အခန်း (၆)
Vol. 1 Ch. 6
အရင်နေ့တွေလိုပါပဲ။ မိုးလင်းတာနဲ့ ထုံးစံအတိုင်း အိပ်ခန်းဆောင်ရှေ့ ကွင်းပြင်ထဲမှာ လူငယ်တွေ စုဝေးနေကြတယ်။ သူတို့က အားနိုနဲ့ ကျန်းချန်ကို ချဥ်းကပ်ပြီး ဝိညာဥ်ချီကို ဘယ်လိုစုဆောင်းရမလဲဆိုတာ အကြံဥာဏ်တောင်းနေကြတယ်။ သတ်မှတ်ရက်ပြည့်ဖို့ကလည်း ၃ ရက်ပဲ လိုတော့တာဆိုတော့ စိုးရိမ်နေကြပြီ။ ကျင့်ကြံသူဖြစ်ဖို့ အခွင့်အရေးကို ဘယ်သူမှ လက်လွတ်မခံချင်ကြဘူး။ အားနိုနဲ့ ကျန်းချန်က သူတို့သိသမျှ မျှဝေပေမယ့် အကျိုးမထူးဘူး။
နံရံတွေကို မှီရပ်ရင်း ကင်းစောင့်နေတဲ့အစောင့်နှစ်ယောက်က ဆူညံ့နေတဲ့ လူငယ်အုပ်စုကို စောင့်ကြည့်ရင်း လှောင်ပြောင်နေကြတယ်။
“ငအလေးတွေ၊ သူတို့ ဇတ်သိမ်းခါနီးပြီဆိုတာ မရိပ်မိကြဘူး”
“သနားစရာကောင်လေးတွေပါ၊ ခုမှ ၁၄၊ ၁၅ အရွယ်ပဲ ရှိဦးမယ်။ အတွေ့အကြုံနည်းတော့ လောကကြီး ဘယ်လောက်တောင် ကောက်ကျစ်ရက်စက်လဲဆိုတာ မသိကြသေးဘူး။ ဒီလောကမှာ အလကားစားရတဲ့ နေ့လည်စာမှ မရှိတာ”
အစောင့်တွေ ပြောဆိုနေတာကို အနားက သစ်ပင်အကွယ်မှာ ရောက်နေတဲ့ စုန့်ဝမ် သေသေချာချာ ကြားလိုက်ရလို့ တုန်လှုပ်သွားတယ်။ ဒီတိုင်းဆို ချီစုစည်းနိုင်သူပဲဖြစ်ဖြစ်၊ မစုစည်းနိုင်သူပဲဖြစ်ဖြစ် ဘယ်သူမှ အဆုံးသတ်ကောင်းမယ့်ပုံ မရှိဘူး။ အစက ချီစုစည်းနိုင်သူတွေကိုပဲ ကျိုးယင်က စိတ်ဝင်စားမယ် ထင်ခဲ့တာ။ ခုတော့ မစုစည်းနိုင်သူတွေလည်း ဘေးကင်းမယ့်ပုံ မပေါ်ဘူး။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒီလူငယ်အားလုံးက ကျိးယင်သင်ပြတဲ့ သက်ရှည်နည်းစနစ်ကို ကြေညက်အောင် သင်ယူပြီးနေပြီ။ ချီမစုစည်းနိုင်တာကလွဲရင် ကျင့်စဥ်တစ်ခုလုံး ရခဲ့ကြပြီးသား။ သူတို့ကို ပြန်လွှတ်လိုက်တာနဲ့ ထျန်းရှဂိုဏ်းလုပ်ရပ်အပြင် သက်ရှည်နည်းစနစ်ပါ ပေါက်ကြားသွားလိမ့်မယ်။ ဒါမျိုးတော့ ကျိုးယင်လိုလူက အဖြစ်ခံမှာ မဟုတ်ဘူး။
စုန့်ဝမ် ဆက်နားထောင်နေပေမယ့် အစောင့်တွေက တခြားအကြောင်းတွေ ဆက်ပြောနေကြလို့ ဘာသတင်းအချက်အလက်မှ ထပ်မရတော့ဘူး။ ညရောက်တော့ အချိန်ထပ်မဆွဲတော့ဘဲ မနက်ဖြန်မှာပဲ ချီစုစည်းနိုင်ကြောင်း ကျိုးယင်ကို အသိပေးဖို့ ဆုံးဖြတ်လိုက်တယ်။
….
