အခန်း (၅)
Vol. 1 Ch. 5
အတန်ကြာတဲ့အထိ ဘယ်သူမှ ထွက်မလာလို့ ကျိုးယင် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိတယ်။
“၃ ရက်တောင် ရှိပြီ၊ တစ်ယောက်မှ မခံစားနိုင်ဘူးလား”
စုန့်ဝမ်ကတော့ သူဆုံးဖြတ်ထားတဲ့အတိုင်း ထုတ်မပြောဘဲ ငြိမ်နေခဲ့တယ်။ ဒီလူအုပ်ထဲမှာ တစ်ယောက်မှ ဝိညာဥ်ချီကို မခံစားနိုင်သေးဘူးဆိုတော့ သူ့ပါရမီက မဆိုးဘူးလို့ မှတ်ချက်ချလိုက်မိတယ်။
ကျိုးယင်လည်း နည်းနည်းစိတ်ပျက်သွားပေမယ့် သင်ကြားပို့ချတာကို ပုံမှန်အတိုင်း ဆက်လုပ်ခဲ့တယ်။ လူငယ်တွေကလည်း အရင်နေ့တွေလိုပဲ ဆက်ကျင့်ကြံနေကြတယ်။
ညနေမှာတော့ စုန့်ဝမ်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ဝိညာဥ်ချီကို ခန္ဓာကိုယ်ထဲ စုဆောင်းနိုင်ခဲ့တယ်။ လေထဲမျောလွင့်နေတဲ့အလင်းမှုန်တွေ ခန္ဓာကိုယ်ထဲ စီးဝင်လာတာ ခံစားမိပြီး ချက်ချင်းဆိုသလို သွေးကြောထဲ ပူနွေးတဲ့ခံစားချက်တစ်ခု ပေါ်လာတယ်။ သက်ရှည်နည်းစနစ်အတိုင်း လည်ပတ်လိုက်တာနဲ့ အဲဒီပူနွေးမှုလေးက လိုက်ပါစီးမျောနေတယ်။
စုန့်ဝမ် ဝမ်းသာအားရဖြစ်ပြီး ကိုယ်ပိုင်ဝိညာဥ်စွမ်းအားနဲ့ ပေါင်းစပ်ဖို့ ပြင်လိုက်ချိန် အတွေးတစ်ခု ခေါင်းထဲတန်းဝင်လာတယ်။ ကျိုးယင်သာ လူတစ်ယောက်မှာ ချီစုစည်းနိုင်တာကို အဝေးက အာရုံခံနိုင်ခဲ့ရင် ဝန်မခံလည်း သိသွားနိုင်တယ်။ ဒါဆို ဖုံးကွယ်ထားတာပါ သိသွားခဲ့ရင် ပြဿနာ အရမ်းကြီးသွားနိုင်တယ်။
စုန့်ဝမ်လည်း ထိတ်လန့်ပြီး ကျင့်ကြံမှုကို ချက်ချင်း ရပ်လိုက်ရတယ်။ ချက်ချင်းဆိုသလို ဝန်းရံလည်ပတ်နေတဲ့ဝိညာဥ်ချီတွေ ခန္ဓာကိုယ်ထဲ ဆက်ဝင်လာဘဲ လွင့်မျောပျောက်ကွယ်သွားတယ်။ သွေးကြောထဲက ဝိညာဥ်ချီလည်း သန့်စင်ပေါင်းစပ်မှု မလုပ်တော့တာကြောင့် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။
“ဒုက္ခရောက်ဖို့ နည်းနည်းပဲ လိုတယ်။ ဒီရက်ပိုင်း ကျင့်ကြံတာ ခဏရပ်ပြီး အခြေအနေကို စောင့်ကြည့်တာ ကောင်းမယ်”
စုန့်ဝမ်လည်း ဆုံးဖြတ်ပြီးတာနဲ့ အိပ်ယာဝင်ခဲ့လိုက်တယ်။
ဒီလိုနဲ့ ၄ ရက်တာ ကုန်ဆုံးပြီး ၇ ရက်မြောက်နေ့ကို ရောက်လာတယ်။ မနက်သင်ခန်းစာပို့ချတာ နားထောင်ဖို့ စုန့်ဝမ် အခန်းထဲက ထွက်လာချိန် အပြင်မှာ လူတစ်စု စုဝေးပြီး အသံကျယ်ကျယ်နဲ့ ပြောဆိုနေကြတာ တွေ့လိုက်တယ်။
