြီးမှ စုန့်ဝမ် အခန်းထဲ ပြန်ဝင်ခဲ့တယ်။ အခန်းထဲ​မှာ နေ့လည်စာ အသင့်ရောက်နေပြီ။ ပေါက်စီ ၃ လုံး၊ အသားနဲ့ အသီးအရွက်ရောကြော်က တစ်ပန်းကန်။ ဒါက ချင်ယန်နိုင်ငံမှာ အတော်အတန် ချမ်းသာတဲ့မိသားစုတွေပဲ စားနိုင်တဲ့နေ့လည်စာမျိုး။ သာမန်အိမ်ထောင်စုတွေက နေ့လည်စာကို ပေါက်စီနဲ့အသား နေ့စဥ်ပုံမှန် ဝယ်မစားနိုင်ကြဘူး။ ကောင်းကောင်းထား၊ ကောင်းကောင်းကျွေးပေမယ့် စုန့်ဝမ် စိတ်မသက်သာဖြစ်နေတယ်။ အသားတိုးကြက်လို အမွေးခံထားရလားဆိုတဲ့အတွေးက လွှမ်းမိုးနေတယ်။

နေ့လည်စာ စားပြီးတာနဲ့ စာအုပ်ကို စဖတ်တယ်။ သက်ရှည်နည်းစနစ်ရဲ့ ပထမကျင့်စဥ်က စကားလုံးတစ်ရာကျော်ပဲ ပါတယ်။ ဒါပေမယ့် အကြောင်းအရာက နက်နဲခက်ခဲလွန်းတာကြောင့် မနည်းဖတ်နေရတယ်။ ကျိုးယင်သာ သေချာမရှင်းပြခဲ့ရင် လနဲ့ချီ အချိန်ယူရလောက်တယ်။ အခုတောင် တစ်နာရီကျော် အချိန်ယူလိုက်ရတယ်။

ကနဦးအဆင့်ကို သေချာနားလည်တာနဲ့ ထိုင်ပြီး ကျင့်ကြံမှုကို စတယ်။ စိတ်တည်ငြိမ်အောင် စုစည်းပြီး ကျင့်စဥ်နည်းလမ်းအတိုင်း ကောင်းကင်နဲ့ မြေပြင်ရဲ့ ဝိညာဥ်ချီကို ခံစားမိဖို့ ကြိုးစားနေခဲ့တယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်လွန်ပြီး ညနေစောင်း ရောက်လာပြီ။ ၃ နာရီကြာ ကျင့်ကြံပြီးချိန်မှာ စုန့်ဝမ် ခဏနားလိုက်တယ်။ အချိန်အတန်ကြာ ကြိုးစားပေမယ့် ဝိညာဥ်ချီကို လုံးဝအာရုံခံမရလို့ ကိုယ့်ကိုယ်ကိုတောင် ကျင့်ကြံဖို့ ပါရမီ မပါတာလား၊ ပါရမီပဲ နည်းတာလားဆိုပြီး သံသယ ဝင်လာတယ်။

ကျိုးယင်သင်ကြားပို့ချချိန်က ကျင့်ကြံနိုင်တဲ့ပါရမီဆိုတာ လူတိုင်းမှာ ပါလာတာ မဟုတ်ဘူး၊ ပါရမီရှိသူ အရမ်းရှားသလို ပါရမီရှိသူတိုင်းလည်း အဆင့်အတန်း မတူကြဘူးလို့ ရှင်းပြခဲ့တယ်။ ကျိုးယင်ရဲ့အသိကလည်း အကန့်အသတ် ရှိနေပုံ ရတယ်၊ အပေါ်ယံလောက်ပဲ ရှင်းပြပြီး၊ အသေးစိတ် မပြောဘူး။ သူကိုယ်တိုင်လည်း တခြားသူတွေ ပါရမီ ရှိ၊ မရှိ ဝေခွဲနိုင်ပုံ မရဘူး။ ဒါကြောင့် လူစုပြီး လေ့ကျင့်ခိုင်းရင်း ရှာနေတာ ဖြစ်မယ်။

စုန့်ဝမ်လည်း စိတ်ရှုပ်ထွေးလာတာကြောင့် အခန်းအပြင် ထွက်ခဲ့တယ်။ နေဝင်ချိန်ရှုခင်းက လှပလွန်းပေမယ့် အန္တရာယ်ကို ရိပ်စားမိနေတာနဲ့ ကျင့်ကြံမှုပါရမီ ရှိပါ့မလာဆိုတဲ့သံသယကြောင့် သဘာဝအလှတရားကို မခံစားနိုင်သေးဘူး။

တခြားလူငယ်တွေလည်း ခြံထဲ ရောက်နေကြတယ်။ ဟိုနားဒီနား အုပ်စုလေးတွေစုပြီး အတွေ့အကြုံ ဖလှယ်နေကြတယ်။ စုန့်ဝမ်လည်း မယောင်မလည်နဲ့ လမ်းလျှောက်ရင်း နားစွင့်ကြည့်တယ်။ ဒီတော့မှ လူငယ်တွေထဲ တစ်ယောက်မှ ဝိညာဥ်ချီကို အာရုံမခံနိုင်သေးတာ သိပြီး စိတ်တည်ငြိမ်သွားတယ်။

အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံရတာ ထင်​သလောက် မလွယ်ဘူးပဲ။

ခဏနေတော့ ညစာ လာပို့တာနဲ့ စားသောက်ပြီး ကျင့်ကြံမှုကို ပြန်စတယ်။ ညနက်တဲ့အထိ ကြိုးးပေမယ့် အရာမထင်ပြန်ဘူး။ ဒါနဲ့ စိတ်လျှော့ပြီး အိပ်လိုက်ပါတော့တယ်။

….