နောက်တစ်နေ့မနက် မိုးလင်းတာနဲ့ စုန့်ဝမ်တို့တွေ ကျိုးယင်ကို စောင့်နေကြတယ်။ စောင့်တဲ့နေ့ကျမှ ကျိုးယင်က နောက်ကျနေတယ်။ နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတယ်။ သူနဲ့အတူ အားနိုနဲ့ ကျန်းချန်တို့ပါ ပါလာကြတယ်။
ဒီနေ့မှာ အားနိုအခြေအနေက ထူးခြားနေတယ်။ ပုံမှန်အတိုင်း လမ်းလျှောက်လာပေမယ့် ဖျော့တော့အားနည်းနေတယ်။ အရေပြားတွေ လျော့ရဲပြီး အသက် ၃၀ ကျော် လူလတ်ပိုင်းတစ်ယောက်ပုံစံ ပေါက်နေတယ်။ တစ်ညတည်းနဲ့ ၁၅ နှစ်အရွယ်လူငယ်က သက်လတ်ပိုင်းအရွယ် လူမမာပုံ ဖြစ်သွားလို့ စုန့်ဝမ် အံအားသင့်သွားတယ်။
“ဘာလို့ ဒီပြဿနာ ပေါ်လာရတာလဲ။ ကျင့်စဥ်မှာ အမှားပါလို့ ဒဏ်ဖြစ်ပြီး သွေးနဲ့ ချီ ဆုံးရှုံးတာများလား”
စုန့်ဝမ်လည်း ရုတ်တရက် ကြုံလာရတဲ့ပြဿနာကို နားမလည်နိုင် ဖြစ်နေတယ်။ ဒီတိုင်းဆို ကျိုးယင်ကို ချီစုစည်းနိုင်တဲ့အကြောင်း ထုတ်ပြောဖို့ပဲ ရှိတယ်။
သတ်မှတ်ရက်ပြည့်ဖို့က ၃ ရက်ပဲ လိုတော့တယ်၊ ဒီကြားထဲ ချီကို မစုစည်းနိုင်ရင် အသက်အန္တရာယ် ရှိလာနိုင်တယ်။ ချီစုစည်းနိုင်လည်း အန္တရာယ်မကင်းဘူးဆိုပေမယ့် အဲဒါက ချက်ချင်းလက်ငင်းတော့ အန္တရာယ်ရှိပုံ မရဘူး။
သင်ခန်းစာ မစခင်မှာတင် စုန့်ဝမ်က ရှေ့ထွက်လာပြီး ကျိုးယင်ကို အရိုအသေပြုရင်း တင်ပြတယ်။
“ဆရာကျိုးယင်၊ ကျနော် ညက ချီကို စုစည်းနိုင်ခဲ့ပါတယ်”
ကျိုးယင်မျက်လုံးတွေ အရောင်လက်သွားပြီး စစ်ဆေးဖို့ စုန့်ဝမ်လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တယ်။
ချက်ချင်းဆိုသလို သူ့လက်ကောက်ဝတ်နေရာကနေ အပူစီးကြောင်းတစ်ခု စီးဝင်လာပြီး၊ သူ့ကိုယ်ထဲက သန့်စင်ထားတဲ့ ဝိညာဥ်ချီနဲ့ ထိတွေ့ချိတ်ဆက်သွားတာ စုန့်ဝမ် ခံစားလိုက်မိတယ်။ အဲဒီအပူစီးကြောင်းက သူ့ထက် အများကြီး အားကောင်းနေတယ်။