စုန့်ဝမ်လည်း အနားကပ်ပြီး နားစွင့်လိုက်တယ်။
“အားနို .. မင်းတကယ်ပဲ ချီစုစည်းနိုင်ခဲ့တာလား”
“အားနို .. ငါတို့ကို လမ်းညွှန်ပါဦး။ မင်းအတွေ့အကြုံလေး မျှဝေပေးဦးလေ”
ရိုးရိုးအေးအေးနဲ့ ကျေးတောသားအသွင်ရှိတဲ့ အားနိုလည်း ရုတ်တရက် ပေါ်ပြူလာဖြစ်သွားလို့ ရှက်ပြီး နေရခက်နေတယ်။ တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေသူတွေကြောင့် ဘာဖြေရမှန်းမသိ ကြောင်အမ်းအမ်း ဖြစ်နေတယ်။
“မင်းတို့တွေ ဘာလုပ်နေတာလဲ”
ရုတ်တရက် ကျယ်လောင်တဲ့ကြိမ်းမောင်းသံနဲ့အတူ ကျိုးယင် မျက်နှာထားတင်းတင်းနဲ့ အနားရောက်လာတယ်။
“စောစောစီးစီး ဘာလို့ ကျယ်လောင်ကျယ်လောင် လုပ်နေတာလဲ၊ ဖြေစမ်း”
ဒေါသထွက်နေတဲ့ ကျိုးယင်ကြောင့် အားလုံး ကြောက်လန့်ပြီး ငြိမ်ကျသွားတယ်။ ဘယ်သူမှ အသံမထွက်ရဲတော့ဘူး။
ကျိုးယင်အကြည့်က လူအုပ်အလယ်မှာ ရှိနေတဲ့အားနိုဆီ ရောက်လာတယ်။ အားနိုလည်း ကျားရှေ့ရောက်သွားတဲ့ ယုန်ငယ်လို ခံစားလိုက်ရပြီး ကျောရိုးထဲထိ အေးစိမ့်သွားတယ်။
မဖြေလို့ မဖြစ်တော့တာနဲ့ အားနိုလည်း အားတင်းပြီး ပြန်ဖြေလိုက်ရတယ်။
“ဆရာသခင်ကို တင်ပြပါတယ်။ ကျနော် ညက ချီကို ခန္ဓာကိုယ်ထဲ အောင်အောင်မြင်မြင် စုဆောင်းနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် …”
“ဘာ .. ဘာပြောလိုက်တယ်။ မင်း ချီကို စုစည်းနိုင်ပြီ ဟုတ်လား”
ကျိုးယင် ဒေါသထွက်နေတာ ချက်ချင်းမေ့သွားပြီး ဝမ်းသာအားရ ပြောရင်း အားနိုလက်ကို ကိုင်လိုက်မိတယ်။
“အားနို .. မင်းတကယ် ချီကို စုစည်းနိုင်ခဲ့တာပဲ။ အရမ်းတော်တယ်။ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့တပည့်ရင်းပဲ။ ဒီနေ့ သင်ခန်းစာပို့ချပြီးရင် ငါနဲ့ အတူလိုက်နေတော့။ ငါကိုယ်တိုင် အနီးကပ် သင်ပေးမယ်”
အားနိုလည်း အရမ်းဝမ်းသာသွားတယ်။ သူ့အနာဂတ်က အရမ်းကို တောက်ပနေပြီ မဟုတ်လား။
“ကျေး .. ကျေးဇူးတင်ပါတယ် ဆရာသခင်”
“အာ .. ဘာလို့ ဆရာသခင်လို့ ဆက်ခေါ်နေတာလဲ။ အခုကစပြီး ငါ့ကို ဆရာလို့ပဲ ခေါ်ပါ”