နော​က်နေ့မနက် ၇ နာရီ​လောက်မှာ ကျိုးယင် ရောက်လာတယ်။ လူစုံတာနဲ့ လိုရင်းကို တန်းမေးလာတယ်။

“မနေ့က ဝိညာဥ်ချီကို ခံစားမိသူ ရှိလား”

လူငယ်တွေက တုံ့ပြန်မှုမရှိ၊ တိတ်ဆိတ်နေတယ်။ ဒါကို မျှော်လင့်ထားပြီးဟန်နဲ့ ကျိုးယင်က ဆက်မမေးတော့ဘဲ ပို့ချမှုကို စတင်လိုက်တယ်။ သက်ရှည်နည်းစနစ်ရဲ့ ကျန်ရှိတဲ့အပိုင်းတွေကို ဆက်သင်ပေးပြီး မမောနိုင် မပန်းနိုင် ရှင်းပြတယ်။ သင်ကြားပို့ချမှု ပြီးတာနဲ့ ကျင့်ကြံမှုကို စတင်ကြတယ်။

ဒီလိုနဲ့ တတိယနေ့ ရောက်လာခဲ့တယ်။ အဲဒီနေ့ညနေမှာ စုန့်ဝမ် ကျင့်ကြံနေရင်း ဝိညာဥ်ချီ တည်ရှိမှုကို စတင်ခံစားမိလိုက်တယ်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာ မရေမတွက်နိုင်တဲ့ အလင်းမှုန်တွေ မှိတ်တုတ်မှိတ်တုတ်နဲ့ ပေါ်လာပြီး ဦးတည်ရာမဲ့ လွင့်မျောနေတာကို ခံစားသိမြင်လာတယ်။

ဒီခံစားမှုက ညနက်လို့ ကျင့်ကြံမှုကို ရပ်နားချိန်ထိ တောက်လျှောက်ပေါ်နေတယ်။ နောက်ဆုံးတော့ ကျင့်ကြံမှုရဲ့ ပထမအဆင့် အောင်မြင်ခဲ့ပြီ။ သူ့မှာ ကျင့်ကြံမှုစတင်ဖို့ ပါရမီ ပါရှိပြီး၊ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေး ရှိတယ်ဆိုတာ စုန့်ဝမ် သိလိုက်ရတယ်။

အိပ်ချိန် ရောက်လာပေမယ့် တက်ကြွနေတဲ့စုန့်ဝမ် မအိပ်နိုင်သေးဘူး။ ဒုတိယယအဆင့်ဖြစ်တဲ့ ချီကို ခန္ဓာကိုယ်ထဲ စုဆောင်းနိုင်ဖို့ ကျင့်ကြံမှုကို ပြန်စလိုက်တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား လွင့်မျောနေတဲ့ ဝိညာဥ်ချီက ထိန်းချုပ်လို့ မရ​ဖြစ်နေတယ်။

၁၅ မိနစ်လောက် ကြိုးစားပြီးမှ အတွေးတစ်ခု ဝင်လာလို့ ကျင့်ကြံမှုကို ချက်ချင်းရပ်လိုက်ရတယ်။

“မဖြစ်ဘူး၊ ချီကို အလောတကြီး စုစည်းလို့ မဖြစ်သေးဘူး။ ချီစုစည်းနိုင်တဲ့ ပထမဆုံးလူ ဖြစ်လို့ မရဘူး။ ကျိုးယင်ရဲ့ ရည်ရွယ်ချက်ကို သေချာမသိမချင်း ငါကျင့်ကြံနိုင်တယ်ဆိုတာ ဖော်ထုတ်မိလို့ မဖြစ်ဘူး”

စိတ်ပိုင်းဖြတ်ပြီးတာနဲ့ စုန့်ဝမ်လည်း ကျင့်ကြံမှု ရပ်နားပြီး အိပ်ယာဝင်ခဲ့တယ်။

နောက်နေ့မနက် ၇ နာရီ ထိုးတာနဲ့ စုန့်ဝမ်လည်း တခြားလူငယ်တွေနဲ့အတူ အဆောင်အပြင်ဘက် မြေကွက်လပ်မှာ စုဝေးနေတယ်။

ခဏနေတော့ သင်ခန်းစာပို့ချဖို့ ကျိုးယင် ရောက်လာတယ်။ ရောက်တာနဲ့ ထုံးစံအတိုင်း မေးလိုက်တယ်။

“မနေ့က ဝိညာဥ်ချီကို ခံစားမိတဲ့သူ ရှိလား”

…………..

All Chapters