စုန့်ဝမ် နည်းနည်းတော့ စိတ်ပူသွားတယ်။ သူက ရက်နှစ်ဆယ်နီးပါး လျှို့ဝှက်လေ့ကျင့်ခဲ့တာဆိုတော့ စုစည်းမိနေတဲ့ချီပမာဏက ကျန်းချန်ထက် သာလွန်ပြီး အားနိုလောက်နီးနီး ရှိနေနိုင်တယ်လေ။ ကျိုးယင်သာ ဒါကို သိသွားရင် သေချာပေါက် သံသယဝင်ခံရမှာ။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ကျိုးယင်က အတည်ပြုရုံထက် ပိုမစူးစမ်းဘဲ ချက်ချင်းပြန်ရုပ်သွားတယ်။ တကယ်တော့ အဲ့ထက် ပိုစူးစမ်းဖို့ကလည်း အန္တရာယ် များလွန်းတယ်။ စုန့်ဝမ်လို ချီကို စတင်စုစည်းနိုင်သူတွေရဲ့စွမ်းအားက အရမ်းကို နုနယ်သေးတယ်။ ကျိုးယင်သာ သူ့ချီစွမ်းအင် အများကြီး ထည့်သွင်းစမ်းသပ်ခဲ့ရင် စုန့်ဝမ်ရဲ့ ဝိညာဥ်ချီကို ဖိနှိပ်မိသလိုဖြစ်ပြီး ပြင်ဆင်မရတဲ့ပျက်စီးမှုမျိုး ဖန်တီးမိသလို ဖြစ်သွားနိုင်တယ်။
စုန့်ဝမ် ချီစုစည်းနိုင်ကြောင်း အတည်ပြုပြီးတာနဲ့ ကျိုးယင် ကျေနပ်သွားတယ်။
“တော်တယ် ကောင်လေး၊ မင်းနာမည် ဘယ်သူလဲ”
“စုန့်ဝမ်ပါ”
“ကောင်းပြီ စုန့်ဝမ်၊ မင်းက ငါရဲ့ တတိယတပည့်ပဲ။ လာ .. မင်းရဲ့ စီနီယာအကိုတွေဘေးမှာ ဝင်ထိုင်”
“ကျေးဇူးတင်ပါတယ် ဆရာ”
စုန့်ဝမ်လည်း ကျိုးယင်ကို အရိုအသေပြုပြီး ကျန်းချန်ဘေးနား ဝင်ထိုင်လိုက်တယ်။
အားနိုနဲ့ ကျန်းချန်ကလည်း စုန့်ဝမ်ကို ဖော်ရွေတဲ့အပြုံးနဲ့ ခေါင်းညိမ့်ပြရင်း အသိအမှတ်ပြု ကြိုဆိုလိုက်ကြတယ်။ သူတို့က လူငယ်ပီပီ စိတ်ရင်းလည်း ကောင်းကြတယ်။ ဂျူနီယာတစ်ယောက် ထပ်ရတာ ဝမ်းသာနေကြတယ်။
နာရီဝက်လောက်နေတော့ ကျိုးယင် သင်ခန်းစာ ပို့ချတာ ပြီးသွားတယ်။ တကယ်တော့ သတ်မှတ်ရက် နီးလာတည်းက ပို့ချချိန် လျော့လျော့လာခဲ့တာ။ အရင်တစ်ပတ်ကဆို တစ်ရက်ကို ၁၅ မိနစ်သာသာပဲ ကြာတယ်။ ဒီနေ့ ချီစုစည်းနိုင်သူ တစ်ယောက်ရလို့ စိတ်ကြည်ပြီး နည်းနည်းပိုကြာသွားတာ။ တခြားလူငယ်တွေအပေါ် ကျိုးယင် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပြီလေ။
“ကဲ .. ပြန်ကြမယ်၊ စုန့်ဝမ် ငါနဲ့ တစ်ခါတည်း လိုက်ခဲ့”
ပြောပြီးတာနဲ့ ကျိုးယင်က တောင်ခြေမှာရှိတဲ့ သူ့နှစ်ထပ်အိမ်ဆီ ခပ်သွက်သွက် ထွက်သွားတယ်။ အားနို၊ ကျန်းချန်နဲ့ စုန့်ဝမ်တို့လည်း သူ့နောက်က အမြန်လိုက်သွားကြတယ်။
စုန့်ဝမ်လည်း သွားနေရင်း အားနိုနဲ့ ကျန်းချန်တို့ကို ခပ်တိုးတိုး နှုတ်ဆက်လိုက်တယ်။