အပြောင်းအလဲက တကယ်ကို သိသာတယ်။ ဆရာသခင်ဆိုတာ အစေခံက သခင်ဖြစ်သူကို ခေါ်တဲ့ပုံစံဖြစ်တယ်။ ဆရာဆိုတာက သင်ကြားပြသသူ ဆရာကို ခေါ်တာ။
အားနိုက ဆက်ချီးကျူးအားပေးပြီးမှ ကျိုးယင် တခြားလူငယ်တွေကို လှည့်ကြည့်လာတယ်။
“မင်းတို့လည်း အားနိုကို အတုယူပြီး ကြိုးစားကြ။ ချီကို စုစည်းနိုင်တာနဲ့ ငါ့တပည့်ဖြစ်ခွင့် ရမယ်။ အားနိုရဲ့ ဆရာတူညီ ဖြစ်လာလိမ့်မယ်”
လူငယ်တွေလည်း အားတက်သရော ကတိပေးကြတယ်။
ပြောလို့ပြီးတာနဲ့ ကျိုးယင်လည်း သင်ခန်းစာပို့ချဖို့ ပြင်လိုက်တယ်။
“အားနို .. လာ၊ ငါ့ဘေးမှာ ထိုင်”
အားနိုကို သူ့ဘေးထိုင်ခိုင်းပြီးတာနဲ့ ကျိုးယင်လည်း သင်ကြားမှုကို စတင်ခဲ့တယ်။
အထွေအထူး နားထောင်သင်ယူစရာ မလိုတော့တဲ့ စုန့်ဝမ်က ထိုင်နေရင်း အခြေအနေကို အကဲခတ်နေတယ်။ ပထမတစ်ချက်၊ ချီစုစည်းနိုင်ကြောင်း အားနို ထုတ်ပြောမှ ကျိုးယင် သိတာကို ကြည့်ရင် ဒီလူမှာ ဘယ်သူတွေ ကျင့်ကြံနိုင်စွမ်း ရှိတယ်ဆိုတာကို အကဲဖြတ်နိုင်စွမ်း မရှိတာ သေချာပြီ။ အခုလို လူငယ်တွေ စုစည်းပြီး ကျင့်ကြံမှုအခြေခံ သင်ပေးတယ်ဆိုတာ ကံကောင်းရင် ငါးမိမယ်ဆိုတဲ့အတွေးနဲ့ ကွန်ပစ်တဲ့သဘောပဲ။
ဒုတိယအချက်၊ အားနိုလက်ကို ကိုင်ပြီး ချီစုစည်းနိုင်တာ အတည်ပြုပုံအရ ကျိုးယင်မှာ လူတစ်ယောက်ကို မထိတွေ့ဘဲ အဝေးကနေ အာရုံခံစစ်ဆေးနိုင်စွမ်း မရှိတာ သေချာတယ်။ ဒီနှစ်ချက်အရ ကျိုးယင်ဟာ ကျင့်ကြံသူဖြစ်ပေမယ့် ကျင့်ကြံမှုအဆင့် သိပ်မမြင့်တာ သေချာတယ်။
အားနို ချီစုစည်းနိုင်တာနဲ့ တပည့်ရင်းအဖြစ် လက်ခံတာ၊ အကြီးအကဲယန်နဲ့ ကုံးဟန်ပြောစကားအရ ဒီအုပ်စုဟာ ပထမဆုံးအသုတ် မဟုတ်တာကို ထောက်ရှုရင် တစ်ခုခုတော့ မှားနေပြီ။ အရင်အဖွဲ့တွေမှာ ချီစုစည်းနိုင်သူ မရှိဘူးလား၊ ရှိခဲ့ရင် အဲဒီလူတွေ ဘယ်မှာလဲ၊ ဘာလို့မတွေ့ရတာလဲ။ မအောင်မြင်သူတွေက ဘယ်ရောက်သွားလဲ။ မြို့ထဲမှာ ဒီအကြောင်း သတင်းတစ်စုံတစ်ရာ မကြားရတာ ကြည့်ရင် အန္တရာယ်ကြီးကြီးမားမား ရှိနေတဲ့သဘောပဲ။
ခြုံငုံသုံးသပ်ပြီးချိန်မှာ စုန့်ဝမ် စိတ်မအေးနိုင်တော့ဘူး။ သူ့ခေါင်းပေါ် ဓားတစ်လက် ဝဲနေသလို ခံစားနေရတယ်။ ဒါပေမယ့် အဆိုးချည်းပဲတော့ မဟုတ်ဘူး။ ကျိုးယင်က တခြားသူတစ်ယောက် ကျင့်ကြံမှုကို အဝေးကနေ မစုံစမ်းနိုင်တာကြောင့် ကျင့်ကြံမှု စတင်ဖို့ အခွင့်အရေး ရပြီ။ မရေရာတဲ့ အခြေအနေမှာ ရသလောက် ကျင့်ကြံတာ မမှားဘူး။