“အကိုကြီးနဲ့ အကိုလတ်၊ နောက်ဆို ကျနော့်ကို ဂရုစိုက်ပေးပါဦး”
အားနိုတို့ကလည်း ခေါင်းညိမ့်အသိအမှတ်ပြုကြတယ်။
ခဏနေတော့ သူတို့အုပ်စု နှစ်ထပ်အိမ်ဆီ ရောက်လာကြတယ်။ အိမ်ရှေ့ရောက်တာနဲ့ ကျိုးယင်က ရပ်လိုက်တယ်။
“စုန့်ဝမ်၊ မင်းက ပထမထပ်မှာ နေရမယ်၊ ငါ့ခွင့်ပြုချက် မရရင် အပေါ်ထပ် မတက်ရဘူး၊ သေချာမှတ်ထား။ ကျန်းချန် သူ့ကို အခန်းလွတ်တစ်ခု ပြလိုက်။ အားနိုက ငါနဲ့ လိုက်ခဲ့”
“ဟုတ်ကဲ့ပါ ဆရာ”
စုန့်ဝမ်တို့ သုံးယောက်လည်း ဦးညွှတ်ရင်း ပြန်ဖြေလိုက်တယ်။
ကျိုးယင် အပေါ်ထပ် တက်သွားတာနဲ့ အားနိုလည်း နောက်ကလိုက်တက်သွားတယ်။
“ညီလေးစုန့် .. ငါ့နောက်လိုက်ခဲ့”
ကျန်းချန်က စုန့်ဝမ်ကို အိမ်ထဲခေါ်သွားပြီး အခန်းလွတ်တစ်ခုမှာ နေရာချပေးတယ်။ ပထမထပ်မှာ အခန်း ၃ ခန်းပဲ ရှိတယ်။ အားနိုနဲ့ ကျန်းချန်က တစ်ယောက်တစ်ခန်းစီ ယူထားပြီးလို့ လှေကားရင်းက အခန်းမှာ စုန့်ဝမ် နေရမယ်။
ကျန်းချန်က အခန်းလိုက်ပြနေချိန် စုန့်ဝမ်က ရှေ့ဆက်လုပ်ရမှာတွေ စဥ်းစားချိန်ဆနေမိတယ်။ အခြေအနေက ကျားခံတွင်းဝ ရောက်နေပြီ၊ အသက်ရှင်လျက် လွတ်မြောက်ချင်ရင် ကျိုးယင်အကြောင်း သေချာသိဖို့က အရေးကြီးဆုံးပဲ။ ဒါပေမယ့် ခုချိန်က စုံစမ်းဖို့ မသင့်တော်သေးဘူး။ ဒီအဆောက်အဦးက သစ်သားနဲ့ ဆောက်ထားတော့ အသံမလုံဘူး၊ စကားပြောသံ နည်းနည်းကျယ်သွားရင် ကျိုးယင်လို ကျင့်ကြံသူတစ်ယောက်က မကြားစရာအကြောင်း မရှိဘူး။
နောက်ပြီး ကျန်းချန်က မေးဖို့ အဆင်ပြေမယ့်ပုံ မပေါ်ဘူး။ သူ့ပုံစံက ကျိုးယင်အပေါ် ယုံကြည်ကိုးစားနေတာ မြင်သာတယ်။ မေးမိလို့ မသက်ာဖြစ်ပြီး ကျိုးယင်ကို သတင်းပို့လိုက်မှဖြင့်။
အားနိုက ကျန်းချန်နဲ့ မတူဘူး၊ စကားနည်းတယ်၊ ကျိုးယင်နား အရင်ဆုံးနေခဲ့သူလည်းဖြစ်တယ်။ မနေ့က ပုံမှန်မဟုတ်တဲ့ သူ့အသွင်ကလည်း ထူးခြားနေတယ်။ ကျိုးယင်ပေါ် ယုံကြည်ကိုးစားတဲ့ အရိပ်အယောင်လည်း သိပ်မတွေ့ရဘူး။
အားလုံးခြုံကြည့်ရင် အားနိုက မေးမြန်းစုံစမ်းဖို့ အသင့်တော်ဆုံးပဲ။
………