…
ဒီလိုနဲ့ ရက်နှစ်ဆယ် ကုန်လွန်သွားတယ်။ ဒီကြားထဲ ကျန်းချန်ဆိုသူ လူငယ်တစ်ယောက်ပဲ ချီစုစည်းနိုင်သူအဖြစ် ထပ်ပေါ်လာတယ်။ ဒါက ကျိုးယင်ကို အရမ်းစိတ်လှုပ်ရှားစေခဲ့တယ်။ သူမျှော်လင့်ထားတာထက် ပိုများနေပြီ မဟုတ်လား။
စုန့်ဝမ်ကတော့ ထုတ်မပြောသေးဘဲ ကျင့်ကြံမှုကို ဆက်လုပ်နေတယ်။ ချီစုစည်းမှု ပိုအားကောင်းလာတာနဲ့အမျှ ကြံ့ခိုင်မှု တိုးလာတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေ တိုးတက်လာတယ်။ စိတ်တည်ငြိမ်လာသလို မှတ်ဥာဏ်လည်း ပိုကောင်းလာတယ်။
တချိန်တည်းမှာ အားနို ဘယ်လောက်တိုးတက်လာလဲဆိုတာ စောင့်ကြည့်နေခဲ့တယ်။ ရိုးသားပွင့်လင်းတဲ့အားနိုက ကျင့်ကြံမှုကို ဖုံးဖိမထားသလို၊ မကြာခဏဆိုသလို အများရှေ့မှာ သူ့ခွန်အားကို ထုတ်ပြလေ့ရှိတော့ လေ့လာရ လွယ်တယ်။
မနေ့ကဆို ၃၀ ကီလိုဂရမ်လေးတဲ့ ကျောက်တုံးကြီးကို မပြခဲ့သေးတယ်။ စုန့်ဝမ်က သူ့ခွန်အားဟာ အားနိုထက် မနိမ့်ဘူးလို့ တွက်ဆထားတော့ သူလည်း အဲ့လောက်ရှိပြီဆိုတာ တွက်မိတယ်။
ညနေစာ စားပြီးတာနဲ့ ထုံးစံအတိုင်း ခြံဝင်းတစ်ပတ် လမ်းလျှောက်ထွက်ခဲ့တယ်။ ဒါက စုန့်ဝမ်ရဲ့ ပုံမှန်အလေ့အထလို ဖြစ်လာတော့ ဘယ်သူကမှ ဂရုတစိုက် စောင့်မကြည့်တော့ဘူး။ စုန့်ဝမ်လည်း အခြေအနေကို အေးအေးဆေးဆေး အကဲခတ်လို့ ရလာတယ်။
ခြံဝင်းနံရံတွေက ဆယ်ပေလောက် မြင့်တော့ ကျော်တက်ဖို့ ခဲယဥ်းတယ်။ အစောင့်တွေလည်း အချိန်ပြည့် ရှိနေတော့ လွတ်ဖို့ အခွင့်အလမ်း မရှိဘူး။ အချိန်ယူ လေ့လာပြီးချိန်မှာတော့ အိမ်ခန်းတွေကနေ ပေတစ်ရာအကွာ ခြံစည်းရိုးတစ်နေရာမှာ ခွေးတိုးပေါက်တစ်ခု ရှိနေတာ သတိထားမိခဲ့တယ်။ လူတစ်ကိုယ်စာတော့ ဝင်ထွက်လို့ ရမယ်။ အပေါက်နားတဝိုက်မှာ ခြုံနွယ်နဲ့ မြက်ပင်ရှည်တွေ ပေါက်နေလို့ အစောင့်တွေ မြင်တွေ့ဖို့ ခက်ခဲတယ်။
ဒါပေမယ့် ခြံဝင်းထဲက ထွက်ပြေးနိုင်ရင်တောင် ထျန်းရှဂိုဏ်းနယ်မြေထဲပဲ ရှိဦးမယ်။ အဲဒီကနေ လွတ်မြောက်ဖို့ကလည်း မလွယ်ပြန်ဘူး။ ပြေးမယ်ဆို ချိန်သားကိုက်ဖို့ အရမ်းအရေးကြီးတယ်။
………